News @ M-Media

Author: Ko Lay

  • လူမြင်ကွင်းတွင် ရှူရှူးပန်းသည့် အိန္ဒိယ ပြည်ထောင်စုဝန်ကြီး ဝေဖန်ခံရ

    လူမြင်ကွင်းတွင် ရှူရှူးပန်းသည့် အိန္ဒိယ ပြည်ထောင်စုဝန်ကြီး ဝေဖန်ခံရ

    ဇွန် ၂၉၊ ၂၀၁၇
    M-Media

    – အိန္ဒိယနိုင်ငံက လယ်ယာစိုက်ပျိုးရေး ပြည်ထောင်စုဝန်ကြီး ရဒ်ဟာ မိုဟန်ဆင်းတစ်ယောက် လမ်းဘေး လူမြင်ကွင်းမှာ မတ်တပ်ရပ်ရှူးရှူးပေါက်နေတဲ့ ဓာတ်ပုံတစ်ပုံဟာ ဆိုရှယ်မီဒီယာတွေမှာ ပြန့်နှံ့သွားခဲ့ပြီး ပြည်သူတွေရဲ့ ဝေဖန်မှုကို ခံနေရပါတယ်။

    ရက်စွဲအတိအကျ မဖော်ပြထားတဲ့ ဒီပုံကို Rashtriya Janata Dal ဆိုတဲ့ Twitter စာမျက်နှာက မနေ့မှာ ဖော်ပြခဲ့တာဖြစ်ပြီး၊ မိုဟန်ဆင်း ရှူးရှူးပေါက်နေတဲ့အချိန်မှာ လက်နက်ကိုင်တပ်ဖွဲ့ဝင်တစ်ချို့က လုံခြုံရေးယူပေးထားတာကိုလည်း တွေ့ရပါတယ်။

    “၀န်ကြီးဟာ မိုးခေါင်တဲ့ပြည်နယ်မှာ ဆည်မြောင်းစီမံကိန်းတစ်ခုကို လုံခြုံရေးတင်းတင်းကျပ်ကျပ်နဲ့ ဖွင့်လှစ်ပေးနေတာဖြစ်ပြီး Swachh Bharat Abhiyan (တိုင်းပြည်သန့်ရှင်ရေးလှုပ်ရှားမှု) ကို မြှင့်တင်ပေးနေတာ ဖြစ်ပါတယ်” လို့ ပုံနဲ့အတူ ရေးသားထားပါတယ်။

    news18 သတင်းဌာနက ဒီပုံဟာ မိုဟန်ဆင်း ဘီဟာရ်ပြည်နယ် မိုတီဟာရီကို သွားရောက်စဉ် ရိုက်ကူးထားတာဖြစ်တယ်လို့ ဆိုပါတယ်။ ၀န်ကြီးဟာ ဇွန်လ ၂၅ ရက်နေ့က မိုသီဟာရီကို သွားရောက်ကာ အခမ်းအနားတစ်ခုကို တက်ရောက်ခဲ့ပြီး ၂၆ ရက်နေ့မှာ BJP ပါတီရဲ့ ခရိုင်ရုံးမှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

    ရဒ်ဟာ မိုဟန်ဆင်းဟာ ၂၀၁၄ ခုနှစ် ရွေးကောက်ပွဲမှာ ဘီဟာရ်ပြည်နယ် အီစ်ချမ်ပါရန်ဒေသကနေ ရွေးကောက်တင်မြှောက်ခံခဲ့ရတာ ဖြစ်ပါတယ်။

    အခုလအစောပိုင်း မဒ်ရာ ပရာဒက်ရှ်ပြည်နယ်မှာ လယ်သမားတွေ အုံကြွတဲ့အချိန်မှာ မိုဟန်ဆင်းကတော့ မိုတီဟာရီမှာ ယောဂ လေ့ကျင့်မပျက်ပါဘူး။ ရဲတပ်ဖွဲ့က ဆန္ဒပြလယ်သမားတွေကို သတ်ဖြတ်မှုအတွက် သတင်းသမားတွေ မေးမြန်းတဲ့အခါမှာ ‘ယောဂသာကျင့်စမ်းပါ’ လို့ ပြန်ဖြေခဲ့ပါတယ်။

    Ref: Indian Express

  • အကြမ်းဖက်ဝါဒဆန့်ကျင်ရေး စံနှစ်ခုနဲ့ ဒေါ်နယ်ထရမ့်

    အကြမ်းဖက်ဝါဒဆန့်ကျင်ရေး စံနှစ်ခုနဲ့ ဒေါ်နယ်ထရမ့်

    ဇွန် ၂၉၊ ၂၀၁၇
    M-Media

    – မွတ်စလင်အကြမ်းဖက်သမားတွေအတွက် အသံကျယ်တတ်တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ လူဖြူအစွန်းရောက် အကြမ်းဖက်သမားတွေကိုတော့ မသိချင်ယောင်ဆောင်လေ့ရှိပါတယ်။

    သမ္မတအဖြစ် ၀င်ရောက်အရွေးခံမယ်လို့ ထရမ့်က ကြေငြာခဲ့တဲ့ ၂၀၁၅ ဇွန်လကစလို့ အခုအချိန်အထိ ဖြစ်ပွားခဲ့တဲ့ လူဖြူအစွန်းရောက်တွေရဲ့ အကြမ်းဖက်မှု၊ မွတ်စလင်အစွန်းရောက်တွေရဲ့ အကြမ်းဖက်မှုတွေကို ထရမ့်က ဘယ်လိုတုန့်ပြန်ခဲ့သလဲ။

    အလ်ဂျာဇီးရား သတင်းဌာနရဲ့ ဗီဒီယိုကို M-Media က စာတမ်းထိုး တင်ဆက်တာဖြစ်ပါတယ်။

     

  • ပုပ်ရဟန်းမင်းကြီး၏ အကြံပေး ကာဒီနယ်တစ်ဦး လိင်ကျူးလွန်မှုဖြင့် တရားစွဲခံရ

    ပုပ်ရဟန်းမင်းကြီး၏ အကြံပေး ကာဒီနယ်တစ်ဦး လိင်ကျူးလွန်မှုဖြင့် တရားစွဲခံရ

    ဇွန် ၂၉၊ ၂၀၁၇
    M-Media

    လိင်စော်ကားမှုဖြင့် တရားစွဲခံရသည့် ကာဒီနယ် ဂျော့ဂ်ျ ပဲလ်

    – ပုန်ရဟန်းမင်းကြီး ဖရန်စစ်၏ ဘဏ္ဍာရေးဆိုင်ရာ ထိပ်တန်းအကြံပေးတစ်ဦးဖြစ်သူ ကာဒီနယ် ဂျော့ဂ်ျ ပဲလ်ကို သြစတေးလျ ရဲတပ်ဖွဲ့က လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွဲချက်များဖြင့် တရားစွဲဆိုလိုက်သည်ဟု သိရသည်။

    ကာဒီနယ် ဂျော့ဂ်ျပဲလ်မှာ သြစလေးလျ ခရစ်ယာန် ကက်သလစ်အသင်းတော်တွင် ထိပ်တန်း ဘုန်းတော်ကြီးတစ်ပါး ဖြစ်ပြီး၊ ကက်သလစ်အတော်အတွင်း ကာလရှည်ဖြစ်ပွားနေသည့် လိင်ပိုင်းဆိုင်ရာ ပြဿနာကြောင့် တရားစွဲဆိုခံရသူများတွင် ဗာတီကန်မှ ရာထူးအမြင့်ဆုံး ပုဂ္ဂိုလ်လည်းဖြစ်သည်။

    ဗစ်တိုးရီးယား ပြည်နယ် ရဲတပ်ဖွဲ့ ဒုတိယ ကော်မရှင်နာမင်းကြီး ရှိန်း ပတ္တန်က ရဲတပ်ဖွဲအနေဖြင့် ကာဒီနယ် ပဲလ်ကို တရားရုံးသို့ လာရောက်ကာ ‘သက်တမ်းတစ်လျှောက် ပြုလုပ်ခဲ့သည့် လိင်ကျူးလွန်မှုများ’ အတွက် စွဲချက်များကို ရင်ဆိုင်ရန် ဆင့်ခေါ်ထားသည်ဟု ပြောကြားခဲ့သည်။

    ပတ္တန်၏ ပြောကြားမှုအရ ကာဒီနယ်မှာ လိင်ကျူးလွန်မှုများကို အချိန်အတော်ကြာကတည်းက ဆောင်ရွက်ခဲ့သည်ဟု သဘောသက်ရောက်နေသည်။

    ထို့ပြင် အသက် ၇၆ နှစ်အရွယ် ဘုန်းတော်ကြီးမှာ ဇူလိုင်လ ၁၈ ရက်နေ့ ကြားနာမှုအတွက် မဲလ်ဘုန်းတရားရုံးကို လာရောက်ရမည်ဟုလည်း ပတ္တန်က ထည့်သွင်းပြောဆိုခဲ့သည်။

    အဆိုပါ စွဲချက်များကို ပဲလ်က လုံးဝလက်မခံဟု သြစတေးလျ ခရစ်ယာန်ကက်သလစ်အသင်းတော်က သတင်းထုတ်ပြန်ခဲ့သည်။

    “ခရီးသွားမယ့်ကိစ္စ စီစဉ်စရာတွေအတွက် သူ့ရဲ့ ဆရာဝန်တွေရဲ့ အကြံပြုချက်၊ ခွင့်ပြုချက်တွေကို ရယူပြီးရင်ကာဒီနယ်ပဲလ်ဟာ သြစတေးလျကို အမြန်ဆုံး ပြန်လာပြီး သူရဲ့နာမည်ကို အဖတ်ဆယ်သွားမှာပါ။ တရားရုံးနေ့ရက်တွေအတွက် ပြင်ဆင်နေပြီး စွဲဆိုချက်တွေကို ကြံ့ကြံ့ခံ ရင်ဆိုင်သွားမယ်လို့ သူက ပြောကြာထားပါတယ်” ဟု ဆစ်ဒနီ ကက်သလစ်ဘုန်းတော်ကြီးမှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    ထို့ပြင် ကာဒီနယ်ပဲလ်အပေါ် စွဲဆိုထားသည့် စွပ်စွဲချက်များကို မည်သည့် တရားရုံးကိုမှ မတင်ရသေးကြောင်း၊ ကာဒီနယ်ပဲလ်အနေဖြင့် အခြားသော စွပ်စွဲခံရသူများနည်းတူ ခုခံချေပပိုင်ခွင့် ရှိနေကြောင်း ကြေငြာချက်က ဆိုသည်။

    အသင်းတော်အတွင်း လိင်ပိုင်းဆိုင်ရာ စော်ကားမှုများကို လုံးဝ သည်းမခံဟု ပုပ်ရဟန်းမင်းကြီး၏ ကတိနှင့်ပတ်သက်၍ သံသယမကင်းမှုများ ရှိနေသည့်အချိန်တွင် ယခုစွဲချက်များက ပုန်ရဟန်းမင်းကြီး ဖရန်စစ်အတွက် ထိုးနှက်မှုတစ်ခုလည်း ဖြစ်သည်။

    မဲလ်ဘုန်းနှင့် ဆစ်ဒနီတို့၏ ဂိုဏ်းအုပ်ဘုန်းတော်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေသည့် အချိန်တွင် ပဲလ်မှာ ကက်သလစ်ဘုန်းကြီးများ၏ လိင်စော်ကားမှုများကို မှန်မှန်ကန်ကန် ကိုင်တွယ်မှု မရှိဟူသည့် စွပ်စွဲချက်များလည်း ယခင်က ရှိခဲ့သည်။

    ဘုန်းကြီးများက ကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများကို ခရစ်ယာန် ကက်သလစ်အသင်းတော်နှင့် အခြားသော ခရစ်ယာန်အသင်းအဖွဲ့များက မည်ကဲ့သို့ တုန့်ပြန်သည်ဆိုသည်နှင့် ပတ်သက်၍ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း သြတေးလျအစိုးရက ဦးဆောင်ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

    ပြီးခဲ့သည့်နှစ် စုံစမ်းရေးကော်မရှင်၏ ကြားနာမှုအတွင်း ပဲလ်က ထောင်နှင့်ချီသော ကလေးငယ်များကို ကက်သလစ်ဘုန်းကြီးများက အဓမ္မပြုကျင့်ခြင်း၊ စိတ်အနှောက်အယှက်ပေးခြင်း စသည်တို့ကို အရေးမယူမှုက ကက်သလစ်အသင်းတော်၏ မဟာအမှားများဖြစ်သည်ဟု ၀န်ခံခဲ့သည်။

    ထို့ပြင် ၎င်းကိုယ်တိုင်ကလည်း အစော်ကားခံရသူများထက် ဘုန်းကြီးများကို ပို၍ မျက်နှာသာပေးခဲ့ကြောင်း ၀န်ခံခဲ့ကာ ၎င်း၏ ဇာတိ ဘဲလာရတ်တွင် ကက်သလစ်အသင်းတော်၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံရသူများ မိမိကိုယ်ကို သတ်သေမှုအား တိုက်ဖျက်ရန် ကူညီသွားမည်ဟု ပြောကြားခဲ့သည်။

    Ref : Aljazeera

     

  • နွားအကြောင်းပြ အုပ်စုဖွဲ့အကြမ်းဖက်မှုကို အိန္ဒိယပြည်သူများ ဆန့်ကျင်ဆန္ဒပြ

    နွားအကြောင်းပြ အုပ်စုဖွဲ့အကြမ်းဖက်မှုကို အိန္ဒိယပြည်သူများ ဆန့်ကျင်ဆန္ဒပြ

    ဇွန် ၂၉၊ ၂၀၁၇
    M-Media

    ဆန္ဒပြမှု မြင်ကွင်း

     

    – နွားများအား သတ်ဖြတ်သည်၊ အမဲသားစားသည်ဆိုသည့် စွပ်စွဲချက်များဖြင့် လူအုပ်စုကြီးက မွတ်စလင်များအား လိုက်လံတိုက်ခိုက်နေမှုကို ဆန့်ကျင်သည့်အနေဖြင့် အိန္ဒိယပြည်သူ ထောင်ပေါင်းများစွာက ယမန်နေ့တွင် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    မွမ်ဘိုင်း၊ ကိုလ်ကာတားနှင့် ဒေလီတို့အပါအ၀င် အနည်းဆုံး မြို့ပေါင်း ၁၀ မြို့တွင် ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကို အန်တုခဲ့သည့် အဆိုပါ ဆန္ဒပြသူများတွင် ဟိန္ဒူဇာတ်မြင့်များ၊ တက်ကြွလှုပ်ရှားသူများလည်း ပါဝင်ခဲ့ကာ Not in My Name (ငါတို့အမည် မသုံးနဲ့)၊ Stop Cow Terrorism (နွားအကြောင်းပြ အကြမ်းဖက်ဝါဒကို ရပ်တန့်ပါ) စသည့် ပိုစတာများကိုလည်း ကိုင်ဆောင်ခဲ့ကြသည်။

    အိန္ဒိယနိုင်ငံတွင် ဟိန္ဒူအများစုမှာ နွားကို မြင့်မြတ်သော တိရစ္ဆာန်အဖြစ် သဘောထားကာ ကိုးကွယ်ကြသည်။

    ဝေဖန်သူများကမူ ၀န်ကြီးချုပ် နရန်ဒရာမိုဒီ၏ BJP ပါတီနှင့် ဆက်နွယ်နေသည့် လက်ယာစွန်းရောက် ဟိန္ဒူအဖွဲ့များမှာ အမဲသားစားပြီး အမဲသားနှင့် သားရေလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေသည့် မွတ်စလင်များ၊ ဇာတ်နိမ့်ဟိန္ဒူများကို အကြမ်းဖက်ရန် ဆွပေးနေကာ အစိုးရကလည်း ထိုအကြမ်းဖက်မှုကို ထိထိရောက်ရောက် ဟန့်တားခြင်းမရှိဟု စွပ်စွဲခဲ့ကြသည်။

    မိုဒီကမူ အဆိုပါ စွပ်စွဲချက်ကို ပယ်ချခဲ့ပြီး နွားအရေးတက်ကြွလှုပ်ရှားသူများကိုလည်း လူသိရှင်ကြား ဆန့်ကျင်ခဲ့သည်။

    ဆန္ဒပြမှု မြင်ကွင်း

    ပြီးခဲ့သည့်သောကြာနေ့က အမျိုးသား ၂၀ ခန့်ပါဝင်သည့် လူအုပ်စုမှာ နယူးဒေလီ ဆင်ခြေဖုံး ရထားတစ်ခုပေါ်တွင် မွတ်စလင် ၄ ဦးကို အမဲသားပါလာသည်ဆိုသော စွပ်စွဲချက်ဖြင့် အကြမ်းဖက်တိုက်ခိုက်ခဲ့ပြီး တစ်ဦးသေဆုံးကာ အခြား ၂ ဦးမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့သည်။

    မွမ်ဘိုင်းတွင် ဆန္ဒပြသူများမှာ ကျွေးကြော်သံများကို မအော်ခဲ့ဘဲ ‘ဟိန္ဒူအကြမ်းဖက်ဝါဒကို ဆန့်ကျင်ကြ’ ‘ဘရားမန်ဝါဒကို ဆန့်ကျင်ကြ’ စသည့် ပိုစတာများကို ကိုင်ဆောင်ခဲ့ကြသည်။

    “ကျွန်တော် ဟိန္ဒူတစ်ယောက်ပါ။ နွားကို မိခင်လို့ ကျွန်တော်ယူဆတယ်။ ဒါပေမယ့် လူတွေကို သတ်နေတာဟာ မှန်ကန်တဲ့လုပ်ရပ်တော့ မဟုတ်ပါဘူး” ဟု အသက် ၂၀ ကျော်အရွယ် စီးပွားရေးသမား နရန်ဒရာ ဘန်ဒါရီက ပြောကြားခဲ့သည်။

    ကိုလ်ကာတားမှ ဂီတပညာရှင်တစ်ဦးဖြစ်သည့် အန်ဂျန် ဒူတာက ‘Hindutva (ဟိန္ဒူအစွန်းရောက်ဝါဒ) မြင့်တက်လာမှုမှာ အန္တရာယ်ရှိသည်’ ဟု ပြောကြားခဲ့သည်။

    “လက်ရှိ ကျွန်တော်တို့တိုင်းပြည်က အခြေအနေကို ကျွန်တော် စိုးရိမ်ပါတယ်။ အင်အားကြီးရာ နိုင်စားတဲ့ ၀ါဒကို ကျွန်တော်တို့ ဆန့်ကျင်ဖို့ လိုပါတယ်။ အိန္ဒိယဟာ လူတိုင်းအတွက်ပါ”

    အင်္ဂါနေ့ကလည်း ဂျာ့ခ်ဟန်းပြည်နယ်တွင် နွားသတ်သည်ဆိုသော စွဲချက်ဖြင့် အမျိုးသားတစ်ဦးကို လူအုပ်ကြီးက ရိုက်နှက်ခဲ့ပြီး ၎င်း၏နေအိမ်ကိုလည်း မီးရှို့ခဲ့သည်။

    လူ့အခွင့်အရေးအဖွဲ့များကမူ ၀န်ကြီးချုပ် မိုဒီအပါအ၀င် အစိုးရတာဝန်ရှိသူများမှာ အဆိုပါ တိုက်ခိုက်မှုများကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ရန် တွန့်ဆုတ်နေပြီး ရဲတပ်ဖွဲ့ကလည်း ကျူးလွန်သူများကို ထိထိရောက်ရောက် အရေးယူခြင်းမရှိဟု ဝေဖန်ခဲ့သည်။

    ပြီးခဲ့သည့် ၃ လအတွင်း နွားကိစ္စဖြင့် သေဆုံးသွားသည့် လူ ၅ ဦးစလုံးမှာ နေ့ခင်းကြောင်တောင်၊ လူစည်ကားရာ နေရာတွင် ရိုက်နှက်သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။

    ၂၀၁၀ ခုနှစ်မှစ၍ နွားအကြောင်းပြ အကြမ်းဖက်ဝါဒကြောင့် တိုက်ခိုက်မှု ၆၃ ခု ဖြစ်ပွားခဲ့ပြီး မွတ်စလင် ၂၄ ဦးအပါအ၀င် လူ ၂၈ ဦး သေဆုံးခဲ့ကာ ၁၂၄ ဦး ဒဏ်ရာရရှိခဲ့သည်။

    လူ့အဖွဲ့အစည်းခေါင်းဆောင်များက အိန္ဒိယ၏ သန်းတစ်ထောင်ကျော်သော လူဦးရေတွင် ၁.၃ ရာခိုင်နှုန်းရှိသည့် မွတ်စလင်လူနည်းစုများကို ကာကွယ်ပေးရန် ၀န်ကြီးချုပ်မိုဒီအား တိုက်တွန်းထားသည်။

    Ref: Aljazeera

  • အလ်ဂျာဇီးရားသတင်းဌာန ပိတ်ရန် ဆော်ဒီအုပ်စု၏ ကြိုးစားမှုမှာ မီဒီယာခြိမ်းခြောက်မှုဟု ကုလ ပြော

    အလ်ဂျာဇီးရားသတင်းဌာန ပိတ်ရန် ဆော်ဒီအုပ်စု၏ ကြိုးစားမှုမှာ မီဒီယာခြိမ်းခြောက်မှုဟု ကုလ ပြော

    ဇွန် ၂၈၊ ၂၀၁၇
    M-Media

    – ဆော်ဒီဦးဆောင်သည့် အာရပ်နိုင်ငံများက ကာတာအခြေစိုက် အလ်ဂျာဇီးရား သတင်းဌာနအား ပိတ်ပစ်ရန် တောင်းဆိုမှုကို ကုလသမဂ္ဂ မီဒီယာအခွင့်အရေးဆိုင်ရာ အကြီးအကဲက ပယ်ချလိုက်ပြီး ‘မီဒီယာ ဗဟုဝါဒအတွက် အဓိက ထိုးနှက်မှုတစ်ခု’ ဖြစ်သည်ဟု ပြောကြားလိုက်သည်။

    ကာတာမှာ အကြမ်းဖက်အဖွဲ့များကို ထောက်ပံ့အားပေးသည်ဆိုသည့် စွဲချက်ဖြင့် ဆော်ဒီ၊ ယူအေအီး၊ ဘာရိန်းနှင့် အီဂျစ်နိုင်ငံတို့မှာ ယခုလအစောပိုင်းက ကာတာအား သံတမန်ရေးအပါအ၀င် အဆက်အသွယ်အားလုံးကို ဖြတ်တောက်ခဲ့ပြီး ပြီးခဲ့သည့်တစ်ပတ်တွင် တောင်းဆိုချက် ၁၃ ချက် ပေးပို့ခဲ့သည်။

    အီရန်နှင့် အဆက်အသွယ်ဖြတ်ရန်၊ ကာတာတွင် အခြေစိုက်ထားသည့် တူရကီစစ်စခန်းများကို ပိတ်သိမ်းရန်တို့ အပါအ၀င် ထိုတောင်းဆိုချက်များတွင် အလ်ဂျာဇီးရား သတင်းဌာနနှင့်အတူ ကာတာက ထောက်ပံ့သည်ဟု ဆိုသည့် Arabi21၊ Rassd၊ Al Araby Al Jadeed၊ Mekameleen နှင့် Middle East Eye သတင်းဌာနများအား ပိတ်သိမ်းရန် ပါဝင်သည်။

    လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ဒေးဗစ်ကာယီက ကြေငြာချက်တွင် “ထိုနိုင်ငံများအနေဖြင့် သံတမန်ရေးပြဿနာ ခေါင်းစဉ်အောက်တွင် အလ်ဂျာဇီရားသတင်းဌာနအား ဖြိုဖျက်ရန် ဖိအားပေးမှုမှာ မီဒီယာလွတ်လပ်ခွင့်ကို ဆိုးဆိုးဝါးဝါး ခြိမ်းခြောက်မှု ဖြစ်သည်” ဟု ပြောကြားခဲ့သည်။

    ထို့ပြင် အဆိုပါနိုင်ငံများက ကာတာအပေါ် ယခုကဲ့သို့ တောင်းဆိုမှုမျိုး မလုပ်ရန် နိုင်ငံတကာ အသိုင်းအ၀ိုင်းက တိုက်တွန်းသင့်ကြောင်း၊ ၎င်းတို့၏ နိုင်ငံနှင့် ဒေသအတွင်း မီဒီယာဆိုင်ရာ တားမြစ်ပိတ်ပင်မှုများ မလုပ်ရန်၊ အရှေ့အလယ်ပိုင်းဒေသတွင် လွတ်လပ်သော မီဒီယာပေါ်ထွက်လာရေး အားပေးထောက်ခံရန် တိုက်တွန်းသင့်ကြောင်း ဒေးဗစ်ကာယီက ထည့်သွင်း ပြောဆိုခဲ့သည်။

    အလ်ဂျာဇီးရားသတင်းဌာနကမူ ဆော်ဒီဦးဆောင်သော နိုင်ငံများ၏ တောင်းဆိုမှုများမှာ ဒေသတွင်း မီဒီယာ လွတ်လပ်ခွင့် ဆိတ်သုဉ်းစေရေးနှင့် ပြည်သူများမှာ သတင်းမှန်ရရှိခွင့်ကို ဖိနှိပ်ရေး ကြိုးပမ်းမှုတစ်ခုဖြစ်ကြောင်း တုန့်ပြန်ခဲ့သည်။

    အဆိုပါ တောင်းဆိုချက် ၁၃ ခုကို အကြောင်းပြန်ရန်အတွက် ထို ၄ နိုင်ငံက ကာတာအား ၁၀ ရက် အချိန်ပေးထားသည်။

    ထိုတောင်းဆိုချက်များ ပေါ်ထွက်လာပြီးနောက် ကမ္ဘာတစ်ဝှမ်းမှ မီဒီယာလွတ်လပ်ခွင့်အတွက် လှုပ်ရှားနေသူများ၊ မီဒီယာအသင်းအဖွဲ့များ၊ မီဒီယာလုပ်ငန်းများက အလ်ဂျာဇီးရား သတင်းဌာနဘက်မှ ရပ်တည်ကြောင်း ပြောကြားခဲ့ကြသည်။

    Ref: Aljazeera