News @ M-Media
Author: Ko Lay
  • အကျင့်မကောင်းသည့်ရဲများကို ဘရာဇီးက အကြီးအကျယ် ဖမ်းဆီးနေ
    အကျင့်မကောင်းသည့်ရဲများကို ဘရာဇီးက အကြီးအကျယ် ဖမ်းဆီးနေ
    ဇွန် ၃၀၊ ၂၀၁၇
    M-Media
    – ရီယိုဒီဂျနေရိုးပြည်နယ်မှ ‘ကြွက်ချေး’ ရဲတပ်ဖွဲ့ဝင် ၉၅ ဦးကို ဘရာဇီးအာဏာပိုင်များက ဖမ်းဝရမ်းထုတ်လိုက်ပြီး ၎င်းတို့မှာ မူးယစ်ဂိုဏ်များအား လက်နက်ရောင်းခြင်း၊ စစ်ဆင်ရေးများအတွက် ကြိုတင်သတင်းပေးခြင်းတို့ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။
    ယခုလုပ်ဆောင်ချက်မှာ ခြစားနေသည့် ရဲတပ်ဖွဲ့ဝင်များကို အပြီးတိုင်ဖယ်ရှားရေး ဆောင်ရွက်မှုတွင် အကြီးမားဆုံးဖြစ်ပြီး စစ်ဆင်ရေး အစိတ်အပိုင်းအဖြစ် မူးယစ်မှောင်ခိုသမားများနှင့် အခြား ရာဇ၀တ်ကောင် အနည်းဆုံး ၇၀ အတွက်လည်း ၀ရမ်းထုတ်ပြန်ခဲ့သည်။
    စုံစမ်းစစ်ဆေးရေးမှူး ဖာဘီယို ဘာရူကီက ဖမ်းဆီးရန် ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များမှာ ‘ဆွမ်းဆန်ထဲမှ ကြွက်ချေးများ’ ဖြစ်ပြီး ရပ်ကွက်တစ်ခုတွင် လက်နက်များ မိသည့်အခါ အခြား ရပ်ကွက်တစ်ခုတွင် ပြန်လည်ရောင်းချသည်ဟု ပြောကြားခဲ့သည်။
    “ဒီလိုလူတွေကို စစ်ရဲတပ်ဖွဲ့ကနေ ဖယ်ရှားခြင်းအားဖြင့် ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းဖြစ်အောင် ဆောင်ရွက်နေတာပါ။ ကျွန်တော်တို့တိုင်းပြည်ရဲ့ ပြည်သူ့လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဟာ အရေးပါတဲ့ အသင်းအဖွဲ့ပါ။ တိုင်းပြည်ရဲ့ လုံခြုံရေး ကောင်းမွန်ဖို့အတွက် ဆွမ်းဆန်ထဲက ကြွက်ချေးတွေ၊ အကျင့်မကောင်းတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ကျွန်တော်တို့ ထုတ်ပယ်ခဲ့ပါတယ်” ဟု ဘာရူကီက ပြောကြားခဲ့သည်။
    ဘရာဇီးလ်တွင် စစ်ရဲများမှာ ရီယိုဒီဂျနေရိုးပြည်နယ်ရှိ ရာနှင့်ချီသော ပျံကျရပ်ကွက်များတွင် ပတ္တရောင်လှည့်မှုများ၊ မူးယစ်ဂိုဏ်းများအား နှိမ်နှင်းသည့် စစ်ဆင်ရေးများ ပြုလုပ်နေသည်။ ရဲတပ်ဖွဲ့မှာ မူးယစ်ဂိုးဏ်များအား ကူညီပေးမှု၊ ပြည်သူများအပေါ် မလျော်ကန်သည့် ဆက်ဆံမှုများ ရှိသည်ဆိုသည့် တိုင်ကြားမှုများလည်း ရှိနေ
    သည်။
    အစိုးရ စုံစမ်းစစ်ဆေးရေးမှူးများက ၎င်းတို့အနေဖြင့် အင်အားကောင်းသည့် မူးယစ်ဂိုးဏ်များနှင့် ဆက်နွယ်နေသော ရဲများကို ပစ်မှတ်ထား နှိမ်နင်းနေသည်ဟု ပြောကြားခဲ့သည်။
    Ref: Aljazeera
  • ပြင်သစ်နိုင်ငံ ပဲရစ်ရှိ ဗလီတစ်လုံးရှေ့မှ လူအုပ်ကို ကားဖြင့်တိုက်ရန် ကြိုးစားမှု ဖြစ်ပွား
    ပြင်သစ်နိုင်ငံ ပဲရစ်ရှိ ဗလီတစ်လုံးရှေ့မှ လူအုပ်ကို ကားဖြင့်တိုက်ရန် ကြိုးစားမှု ဖြစ်ပွား
    ဇွန် ၃၀၊ ၂၀၁၇
    M-Media
    အခင်းဖြစ်ပွားခဲ့သည့်နေရာမှ ဗလီဝတ်ကျောင်းတော်
    – ပြင်သစ်နိုင်ငံ ပဲရစ်မြို့ ဆင်ခြေဖုံး ခရီတီးလ်ရပ်ကွက်ရှိ ဗလီဝတ်ကျောင်းတော်တစ်ခုရှေ့မှ လူအုပ်ကို အမျိုးသားတစ်ဦးက ကားဖြင့်ဝင်တိုက်ရန် ကြိုးစားခဲ့ပြီး ထိုအမျိုးသားအား ဖမ်းဆီးနိုင်ခဲ့သည်ဟု ပြင်သစ်ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။
    ယမန်နေ့ည ၆ နာရီခွဲအချိန်တွင် ဖြစ်ပွားခဲ့ပြီး ဗလီဝတ်ကျောင်းတော်ရှေ့ရှိ အဆီးအတားများကြောင့် ထိုကားမှာ လူအုပ်ဆီသို့ မရောက်ရှိခဲ့ကြောင်း၊ ထိုအဖြစ်အပျက်အတွင်း မည်သူမှ ဒဏ်ရာမရရှိကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။
    လက်ရှိတွင် ထိုကိစ္စအတွက် အကြမ်းဖက်တိုက်ဖျက်ရေးဌာနမဟုတ်ဘဲ သာမန် ရဲဌာနကသာ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေပြီး ထိုအမျိုးသားကို တရားစွဲဆိုရမည်လားဆိုသည်ကို ဆုံးဖြတ်သွားမည်ဟု ကြေငြာချက်က ဆိုသည်။
    ရဲတပ်ဖွဲ့က ထိုလုပ်ရပ်၏နောက်ကွယ်မှ လှုံ့ဆော်မှုကို ရှင်းရှင်းလင်းလင်း မသိရသေးဟု ပြောကြားထားပြီး Le Parisien သတင်းစာက အဆိုပါအမျိုးသားမှာ ပြင်သစ်တွင် IS ၏ တိုက်ခိုက်မှုများအတွက် လက်စားချေချင်နေသူဖြစ်သည်ဟု ဖော်ပြခဲ့သည်။
    ပြီးခဲ့သည့်တစ်ပတ်က အင်္ဂလန်နိုင်ငံမြောက်ပိုင်း နယူးကာဆယ်တွင် ၀ါကျွတ်အီးဒ်အထိမ်းအမှတ် ၀တ်ပြုဆုတောင်းပြီး ထွက်လာသော လူအုပ်ကို ကားတစ်စီးက ၀င်တိုက်ခဲ့သောကြောင့် ကလေးငယ် ၂ ဦး အပါအ၀င် လူ ၆ ဦး ဒဏ်ရာရရှိခဲ့သည်။
    ယခုလအစောပိုင်းကလည်း လန်ဒန်မြို့ရှိ ဗလီတစ်လုံးမှ ၀တ်ပြုပြီးထွက်လာသော မွတ်စလင်လူအုပ်ကို ဗန်ကားတစ်စီးက ၀င်တိုက်ခဲ့ပြီး လူ ၁ ဦးသေဆုံးခဲ့ကာ အနည်းဆုံး ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။
    ကျူးလွန်သူမှာ ‘မွတ်စလင်တွေကို သတ်ချင်တယ်’ ဟု ဟစ်အော်ခဲ့ပြီး ရဲတပ်ဖွဲ့က ၎င်း၏ အကြမ်းဖက်မှုဖြင့် တရားစွဲဆိုထားသည်။
    ပြင်သစ်နိုင်ငံတွင် ၂၀၁၅ ခုနှစ် နိုဝင်ဘာနောက်ပိုင်း IS က တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် နိုင်ငံတစ်ဝှမ်း ဘာသာရေး၊ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများကို လုံခြုံရေးကို တင်းကျပ်စွာ ချထားသည်။
    Ref: Aljazeera
  • လတ်တလော ကမ္ဘာ့ဆိုက်ဘာတိုက်ခိုက်မှုမှာ ဒေတာဖျက်ဆီးရန် ဖြစ်သည်ဟု ပညာရှင်များပြော
    လတ်တလော ကမ္ဘာ့ဆိုက်ဘာတိုက်ခိုက်မှုမှာ ဒေတာဖျက်ဆီးရန် ဖြစ်သည်ဟု ပညာရှင်များပြော
    ဇွန် ၂၉၊ ၂၀၁၇
    M-Media
    – ကမ္ဘာတစ်ဝှမ်းက စီးပွားရေးလုပ်ငန်းတွေကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း Petya malware အမည်နဲ့ ရိုတ်ခတ်ခဲ့တဲ့ ဒေတာပြန်ပေးဆွဲတိုက်ခိုက်မှု (ransomware attack) ဟာ ငွေကြေးလိုချင်တာထက် အချက်အလက်တွေ လိုချင်တာကြောင့် ဖြစ်နိုင်တယ်လို့ ဆိုက်ဘာ လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ဆိုပါတယ်။
    ဒီ malware ဟာ ဖိုင်တွေကို ပုံဖျက်ပြီး ငွေကြေးတောင်းတာမျိုး ဖြစ်ပေမယ့် သုတေသနပညာရှင်တွေကတော့ အခုတစ်ခေါက် တိုက်ခိုက်မှုဟာ အချက်အလက်တွေကို ဖျက်ဆီးဖို့သာ ဖြစ်တယ်လို့ အခုအချိန်မှာ ယုံကြည်လာကြပါတယ်။
    အဓိကဖိုင်တွေကို ပြန်ယူလို့မရအောင် လုပ်ထားတဲ့ malware ရဲ့ ဒီဇိုင်းကို ပညာရှင်တွေက ထောက်ပြခဲ့တာဖြစ်ပြီး လုံခြုံရေးဆိုင်ရာ လုပ်ငန်း Comae က မတ် ဆူချီဆိုသူကတော့ ဒီပရိုဂရမ်ဟာ ‘၀ိုက်ပါ’ ဖြစ်တယ်လို့ ဆိုပါတယ်။
    “၀ိုက်ပါတစ်ခုရဲ့ ရည်ရွယ်ချက်က ဖျက်ဆီးဖို့ပါ” လို့ သူကဆိုပြီး ransomware ပုံစံ လုပ်ထားတာဟာ မီဒီယာတွေ စိတ်ဝင်စားအောင် လှည့်စားထားတာလို့ ပြောကြားခဲ့ပါတယ်။
    Petya ဟာ ကနဦး ransomware နဲ့ တော်တော်လေး ဆင်တူပေမယ့် ကွန်ပျူတာထဲက အရေးကြီးတဲ့ဖိုင်တွေကို ပုံဖျက်တာထက် အချက်အလက်တွေကို လုံးဝ ပျက်ဆီးအောင်လုပ်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
    ရုရှား ဆိုက်ဘာလုံခြုံရေးလုပ်ငန်း Kaspersky Lab က အန်တွန် အိုင်ဗန်နော့ဗ်နဲ့ အော့ခ်မန် မာမီဒေါ့ဗ်တို့ကလည်း ဒီပရိုဂမ်ဟာ ပိုက်ဆံလိုချင်တာထက် အချက်အလက်တွေကို ဖျက်ဆီးဖို့ ဖန်တီးခဲ့တာဖြစ်တယ်ဆိုပြီး ကောက်ချက်ချခဲ့ပါတယ်။
    သူတို့ရဲ့ လေ့လာမှုအရ ဒီ malware မှာ အချက်အလက်ကို ပုံမှန်အတိုင်း ပြန်ဖြစ်အောင် ဆောင်ရွက်မယ့် နည်းလမ်းမျိုး မပါဝင်ဘူးလို့ တွေ့ခဲ့ရပါတယ်။
    The Grugq လို့ အမည်ရတဲ့ ကွန်ပျူတာလုံခြုံရေးဆိုင်ရာ သုတေသနပညာရှင်ဟောင်းကလည်း ဒီပရိုပရမ်ကို ဖန်တီးသူဆီ ငွေပို့ပေးရမယ့် လမ်းကြောင်း အားနည်းမှုက အထက်က ပညာရှင်တွေပြောတဲ့ သံသယတွေကို ပိုပြီး ခိုင်မာအားကောင်းစေတဲ့လို့ ဆိုပါတယ်။
    “Petya အစစ်က ငွေရှာတဲ့ ရာဇ၀တ်လုပ်ငန်းဗျ။ အခုဟာက ငွေရှာဖို့လုပ်ထားတာမဟုတ်ဘူး”
    ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဖြစ်ခဲ့တဲ့ ဒီတိုက်ခိုက်မှုကို နိုင်ငံပေါင်း ၆၄ နိုင်ငံက စီးပွားရေးလုပ်ငန်းတွေ၊ အဖွဲ့အစည်းတွေက ခံစားခဲ့ရပြီး အထိနာဆုံးကတော့ ယူကရိန်းနိုင်ငံ ဖြစ်ပါတယ်။
    Ref: BBC
  • မြန်မာနိုင်ငံမှ ဂုဏ်ယူဖွယ်ရာ ဂေါ်ရခါးလူမျိုးများ
    မြန်မာနိုင်ငံမှ ဂုဏ်ယူဖွယ်ရာ ဂေါ်ရခါးလူမျိုးများ
    ဇွန် ၂၉၊ ၂၀၁၇
    M-Media
    ထောက်ကြံ့ စစ်သင်္ချီုင်းမှာ ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးသွားတဲ့ စစ်သည်ပေါင်း ၂၇၀၀၀ လောက်ရဲ့ ရုပ်ကြွင်းတွေ တည်ရှိပြီး အများစုကတော့ ဂေါ်ရခါးစစ်သည်တွေ ဖြစ်ပါတယ်။
    – နောက်ပိုင်းမှာ ထုတ်ဝေဖို့ရှိနေတဲ့ ဂေါ်ရခါးလူမျိုးတွေအကြောင်း စာအုပ်နဲ့ပတ်သက်လို့ အချက်အလက်တွေစုဖို့ ပါမောက္ခ ဗိုလ်မှူးကြီး ခင်ဇော်နဲ့ဇနီး ပါမောက္ခ ဗိုလ်မှူးကြီး ကေသီထွန်းတို့ရဲ့ အကြံပြုချက်အရ မကြာသေးမီက မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အတွေ့အကြုံဟာ ကျွန်တော့်အတွက်တော့ မေ့လို့မရတဲ့ ခရီးတစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒီခရီးစဉ်မှာ ထောက်ကြံ့ စစ်သင်္ချီုင်းကို ပထမဆုံးအကြိမ် ကျွန်တော်ရောက်ခဲ့ပြီး နိုင်ငံအတွင်းမှာ အကြီးမားဆုံး သင်္ချီုင်းကြီးလည်း ဖြစ်ပါတယ်။ အဲဒီမှာ ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးသွားတဲ့ စစ်သည်ပေါင်း ၂၇၀၀၀ လောက်ရဲ့ ရုပ်ကြွင်းတွေ တည်ရှိပြီး အများစုကတော့ ဂေါ်ရခါးစစ်သည်တွေ ဖြစ်ပါတယ်။
    မြန်မာနိုင်ငံ ဂေါ်ရခါးလူ့အဖွဲ့အစည်းက သက်ကြီးရွယ်အိုတွေရဲ့ ပြောကြားမှုအရ ဂေါ်ရခါးလူမျိုးတွေဟာ မြန်မာနိုင်ငံကို ၃ သုတ်ခွဲပြီး ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ပထမဆုံးအသုတ်ကို တနင်္သာရီ တိုင်းဒေသကြီးက ဟိုင်ဒါ သတ္တုတွင်းလုပ်ငန်းမှာ အလုပ်လုပ်ဖို့ အရှေ့အိန္ဒိယကုမ္ပဏီက ၁၈၂၄ ခုနှစ်ကနေ ၁၂၈၄ ခုနှစ်အတွင်း ခေါ်ဆောင်လာခဲ့တာပါ။ ဒုတိယအသုတ်က အိန္ဒိယနဲ့ နီပေါနိုင်ငံတို့ကနေ ရောက်လာပြီး စိမ်းလမ်းတဲ့ စားကျက်မြေရှိရာ ကချင်နဲ့ ချင်းတောင်တန်းဒေသတွေမှာ အခြေချ နေထိုင်ခဲ့ကြပါတယ်။ တတိယအုပ်စုကတော့ ၁၈၅၂ ခုနှစ်မှာ ဗြိတိသျှစစ်တပ်နဲ့အတူ စစ်သားတွေ၊ လုံခြုံရေးအစောင့်တွေ၊ သတ္တုတွင်းတူးသူတွေ လယ်သမားတွေနဲ့ ဥယျာဉ်မှူးတွေအဖြစ် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
    မြန်မာနိုင်ငံကို ဗြိတိသျှရဲ့ ကိုလိုနီပြုမှုဟာ ၁၈၈၅-၁၈၈၆ ခုနှစ်မှာ ပြီးဆုံးခဲ့ပြီး ဘုရင်ခံ လော့ဒ် ဒက်ဖရင်နဲ့ သူ့ရဲ့ ဗိုလ်ချုပ်တွေက မြန်မာနိုင်ငံကို နှစ်သစ်ကူးလက်ဆောင်အဖြစ် ၀ိတိုရီယဘုရင်မကြီးကို ဆက်သခဲ့ပါတယ်။
    ၁၉၄၂ ခုနှစ်မှာ ဂျပန်တွေ မြန်မာနိုင်ငံကို ရောက်လာတဲ့အခါ ဗြိတိသျှဟာ တိုင်းပြည်ကိုပြန်ရဖို့ ၁၉၄၄ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အတွင်း ထိုးစစ် ၃ ကြိမ် ပြုလုပ်ခဲ့ရပြီး ရခိုင်၊ မန္တလေးနဲ့ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်က အင်ဖာလ်မြို့တို့မှာ အကြီးအကျယ် တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။ ဒီတိုက်ပွဲ ၃ ခုဟာ ဂျပန်ရဲ့အုပ်စိုးမှုကို အဆုံးသတ်ဖို့အတွက် အဆုံးအဖြတ် ဖြစ်ခဲ့ပြီး၊ ဒီတိုက်ပွဲတွေ အနိုင်ရမှုမှာ ဂေါ်ရခါးတပ်တွေဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့သလို Victoria Cross ဆုတံဆိပ်တွေကိုလည်း အမြောက်အများ ရခဲ့ပါတယ်။
    ၁၉၄၈ ခုနှစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်ပိုင်းမှာလည်း ဗိုလ်ချုပ်အောက်ဆန်းရဲ့ မေတ္တာရပ်ခံမှုနဲ့အတူ အမှတ် ၄ ဂေါ်ရခါးတပ်ရင်းကို ဖွဲ့စည်းခဲ့ပြီး၊ ပြည်တွင်းစစ်အတွင်း တိုင်းပြည်ကို ကယ်တင်ရာမှာ ဒီတပ်ရင်းက အရေးပါတဲ့နေရာကနေ စွမ်းဆောင်နိုင်ခဲ့ပါတယ်။
    တရုတ်ဖြူတိုက်ပွဲ
    ဂျပန်တွေ၊ ပြည်တွင်းသောင်းကျန်းသူတွေကို တိုက်ဖျက်ရုံတင် မကဘဲ မြန်မာနိုင်ငံက ဂေါ်ရခါးတွေဟာ တရုတ်ဗိုလ်ချုပ် ချန်ကေရှိတ်ရဲ့ ကူမင်တန် တရုပ်ဖြူတပ်တွေကို တိုက်ထုတ်ပြီး တိုင်းပြည်ကို ကာကွယ်ခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ ဆွတ် ဘဟာဒူးရ် ရိုင်းဟာ တိုင်းပြည်ရဲ့ စစ်ရေးဆိုင်ရာ အမြင့်ဆုံးဂုဏ်ထူးဖြစ်တဲ့ အောင်ဆန်းသူရိယဘွဲ့ကို ရခဲ့ပါတယ်။
    သမိုင်းကြောင်းအရ ဂေါ်ရခါးလူမျိုးတွေရဲ့ ၈၀ ရာခိုင်နှုန်းဟာ စစ်တပ်မှာ တာဝန်ထမ်းဆောင်တာမျိုး၊ သတ္တုတွင်းနဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေမှာ အလုပ်လုပ်တာမျိုး ရှိခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ သူတို့ဟာ စီးပွားရေး၊ ပညာရေးနဲ့ ဆေးဘက်ဆိုင်ရာတွေ အပါအ၀င် နယ်ပယ်ပေါင်းစုံမှာ လုပ်ကိုင်နေကြပါတယ်။ လက်ရှိ မြန်မာနိုင်ငံက ၁ သိန်းလောက်ရှိတဲ့ ဂေါ်ရခါးလူ့အဖွဲ့အစည်းမှာ အထင်ရှားဆုံးကတော့ ဒုတိယဗိုလ်မှူးကြီး ဇေယျကျော်ထင် သူရ လက်စ် မန် ရိုင်းပဲ ဖြစ်ပါတယ်။ အခြား ထင်ရှားတဲ့ ဂေါ်ရခါးလူမျိုးတွေထဲမှာ မန္တလေးတက္ကသိုလ်ရဲ့ ဓာတုဗေဒဌာနကို တည်ထောင်သူတွေထဲက တစ်ဦးဖြစ်သူ ပါမောက္ခ အတ္တာဆင်းလည်း ပါဝင်ပါတယ်။
    မြန်မာနိုင်ငံက ဂေါ်ရခါးလူ့အဖွဲ့အစည်းဟာ စာပေနယ်ပယ်မှာလည်း ထူးချွန်ပြီး မြန်မာ၊ ဂေါ်ရခါး ဘာသာစကားနဲ့ စာအုပ်ထုတ်ဝေတဲ့ စာရေးဆရာတွေလည်း ရှိနေကာ ဆုတံဆိပ်တွေ၊ ဂုဏ်ပြုဆုတွေကိုလည်း ဆွတ်ခူးရရှိထားပါတယ်။ နိုင်ငံတစ်ဝှမ်း ဂေါ်ရခါးကျောင်းပေါင်း ၂၆၇ ကျောင်းနဲ့ ဘုရားကျောင်း ၃၁၃ ကျောင်းလောက်ရှိပါတယ်။ စုစုစည်စည်းရှိကြတဲ့ ဒီလူ့အဖွဲ့အစည်းဟာ သူတို့ရဲ့ ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းနဲ့ ဘာသာစကားတွေကို ဆက်လက် ထိန်းသိမ်းထားကြဆဲ ဖြစ်ပြီး နီပေါနိုင်ငံကနေ ကမ္ဘာအနှံ့ ရောက်ရှိနေတဲ့ ဂုဏ်ယူစရာအကောင်းဆုံး ဂေါ်ရခါလူ့အဖွဲ့အစည်းတွေထဲက တစ်ခုလည်းဖြစ်ပါတယ်။
    Ref: Asia Times
    (Asia Times မှ Meet the proud Gurkha community of Myanmar ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)
  • အရေးပါသည့်ဗလီအား ပြန်သိမ်းပြီးနောက် IS အကြမ်းဖက်အဖွဲ့ ကျဆုံးပြီဟု အီရတ်ကြေငြာ
    အရေးပါသည့်ဗလီအား ပြန်သိမ်းပြီးနောက် IS အကြမ်းဖက်အဖွဲ့ ကျဆုံးပြီဟု အီရတ်ကြေငြာ
    ဇွန် ၂၉၊ ၂၀၁၇
    M-Media
    IS က ဖျက်ဆီးပြီးနာက် တွေ့ရသည့် အလ်-နူရီဗလီဝတ်ကျောင်းတော် အစိတ်အပိုင်းတစ်ချို့
    – လွန်ခဲ့သည့် ၃ နှစ်အရင် IS က ခလီဖာနိုင်ငံအဖြစ် ကြေငြာခဲ့သည့် မူဆိုးလ်မြို့ရှိ သမိုင်းဝင် အလ်-နူရီဗလီနေရာအား သိမ်းယူခဲ့ပြီးနောက် IS အကြမ်းဖက်အဖွဲ့ ကျရှုံးသွားပြီဟု အီရတ်စစ်တပ်က ယနေ့တွင် ကြေငြာလိုက်သည်။
    နှစ်ပေါင်း ၈၅၀ သက်တမ်းရှိ အဆိုပါဗလီဝတ်ကျောင်းတော်ကို ပြန်လည်သိမ်းပိုက်နိုင်ခြင်းမှာ ၈ လတာ ကြာမြင့်ခဲ့သည့် မူဆိုးလ်မြို့ ပြန်လည်သိမ်းယူရေး အီရတ်စစ်တပ်မှ ပြုလုပ်သော ထိုးစစ်တွင် အရေးပါသည့် အောင်ပွဲလည်း ဖြစ်သည်။
    “သူတို့ရဲ့ စိတ်ကူးယဉ်တိုင်းပြည်ကြီးက ကျဆုံးသွားပါပြီ” ဟု အီရတ်စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ယဟ်ယာ ရဆူလ်က ပြောကြားခဲ့သည်။
    IS အကြမ်းဖက်အဖွဲ့မှာ မူဆိုးလ်မြို့တစ်ဝိုက်ရှိ ရပ်ကွက်အချို့တွင် ခုခံတိုက်ခိုက်မှုများ ပြုလုပ်နေသောကြောင့် လာမည့်ရက်အနည်းငယ်ကျမှသာ တိုက်ပွဲကို အဆုံးသတ်နိုင်မည်ဟု အီရတ်အာဏာပိုင်များက မျှော်လင့်ထားသည်။
    အလ်-နူရီဗလီဝတ်ကျောင်းတော်၏ အစိတ်အပိုင်း အများအပြားကို IS က ပြီးခဲ့သည့်တစ်ပတ်တွင် ဖောက်ခွဲ ဖျက်ဆီးခဲ့သည်။
    အီရတ်အစိုးရနှင့် အမေရိကန်ဦးဆောင်သော မဟာမိတ်တပ်မှ တာဝန်ရှိသူများက အလ်-နူရီဗလီကို IS က ဖျက်ဆီးလိုက်ခြင်းမှာ ၎င်းတို့အဖွဲ့ မူဆိုးလ်အား မကြာခင် ဆုံးရှုံးတော့မည်ဆိုသည့် လက္ခဏာဖြစ်သည်ဟု ပြောကြားခဲ့သည်။
    IS အကြမ်းဖက်အဖွဲ့က ၂၀၁၄ ခုနှစ်တွင် အီရတ်ဒုတိယမြို့တော် မူဆိုးလ်ကို သိမ်းပိုက်ခဲ့ပြီးနောက် အဖွဲ့ခေါင်းဆောင် ဘဂ္ဂဒါဒီမှာ အလ်-နူရီဗလီဝတ်ကျောင်းတော်တွင် သောကြာနေ့ ၀တ်ပြုမှုအတွင်း ခလီဖာနိုင်ငံ တည်ထောင်ကြောင်း ကြေငြာခဲ့သည်။
    Ref: Aljazeera