News @ M-Media

Author: Ko Lay

  • နှစ်နိုင်ငံကုန်သွယ်ရေး ပိုမိုတိုးတက်စေရန် မြန်မာနှင့် အိန္ဒိယတို့ ဆွေးနွေး

    နှစ်နိုင်ငံကုန်သွယ်ရေး ပိုမိုတိုးတက်စေရန် မြန်မာနှင့် အိန္ဒိယတို့ ဆွေးနွေး

    ဇွန် ၂၈၊ ၂၀၁၇
    M-Media

    – နှစ်နိုင်ငံကုန်သွယ်ရေး တိုးတက်လာစေရန်အတွက် ကုန်လမ်း၊ ရေလမ်းနှင့် လေကြောင်း ဆက်သွယ်မှုဆိုင်ရာ အားကောင်းစေရေး ပူးပေါင်းဆောင်ရွက်ရန် မြန်မာနှင့် အိန္ဒိယတို့မှာ ယမန်နေ့က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

    အိန္ဒိယ-မြန်မာ ကုန်သွယ်မှုဆိုင်ရာ ပူးတွဲကော်မတီ၏ ၆ ကြိမ်မြောက် အစည်းအဝေးတွင် ယခုကဲ့သို့ ဆွေးနွေးခဲ့ကြခြင်းဖြစ်ပြီး အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ၀န်ကြီး နီရ်မာလာ ဆီသာရာမန်က နှစ်နိုင်ငံအကြား အပြန်အလှန်ကုန်သွယ်မှုတွင် အလားအလာရှိသော နယ်ပယ်များစွာ ကျန်ရှိနေသေးသည်ဟု ပြောကြားခဲ့သည်။

    “နှစ်နိုင်ငံ ကုန်းလမ်း၊ ရေလမ်းနဲ့ လေကြောင်းဆက်သွယ်ရေး တိုးတက်အောင် ထိထိရောက်ရောက်ဆောင်ရွက်ဖို့အတွက် မြန်မာဘက်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ရေး ၀န်ကြီးက ဆွေးနွေးခဲ့ပါတယ်” ဟု ၀န်ကြီးဌာနမှ ထုတ်ပြန်သော ကြငြာချက်တွင် ဖော်ပြထားသည်။

    အစည်းအဝေးကို ဆီသာရာမန်နှင့် မြန်မာနိုင်ငံ စီးပွားကူးသန်းဝန်ကြီး ဦးသန့်မြင့်တို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။

    အိန္ဒိယ စီးပွားကူးသန်းနှင့် စက်မှုဝန်ကြီးဌာန၏ ကြေငြာချက်တွင် ၀န်ကြီး ဆီသာရာမန်က စစ်တွေမြို့တွင် ဆောင်ရွက်နေသည့် ကုလားတန်စီမံကိန်း တိုးတက်မှုများကို ပြောကြားခဲ့ကြောင်း၊ စစ်တွေဆိပ်ကမ်းနှင့် ကုန်းတွင်းပိုင်း ရေကြောင်းချိတ်ဆက်မှုအပါအ၀င် အခက်အခဲများကို ကျော်ဖြတ်ကာ အလုပ်တွင်စေရေး မြန်မာဘက်နှင့် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း ထည့်သွင်း ဖော်ပြထားသည်။

    ထို့ပြင် အိန္ဒိယမှ ကုန်တင်ကားများ လွယ်ကူစွာ သွားလာနိုင်ရေး သဘောတူညီချက်တစ်ခု ရရှိစေရန်အတွက်လည်း မြန်မာနိုင်ငံအား တိုက်တွန်းခဲ့သည်။

    ဆွေးနွေးပွဲတွင် အိန္ဒိယနှင့် မြန်မာတို့မှာ နယ်စပ် ကုန်သွယ်ရေးဂိတ်နှစ်ခု ထပ်မံဖွင့်လှစ်နိုင်ရေး နည်းလမ်းရှာရန် သဘောတူခဲ့ကြပြီး၊ ငွေကြေးလဲလှယ်နှုန်း ပုံသေဖြစ်စေရေး နှစ်နိုင်ငံ ဗဟိုဘဏ်များအကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရန်အတွက်လည်း ဆွေးနွေးခဲ့ကြသည်။

    မြန်မာဘက်ကလည်း အိန္ဒိယအရှေ့မြောက်ပိုင်းတွင် ကောင်စစ်ဝန်ရုံးသစ်တစ်ခု ဖွင့်လှစ်နိုင်ရေး တင်ပြဆွေးနွေးခဲ့သည်။

    Ref: Times of India

  • တရုတ်က ပြည်တွင်းဖြစ် ဖျက်သင်္ဘော ပုံစံသစ်ကို ထုတ်ဖော်ပြသ

    တရုတ်က ပြည်တွင်းဖြစ် ဖျက်သင်္ဘော ပုံစံသစ်ကို ထုတ်ဖော်ပြသ

    ဇွန် ၂၈၊ ၂၀၁၇
    M-Media

    – တရုတ်နိုင်ငံမှာ ပြည်တွင်းဖြစ် ပုံစံသစ် စစ်သင်္ဘောတစ်စီးကို ယနေ့တွင် ထုတ်ဖော်ပြသလိုက်ပြီး တရုတ်ရေတပ် ခေတ်မီရေး ဆောင်ရွက်ရာတွင် နောက်ဆုံးပေါ်ထွက်လာသည့် တိုးတက်မှုဖြစ်သည်။

    ဖျက်သင်္ဘောအမျိုးအစား အဆိုသင်္ဘောမှာ ဖျက်သင်္ဘောငယ် 052D ကို ဆက်ခံမည့် 055 ၏ ပထမမျိုးဆက်ဖြစ်သည်ဟု ယုံကြည်ရကြောင်း တရုတ်နိုင်ငံပိုင်သတင်းဌာန Global Times က ဖော်ပြခဲ့သည်။

    တန်ချိန် တန်တစ်သောင်းရှိသည့် ထိုဖျက်သင်္ဘောမှာ လေကြောင်းရန် ကာကွယ်ရေးစနစ်၊ ဒုံးကျည်ကာကွယ်ရေး၊ သင်္ဘောဖျက်ဒုံးနှင့် ရေငုပ်သင်္ဘောဖျက်ဒုံးများ ကာကွယ်ရေးစနစ်သစ်ကို တပ်ဆင်ထားက နောက်ဆုံးအဆင့် စမ်းသပ်မှုကို ပြုလုပ်သွားမည်ဖြစ်သည်။

    တောင်တရုတ်ပင်လယ်တွင် ပိုင်နက်အငြင်းပွားများဖြင့် တင်းမာနေသည့်အချိန်တွင် တရုတ်မှာ ၎င်း၏ စစ်အင်းအားကို ဖြည့်တင်းမှုများ ပြုလုပ်နေပြီး ပြီးခဲ့သည့် ဧပြီလကလည်း ပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘောတစ်စင်းကို ထုတ်ပြခဲ့သည်။

    စစ်တပ်ကို ခေတ်မီစစ်တပ်ဖြစ်လာအောင် ဆောင်ရွက်နေသည့် တရုတ်မှာ အခုနှစ်အတွင်း စစ်ရေးဘက်ဂျက်ကို ၇ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲမည်ဟု ကြေငြာခဲ့သည်။ တရုတ်မှာ ဆယ်စုနှစ် ၂ ခုကြာ ကာကွယ်ရေးဘက်ဂျက်ကို ၁၀ ရာခိုင်နှုန်းကျော် သုံးစွဲခဲ့ပြီးနောက် ၁၀ ရာခိုင်နှုန်းအောက် ပြန်လည်လျှော့ချခဲ့ရာမှ ပြီးခဲ့သည့် ၂ နှစ်ဆက်တိုက် တိုးမြှင့်သုံးစွဲလာခဲ့သည်။

    Ref: BBC

  • ဒေတာပြန်ပေးဆွဲ ဆိုက်ဘာတိုက်ခိုက်မှု ကမ္ဘာတစ်ဝှမ်း ထပ်ဖြစ်ပြန်

    ဒေတာပြန်ပေးဆွဲ ဆိုက်ဘာတိုက်ခိုက်မှု ကမ္ဘာတစ်ဝှမ်း ထပ်ဖြစ်ပြန်

    ဇွန် ၂၈၊ ၂၀၁၇
    M-Media

    – ကွန်ပျူတာမှာရှိတဲ့ အချလက်တွေကို ဖောက်ထွင်းရယူပြီး ငွေကြေးတောင်းခံတဲ့ ‘ဒေတာပြန်ပေးဆွဲ ဆိုက်ဘာတိုက်ခိုက်မှု’ (ransomware) ဟာ မနေ့က ဥရောပနဲ့ ကမ္ဘာတစ်ဝှမ်းမှာ ထပ်မံ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

    Petya လို့ အမည်ပေးထားတဲ့ အဲဒီ ဆိုက်ဘာတိုက်ခိုက်မှုဒဏ်ကို ခံခဲ့ရတယ်လို့ ယူကရိန်းနဲ့ ရုရှားနိုင်ငံတွေရဲ့ အဓိကလုပ်ငန်းတွေက ပြောကြားခဲ့ပြီး နောက်ပိုင်းမှာ ဥရောပနိုင်ငံတွေက စီးပွားရေးလုပ်ငန်းတွေလည်း ထိခိုက်ခဲ့ပါတယ်။

    အဆိုးဝါးဆုံး တိုက်ခိုက်ခံရတာကတော့ ယူကရိန်းနိုင်ငံဖြစ်ပြီး ဓာတ်အားပေးလုပ်ငန်း၊ ဘဏ်တွေ၊ အစိုးရရုံးတွေဟာ ဆိုးဆိုးဝါးဝါး ထိခိုက်မှုတွေရှိခဲ့ကာ မြို့တော်ကိဗ်က Boryspil လေဆိပ်လည်း တိုက်ခိုက်ခံခဲ့ရပါတယ်။

    ယူကရိန်း ပြည်ထဲရေးဝန်ကြီးဌာနက မကြံစဖူး ဆိုက်ဘာတိုက်ခိုက်မှုပြီးတဲ့နောက် အာဏာပိုင်တွေအနေနဲ့ ရာဇ၀တ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီလို့ ပြောကြားခဲ့ပါတယ်။

    ဒုတိယ၀န်ကြီးချုပ် ပါဗလို ရိုဇန်ကိုကလည်း မှောင်မဲနေတဲ့ ကွန်ပျူတာစခရင် ဓာတ်ပုံကို Twitter စာမျက်နှာမှာ လွှင့်တင်ခဲ့ပြီး အစိုးရရုံးချုပ်တွေက ကွန်ပျူတာစနစ်တွေ ပိတ်သွားတယ်လို့ ရေးသားခဲ့ပါတယ်။

    ယူကရိန်းဗဟိုဘဏ်က ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး နိုင်ငံရပ်ခြားက တိုက်ခိုက်သူတွေဟာ ယူကရိန်းဘဏ်အချို့ရဲ့ ၀ဘ်ဆိုက်တွေကို တိုက်ခိုက်မှုတွေလုပ်နေတယ်လို့ သတိပေးခဲ့ပါတယ်။ ဆိုက်ဘာတိုက်ခိုက်မှုကို ကိဗ်မြို့အခြေစိုက် Kyivenergopower စွမ်းအင်ကုမ္ပဏီကလည်း ခံခဲ့ရပြီး၊ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် Chernobyl ဓာတ်ပေါင်းဖိုက ဓာတ်ရောင်ခြည် ထွက်လာမှုအတွက် စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ နိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့ပါတယ်။

    ကွန်ပျူတာတွေကို ဖောက်ထွင်းဝင်ရောက်ကာ အချက်အလက်တွေကို ပုံဖျက်ပြီး ပြန်ပေးငွေတောင်းတဲ့ ဒီတိုက်ခိုက်မှုဟာ ဇွန်လအတွင်းကလည်း ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပွားခဲ့ပြီး နိုင်ငံပေါင်း ၁၅၀ က ကွန်ပျူတာအလုံးပေါင်း သိန်းနဲ့ချီ ထိခိုက်ခဲ့ပါတယ်။ ဆိုက်ဘာလုံခြုံရေး တာဝန်ရှိသူတွေက ပုံစံအသစ်နဲ့ တိုက်ခိုက်မှု ရှိလာနိုင်တယ်လို့ အဲဒီတုန်းကတည်းက သတိပေးထားတာပါ။

    ဒီတိုက်ခိုက်မှုဟာ မြောက်ကိုရီးယားနဲ့ ဆက်သွယ်မှုတွေရှိတယ်လို့ သတင်းတွေ ထွက်ခဲ့ပေမယ့် ဘယ်သူက လုပ်တယ်ဆိုတာကိုတော့ အတိအကျ မပြောနိုင်ခဲ့ပါဘူး။

    Ref: Aljazeera

  • ဗင်နီဇွဲလား တရားရုံးချုပ် ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခံရသည်ဟု သမ္မတမာဒူရို ထုတ်ပြန်

    ဗင်နီဇွဲလား တရားရုံးချုပ် ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်ခံရသည်ဟု သမ္မတမာဒူရို ထုတ်ပြန်

    ဇွန် ၂၈၊ ၂၀၁၇
    M-Media

    မာဒူရိုအစိုးရအား ဆန့်ကျင်သူပုန်ထရန် တိုက်တွန်းနေသည့် ရဲတပ်ဖွဲ့မှ ရဟတ်ယာဉ်ပိုက်လော့ ပီရက်ဇ်

    – ဗင်နီဇွဲလားနိုင်ငံရှိ တရားရုံးချုပ်အဆောက်အဦးကို ရဲတပ်ဖွဲ့ရဟတ်ယာဉ်က ဗုံးကြဲရန် ကြိုးစားမှုတစ်ခု ဖြစ်ပွားခဲ့ပြီး သမ္မတ နီကိုလက်စ် မာဒူရိုကမူ ထိုလုပ်ရပ်ကို ‘အကြမ်းဖက် တိုက်ခိုက်မှု’ ဟု ခေါ်ဆိုခဲ့ကာ ၎င်း၏ ဆိုရှယ်လစ်အစိုးရကို အတည်မငြိမ်ဖြစ်စေရန် ပူးပေါင်းကြံစည်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ယမန်နေ့က နိုင်ငံပိုင်မီဒီယာမှနေ၍ မာဒူရို မိန့်ခွန်းပြောကြားနေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ရဟတ်ယာဉ်ပေါ်မှ လက်ပစ်ဗုံးနှစ်လုံး ပစ်ချခဲ့ကာ တစ်လုံးမှာ မပေါက်ကွဲခဲ့ဘဲ ဗင်နီဇွဲလား အထူးတပ်ဖွဲ့က အဆိုပါ ရဟတ်ယာဉ်ကို မောင်းထုတ်နိုင်ခဲ့သည်ဟုလည်း သမ္မတက ဆိုသည်။

    “ငြိမ်းချမ်းရေးကို ကာကွယ်ဖို့အတွက် လက်နက်ကိုင်တပ်ဖွဲ့တွေအားလုံးကို အသင့်ပြင်ခိုင်းထားပါတယ်”

    သို့သော်လည်း အတိုက်အခံများကမူ ထိုအဖြစ်အပျက်မှာ အကြောက်တရားပြန့်နှံစေရန်နှင့် အခြေခံဥပဒေ ပြန်လည်ရေးဆွဲရေး မာဒူရို၏ အစီအစဉ်အား ကန့်ကွက်ကြသူများကို နှိမ်နှင်းမှုမှာ တရားမျှတသယောင် ဖြစ်စေရန် သမ္မတကိုယ်တိုင်က ကြံစည်ခြင်းဖြစ်သည်ဟု ဆိုရှယ်မီဒီယာများမှတစ်ဆင့် စွပ်စွဲပြောကြားခဲ့သည်။

    ရဟတ်ယာဉ်ပေါ်မှ လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှုအတွက် မည်သည့် ထိခိုက်ဒဏ်ရာရရှိမှု သတင်းမှ ပေါ်ထွက်မလာသေးဘဲ၊ AP သတင်းဌာနမှ သတင်းထောက်ကမူ ရဟတ်ယာဉ်တစ်စင်းမှာ မြို့လယ်ကောင်တွင် ပျံဝဲနေကာ သေနတ်သံများလည်း ကြားရကြောင်း၊ သို့သော်လည်း အဆိုပါပစ်ခတ်မှုမှာ ရဟတ်ယာဉ်မှ ပြုလုပ်ခြင်းလားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ပြောကြားခဲ့သည်။

    မာဒူရိုမှာ ပြည်သူများ၏ ဆန့်ကျင်ဆန္ဒပြမှုများ၊ အစိုးရအဖွဲ့အတွင်း ၎င်းနှင့် သဘောထားမတူများ၏ ပြစ်တင်ရှုတ်ချမှုများကို ပြီးခဲ့သည့်လများအတွင်း ဆက်တိုက် ရင်ဆိုင်ခဲ့ရသည်။

    အစိုးရဆန့်ကျင်ရေး ပိုစတာကို ချိတ်ဆွဲထားသည့် အပြာရောင် ရဟတ်ယာဉ်တစ်စင်း၏ ဓာတ်ပုံ၊ မာဒူရို၏ အာဏာရှင်အုပ်စုကို သူပုန်ထရန် ရဲတပ်ဖွဲ့ ရဟတ်ယာဉ်ပိုက်လော့ အော်စကာပီရက်ဇ်ဆိုသူက တိုက်တွန်းဆော်သြမှု ဗီဒီယိုတစ်ခုတို့မှာလည်း ဆိုရှယ်မီဒီယာများတွင် ပြန့်နှံ့နေသည်။

    Ref: Aljazeera

     

  • အစ္စလာမ်ကြောက်ရောဂါကို အနုပညာနဲ့ တိုက်ဖျက်မယ့် နယူးယောက်က အနုပညာပြခန်း

    အစ္စလာမ်ကြောက်ရောဂါကို အနုပညာနဲ့ တိုက်ဖျက်မယ့် နယူးယောက်က အနုပညာပြခန်း

    ဇွန် ၂၈၊ ၂၀၁၇
    M-Media

    – အစ္စလာမ်ဘာသာ၊ မွတ်စလင်တွေနဲ့ပတ်သက်လို့ အထင်မှားအမြင်မှား ဖြစ်နေမှုကို ချေဖျက်ဖို့အတွက် နယူးယောက်မြို့မှာ အာရပ်နဲ့ အစ္စလာမ့်အနုပညာလက်ရာတွေကို ပြသမယ့် အနုပညာပြခန်းတစ်ခု ပေါ်ထွက်လာခဲ့ပြီလို့ သိရပါတယ်။

    Institute of Arab and Islamic Art လို့ အမည်ပေးထားတယ့် အဲဒီ အနုပညာ ပြခန်းဟာ အနုပညာရှင်တွေနဲ့ အခြား ပညာရှင်တွေအကြား အယူအဆတွေ ဖလှယ်ဖို့၊ အမေရိကန်နဲ့ အစ္စလာမ့်နိုင်ငံတွေအကြား ယဉ်ကျေးမှုဆိုင်ရာ နှီးနှောမှုတွေပြုလုပ်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

    ပြခန်းကိုတည်ထောင်သူ ကာတာအနုပညာရှင် မိုဟာမက် ရာရှစ် အလ်-သာနီက အစ္စလာမ်ကြောက်ရောဂါ မြင့်တက်လာတဲ့ အခုလိုအချိန်မှာ အရှေ့နဲ့ အနောက်အကြား ပိုမိုကောင်းမွန်တဲ့ နားလည်မှုတွေ ရရှိရေး ကူညီပေးချင်တယ်လို့ ဆိုပါတယ်။

    “ကံမကောင်းတာက အာရပ်နဲ့ အစ္စလာမ့်ဒေသတွေကို ကိုယ်စားပြုပြီး၊ ဒီဒေသတွေက အနုပညာလက်ရာတွေကို ပြသမယ့် အနုပညာပြခန်း ဒါမှမဟုတ် ယဉ်ကျေးမှုစင်တာတစ်ခု အခုအချိန်အထိ ကျွန်တော်တို့မှာ မရှိတာပါ။ မွတ်စလင်တွေနဲ့ အာရပ်တွေအပေါ်မှာ သမရိုးကျအမြင်တွေ ရှိနေပြီး ဒီအတွက် ကျွန်တော်တို့က မီဒီယာတွေကိုပဲ ထင်သလို အပြစ်တင်နေရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ တာဝန်က ဒီအတွက် တစ်ခုခုလုပ်ဖို့ဖြစ်ပြီး၊ ကျွန်တော်တို့နေထိုင်တဲ့ လူ့အဖွဲ့အစည်းမှာ တက်တက်ကြွကြွ ပါဝင်ဖို့ ဖြစ်ပါတယ်” လို့ အလ်-သာနီက ပြောကြားခဲ့ပါတယ်။

    အကျိုးအမြတ်မယူတဲ့ အသင်းအဖွဲ့လို့ သတ်မှတ်ထားတဲ့ အဲဒီ အနုပညာပြခန်းကို နယူးယောက်က Little Italy ရပ်ကွက်မှာ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

    အဲဒီ အနုပညာပြခန်းမှာ အမေရိကကိုလာပြီး သူတို့ရဲ့ လက်ရာတွေကို ပြသဖို့ ငွေကြေးမတတ်နိုင်ကြတဲ့ အာရပ်ဒေသက အနုပညာရှင်တွေရဲ့ အနုပညာ ဖန်တီးမှုတွကို ပြသဖို့၊ ဒီ အနုပညာရှင်တွေ ပညာသင်နိုင်ဖို့ ရည်ရွယ်တဲ့ အစီအစဉ်တစ်ခုလည်း ရှိနေပါတယ်။

    တစ်နှစ်ကို အနုပညာပြပွဲ ၄ ကြိမ်လောက်လုပ်ဖို့ စီစဉ်ထားပြီး ပထမဆုံးတစ်ကြိမ်ကိုတော့ မေလ ၄ ရက်နေ့မှာ ပြုလုပ်ခဲ့ကာ ဆော်ဒီ၊ အီရန်၊ အိန္ဒိယနဲ့ ပါကစ္စတန်တို့က အမျိုးသမီး အနုပညာရှင် ၄ ဦးက သူတို့ရဲ့ လက်ရာတွေကို ပြသခဲ့ကြပါတယ်။

    လက်ရှိ ပြသနေဆဲဖြစ်တဲ့ ဒီပြပွဲမှာ အစ္စလာမ့် ဗိသုကာလက်ရာနဲ့ ဂျီသြမေတြီ အနုပညာတွေကို အဓိကထား ပြသတာဖြစ်ပါတယ်။

    Ref : Aljazeera