News @ M-Media

Author: Ko Lay

  • အီဂျစ်တွင် အိမ်ယာမဲ့အမျိုးသမီးတစ်ဦးက လူချမ်းသာမိသားစုမှ ဖြစ်နေ

    အီဂျစ်တွင် အိမ်ယာမဲ့အမျိုးသမီးတစ်ဦးက လူချမ်းသာမိသားစုမှ ဖြစ်နေ

    ဇူလိုင် ၂၊ ၂၀၁၇
    M-Media

    အိမ်ယာမဲ့မဖြစ်ခင် (၀ဲ) နှင့် အိမ်ယာမဲ့ဖြစ်ပြီးနောက် တွေ့ရသည့် ဆလ်ဝါ (ယာ)

    – အိမ်ယာမဲ့အမျိုးသမီးကို စောင့်ရှောက်နိုင်ဖို့အတွက် လမ်းသွားလမ်းလာတစ်ဦးက ဆိုရှယ်မီဒီယာမှာ ဓာတ်ပုံလွှင့်တင်ခဲ့ပြီးနောက်ပိုင်း အဲဒီ အိမ်ယာမဲ့အမျိုးသမီးဟာ လူချမ်းသာမိသားစုက ဖြစ်နေတဲ့ အဖြစ်အပျက်တစ်ခု အီဂျစ်မှာ ဖြစ်ပွားခဲ့ပါတယ်။

    ကိုင်ရိုက အီဂျစ်ပြည်သူတစ်ဦးဟာ အဘ္ဘာစီယာ တံတားအောက် အ၀တ်အစား စုတ်စုတ်ပြတ်ပြတ်နဲ့ အသက် ၂၀ ကျော်အရွယ် အမျိုးသမီတစ်ဦး အိပ်နေတာကို တွေ့ပြီး သနားသွားတာကြောင့် ဓာတ်ပုံရိုက်ပြီး ဆိုရှယ်မီဒီယာမှာ လွှင့်တင်ကာ လူမှုစောင့်ရှောက်ရေးအဖွဲ့ကို အကူအညီတောင်းခဲ့တာပါ။

    ဒါပေမယ့် ဒီအမျိုးသမီးဟာ အလ် မာဟာလာ လူချမ်းသာ မိသားစုက ဆလ်ဝါဆိုတဲ့ အမျိုးသမီးတစ်ဦးဖြစ်တယ်လို့ သူ့ကို သိသူတွေက ဓာတ်ပုံအောက်မှာ မှတ်ချက်တွေ ပေးခဲ့ပါတယ်။

    ရဲတပ်ဖွဲ့က ဆလ်ဝါကို စခန်းခေါ်ဆောင်သွားပြီး မိသားစုနဲ့ ပြန်လည်ဆုံစည်းစေခဲ့ပါတယ်။ နောက်ပိုင်းမှာ လူမှုဖူလှုံရေးအဖွဲ့တစ်ခုက ဆရာဝန်၊ ဆေးမှူးနဲ့ သူနာပြုတွေဟာ စခန်းကို သွားရောက်ကာ ဆလ်ဝါကို ကျန်းမာရေး စစ်ဆေးခဲ့ပြီး သူမဟာ စိတ်ရောဂါကို ခံစားနေရတယ်လို့ ဆိုပါတယ်။

    မိသားစုတွေကို အိမ်ပြန်ခေါ်ပေမယ့် ဆလ်ဝါက သူ့အနေအနဲ့ လူမှုစောင့်ရှောက်ရေးစင်တာမှာသာနေချင်ကြောင်း
    ပြောကြားခဲ့ပါတယ်။

    Ref : Alarabiya

  • မူဆိုလ်းတွင် ဗလီနှင့် အစ္စလာမ့်အမွေအနှစ်များ အပါအ၀င် သမိုင်းဝင်နေရာ ၃၀၀ ကျော်ကို IS က ဖျက်ဆီးခဲ့

    မူဆိုလ်းတွင် ဗလီနှင့် အစ္စလာမ့်အမွေအနှစ်များ အပါအ၀င် သမိုင်းဝင်နေရာ ၃၀၀ ကျော်ကို IS က ဖျက်ဆီးခဲ့

    ဇူလိုင် ၂၊ ၂၀၁၇
    M-Media

    ပြီးခဲ့သည်တစ်ပတ်အရင် IS က ဖျက်ဆီးခဲ့သည့် သမိုင်းဝင် အလ်-နူရီ ဗလီဝတ်ကျောင်းတော်

    – ၂၀၁၄ ခုနှစ်က မူဆိုးလ်မြို့ကို သိမ်းပိုက်ပြီးနောက်ပိုင်းတွင် နီနီဗဟ် ဒေသတစ်ခုတည်းမှာပင် သမိုင်းဝင်နေရာ ၃၆၀ ကို IS အကြမ်းဖက်အဖွဲ့က ဖျက်ဆီးခဲ့သည်ဟု အီရတ်အစိုးရက ပြောကြားလိုက်သည်။

    ဖျက်ဆီးခံရသည့် နေရာများတွင် ဗလီဝတ်ကျောင်းများနှင့် ခရစ်ယာန်ဘုရားကျောင်း အများအပြား ပါဝင်ခဲ့သည်ဟုလည်း သတင်းရင်းမြစ်များက ဆိုသည်။

    နီနီဗဟ်ဒေသတွင် IS အကြမ်းဖက်အဖွဲ့က ဖျက်ဆီးခဲ့သည့် သမိုင်းဝင်နေရာများတွင် ဂျာမေဗလီကြီး၊ အလ်-ဟဒ်ဘာမှ မာနာရာ ဗလီဝတ်ကျောင်းတော်၊ တမန်တော် ယူနွတ်စ်၏ ဗိမာန်တော်၊ အီရတ်နှင့် မူဆိုးလ်ရှိ သက်တမ်းအရင့်ဆုံး ခရစ်ယာန်ဘုရားကျောင်းများမှ တစ်ခုဖြစ်သည့် စိန့်အီလီဂျာ ခရစ်ယာန်ဘုရားကျောင်းတို့လည်း ပါဝင်သည်။

    ထိုကဲ့သို့ သမိုင်းဝင်နေရာများကို ဖျက်ဆီးခြင်းမှာ ရှေးဟောင်းပစ္စည်းများအား ၎င်းတို့ ခိုးထုတ်ရောင်းချမှုကို ဖျောက်ဖျက်လိုသည့် ရည်ရွယ်ချက်ကြောင့်ဖြစ်သည်ဟု အဆိုပါသတင်းရစ်မြစ်က ဆိုသည်။

    IS မှာ ပြီးခဲ့သည့် တစ်ပတ်အရင်ကလည်း မူဆိုးလ်မှ နှစ်ပေါင်း ၈၅၀ သက်တမ်းရှိသော အလ်-နူရီဗလီကြီးကို ဖောက်ခွဲဖျက်ဆီးခဲ့သည်။

    Ref: Al Arabiya

     

  • ဘုန်းကြီးများ၏ လိင်ပြဿနာကို မဖြေရှင်းနိုင်သည့် ထိပ်တန်းကာဒီနယ်ကို ပုပ်ရဟန်းမင်းကြီး ထုတ်ပယ်

    ဘုန်းကြီးများ၏ လိင်ပြဿနာကို မဖြေရှင်းနိုင်သည့် ထိပ်တန်းကာဒီနယ်ကို ပုပ်ရဟန်းမင်းကြီး ထုတ်ပယ်

    ဇူလိုင် ၂၊ ၂၀၁၇
    M-Media

    ကာဒီနယ် ဂျာဟာ့ဒ် မူလာ

    – ကက်သလစ်ဘုန်းကြီးများမှာ ကလေးငယ်များကို အဓမ္မပြုကျင့်သည်၊ မလျော်မကန်လုပ်သည်ဆိုသော စွပ်စွဲချက်များနှင့်ပတ်သက်၍ ကိုင်တွယ်ဆောင်ရွက်ရသော ရုံးကို ဦးဆောင်ရသည့် အကြီးအကဲ ကာဒီနယ် ဂျာဟာ့ဒ် မူလာကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ယမန်နေ့တွင် ရာထူးမှ ထုတ်ပယ်လိုက်သည်ဟု သိရသည်။

    သြစတေးလျအစိုးရ၏ လိင်ပိုင်ဆိုင်ရာစွပ်စွဲချက်များအား ရပ်ဆိုင်ဖြေရှင်းရန် ထိပ်တန်းအကြံပေးဖြစ်သူ ကာဒီနယ် ဂျော့ဂ်ျပဲလ်ကို ဗာတီကန်မှ ပြန်လွှတ်ခဲ့ပြီး ရက်အနည်းငယ်အကြာတွင် ယခုကဲ့သို့ အာဏာအရှိဆုံး ကာဒီနယ်များထဲမှ တစ်ဦးကို ထုတ်ပယ်မှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

    ကာဒီနယ်မူလာ၏ တာဝန်ထမ်းဆောင်မှု ၅ နှစ်တာ ကာလအတွင်း ၎င်းဦးဆောင်သည့်အဖွဲ့မှာ ကက်သလစ်အသင်းတော်၌ ဘုန်းကြီးများ၏ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုကိစ္စ ၂၀၀၀ ခန့်ကို ကိုင်တွယ်ရသော်လည်း ဆောင်ရွက်မှုများမှာ နှေးကွေးနေသည်ဟု ထိုကိစ္စကို ဖြေရှင်းရေး ကော်မရှင်တွင် ပုပ်ရဟန်းမင်းကြီး၏ တာဝန်ပေးမှုကို ခံရသည့် အမျိုးသမီး မာရီ ကောလင်း၏ ဝေဖန်မှုကို ခံခဲ့ရသည်။

    ကက်သလစ်ဘုန်းကြီးတစ်ပါး၏ အစော်ကားခံရဖူးသူ ကောလင်းက ထိုကဲ့သို့ စော်ကားခံရသူများကို စောင့်ရှောက်ရန်၊ လိင်စိတ်ပြင်းသည့် ဘုန်းကြီးများ၏လက်မှ ကလေးငယ်များကို ကာကွယ်ရန် ၂၀၁၄ ခုနှစ်တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို အကြံပြုခဲ့သည်။

    ကောလင်းမှာ မတ်လက ပုပ်ရဟန်းမင်းကြီး၏ ကော်မရှင်မှ နှုတ်ထွက်ခဲ့ပြီး မိမိတို့ကော်မရှင်၏ တင်ပြချက်များကို ကာဒီနယ်မူလာ ဦးဆောင်သည့် ရုံးက အလေးမထားသည့်အတွက် သည်းမခံနိုင်တော့ဟု ပြောကြားခဲ့သည်။

    မေလတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က စော်ကားခံရသည့် ကိစ္စများကို ကိုင်တွယ်ရာတွင် နှေးကွေးမှုရှိသည်ဆိုသည့် ကောလင်း၏ ဝေဖန်မှုမှာ မှန်ကန်ကြောင်း၊ ထိုပြဿနာကို ဖြေရှင်းရန်အတွက် ၀န်ထမ်းများ ပိုမို ခန့်ထားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ယခုကဲ့သို့ မူလာအား ထုတ်ပယ်ခဲ့ပြီးနောက် ၎င်း၏ လက်ထောက်ဖြစ်သူ စပိန်ဘုန်းတော်ကြီး မွန်ဆစ်ဂ်နော် လူးဝစ် လာဒါရီယာ ဖာရ်ရာကို မူလာ၏နေရာ၌ ခန့်အပ်ခဲ့သည်။

    Ref: Aljazeera

  • မြန်မာရွှေ့ပြောင်းလုပ်သားများ အိမ်ပြန်နိုင်ရေး ထိုင်းတာဝန်ရှိသူများ ကူညီပေးနေသည်ဟု Bangkokpost က ဖ်ာပြ

    မြန်မာရွှေ့ပြောင်းလုပ်သားများ အိမ်ပြန်နိုင်ရေး ထိုင်းတာဝန်ရှိသူများ ကူညီပေးနေသည်ဟု Bangkokpost က ဖ်ာပြ

    ဇူလိုင် ၂၊ ၂၀၁၇
    M-Media

    မြန်မာလုပ်သားများ Moei မြစ်ကိုဖြတ်ကာ မြ၀တီသို့ ပြန်လာနေကြသည့် မြင်ကွင်း

    – အထောက်အထားမဲ့ နိုင်ငံခြားသားများအား အလုပ်ခန့်အပ်မှုအတွက် ပြင်းပြင်းထန်ထန် အပြစ်ပေးမည့်ဆိုသည့် ဥပဒေကဲ့သို့ အမိန့်အာဏာတစ်ခုကို ဇွန်လ ၂၃ ရက်နေ့က ထုတ်ပြန်လိုက်ပြီးနောက်ပိုင်း ယနေ့မနက်အထိ ထိုင်းနိုင်ငံမှ ပြန်သွားကြသော မြန်မာနိုင်ငံသားအရေအတွက် ၂၁၈၂၈ ဦး ရှိနေပြီဟု Bangkokpost က ဖော်ပြခဲ့သည်။

    အဆိုပါအရေအတွက်မှာ ဇွန်လ ၂၃ ရက်နေ့မှ ဇူလိုင် ၂ ရက်နေ့အထိ မဲဆောက် လူဝင်မှုကြီးကြပ်ရေးဂိတ်တွင် ရဲတပ်ဖွဲ့၏ တွက်ချက်မှုဖြစ်သည်။ ယနေ့တွင်လည်း မြန်မာရွှေ့ပြောင်းလုပ်သားများမှာ ဆက်လက် အိမ်ပြန်နေကြသည်ဟု ဆိုသည်။

    တရားမ၀င်နိုင်ငံခြားသားများအား ဖမ်းဆီးရေး အမိန့်ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း မဲဆောက်ခရိုင်အကြီးအကဲ Thanayos Pankhao က ရပ်ရွာအကြီးအကဲများ၊ ပြည်သူ့ကျန်းမာရေး တာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့များနှင့် တွေ့ဆုံကာ မြန်မာအလုပ်သမားများ နေရပ်ပြန်နိုင်ရေး စီစဉ်ပေးရန် ပြောကြားခဲ့သည်ဟု အဆိုပါ ထိုင်းသတင်းဌာနက ဖော်ပြခဲ့သည်။

    ထိုင်း-မြန်မာ ချစ်ကျည်ရေးတံတားမှတစ်ဆင့် ၀င်ရောက်လာသည့် မြန်မာနိုင်ငံသားများကို မြန်မာအာဏာပိုင်များက ကြိုဆိုခဲ့သည်။

    မြန်မာလုပ်သားများ ချော့မွေ့စွာ အိမ်ပြန်နိုင်ရေး လုပ်ငန်းများကို တက်ခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး Sutha Saiwanich က လာရောက်ကြည့်ရှုခဲ့သည်ဟု Bangkokpost က ထည့်သွင်း ဖော်ပြခဲ့သည်။

    အဆိုပါ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်မှာ အလုပ်သမားများ ခန့်ထားရေးနှင့် စီမံခန့်ခွဲရေး စံနှုန်းများကို မြင့်တက်စေရန်၊ ထိုင်းနိုင်ငံအနေဖြင့် လူကုန်ကူးမှုနှင့် နိုင်ငံခြားသားများအား ဖိနှိပ်မှုများ ပြုလုပ်နေသည်ဟု နိုင်ငံတကာအသိုင်းအ၀ိုင်း၏ စွပ်စွဲမှုများကို လျှော့ချရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ထိုင်းအစိုးရက ထုတ်ပြန်ခဲ့သည်။

    ဥပဒေရအရ ဥပဒေချိုးဖောက်သူမှာ နှစ်ရှည်ထောင်ဒဏ် သို့မဟုတ် ဒဏ်ငွေ ဘတ် ၄ သိန်းမှ၊ ၈ သိန်း စသည့် ကြီးလေးသော ပြစ်ဒဏ်ကို ခံစားရနိုင်သည်။

    Ref: Bangkokpost

  • အမုန်စကားများ မဖျက်သည့် ဆိုရှယ်မီဒီယာကို ဂျာမနီက ဒဏ်ငွေပြင်းပြင်းရိုက်မည်

    အမုန်စကားများ မဖျက်သည့် ဆိုရှယ်မီဒီယာကို ဂျာမနီက ဒဏ်ငွေပြင်းပြင်းရိုက်မည်

    ဇူလိုင် ၂၊ ၂၀၁၇
    M-Media

    – အမုန်းစကားများ၊ ဥပဒေနှင့် ဆန့်ကျင်သည့်အကြောင်းအရာများ ပါဝင်သော ပို့စ်များအား အချိန်မီ ဖယ်ရှားမပစ်ပါက ဆိုရှယ်မီဒီယာကုမ္ပဏီများကို ယူရို သန်း ၅၀ (ကန်ဒေါ်လာ ၅၇.၁သန်း) အထိ ဒဏ်ရိုက်နိုင်မည့် ဥပဒေတစ်ခုကို ဂျာမနီက ပြဌာန်းလိုက်သည်ဟု သိရသည်။

    Netzwerkdurchsetzungsgesetz (NetzDG) ဟု အမည်ပေးထားသည့် အဆိုပါဥပဒေကို ဂျာမနီလွှတ်တော်အမတ်များက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အတည်ပြုလိုက်ခြင်းဖြစ်ပြီး ကမ္ဘာပေါ်တွင် ဆိုရှယ်မီဒီယာနှင့်ပတ်သက်၍ အပြင်းထန်ဆုံး ပြစ်ဒဏ်လည်းဖြစ်သည်။

    ဥပဒေအရ Facebook၊ YouTube နှင့် အခြားသော ဆိုရှယ်မီဒီယာများမှာ စက်တင်ဘာတွင် စတင်မည့် ဂျာမနီ ပြည်ထောင်စု ရွေးကောက်ပွဲမှစ၍ အမုန်းစကားနှင့် အခြားသော ရာဇ၀တ်မှုဆိုင်ရာ အကြောင်းအရာများ ပါဝင်သည့် ပို့စ်များကို ၂၄ နာရီအတွင်း ဖယ်ရှားရမည်ဖြစ်ပြီး၊ ဥပဒေနှင့် သွယ်ဝိုက်ဆန့်ကျင်နေသည်များကို ၇
    ရက်အတွင်း ဆန်းစစ်ရမည်ဖြစ်သည်။

    ထိုဥပဒေကို ချိုးဖောက်သူ ဆိုရှယ်မီဒီယာ ကုမ္ပဏီများအနေဖြင့် ကျုးလွန်မှု အတိုင်းအတာအလိုက် ယူရို ၅ သန်းမှ သန်း ၅၀ အထိ ဒဏ်ငွေပေးဆောင်ရမည်ဖြစ်သည်။

    Facebook မှ ထုတ်ပြန်သော ကြေငြာချက်တွင် အမုန်းစကားများ တိုက်ဖျက်ရေး ဂျာမနီအစိုးရ၏ ရည်ရွယ်ချက်ကို ထောက်ခံသော်လည်း အစိုးရ၊ အရပ်အဖက်နှင့် ဆိုရှယ်မီဒီယာကဏ္ဍတို့က အတူတကွ ပူးပေါင်းဆောင်ရွက်မှသာ အကောင်းဆုံးအဖြေ ထွက်မည်ဖြစ်ကြောင်း၊ လက်ရှိဥပဒေမှာ အရေးကြီးသော လူမှုပြဿနာများကို တိုက်ဖျက်ရာတွင် တိုးတက်မှု ရှိမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။

    လူ့အခွင့်အရေးအဖွဲ့များနှင့် ဆိုရှယ်မီဒီယာလုပ်ငန်းမှ တာဝန်ရှိသူတစ်ချို့ကလည်း ဂျာမနီ၏ ယခုဥပဒေကို ရှုတ်ချခဲ့ပြီး ဥပဒေ၏ အချိန်သတ်မှတ်ချက်မှာ လက်တွေ့မကျကြောင်း၊ ဆင်ဆာသတ်မှတ်သကဲ့သို့ ဖြစ်လာနိုင်ကြောင်း ဝေဖန်ခဲ့ကြသည်။

    Ref: BBC