News @ M-Media

Author: Ko Lay

  • မြောက်ကိုရီးယားကို ပိုမိုထိန်းသိမ်းရန် တရုတ်ကို အမေရိကန် ဖိအားပေး

    မြောက်ကိုရီးယားကို ပိုမိုထိန်းသိမ်းရန် တရုတ်ကို အမေရိကန် ဖိအားပေး

    ဇွန် ၂၂၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်ကို ကြိုးကိုင်နိုင်ရေး အကူအညီဖြစ်စေရန်အတွက် စီးပွားရေးနှင့် သံတမန်ရေးဖိအားများ ပိုမိုဆောင်ရွက်ပေးရန် အမေရိကန်က တရုတ်နိုင်ငံကို ဖိအားပေးလိုက်သည်။

    ယမန်နေ့က ၀ါရှင်တန်တွင် အမေရိကန်နှင့် တရုတ်နိုင်ငံတို့မှ သံတမန်များ၊ ကာကွယ်ရေးအကြီးအကဲများ တွေ့ဆုံမှုတွင် ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားနှင့်ပတ်သက်၍ တရုတ်၏ ဆောင်ရွက်ချက်မှာ အောင်မြင်မှုမရှိဟု အင်္ဂါနေ့တွင် ဝေဖန်ခဲ့သည်။

    “ဒေသတွင်းမှာ တင်းမာမှုတွေ ထပ်ပြီး မြင့်တက်မလာစေချင်ဘူးဆိုရင် မြောက်ကိုရီးယားအစိုးရအပေါ် စီးပွားရေးနဲ့ သံတမန်ရေးအရ ဖိအားတွေပိုပေးဖို့ သံတမန်ရေးဆိုင်ရာတာဝန် တရုတ်မှာရှိတယ်ဆိုတာ ကျွန်တော်တို့ ထပ်ပြီး ပြောလိုပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ် တီလာဆန်က ကာကွယ်ရေးဝန်ကြီး ဂျင်မ် မာတစ်နှင့် ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    မာတစ်ကမူ မြောက်ကိုရီးယား၏ရန်မှ မိမိတို့နှင့် မိမိတို့၏ မဟာမိတ်များကို ကာကွယ်ရေး လိုအပ်သော ဆောင်ရွက်မှုများကို ဆက်လက် ပြုလုပ်သွားရန် သန္ဓိဌာန်ချထားသည်ဟုလည်း ထည့်သွင်းပြောဆိုခဲ့သည်။

    မြောက်ကိုရီးယားနှင့်ပတ်သက်၍ ကြိုတင်လက်ဦးမှု ရယူတိုက်ခိုက်ရန် အမေရိကန်၏ ကာလာရှည် ရပ်တည်ချက်မှာ လက်ရှိတွင် အန္တရာယ်များနေပြီး ထရမ့်၏ အကြံပေးများက စီးပွားရေးနှင့် သံတမန်ရေးဆိုင်ရာ ဖိအားများကိုသာ အာရုံစိုက်နေသည်။

    တီလာဆန်က သမ္မတထရမ့်မှာ အခုနှစ်အတွင်း တရုတ်နိုင်ငံသို့ သွားရောက်ရန်ရှိနေပြီး၊ မာတစ်ကမူ နှစ်နိုင်ငံ စစ်ဖက်ဆက်ဆံရေးကို ချဲ့ထွင်ရန် သဘောတူထားသည်ဟုလည်း ဆိုသည်။

    Ref: Aljazeera

  • အင်ဒိုနီးရှားရှိ ဘာလီအပန်းဖြေကျွန်းတွင် ခွေးသားများကို ကြက်သားဟု လိမ်ရောင်းနေ

    အင်ဒိုနီးရှားရှိ ဘာလီအပန်းဖြေကျွန်းတွင် ခွေးသားများကို ကြက်သားဟု လိမ်ရောင်းနေ

    ဇွန် ၂၂၊ ၂၀၁၇
    M-Media

    – အင်ဒိုနီးရှားနိုင်ငံရဲ့ နာမည်ကျော်အပန်းဖြေမြို့ ဘာလီမှာ ခွေးသားတွေကို ကြက်သားအဖြစ် ရောင်းချတာမျိုးရှိနေပြီး အဲဒီကို သွားရောက်လည်ပတ်တဲ့သူတွေကလည်း မသိဘဲ စားလိုက်တာမျိုးတွေ ရှိတယ်လို့ သတင်းတွေ ထွက်လာပါတယ်။

    တိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Animals Australia က ဘာလီကျွန်းက စားသောက်ဆိုင် ၇၀ ၀န်းကျင်လောက်နဲ့ လမ်းဘေး အစားအသောက် ရောင်းတဲ့ဆိုင်တွေဟာ ခွေးတွေကို သတ်ပြီး ကြက်သားအဖြစ် ရောင်းနေကြတယ်လို့ ဆိုပါတယ်။

    ခွေးတွေဟာ လစ်လျူရှုခံထားရပြီး သစ်သီးခြင်းတွေ ဒါမှမဟုတ် ဆန်အိတ်တွေနဲ့ ပိတ်လှောင်ခံထားရကာ ညဘက်ရောက်ရင် ခြေထောက်တွေကို ကြိုးချည်၊ ပါးစပ်ကို တိပ်နဲ့ပိတ် အသတ်ခံနေရတယ်လို့ ဒီအဖွဲ့ရဲ့ တရားဝင် ၀ဘ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

    Animals Australia လှုပ်ရှားမှု ဒါရိုက်တာ လင်ဝှိုက်က ဘာလီမှာ ခွေးနဲ့ တစ်ခြားတိရစ္ဆာန်တွေကို သတ်တာဟာ ဥပေဒနဲ့ ဆန့်ကျင်ပေမယ့် ခွေးသားစားတာကိုတော့ ပိတ်ပင်ထားခြင်းမရှိကြောင်း၊ ခရီးသွားတွေဟာ ဆာတေး ကြက်အမှတ်နဲ့ စားသုံးနေကြကြောင်း ABC သတင်းဌာကို ပြောကြားခဲ့ပါတယ်။

    ဒီအဖွဲ့ဟာ ဘာလီရဲ့ ခွေးကုန်ကူးမှု လုပ်ငန်းအတွင်း ထိုးဖောက်ဝင်ရောက်ပြီး ပြုလုပ်ခဲ့တဲ့ လျှို့ဝှက်စုံးစမ်းမှု ရလဒ်ကို အခြေခံကာ ဒီလိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

    ခွေးသားလုပ်ငန်းမှာ ပါဝင်သူတွေဟာ ခွေးတွေကို ခိုးတာ၊ အမဲလိုက်တာ၊ အဆိပ်ခတ်သတ်ဖြတ်တာတွေ လုပ်တယ်လို့လည်း ဒီအဖွဲ့က ပြောပါတယ်။

    New South Wales Poisons Information Centre ရဲ့ ဒါရိုက်တာဖြစ်သူ ဒေါက်တာ အန်ဒရူး ဒေါ်ဆန်က ခွေးသားစားသူတွေဟာ အော့အန်တာ၊ ကြွက်သားတွေနာကျင်တာနဲ့ အသက်ရှုရခက်ခဲတာ စတဲ့ ပြဿနာတွေ ဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref : Alarabiya

  • မူဆိုးလ်ရှိ သမိုင်းဝင်ဗလီကြီးကို IS အကြမ်းဖက်အဖွဲ့က ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု အီရတ်ပြော

    မူဆိုးလ်ရှိ သမိုင်းဝင်ဗလီကြီးကို IS အကြမ်းဖက်အဖွဲ့က ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု အီရတ်ပြော

    ဇွန် ၂၂၊ ၂၀၁၇
    M-Media

    ဖောက်ခွဲခံရပြီးနောက် တွေ့ရသည့် အလ်-နူရီ ဗလီဝတ်ကျောင်းတော်မှ မင်နာရတ်မျှော်စင်

    – အီရတ်နိုင်ငံ မူဆိုးလ်မြို့ရှိ သမိုင်းဝင် နာမည်ကြီး အလ်-နူရီ ဗလီဝတ်ကျောင်းတော်မှာ ဖောက်ခွဲဖျက်ဆီးခံခဲ့ရပြီး အီရတ်အစိုးရက IS မှ ဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ကာ IS ကမူ အမေရိကန်ဦးဆောင်သည့် မဟာမိတ်အဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်ဆီးခဲ့သည်ဟု စွပ်စွဲခဲ့သည်။

    ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အမေရိကန် ကျောထောက်နောက်ခံပြုထားသည့် အီရတ်စစ်တပ်မှာ မူဆိုးလ်ရှိ IS က ထိန်းချုပ်ထားသည့် ကျန်ရှိဒေသများကို ပြန်ရရန်အတွက် ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့သည်။

    “ရှေးဟောင်းမြို့ထဲအထိ ဖောက်ပြီး သူတို့ရဲ့ ပစ်မှတ်တွေဆီ ကျွန်တော်တို့ တပ်တွေက ၀င်ရောက်နေပါတယ်။ အလ်-နူရီဗလီနဲ့ မီတာ ၅၀ အကွာလောက်ရောက်တဲ့အခါမှာ IS ဟာ အဲဒီဗလီကို ဖောက်ခွဲဖျက်ဆီးခဲ့ပြီး နောက်ထပ် သမိုင်းဝင် ရာဇ၀တ်မှုတစ်ခုကို ကျူးလွန်လိုက်ပါတယ်” ဟု မူဆိုးလ်ထိုးစစ်ဆိုင်ရာ တပ်မှူး ဒုတိယဗိုလ်ချုပ်ကြီး အဘ်ဒူလာမီ ယာရာလာက ယမန်နေ့ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    Amaq ၀ဘ်ဆိုက်တွင် ထုတ်ပြန်သည့် ကြေငြာချက်၌ ဗလီဝတ်ကျောင်းတော် ပျက်ဆီးခြင်းမှာ အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်သည်ဟု IS က ပြောကြားခဲ့သည်။

    IS ခေါင်းဆောင် အဘူဘာကာရ် အလ်-ဘဂ္ဂဒါဒီမှာ အဆိုပါ အလ်-နူရီ ဗလီဝတ်ကျောင်းတော်၏ တရားဟောစင်မြင့်မှနေ၍ ၂၀၁၄ ခုနှစ် ဇွန်လက ခလီဖာနိုင်ငံ ထူထောင်ကြောင်း ကြေငြာခဲ့သည်။

    အီရတ်တွင် IS အကြမ်းဖက်အဖွဲ့၏ နောက်ဆုံး ခြေကုပ်စခန်းဖြစ်သော မူဆိုးလ်မြို့အား ပြန်လည်ရရှိရေးအတွက် ထိုးစစ်တွင် ယမန်နေ့က စစ်မျက်နှာသစ်တစ်ခု ထပ်ဖွင့်ခဲ့သည်ဟု အီရတ်စစ်တပ်က ပြောကြားခဲ့ပြီး အမေရိကန်ဦးဆောင်သည့် မဟာမိတ်အဖွဲ့က လေကြောင်းနှင့် ကုန်းကြောင်းတို့မှ ထောက်ပံ့မှုများ ပြုလုပ်ပေးနေသည်။

    Ref: Aljazeera

  • ဒေါ်အောင်ဆန်းစုကြည် ဘယ်အချိန်မှ စစ်တပ်ကို ပုခုံးချင်း ယှဉ်နိုင်မှာလဲ

    ဒေါ်အောင်ဆန်းစုကြည် ဘယ်အချိန်မှ စစ်တပ်ကို ပုခုံးချင်း ယှဉ်နိုင်မှာလဲ

    ဇွန် ၂၁၊ ၂၀၁၇
    M-Media

    – ၁၉၈၀ ပြည့်နှစ်တွေအတွင်း နိုင်ငံရေးအုံကြွမှုတွေ ဖြစ်နေတဲ့အချိန် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားသတင်းဌာနတစ်ခုနဲ့ အင်တာဗျူးမှာ စစ်တပ်က ဆယ်စုနှစ်ချီ ညံ့ဖျင်းစွာ အုပ်ချုပ်ခဲ့ပြီးတဲ့နောက် အနာဂတ်မှာ သူမခေါင်းဆောင်ရမယ့် ဘယ်လို အစိုးရမျိုးမဆို “လွယ်ကူမှာ” မဟုတ်ဘဲ “ပြဿနာပေါင်းစုံ” တွေ့ရလိမ့်မယ်လို့ ဖြေကြားခဲ့တဲ့စကားဟာ ကျော်ကြားပါတယ်။

    အဲဒီအချိန်ကြရင် ပြည်သူတွေဟာ သူမကို ဝေဖန်ကြမှာဖြစ်ပြီး လူအများရဲ့ ရွေးကောက်တင်မြှောက်ခြင်း ခံရပြီး ရည်မှန်းချက်ကြီးတဲ့ သူမရဲ့အစိုးရဟာ “တော်တော် မတတ်မသာ အခြေအနေမျိုး” နဲ့ ကြုံတွေ့ရလိမ့်မယ်လို့လည်း ဟောကိန်းထုတ်ခဲ့ပါတယ်။

    နှစ်ပေါင်း ၃၀ နီးပါး ကြာမြင့်ခဲ့ပြီးတဲ့နောက် အခုအချိန် တိုင်းပြည်ရဲ့ ရွေးကောက်တင်မြှောက်ခံ ဦးသျှောင်အဖြစ် အာဏာရယူပြီး တစ်နှစ်ကြာလာတဲ့ ဒေါ်အောန်းစုကြည်ဟာ အရင်က သူမျှော်မှန်းထားတာထက် ပိုပြီး ပြဿနာတွေကို ရင်ဆိုင်နေရပါတယ်။ စီးပွားရေးထိုးဆင်းနေမှုကနေ နိုင်ငံတော်ကျောထောက်နောက်ခံပြု လူ့အခွင့်အရေးချိုးဖောက်မှုတွေအထိ ဆုပ်လည်းဆူး၊ စားလည်းရူးမယ့် ပြဿနာတွေအတွက် ပြည်တွင်း၊ ပြည်ပက လူသိရှင်ကြား ဝေဖန်မှုတွေကိုလည်း ခံလာရပါတယ်။

    နိုဘယ်ဆုရှင် သူမဟာ အခုအချိန်မှာ နိုင်ငံခေါင်းဆောင်အဖြစ် ကျဉ်းထဲကြပ်ထဲ ရောက်နေတဲ့ အချိန်ကာလတစ်ခုကို ရင်ဆိုင်နေရတယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။

    ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို ဦးစားပေး ဆောင်ရွက်နေပေမယ့် တိုင်းပြည်မှာ ငြိမ်းချမ်းရေးထက် စစ်ပွဲတွေသာ ပိုများလာပြီး ဒေသတော်တော်များများမှာ တိုက်ခိုက်မှုတွေ ဖြစ်နေပါတယ်။ ကချင်ပြည်နယ်မြောက်ပိုင်းနဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းတွေမှာ အစိုးရစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအကြား လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် လူပေါင်း ၁ သိန်းကျော်လောက်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး၊ ညစ်ပေနေတဲ့ ကိုယ်ထူကိုယ်ထ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရပါတယ်။

    ရခိုင်ပြည်နယ်အနောက်ပိုင်းက ရိုဟင်ဂျာမွတ်စလင်တွေကို သတ်ဖြတ်တယ်၊ အဓမ္မကျင့်တယ်ဆိုတဲ့ အထောက်အထားခိုင်မာတဲ့ စွပ်စွဲချက်တွေအပါအ၀င် အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ကျူးလွန်မှုတွေအတွက်လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ဝေဖန်မှုကို ခံနေရပါတယ်။ ဒီလိုစွပ်စွဲချက်တွေအတွက် သူမရဲ့ လမ်းကြောင်းလွှဲပြောဆိုမှုတွေကြောင့်လည်း သူမဟာ လူ့အခွင့်အရေး မြှင့်တင်ပေးဖို့ထက် စစ်တပ်နဲ့ ပုံမှန်ဆက်ဆံရေးရှိဖို့ကိုသာ ပိုပြီး အလေးထားလုပ်ဆောင်နေတယ်ဆိုတဲ့ ထင်မြင်ယူဆချက်တွေကို မြင့်တက်လာစေပါတယ်။

    သူမ အာဏာရယူပြီးကတည်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟာ ကျဆင်းခဲ့ပြီး၊ ရွေးကောက်ပွဲပြီးရင် စီးပွားရေးထောင်တက်လာမယ်လို့ စောစောပိုင်းက မျှော်လင့်ထားပေမယ့်လည်း စီးပွားရေးက ခပ်လှုပ်လှုပ်ပါပဲ။ ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ ကန့်သတ်မှုတွေကို ဖြေလျော့ပေးခဲ့ပြီးတဲ့နောက်ပိုင်း အခုအစိုးရလက်ထက်မှာတော့ မီဒီယာလွတ်လပ်ခွင့်ဟာ စိုးရိမ်စရာဖြစ်နေပြီး စစ်တပ်ကို ဝေဖန်တဲ့မှတ်ချက်တွေ၊ NLD ပါတီက အကြီးတန်းအဖွဲ့ဝင်တွေကို ဝေဖန်မှုတွေကြောင့် ဂျာနယ်လစ်တွေဟာ ထောင်သွင်းအကျဉ်းချခံနေရပါတယ်။

    ဒီလို တစ်နိုင်ငံလုံးမှာ ပြဿနာတွေ ကြီးထွားလာနေတဲ့အချိန် “စစ်တပ်ကို ပခုံးချင်းယှဉ်ဖို့၊ ဒီမိုကရေစီနည်းကျ အစီအမံတွေကို ပိုပြီးဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်မှာ အာဏာဘယ်လောက်ရှိနေလဲ” ဆိုတဲ့ မေးခွန်းက ပေါ်ထွက်လာပါတယ်။

    စစ်အာဏာရှင် အစောင့်အရှောက်အောက်မှာ ရေးဆွဲပြီး၊ ၂၀၀၈ ခုနှစ်မှာ မရိုးမသားနဲ့ ပြည်သူ့ဆန္ဒခံယူပွဲ လုပ်ခဲ့တယ်လို့ ပညာရှင်အများစုက ယူဆထားတဲ့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ စစ်တပ်ကို လွှတ်တော်မှာ ၂၅ ရာခိုင်နှုန်းပေးပြီး နိုင်ငံရေးမှာ “အဓိကနေရာ” ကနေ ဖယ်မရအောင် လုပ်ထားတာအပါအ၀င် အပြောင်းလဲဆိုတာထက် စစ်တပ်က ဆက်လက်အုပ်စိုးထားနိုင်ရေးကိုသာ အာမခံထားတာပါ။ နောက်ပြီး စစ်တပ်ဟာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အမိန့်တစ်ခုတည်းကိုသာ နာခံဖို့လည်း ပြဌာန်းထားပါတယ်။

    အခြေခံဥပဒေအရ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာဝန်ကြီးတွေကို စစ်တပ်ကပဲ ခန့်အပ်ရပါတယ်။ နောက်ပြီး ပြည်ထဲရေးဟာ ရဲတပ်ဖွဲ့ကို ကိုင်ထားသလို၊ ကျေးရွာအုပ်စုကနေ ဗဟိုအုပ်ချုပ်ရေးစနစ်အထိ အရပ်သားအုပ်ချုပ်ရေးစနစ် တစ်ခုလုံကို ထိန်းချုပ်ရပါတယ်။ ရွေးကောက်တင်မြှောက်ခံအမတ်တွေအတွက် ကျန်ရှိတာကတော့ ဟန်ပြ၀န်ကြီးနေရာတွေနဲ့ လွှတ်တော်ကော်မတီ ခေါင်းဆောင်နေရာတွေပဲ ဖြစ်ပါတယ်။

    “ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ရဲ့ ကျူးလွန်မှုတွေကို တစ်ခါတစ်ရံမှာ အလွန်အကျွံ ကာကွယ်ပေးနေတယ်။ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာရှိဖို့ ရေရှည်မျှော်တဲ့ ဗဟာဗျူဟာရှိရမယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဘာမှ ပြန်မရနိုင်တဲ့ အခြေအနေမျိုးနဲ့ သူမ အကြောခံနေရလား မသိဘူး” လို့ မြန်မာ့ နိုင်ငံရေးကို အနီးကပ်စောင့်ကြည့်နေတဲ့ ဘန်ကောက်အခြေစိုက် နိုင်ငံရေး လေ့လာဆန်းစစ်သူတစ်ယောက်က ဆိုပါတယ်။

    နောက်ထပ် ရွေးကောက်ပွဲဟာ ၂၀၂၀ မှာ ကျင်းပမှာဖြစ်ပြီး အဲဒီအချိန်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က အသက် ၇၅ နှစ်အရွယ်ဖြစ်ပါပြီ။ NLD ပါတီကို ပဲ့ကိုင်ဖို့အတွက် မျိုးဆက်သစ်ခေါင်းဆောင်တွေကလည်း လောက်လောက်လားလား မရှိပါဘူး။ စစ်တပ်က ကြိုးကိုင်ထားပြီး ပြီးခဲ့တဲ့ အရပ်သားတစ်ပိုင်းအစိုရနဲ့ တိုင်းပြည်ကို အုပ်စိုးကာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ မရှုမလှ ရှုံးနိမ့်ခဲ့တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည့်ပြည့်၀၀ ပြန်လာနိုင်မယ့်ပုံ မပေါ်ပါဘူး။

    “ဒါပေမယ့် အနာဂတ်မှာ အာဏာကို ဆက်လက် ဆုပ်ကိုင်ထားနိုင်ရေး စစ်တပ်ရဲ့စီမံကိန်းနဲ့ လိုက်ဖက်မယ့် အခြားသော ဖြစ်နိုင်ခြေတွေလည်း ရှိနေပါသေးတယ်” လို့ အဲဒီ လေ့လာသူက ပြောကြားခဲ့ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီမိုကရေစီပိုဆန်တဲ့ စနစ်မျိုး မဆောင်ရွက်နိုင်သေးတဲ့အပေါ် မြန်မာနိုင်ငံအတွင်းနဲ့ နိုင်ငံရပ်ခြားက မြန်မာပြည်သူ တော်တော်များများဟာ အားမလိုအားရ ဖြစ်နေကြပါတယ်။

    “ဆယ်စုနှစ်တွေအတွင်းမှာ ပထမဆုံးအဖြစ် ကျွန်မတို့ပြည်သူတွေဟာ စစ်မှန်တဲ့ပြောင်းလဲမှုကို ဆောင်ကျဉ်းဖို့ အခွင့်အရေးစစ်စစ်တစ်ခုကို ရရှိမှာပါ။ ဒီအခွင့်အရေးဟာ ကျွန်မတို့ လက်လွှတ်လို့မရတဲ့ အခွင့်အရေးပါပဲ” ဆိုတဲ့ စကားအပါအ၀င် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့ အားကျဖွယ် မိန့်ခွန်းတွေရဲ့ အနှစ်သာရဟာ ပြောင်းလဲသွားပြီလို့လည်း သူတို့က ပြောလာကြပါတယ်။

    အဲဒီအခွင့်အလမ်းတံခါးပေါက်ကြီးဟာ အလျင်အမြန် ပိတ်နေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အာဏာမှာ စစ်တပ်နဲ့ ပုခုံးချင်းယှဉ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တစ်ခုတည်းသော ဆောင်ရွက်ချက်ဟာ ဇန်န၀ါရီလက သံတမန်ဟောင်း ဦးသောင်းထွန်းကို အစိုးရ လုံခြုံရေးအကြံပေးအဖြစ် ခန့်အပ်လိုက်တာဖြစ်ပါတယ်။ သူ့ရဲ့ ဒီခန့်အပ်မှုကို စစ်တပ်ကျောထောက်နောက်ခံပြု အစိုးရလက်ထက်မှာ ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးရဲထွဋ်က ဝေဖန်ခဲ့ပါတယ်။

    ဇွန်န၀ါရီ ၂၁ ရက်နေ့ထုတ် စင်ကာပူ Today သတင်းစာက ဆောင်းပါးမှာ ဦးရဲထွဋ်က ဦးသောင်းထွန်းကို ခန့်အပ်လိုက်ခြင်းဟာ “စွန့်စားတဲ့ ရွှေ့ကွက်တစ်ခု” ဖြစ်ပြီး၊ ‘၀န်ကြီးချုပ် ဦးနုနဲ့ သမ္မတဦးသိန်းစိန်လက်ထက် အရပ်သားအစိုးရတွေဟာ ကာကွယ်ရေးဦးစီးချုပ်ကို အစိုးရရဲ့ အဓိကအကြံပေးအဖြစ်ထားပြီး ပြည်တွင်းလုံခြုံရေးဟာ စစ်တပ်ရဲ့ အဓိကလုပ်ပိုင်ခွင့် ဖြစ်ခဲ့တယ်’ လို့ ရေးသားခဲ့ပါတယ်။

    စစ်အာဏာရှင်လက်ထက်မှာ ၀န်ကြီးချုပ်အဖြစ်၊ NLD အာဏာမရခင်မှာ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်ဟာ အရပ်သားအစိုးရကို တစ်ကယ်ပဲ ဦးဆောင်ခဲ့လားဆိုတာ လူတော်တော်များများက မေးခွန်းထုတ်ကြပါတယ်။ ဦးနုဟာ ၁၉၄၈-၅၆၊ ၁၉၅၇-၅၈၊ ၁၉၆၀-၆၂ တွေမှာ အရပ်သားစစ်စစ်အစိုးရတွေကို ဦးဆောင်ခဲ့ပြီး၊ အဲဒီအစိုးရတွေဟာ စစ်တပ်ရဲ့အမိန့်ကို နာခံဖို့ တာဝန်မရှိပါဘူး။

    တကယ်တော့ မြန်မာနိုင်ငံရဲ့ ပထမဆုံး ၁၉၄၇ ခုနှစ်အခြေခံဥပဒေမှာ “ကုန်းတပ်၊ ရေတပ်၊ လေတပ် ဖွဲ့စည်းထားရှိသော အခွင့်အရေးသည် ပါလီမန်၌သာ တည်ရှိရမည်” “ပါလီမန်က ဖွဲ့စည်းထားရှိသော ကုန်းတပ်၊ ရေတပ်၊ လေတပ်များမှတစ်ပါး မည်သည့် ကုန်းတပ်၊ ရေတပ်၊ လေတပ်ကိုမျှသော်၎င်း၊ မည်သည့်အစည်းအရုံးကိုမျှသော်၎င်း၊ စစ်တပ်သဘော အချို့အ၀က်ပါဝင်သော မည်သည့်အစည်းအရုံးကိုမျှသော်၎င်း မည်သည့်အကြောင်းကိစ္စနှင့်မျှ မဖွဲ့မစည်း မထားရှိရ” လို့ ဖော်ပြထားပါတယ်။

    ၁၉၆၂ ခုနှစ်မှာ ရက်ရက်စက်စက် အာဏာသိမ်းပြီး တိုင်းပြည်ရဲ့ ပထမဆုံးနဲ့ ဒီကရေစီအကျဆုံး အခြေခံဥပဒေကို နိတ္ထိတံသွားတဲ့ အခြေအနေမျိုးရောက်အောင် စစ်တပ်က အင်အားစုလာတာကို ဖွဲ့စည်းပုံအခြေခံဥပဒေက အပ်နှင်းထားတဲ့ အာဏာကိုသုံးပြီး မတားဆီးနိုင်ခဲ့တာကာ ဦးနုရဲ့ အဓိကနိုင်ငံရေးအမှားပဲ ဖြစ်ပါတယ်။ ဒီအမှားကပဲ နောက်ဆုံးမှာ သူ့ကို ကျဆုံးစေခဲ့ကာ ဆယ်စုနှစ်ပေါင်းများစွာ ကြမ်းတမ်းခက်ထန်တဲ့ စစ်အာရှင်စနစ်ဆီ ဦးတည်သွားခဲ့ပါတယ်။

    စစ်တပ်က အာဏာသိမ်းမယ်ဆိုရင် အရင်ကလို အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့မှု ပြန်လာမယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် စစ်တပ်က အာဏာကို ဆက်ကိုင်ထားမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးနုလိုပဲ နန်းချခံရနိုင်တယ်လို့ ထင်တဲ့သူကတော့ နည်းနည်းလောက်ပဲရှိပါတယ်။ ဦးသိန်းစိန်နဲ့ ကြံ့ခိုင်ရေးပါတီ အာဏာရသွားတဲ့ ၂၀၁၀ ရွေးကောက်ပွဲကို အဲဒီအချိန်တုန်းက လှောင်ပြောင်ပြီး “အထွေထွေရွေးကောက်ပွဲ” (general election) အစား ‘ဗိုလ်ချုပ်များရဲ့ ရွေးကောက်ပွဲ’ generals’ election) လို့ ခေါ်ဝေါ်ခဲ့ကြပါတယ်။

    NLD ကတော့ အတုအယောင်ရွေးကောက်ပွဲဆိုပြီး သပိတ်မှောက်ခဲ့ပါတယ်။ ဒါပေမယ့် NLD က သောင်ပြိုကမ်းပြို အနိုင်ရပြီး ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်း ရယူခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲကလည်း ‘ဗိုလ်ချုပ်များရဲ့ ရွေးကောက်ပွဲ’ ဖြစ်နေလား ဒါမှမဟုတ် အရင်ကထက်ပိုပြီး ဒီမိုကရေစီရွှေ့မှုန်ကြဲတာမျိုး ဖြစ်နေလားဆိုတဲ့ မေးခွန်းတွေကတော့ မြင့်တက်လာပါတယ်။

    အမျိုးသားရင်ကြားစေ့ရေးကို ဆောင်ရွက်နေတဲ့ အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်လွှမ်းမိုးတဲ့ အာဏာတည်ဆောက်ပုံကို ပြောင်းလဲဖို့ သိပ်ပြီး စိတ်ဝင်စားတာမျိုး မတွေ့ရသေးပါဘူး။ ပြည်သူလူထုက ထောက်ခံမှု၊ နိုင်ငံတကာက အသိအမှတ်ပြုမှုတွေကို ရရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် စစ်တပ်က နိုင်ငံရေးအာဏာ ကိုင်ထားမှုကို စိန်မခေါ်နိုင်ဘူးဆိုရင် ဘယ်သူက စိန်ခေါ်နိုင်မလဲဆိုပြီး မြန်မာပြည်သူ တော်တော်များများက တွေးတောလာကြပါပြီ။

    ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲနောက်ပိုင်းမှာလည်း ဒီမိုကရေစီအနံ့လောက်သာပါပြီး စစ်တပ်က ချယ်လှယ်တဲ့ နိုင်ငံအဖြစ် အချိန်အတော်ကြာ ဆက်ရှိနေမယ့် အန္တရာယ်၊ အသက် ၇၀ ကျော် အမေအိုဒေါ်အောင်ဆန်းစုကြည်တစ်ယောက် နိုင်ငံရေးမြင်ကွင်းကနေ တစ်ဖြည်းဖြည်း ပျောက်ကွယ် ဇာတ်သိမ်းရမယ့် အန္တရာယ်မျိုးက မြင့်တက်လို့ လာနေပါပြီ။

    Ref: Asia Times

    (Asia Times တွင် ဘာတေးလ် လင့်တနာ ရေးသားထားသည့် When will Suu Kyi challenge the military? ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • လန်ဒန်တွင် မွတ်စလင်များအား ကားဖြင့်ဝင်တိုက်သူကို ယူကေက အကြမ်းဖက်မှုဖြင့် တရားစွဲ

    လန်ဒန်တွင် မွတ်စလင်များအား ကားဖြင့်ဝင်တိုက်သူကို ယူကေက အကြမ်းဖက်မှုဖြင့် တရားစွဲ

    ဇွန် ၂၁၊ ၂၀၁၇
    M-Media

    – တနင်္လာနေ့မနက်က ဗလီဝတ်ကျောင်းတော်မှ ထွက်လာသူ မွတ်စလင်များအား ကားဖြင့် ၀င်တိုက်ခဲ့သူကို အကြမ်းဖက်မှုဖြင့် တရားစွဲဆိုထားသည်ဟု ယူကေရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    လန်ဒန်မြောက်ပိုင်း ဖင်စ်ဘူရီပါ့ခ်ဗလီမှ ၀တ်ပြုဆုတောင်းပြီး ထွက်လာသော မွတ်စလင်များကို အသက် ၄၇ နှစ်အရွယ် ဒါရန် အော့စ်ဘုန်းဆိုသူက ဗန်ကားဖြင့် ၀င်တိုက်ခဲ့ခြင်းဖြစ်ပြီး လူအများအပြား ဒဏ်ရာရရှိခဲ့သည်။

    လန်ဒန်ရဲတပ်ဖွဲ့က ဗန်ကားမောင်းသူကို ကနဦးတွင် လူသတ်ရန် ကြိုးစားမှုဖြင့် ဖမ်းဆီးထားသော်လည်း နောက်ပိုင်းတွင် လူသတ်မှု၊ လူသတ်ရန် ကြိုးပမ်းမှုများအပါဝင် အကြမ်းဖက်လုပ်ရပ်ကို လှုံ့ဆော်မှု၊ ပြင်ဆင်မှု ဆောင်ရွက်မှုများဖြင့် တရားစွဲဆိုခဲ့သည်။

    “အခုအချိန်အထိ စုံစမ်းစစ်ဆေးမှုအရတော့ သံသယရှိသူဟာ တစ်ယောက်တည်းလုပ်တယ်လို့ ယုံကြည်ရပါတယ်။ ဒါပေမယ့် ဒီလိုတိုက်ခိုက်မှုကို ဦးတည်စေတဲ့ အဖြစ်အပျက်အားလုံးကို ကျွန်တော်တို့ စုံစမ်းစစ်ဆေးနေပါတယ်” ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    ထို့ပြင် ထိခိုက်ဒဏ်ရာရသူများ အားလုံးမှာ ဖင်စ်ဘူရီပါ့ခ်ရှိ မွတ်စလင်လူ့အဖွဲ့အစည်းမှဖြစ်ကြောင်း၊ ထိုပတ်ဝန်းကျင် အထူးသဖြင့် ရမ်ဇာန်ဥပုသ်လကို ဖြတ်သန်းကြသူများ ဘေးအန္တရာယ်ကင်းရေးအတွက် ရဲတပ်ဖွဲ့ဝင်များကို ထပ်တိုးချသွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    Ref: Aljazeera