News @ M-Media

Author: Ko Lay

  • မက္ကာရှိ မြင့်မြတ်ရာဗလီကို ဗုံးခွဲရန်ကြံစည်မှု ကမ္ဘာ့မွတ်စလင်နိုင်ငံများ ရှုတ်ချ၊ အစွန်းရောက်ဝါဒကို အမြစ်ဖြတ်ရန် တိုက်တွန်း

    မက္ကာရှိ မြင့်မြတ်ရာဗလီကို ဗုံးခွဲရန်ကြံစည်မှု ကမ္ဘာ့မွတ်စလင်နိုင်ငံများ ရှုတ်ချ၊ အစွန်းရောက်ဝါဒကို အမြစ်ဖြတ်ရန် တိုက်တွန်း

    ဇွန် ၂၄၊ ၂၀၁၇
    M-Media

    – ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့က အစ္စလာမ်ဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်ကို တိုက်ခိုက်ဖို့ ကြံစည်နေတယ်ဆိုတဲ့သတင်း ထွက်ပေါ်လာပြီးတဲ့နောက်မှာ ဒီလုပ်ရပ်အတွက် ကမ္ဘာ မွတ်စလင်နိုင်ငံတွေက ရှုတ်ချ ပြောဆိုလိုက်ပါတယ်။

    ကအ်ဗာဟ်ကျောင်းတော်တည်ရှိရာ မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်ရဲ့ လုံခြုံရေး ဂိတ်နဲ့ ၀တ်ပြုသူတွေကို မကြာခင်မှာ ပစ်မှတ်ထားတိုက်ခိုက်မယ့် အကြမ်းဖက် ကွန်ယက် ၃ ခုကို မနေ့မှာ ဖြိုခွင်းခဲ့တယ်လို့ ဆော်ဒီ ပြည်ထဲရေးဝန်ကြီးဌာနက ဒီနေ့မှာ သတင်းထုတ်ပြန်ခဲ့တာပါ။

    မက္ကာနဲ့ ဂျစ်ဒါက နေရာ ၃ ခုမှာ ပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်း တစ်ဦးကို အသေမိခဲ့ပြီး အမျိုးသမီး တစ်ဦးအပါအ၀င် လူ ၅ ဦးကို ဖမ်းဆီးရမိခဲ့ကာ ရဲတပ်ဖွဲ့ဝင် ၅ ဦး၊ အရပ်သား ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဆော်ဒီမီဒီယာတွေကတော့ တိုက်ခိုက်ဖို့ ကြံစည်ပြီး အသေဖမ်းဆီးရမိခဲ့သူဟာ အကြမ်းဖက်မှုအတွက် အလိုရှိနေတဲ့ IS အဖွဲ့ဝင်တစ်ဦး ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။

    အစ္စလာမ်ဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ဒီ မတ်စ်ဂျစ်ဒ်ဟရမ်ကို အကြမ်းဖက်တိုက်ခိုက်ဖို့ ကြံစည်မှုနဲ့ ပတ်သက်ပြီး ကမ္ဘာတစ်ဝှမ်း မွတ်စလင်နိုင်ငံတွေက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပါတယ်။

    ယူအေအီး

    ယူအေအီး နိုင်ငံခြားရေးနဲ့ နိုင်ငံတကာ ပူးပေါင်ဆောင်ရွက်ရေးဝန်ကြီး အဘ်ဒူလာ ဘင် ဇေယဒ် ဘင် ဆူလ်တန် အလ် နဟ်ယန်က ဒီလို တိုက်ခိုက်ဖို့ ကြံစည်မှုဟာ အကြမ်းဖက်ဝါဒကို ထောက်ခံသူတွေအပေါ် တိုက်ဖျက်ဖို့ ‘မိမိတို့ရဲ့ စိတ်ဆန္ဒ’ ကို ပိုမို ခိုင်မာစေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒီ စက်ဆုပ်ဖွယ်ရာ ရာဇ၀တ်မှုက အကြမ်းဖက်ဝါဒနယ်ပယ်နဲ့ ကြမ်းကြုတ်မှု ဘယ်လောက်ထိကျယ်သွားလဲဆိုတာကို ပြသနေပါတယ်။ ဒီလုပ်ရပ်အတွက် ဘယ်လို လူကောင်းသူကောင်းကမှ ဖာထေးလို့၊ ဆင်ခြေပေးလို့ မရပါဘူး” လို့ အလ် နဟ်ယန်က ပြောကြားခဲ့ပါတယ်။

    နောက်ပြီး သူက ဒီလိုတိုက်ခိုက်မှုကို ဖော်ထုတ်နိုင်ခဲ့တဲ့ ဆော်ဒီ လုံခြုံရေးလုပ်ငန်းစဉ်ကိုလည်း ချီးကျူးခဲ့ပါတယ်။

    ဂျော်ဒန်

    ဂျော်ဒန် မီဒီယာနဲ့ ဆက်သွယ်ရေးဆိုင်ရာ ၀န်ကြီး မိုဟာမက် မိုမာနီက ဒီကြံစည်မှုကို ရှုတ်ချခဲ့ပြီး အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရာမှာ ဆော်ဒီအာရေဗျကို ထောက်ခံသွားမယ်လို့ ဆိုပါတယ်။

    အစိုးရပြောရေးဆိုခွင့်ရှိသူ တစ်ဦးလည်းဖြစ်တဲ့ မိုမာနီက အကြမ်းဖက်သမားတွေနဲ့ အကြမ်းဖက်အဖွဲ့အစည်းကို ချေမှုန်းရေး နိုင်ငံတကာက စုစုစည်စည်းနဲ့ ကြိုးပမ်းအားထုတ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    အီရန်

    မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်ကို အကြမ်းဖက်တိုက်ခိုက်ဖို့ ကြံစည်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်ပြီး ဒီလုပ်ရပ်က အကြမ်းဖက်ဝါဒမှာ စည်းမရှိဘူးဆိုတာ ပြသနေတယ်လို့လည်း ဆိုပါတယ်။

    အီရတ်

    အီရတ်လွှတ်တော်ဥက္ကဌ စလင်း အလ်-ဂျာဘူရီက IS အကြမ်းဖက်အဖွဲ့ သိမ်းပိုက်ထားတဲ့ နယ်မြေတွေကို လွတ်မြောက်အောင်လုပ်တာထက် ‘အစွန်းရောက် အတွေးအခေါ်တွေ လွတ်မြောက်အောင်လုပ်ဖို့’ ပိုပြီး အရေးကြီးတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒီလို အတွေးအခေါ်တွေကို တိုက်ဖျက်ဖို့အတွက် အစွန်းလွတ် အစ္စလာမ်သာသနာကို ပိုမို ပံ့ပိုးပေးရေး ကျွန်တော်တို့ ညီညီညွတ်ညွတ်နဲ့ ရပ်တည်ဖို့ လိုပါတယ်” လို့ ဂျာဘူရီက ပြောကြားခဲ့ပြီး မွတ်စလင်လူငယ်တွေမှာ အတွေးအခေါ် ရင်းနှီးမြှုပ်နှံမှုလုပ်ပေးဖို့လိုတယ်လို့ တိုက်တွန်းခဲ့ပါတယ်။

    အစွန်းရောက် အတွေးအခေါ်တွေဟာ တစ်နေရာမှာ အခြေမလှရင် နောက်တစ်နေရာ ရှာတတ်တာကြောင့် ဒါကို အမြစ်ဖြတ်ရမယ်လို့လည်း သူက ဆိုပါတယ်။

    အီဂျစ်

    အီဂျစ် သာသနာရေးဆိုင်ရာဝန်ကြီး မိုဟာမက် မွခ်တာရ် ဂွမ်မာကလည်း ဒီလို တိုက်ခိုက်ဖို့ ကြံစည်မှုကို ရှုတ်ချခဲ့ပြီး အီဂျစ်နိုင်ငံဟာ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးမှာ ဆော်ဒီနဲ့အတူ ညီရင်းအစ်ကိုပမာ ရပ်တည်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    အီဂျစ်အစိုးရနဲ့ မွဖ်သီ ဓမ္မသတ်မှူးချုပ်ကလည်း ဒီအစီစဉ်ကို ရှုတ်ချခဲ့ပါတယ်။

    ဘာရိန်း

    ဘာရိန်းကလည်း ဒီလုပ်ရပ်နဲ့ပတ်သက်လို့ ကြေငြာချက်ထုတ်ပြန်ခဲ့ပြီး ဖော်ထုတ်တားဆီးနိုင်ခဲ့တဲ့ ဆော်ဒီအစိုးရကို ကျေးဇူးတင်ကြောင်း၊ အကြမ်းဖက်အဖွဲ့အစည်းတွေကို အမြစ်ဖြတ်ဖို့ ဆော်ဒီရဲ့ ဆောင်ရွက်မှုတိုင်းကို ဘာရိန်းနိုင်ငံ အပြည့်အ၀ထောက်ခံသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    ကမ္ဘာ့မွတ်စလင်လိဂ်

    ကမ္ဘာ့မွတ်စလင်လိဂ် အတွင်းရေးမှူး ရှိခ် မိုဟာမက် ဘင် အဘ်ဒူလ် ကရမ် အလ်-အီဆာက မတ်စ်ဂျစ်ဒ်ဟရမ် ဗလီဝတ်ကျောင်းတော်ကို တိုက်ခိုက်ဖို့ ကြံစည်မှုကို ရှုတ်ချခဲ့ပြီး အစ္စလာမ်အပေါ် ဒီလို ကြမ်းကြုတ်တဲ့လုပ်ရပ်တွေကို ဆောင်ရွက်ဖို့ အကြမ်းဖက်ဝါဒဟာ လူတွေကို လှည့်ဖျားနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    အိုအိုင်စီ

    အိုအိုင်စီ အထွေထွေအတွင်းရေးမှူး ဒေါက်တာ ယူဆက်ဖ် ဘင် အဟ်မဒ် အလ်-အိုသိုင်မင်ကလည်း ဒီလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး ဆော်ဒီလုံခြုံရေးတပ်ဖွဲ့တွေကို ချီးကျူးခဲ့သလို၊ အကြမ်းဖက်ဝါဒရဲ့ ပုံစံအားလုံးကို ရှုတ်ချတယ်လို့ ပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်း

    ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်ကလည်း ဒီအကြမ်းဖက်လုပ်ရပ်ကို ရှုတ်ချခဲ့ပြီး အကြမ်းဖက်ဝါဒနဲ့ အစွန်းရာက်ဝါဒကို ရင်ဆိုင်ရာမှာ ပါလက်စတိုင်ပြည်သူတွေဟာ ဆော်ဒီအာရေဗျဘက်က အပြည့်အ၀ ရပ်တည်မယ်လို့ ပြောကြားခဲ့ပါတယ်။

    ကူဝိတ်

    ကူဝိတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဒီလိုအကြမ်းဖက်ဖို့ စီစဉ်မှုအပေါ် ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း၊ ဒီလုပ်ရပ်ဟာ မွတ်စလင်တွေရဲ့ အထွဋ်အမြတ်ထားရာတွေအပေါ် ရန်လိုခြင်းကို ထင်ထင်ရှားရှား ပြသတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    ပါကစ္စတန်

    ပါကစ္စတန် အိုလမာ အစ္စလာမ့် သာနသာပညာရှင်ကောင်စီကလည်း ဒီလိုအကြမ်းဖက်ဖို့ စီစဉ်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

    Ref: Alarabiya, Press TV

  • ကမ္ဘာ့ထိပ်တန်း ပရဟိတဆုတစ်ခုကို အိန္ဒိယနိုင်ငံမှ မွတ်စလင် ပရဟိတသမားကြီး ရရှိ

    ကမ္ဘာ့ထိပ်တန်း ပရဟိတဆုတစ်ခုကို အိန္ဒိယနိုင်ငံမှ မွတ်စလင် ပရဟိတသမားကြီး ရရှိ

    ဇွန် ၂၄၊ ၂၀၁၇
    M-Media

    – ပရဟိတကဏ္ဍအတွက် ကမ္ဘာ့ထိပ်တန်းဆုတစ်ခုဖြစ်သည့် Carnegie Medal ဆုကို ယခုနှစ် ရရှိခဲ့သူများတွင် အိန္ဒိယရှိ အစိုးရကျောင်းစနစ်ကို ပြုပြင်ပြောင်းလဲပေးခဲ့သည့် မွတ်စလင် ပရဟိသမားကြီး အဇင်း ဟာရှင် ပရမ်ဂျီလည်း ပါဝင်ခဲ့သည်ဟု သိရသည်။

    အသက် ၇၀ အရွယ်ရှိ မစ္စတာ ပရမ်ဂျီမှာ ပရဟိတ ဖောင်ဒေးရှင်းတစ်ခုဖြစ်သော Azim Premji Foundation ကို တည်ထောင်ခဲ့သူဖြစ်ပြီး ‘ပရဟိတလုပ်ငန်းတွင် ပြောင်မြောက်စွာ လမ်းကြောင်းသစ်ဖာက်နိုင်မှုအတွက်’ အသိအမှတ်ပြု ချီးမြှင့်သော ကမ္ဘာတစ်ဝှမ်းမှ ပရဟိတသမား ၉ ဦးစာရင်းတွင် ပါဝင်ခဲ့သည်။

    ဆုချီးမြှင့်သည့် Carnegie Corporation က ထုတ်ပြန်သော ကြေငြာချက်တွင် မစ္စတာ ပရမ်ဂျီမှာ နည်းပညာကုမ္ပဏီတစ်ခုဖြစ်သော Wipro ကို နိုင်ငံတကာ လုပ်ငန်းတစ်ခုအဖြစ် ဦးဆောင်ပြီးသည့်နောက်တွင် နိုင်ငံအတွင်းရှိ အစိုးရကျောင်းစနစ်ကို ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာရုံစိုက် လုပ်ဆောင်ခဲ့သည်ဟု ဖော်ပြခဲ့သည်။

    “Azim Premji Foundation က အောက်ခြေအထိ တာဝန်ယူဆောင်ရွက်ခဲ့တဲ့ ဒီပြောင်မြောင်တဲ့ ဆောင်ရွက်မှုတွေကြောင့် လက်ရှိမှာ ပြည်နယ် ၇ ခုက ကျောင်းပေါင်း ၃ သိန်းလောက် အကျိုးဖြစ်ထွန်းနေပြီး ချဲ့ထွင်ဖို့ အစီအစဉ်လည်း ရှိပါသေးတယ်။ ဖောင်ဒေးရှင်းရဲ့ တက္ကသိုလ်တွေနဲ့ အသက်မွေးဝမ်းကြောင်း အင်စတီကျုတွေဟာ အိန္ဒိယနိုင်ငံအတွင်း တန်းတူညီမျှမှုနဲ့ တရားမျှတမှု ပိုမိုဖြစ်ထွန်းလာရေး ရည်ရွယ်ချက်ကိုလည်း အထောက်အကူ ဖြစ်စေပါတယ်” ဟု ကြေငြာချက်က ဆိုသည်။

    Carnegie Medal ဆု ရရှိသူများတွင် တရုတ်၊ အမေရိကန် စသည့်နိုင်ငံများမှ ပရဟိတသမားများလည်း ပါဝင်သည်။ အဆိုပါဆုကို ၂၀၀၁ ခုနှစ်တွင် စတင်ကာ ၂ နှစ်တစ်ကြိမ် ချီးမြှင့်ခဲ့ပြီး ယခု ဆုရရှိသူများကို အောက်တိုဘာလတွင် ဆုချီးမြှင့်မည်ဖြစ်သည်။

    မစ္စတာ အဇင်း ဟာရှင် ပရမ်ဂျီမှာ ၁၉၄၅ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့တွင် ဂူဂျာရတ်ပြည်နယ်ရှိ ရှီအာမွတ်စလင် မိသားစုမှ မွေးဖွားခဲ့သူဖြစ်ပြီး အမေရိကန်ပြည်ထောင်စု စတန်းဖို့ဒ် တက္ကသိုလ်မှ လျှစ်စစ်အင်ဂျင်နီယာဘွဲ့ကို ရရှိခဲ့သည်။

    နည်းပညာလုပ်ငန်း Wipro ကမ္ဘာအဆင့်အထိ ပေါက်ရောက်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး အိန္ဒိယ၏ ထိပ်တန်း စီးပွားရေးသမား၊ ရင်းနှီးမြှုပ်နှံသူနှင့် ပရဟိတသမား ဖြစ်ခဲ့သည်။ ၂၀၁၀ ခုနှစ်တွင် Asiaweek က ရွေးချယ်သည့် ကမ္ဘာ့အလွှမ်းမိုးဆုံး အမျိုးသား ၂၀ စာရင်တွင် ပါဝင်ခဲ့သည်။ ထို့ပြင် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဂုဏ်ပြုဆုပေါင်း များစွာကိုလည်း ရရှိခဲ့သည်။

    Ref: The Hindu, Wiki

  • မြန်မာစစ်တပ်က ယခုနှစ် ပထမဆုံးအသုတ်အဖြစ် ကလေးစစ်သား ၆၇ ဦးကို လွှတ်ပေး

    မြန်မာစစ်တပ်က ယခုနှစ် ပထမဆုံးအသုတ်အဖြစ် ကလေးစစ်သား ၆၇ ဦးကို လွှတ်ပေး

    ဇွန် ၂၄၊ ၂၀၁၇
    M-Media

    – မြန်မာစစ်တပ်မှာ သောကြာနေ့က ကလေးစစ်သား ၆၇ ဦးကို လွှတ်ပေးခဲ့သည်ဟု ယူနီဆက်ဖ်က ပြောကြားလိုက်ပြီး ဆယ်စုနှစ်ချီ ကြာမြင့်ခဲ့သည့် စစ်အာဏာရှင်စနစ်အောက် ကလေးစစ်သားများ စုဆောင်းမှု အဆုံးသတ်ရေး အစီအစဉ်အရ ယခုနှစ်အတွင်း လွှတ်ပေးသည့် ပထမဆုံးအသုတ်ဖြစ်သည်။

    အင်အား ၅ သိန်းရှိသော မြန်မာစစ်တပ်နှင့် နယ်စပ်ဒေသများတွင် တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွင် ကလေးစစ်သားအရေအတွက် မည်မျှရှိသည်ကို အတိအကျ မသိရှိရပေ။

    အစိုးရစစ်တပ်မှာ ၂၀၁၂ ခုနှစ်က ကုလနှင့် သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီးနောက်ပိုင်း ကလေးစစ်သားပေါင်း ၈၅၀ နီးပါးကို လွှတ်ပေးခဲ့ပြီးဖြစ်သည်။ ထို့ပြင် အသက်မပြည်သူများအား တပ်သားသစ် စုဆောင်းမှုမှာလည်း ကျဆင်းသွားပြီး အရပ်သားအစိုးရမှာ ကလေးစစ်သားများ လူ့အဖွဲ့အစည်းအတွင်း ပြန်လည် ၀င်ဆံ့နိုင်ရေး ဆောင်ရွက်မှုများကိုလည်း လုပ်ဆောင်နေသည်။

    ယူနီဆက်ဖ်၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ဘာထရန် ဘိန်ဗဲလ်က စစ်တပ်မှာ အသက်အရွယ်ကို တင်းတင်းကြပ်ကြပ် စစ်ဆေးခြင်း၊ တပ်သားသစ် စုဆောင်းမှုကို ဗဟိုမှ ပြုလုပ်ခြင်း စသည့် အားထုတ်မှုများကြောင့် လွန်ခဲ့သည့် ၄ နှစ်ကထက်စာလျှင် ယခုအချိန်၌ ကလေးငယ်တစ်ဦးကို တပ်သားသစ်စုဆောင်းမှုမှာ ပိုမို ခက်ခဲသွားပြီဟု ပြောကြားခဲ့သည်။

    သို့သော်လည်း ကျွမ်းကျင်သူများကမူ ကလေးငယ်များမှာ စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၏ လူသစ်စုဆောင်းမှုအန္တရာယ် ရှိနေဆဲဟု ပြောကြားထားသည်။

    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ် တီလာဆန်က ကမ္ဘာပေါ်တွင် ကလေးစစ်သား အသုံးပြုသည့် နိုင်ငံများစာရင်းမှ မြန်မာနှင့် အီရတ်နိုင်ငံတို့ကို ဖယ်ရှားရန် စီစဉ်နေသည်ဟု Reuters သတင်းဌာနက ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    Ref: India Express, Reuters

  • Facebook က ယူကေတွင် အမုန်းစကားတိုက်ဖျက်ရေးအစီအစဉ် စတင်မည်

    Facebook က ယူကေတွင် အမုန်းစကားတိုက်ဖျက်ရေးအစီအစဉ် စတင်မည်

    ဇွန် ၂၄၊ ၂၀၁၇
    M-Media

    – အစွန်းရောက်ဝါဒနဲ့ အမုန်းစကားတွေကို တိုက်ဖျက်ဖို့အတွက် Facebook က ယူကေအသင်းအဖွဲ့တွေကို လေ့ကျင့်ထောက်ပံ့ပေးမယ့် အစီအစဉ်တစ်ခုကို စတင်တော့မယ်လို့ သိရပါတယ်။

    ဒီအစီအစဉ်ကို UK Online Civil Courage Initiative လို့ အမည်ပေးထားပြီး Imams Online နဲ့ Jo Cox Foundation အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်။ အကြမ်းဖက်တွေနဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေကို ဖယ်ရှားပစ်တော့မယ်လို့ Facebook က ကြေငြာခဲ့ပြီးတဲ့နောက်ပိုင်း တစ်ပတ်အကြာမှာ ဒီအစီအစဉ်အသစ် ပေါ်ပေါက်လာတာပါ။

    အကြမ်းဖက်ဝါဒဖြန့်မှုတွေကို တိုက်ဖျက်ရာမှာ နှေးကွေးလွန်းတဲ့အတွက် Facebook ဟာ ဝေဖန်မှုတွေကိုလည်း ခံနေရပါတယ်။

    ပြီးခဲ့တဲ့လတွေမှာလည်း ဥရောပတစ်ဝှမ်း အစိုးရတွေက အစွန်းရောက်ဝါဒဖြန့်ရာနေရာအဖြစ် ဆိုရှယ်မီဒီယာတွေကို အသုံးပြုလာမှုကို တားဆီးရေးအတွက် နည်းပညာကုမ္ပဏီတွေကို တွန်းအားပေးလာပါတယ်။

    အမုန်းစကားတွေကို တိုက်ဖျက်ဖို့ ယူကေမှာ အခုဆောင်ရွက်မှုမျိုးကို ၂၀၁၆ ခုနှစ် ဇန်န၀ါရီမှာ ဂျာမနီ၊ ၂၀၁၇ ခုနှစ် မတ်လမှာ ပြင်သစ် စတဲ့နိုင်ငံတွေမှာ လုပ်ဆောင်ခဲ့ပြီးဖြစ်ပါတယ်။

    ဒီအစီအစဉ်တွေမှာ ဥရောပတစ်ဝှမ်း အမုန်းဆန့်ကျင်ရေး၊ အစွန်းရောက်ဝါဒဆန့်ကျင်ရေး အဖွဲ့အစည်း ၁၀၀ ကျော်လောက်ကို လေ့ကျင်ပေးခဲ့ပြီး Facebook စာမျက်နှာမှာ သုံးစွဲသူပေါင်း ၃.၅ သန်းလောက်အထိ ဒီလှုပ်ရှားမှုက ထိရောက်ခဲ့ပါတယ်။

    လက်ရှိယူကေမှာတော့ Facebook သုံးစွဲသူတွေဟာ ခိုင်မာတဲ့သတင်းတွေ၊ အကြောင်းအရာတွေ၊ အတွေးအခေါ်တွေကို မျှဝေဖို့အတွက် UK OCCI Facebook စာမျက်နှာကို ၀င်ရောက်ကြည့်ရှုဖို့၊ hashtag ဖြစ်တဲ့ #civilcourage ကို အသုံးပြုဖို့ တိုက်တွန်းထားပါတယ်။

    လူဖြူအစွန်းရောက်တစ်ဦးရဲ့ သတ်ဖြတ်ခြင်းကို ခံခဲ့ရတဲ့ ယူကေလွှတ်တော်အမတ် ဂျိုကော့စ်ရဲ့ ကျန်ရစ်သူခင်ပွန်းဖြစ်ပြီး Jo Cox Foundation ကို တည်ထောင်ထားတဲ့ ဘရန်ဒန်ကော့စ်ကလည်း Facebook ရဲ့ ဒီအစီအစဉ်ကို ကြိုဆိုခဲ့ပါတယ်။

    Ref: BBC

  • ကွန်မြူတီဒိုင်းမှရသည့် ၀င်ငွေများကို လန်ဒန်မီးဘေးသင့်ပြည်သူများအတွက် လှူဒါန်းမည်

    ကွန်မြူတီဒိုင်းမှရသည့် ၀င်ငွေများကို လန်ဒန်မီးဘေးသင့်ပြည်သူများအတွက် လှူဒါန်းမည်

    ဇွန် ၂၄၊ ၂၀၁၇
    M-Media

    – ၂၀၁၇-၁၈ ဘောလုံးရာသီအကြို သြဂုတ်လ ၆ ရက်နေ့တွင် ၀င်ဘလေကွင်း၌ ကစားမည့် ကွန်မြူနတီဒိုင်းလုပွဲမှ ရရှိသည့် ငွေကြေးများအားလုံးကို Grenfel Tower မီးလောင်မှုအတွက် ထိခိုက်ခံစားရသူများကို လှူဒါန်းသွားမည်ဟု အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA က ပြောကြားလိုက်သည်။

    ပရီးမီးယားလိဂ်ချန်ပီယံ ချယ်ဆီးနှင့် FA ဖလားချန်ပီယံ အာဆင်နယ်အသင်းတို့ ကစားမည့် အဆိုပါပွဲတွင် စတာလင်ပေါင် ၁.၂၅ သန်း ရရှိမည်ဟု ခန့်မှန်းထားသည်။

    “ကွန်မြူနတီဒိုင်းကနေ နည်းနည်းပါးပါးလောက် ကူညီနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ ဘောလုံးဟာ လူတိုင်းအတွက်ပါ။ အလိုအပ်ဆုံးသူတွေကို ကူညီဖို့မှာ ဘောလုံးအားကစားနည်းကလည်း သူ့နည်းသူ့ဟန်နဲ့ ပါဝင်ဖို့ မျှော်လင့်ပါတယ်” ဟု FA အကြီးအကဲ ဂါ့ဂ်ျ ကလာကီက ပြောကြားခဲ့သည်။

    EFL အဖွဲ့က မီးဘေးသင့်ပြည်သူများအတွက် ပေါင် ၁၇၅၀၀၀ လှူဒါန်းမည်ဟု ပြောကြားခဲ့ပြီး အဖွဲ့ဝင်အသင်းများက ပြိုင်ပွဲမှ မျှဝေရရှိသည့် ၀င်ငွေများကို လှူဒါန်းသွားမည်ဟု ဆိုသည်။ ပရီးမီးယားအသင်းများကလည်း ပေါင် ၂ သိန်းခွဲ လှူဒါန်းရန် သဘောတူထားကြသည်။

    ဇွန်လ ၁၄ ရက်နေ့က လန်ဒန်အနောက်ပိုင်း ကန်ဆင်တန်ရပ်ကွက်တွင် ဖြစ်ပွားခဲ့သည့် အဆိုပါမီးလောင်မှုကြောင့် ၇၉ ဦး သေဆုံးသည်ဟု ယူဆရပြီး ထောင်နှင့်ချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

    Ref: BBC