News @ M-Media

Author: Ko Lay

  • လူတစ်ချို့လုပ်ရပ်အတွက် မွတ်စလင်အားလုံးကို မကောင်းမမြင်သင့်ဟု စင်ကာပူ ခရစ်ယာန်အဖွဲ့တစ်ခု ပြော

    လူတစ်ချို့လုပ်ရပ်အတွက် မွတ်စလင်အားလုံးကို မကောင်းမမြင်သင့်ဟု စင်ကာပူ ခရစ်ယာန်အဖွဲ့တစ်ခု ပြော

    ဇွန် ၁၄၊ ၂၀၁၇
    M-Media

    – IS နဲ့သွားရောက်ပူးပေါင်းဖို့ စီစဉ်နေတဲ့ ပထမဆုံး နိုင်ငံသား မွတ်စလင်အမျိုးသမီးတစ်ဦး ဖမ်းဆီးထိန်းသိမ်းခံရတာကို အသုံးချပြီး နိုင်ငံအတွင်းက မွတ်စလင်လူ့အဖွဲ့အစည်းအပေါ်မှာ မကောင်းမြင်တာမျိုး၊ နိုင်ငံအတွင်း အစ္စလာမ်ကြောက်ရောဂါကို မီးထိုးပေးတာမျိုး မလုပ်သင့်ဘူးလို့ စင်ကာပူ နိုင်ငံလုံးဆိုင်ရာ ခရစ်ယာန် အသင်းတော်များကောင်စီ (NCCS) က ယမန်နေ့မှာ ပြောကြားလိုက်ပါတယ်။

    အသက် ၂၂ နှစ်အရွယ် အမျိုးသမီး ရှိုက်ခါ အီဇာ ဇဟ်ရာ အလ် အန်ဆာရီ ပြည်တွင်းလုံခြုံရေး အက်ဥပဒေနဲ့ ထိန်းသိမ်းခံရမှုအပေါ် အလွန်အမင်း ကြေကွဲဝမ်းနည်းရတယ်လို့လည်း NCCS က ဆိုပါတယ်။ အီဇာဟာ အွန်လိုင်းကနေ အစွန်းရောက်တွေရဲ့ သိမ်းသွင်းခြင်းခံရပြီး IS အကြမ်းဖက်အဖွဲ့နဲ့ သွားရောက်ပူးပေါင်းဖို့ စီစဉ်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ကြေငြာခဲ့ပါတယ်။

    ဒီကိစ္စနဲ့ပတ်သက်ပြီး NCCS ရဲ့ သဘောထားကိုလည်း စင်ကာပူ အစ္စလာမ့်ဓမ္မသတ်မှူးချုပ်နဲ့ စင်ကာပူအစ္စလာမ့်ရေးရာကောက်စီ MUIS ရဲ့ အမှုဆောင်အကြီးအကဲတို့ကို ဇွန်လ ၁၂ ရက်နေ့ရက်စွဲနဲ့ ပေးပို့တဲ့ စာလွှာမှာ အခုလို ဖော်ပြထားပါတယ်။

    “ကျွန်တော်တို့တိုင်းပြည် တိုးတက်ဖို့အတွက် မွတ်စလင်လူ့အဖွဲ့အစည်းဟာ သိသိသာသာ ကူညီပံ့ပိုးပေးခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ လူမျိုးစုံ၊ ဘာသာစုံ လူ့အဖွဲ့အစည်း အားကောင်းလာဖို့အတွက်လည်း အများကြီးအားထုတ်ခဲ့ပါတယ်။ လမ်းမှားသူအချို့ရဲ့ လုပ်ရပ်တွေက ဒီက မွတ်စလင်အများစုကို ကိုယ်စားပြုတယ်လို့ ရှုမြင်လို့ မရပါဘူး”

    NCCS ဟာ နိုင်ငံတစ်ဝှမ်း ခရစ်ယာန် အသင်းအဖွဲ့ပေါင်း ၄၅၀ လောက် ပါဝင်တဲ့အဖွဲ့ဖြစ်ပြီး၊ မွတ်စလင်လူ့အဖွဲ့အစည်းကို ဆက်လက်ပံ့ပိုးကူညီကာ ဆုမွန်ကောင်းတောင်းပေးသွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ အမိမြေလို့ခေါ်တဲ့ ဒီနိုင်ငံမှာ လုံခြုံမှု၊ အပြန်အလှန် ချစ်ကျည်ရင်းနှီးမှုဆိုတဲ့ သဘောထားတစ်ခု စင်ကာပူနိုင်ငံသားအားလုံးမှာ ဖြစ်စေတဲ့ ဘာသာပေါင်းစုံ သဟဇာတဖြစ်မှု၊ ငြိမ်းချမ်မှုအပေါ် ဘယ်အရာကမှ အန္တရာယ်မပြုနိုင်အောင် ကျွန်တော်တို့အားလုံး ဆက်လက် လုပ်ဆောင်သွားကြပါစို့”

    Ref: CNA

  • အဖိနှိပ်ခံများအရေး မဆောင်ရွက်မှုကြောင့် မြန်မာနိုင်ငံဆိုင်ရာ ကုလဌာနေကိုယ်စားလှယ်ကို ရာထူးမှ ဖယ်ရှားမည်

    အဖိနှိပ်ခံများအရေး မဆောင်ရွက်မှုကြောင့် မြန်မာနိုင်ငံဆိုင်ရာ ကုလဌာနေကိုယ်စားလှယ်ကို ရာထူးမှ ဖယ်ရှားမည်

    ဇွန် ၁၃၊ ၂၀၁၇
    M-Media

    ဦးသိန်းစိန်အစိုးရလက်ထက်တွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့်အတူ တွေ့၇သည့် ရီနာတာ လော့က်-ဒက်ဆဲလီယန်

    – မြန်မာနိုင်ငံဆိုင်ကာ ကုလသမဂ္ဂအဖွဲ့၏ ဌာနေကိုယ်စားလှယ် ရီနာတာ လော့က်-ဒက်ဆဲလီယန်ကို ရာထူးမှ ဖယ်ရှားတော့မည်ဟု ကုလသမဂ္ဂက အတည်ပြု ပြောကြားလိုက်သည်။

    ရန်ကုန်ရှိ အကူအညီပေးရေးနှင့် သံတမန်အသိုင်းအ၀ိုင်းကမူ လော့က်-ဒက်ဆဲလီယန်အား ရာထူးမှ ဖယ်ရှားခြင်းမှာ လူ့အခွင့်အရေးကိစ္စများ အထူးသဖြင့် အဖိနှပ်ခံ ရိုဟင်ဂျာများ၏ ကိစ္စကို ဦးစားပေးဆောင်ရွက်မှု မရှိခြင်းနှင့် ဆက်စပ်နေသည်ဟု ဘီဘီစီသို့ ပြောကြားခဲ့သည်။

    ရီနာတာ လော့က်-ဒက်ဆဲလီယန်မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလဌာနေကိုယ်စားလှယ်၊ UNDP ဌာနေကိုယ်စားလှယ်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေးမှူး စသည့်ရာထူးများဖြင့် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။

    ဘီဘီစီမှရရှိသည့် ကုလအတွင်းစည်း စာရွက်စာတမ်းများတွင် မြန်မာနိုင်ငံရှိ ကုလကိုယ်စားလှယ်အဖွဲ့မှာ အဖွဲ့အတွင်း တင်းမာမှုများရှိလာပြီး၊ အဖွဲ့မှာလည်း ယိုယွင်းလာသည်ဟု ဖော်ပြထားသည်။

    ကုလပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ကနေဒါနိုင်ငံသူ လော့က်-ဒက်ဆဲလီယန်မှာ ရာထူးပြောင်းလဲခန့်ထားခံရခြင်းဟု အတည်ပြုခဲ့ပြီး ထိုသို့ဆောင်ရွက်ခြင်းမှာ သူမ၏ စွမ်းဆောင်ရည်ကြောင့်မဟုတ်ဟု ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်နှစ်တွင် ရိုဟင်ဂျာများမှာ မြန်မာစစ်တပ်လက်အောက်တွင် ညှင်းပမ်းခံရခြင်း၊ အဓမ္မပြုခံရခြင်းတို့ကြောင့် ထောင်သောင်းချီထွက်ပြေးမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံရှိ ကုလအဖွဲ့မှ မည်သည့် တုန့်ပြန်မှုမှ မလုပ်ခဲ့ချေ။

    ဒက်ဆဲလီယန်နှင့် သူမ၏ ပြောရေးဆိုခွင့်ရှိသူတို့မှာ သတင်းအချက်အလက်များ တောင်းခံမှုကို ငြင်းဆိုလေ့ရှိပြီး၊ ထူးခြားသည့် အဖြစ်အပျက်တစ်ခုမှာ ပဋိပက္ခဖြစ်ပွားရာ ဒေသသို့ သွားရောက်ပြီးနောက်ပိုင်း ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဂျာနယ်လစ်များအား ဗီဒီယိုရိုက်ကူးရန်၊ အသံသွင်းယူရန် ခွင့်မပြုခဲ့ခြင်း ဖြစ်သည်။

    ထို့ပြင် ကုလကပြုလုပ်သည့် အရေးပါသော အစည်းအဝေးများတွင် လူ့အခွင့်အရေး အခြေပြု၍ အကူအညီပေးနေသူများအား ရည်ရွယ်ချက်ရှိရှိဖြင့် ချန်လှပ်ထားမှုများ ရှိသည်ဟုလည်း ဘီဘီစီသို့ ပြောကြားခဲ့သည်။

    ထိုသို့ ဆောင်ရွက်မှုများကြောင့် ဒက်ဆဲလီယန်နှင့် သူမ၏အဖွဲ့အပေါ် ဝေဖန်မှုများ မြင့်တက်လာခဲ့ပြီး ၎င်းတို့မှာ ဖွံ့ဖြိုးရေးစီမံကိန်းများ၊ မြန်မာအစိုးရနှင့် ခိုင်မာသော ဆက်ဆံရေးဖြစ်ထွန်းရန်သာ ဦစားပေးလုပ်ဆောင်နေပြီး၊ ရိုဟင်ဂျာကဲ့သို့ အဖိနှိပ်ခံပြည်သူများ၏ အခွင့်အရေးကို အလေးထားလာရေး လုပ်ဆောင်မှုများမရှိဟု ပြစ်တင်ခြင်း ခံခဲ့ရသည်။

    ကုလအတွင်းရေးမှူးချုပ်သို့ ပေးပို့ရန် စီစဉ်ထားသည့် အတွင်းစည်း စာရွက်စာတမ်းများအရ မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအဖွဲ့မှာ ‘သိသိသာသာ ယိုယွင်းလာပြီး’ ကုလအဖွဲ့၏ ဌာနခွဲများ အကြားတွင်လည်း ‘တင်းမာမှု ကြီးကြီးမားမား’ ရှိနေသည်ဟု ဖော်ပြထားသည်။

    လော့က်-ဒက်ဆဲလီယန်မှာ လက်ရှိတွင် ခွင့်ယူထားပြီး၊ သူမကို ရာထူးတိုးပေးရန် စီစဉ်နေကြောင်း အသိပေးထားသည်ဟု ဆိုသည်။ ကုလဌာနေကိုယ်စားလှယ်၏ သက်တမ်းမှာ ပုံမှန်အားဖြင့် ၅ နှစ်ဖြစ်သော်လည်း သူမမှာ ၃ နှစ်ခွဲသာ တာဝန်ထမ်းဆောင်ခဲ့ရသည်။

    Ref: BBC

  • ခရစ်ယာန်ဘုရားကျောင်းမှာ ဆင်နွှဲတဲ့ သြဇီမွတ်စလင်တို့ရဲ့ ရမ်ဇာန်အခမ်းအနား

    ခရစ်ယာန်ဘုရားကျောင်းမှာ ဆင်နွှဲတဲ့ သြဇီမွတ်စလင်တို့ရဲ့ ရမ်ဇာန်အခမ်းအနား

    ဇွန် ၁၃၊ ၂၀၁၇
    M-Media

    – သြစတေးလျနိုင်ငံ ပါ့သ်မြို့က အန်ဂလိကန် ခရစ်ယာန်ဘုရားကျောင်းတစ်ခုဟာ လွန်ခဲ့တဲ့ ၅ နှစ်အရင်က ၀တ်ပြုရာနေရာ မရှိတဲ့ မွတ်စလင်တွေအတွက် သောကြာနေ့မှာ ၀တ်ပြုဆုတောင်းဖို့ နေရာပေးခဲ့ပါတယ်။

    အခုအချိန်မှာတော့ ပါ့သ်က ခရစ်ယာန်နဲ့ မွတ်စလင်လူ့အဖွဲ့အစည်းဟာ ကောင်းတူဆိုးအဖက် တစ်ဦးရဲ့ ဘာသာရေး ထုံးတမ်းဓလေ့တွေကို တစ်ဦးက ဂုဏ်ပေး၊ လေးစား ပါဝင်တဲ့ အဆင့်အထိ ရောက်ရှိနေပါပြီ။

    လက်ရှိ မွတ်စလင်တို့ရဲ့ ရမ်ဇာန်ဥပုသ်လကို ဒီလူ့အဖွဲ့အစည်းနှစ်ခု ဘယ်လို ဆင်နွှဲကြလဲဆိုတာ ဒီဗီဒီယိုအတိုလေးကို ရှုစားရမှာပါ။

    ABC သတင်းဌာနနဲ့ ဗီဒီယိုကို M-Media က ဘာသာပြန်ဆို တင်ဆက်တာ ဖြစ်ပါတယ်။

  • အမေရိကန်တွင် လူမည်းလူငယ်ကိုရိုက်နှက်သည့် ရဲတစ်ဦး တရားစွဲခံရ

    အမေရိကန်တွင် လူမည်းလူငယ်ကိုရိုက်နှက်သည့် ရဲတစ်ဦး တရားစွဲခံရ

    ဇွန် ၁၃၊ ၂၀၁၇
    M-Media

    – ဆယ်ကျော်သက် လူမည်းတစ်ဦးကို ရိုက်နှက်ခဲ့သည့် အမေရိကန်ပြည်ထောင်စု နယူးဂျာဆီပြည်နယ်မှ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ပြင်းပြင်းထန်ထန် နာကျင်စေမှုဖြင့် တရာစွဲဆိုထားသည်ဟု NBC သတင်းဌာနက ဖော်ပြခဲ့သည်။

    ကာတီရတ်မြို့မှ အသက် ၃၁ နှစ်အရွယ် ရဲတပ်ဖွဲ့ဝင် ဂျိုးဆက်ပ် ရိုင်မန်ဆိုသူဖြစ်ပြီး အသက် ၁၆ နှစ်အရွယ် လူမည်းလူငယ်က ၎င်း၏ကားဖြင့် ဂျိုးဆက်ပ်၏ ရဲကားကို တိုက်ခဲ့ပြီးနောက် ရိုင်မန်မှာ ထိုလူငယ်ကို အကြိမ်များစွာ ထိုးကြိတ်ကန်ကျောက်ခဲ့သည်ဟု အစိုးရ ရှေ့နေများက ပြောကြားခဲ့သည်။

    ဂျိုးဆက်ပ်မှာ ကာတီရတ်မြို့တော်ဝန် ဒန်နီယဲလ် ရိုင်မန်၏ ညီလည်းဖြစ်သည်။

    ထိုသို့ ထိုးကြိတ်ခဲ့ပြီးနောက် လူမည်းလူငယ်ကို ဆေးရုံသို့ ခေါ်ဆောင်သွားခြင်း၊ လူနာတင်ယာဉ် ခေါ်ပေးခြင်းမရှိပေ။ အခင်းဖြစ်ပွားချိန်တွင် ဂျိုးဆက်ပ်၏ ခန္ဓာကိုယ်ပေါ်တွင် တပ်ဆင်ရသည့် ကင်မရာ မပါသော်လည်း ရဲပတ္တရောင်ကား၏ ဒက်ရှ်ဘုတ်ပေါ်မှ ကင်မရာက ထိုအဖြစ်အပျက်ကို မှတ်တမ်းတင်ထားနိုင်ခဲ့သည်။

    ရဲတပ်ဖွဲ့ဝင် ဂျိုးဆက်ပ်မှာ ပြင်းပြင်းထန်ထန် နာကျင်စေမှု အပါအ၀င် စွဲချက်များစွာဖြင့် တရားစွဲဆိုခံထားရပြီး ရာထူးမှလည်း လစာမဲ့ အနားပေးခြင်း ခံထားရသည်။ ထိုအဖြစ်အပျက်ကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု ပြုလုပ်နေသည်။

    အရိုက်ခံခဲ့ရသည့် လူမည်းလူငယ်၏ မိသားစုများက အဆိုပါ ရဲတပ်ဖွဲ့ဝင်ကို တရားဥပဒေကြောင်းအရ ရင်ဆိုင်ရန် စီစဉ်နေသည်။

    Ref: Blackmatters US

  • ကုလ၏ အချက်အလက်ရှာဖွေရေးအဖွဲ့က ရခိုင်တွင် တင်းမာမှုများ ပိုမြင့်နိုင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

    ကုလ၏ အချက်အလက်ရှာဖွေရေးအဖွဲ့က ရခိုင်တွင် တင်းမာမှုများ ပိုမြင့်နိုင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

    ဇွန် ၁၃၊ ၂၀၁၇
    M-Media

    ဆွီဒင်ဝန်ကြီးချုပ် စတီဖန် လော့ဖ်ဗန်နှင့်အတူ တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်

    – ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် ပြဿနာများအတွက် ကုလသမဂ္ဂ၏ အချက်အလက်ရှာဖွေရေး အဖွဲ့မှာ လူမျိုးရေးတင်းမာမှုများကို ပိုမို မြင့်တက်စေနိုင်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ရိုဟင်ဂျာအုပ်စုတစ်ခုက နယ်ခြားစောင့်စခန်းများကို စီးနင်းတိုက်ခိုက်ပြီးနောက် ပြီးခဲ့သည့် အောက်တိုဘာလမှ စတင်ကာ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အစိုးရစစ်တပ်က ပြုလုပ်ခဲ့သည့် နယ်မြေရှင်းလင်းရေး လုပ်ငန်းများတွင် ရိုဟင်ဂျာများအပေါ် သတ်ဖြတ်ခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်းတို့ ရှိသည်ဟု စွပ်စွဲမှုများ ပေါ်ပေါက်လာပြီးနောက်ပိုင်း အချက်အလက်ရှာဖွေရေး ခရီးစဉ် စတင်ရန် ကုလက ပြီးခဲ့သည့်လတွင် ကျွမ်းကျင်သူများကို ရွေးချယ်တာဝန်ပေးခဲ့သည်။

    သို့သော်လည်း မြန်မာနိုင်ငံက အဆိုပါအဖွဲ့ကို ကန့်ကွက်ခဲ့သည်။

    “ဒါက မတူညီတဲ့လူ့အဖွဲ့အစည်းတွေကြားမှာ ရန်လိုမှုကို ပိုပြီး ဖြစ်စေမှာ ဖြစ်ပါတယ်။ ဒေသရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမယ်လို့လည်း ကျွန်မတို့ မထင်ပါဘူး။ အဲဒီဒေသမှာ ကျွန်မတို့ဟာ သဟဇာတဖြစ်မှု၊ နားလည်မှုတွေ တည်ဆောက်ဖို့၊ ဒီလူ့အဖွဲ့အစည်းနှစ်ခုစလုံး အချိန်အတော်ကြာကတည်းက ကွာဟသွားစေတဲ့ ကြောက်ရွံ့မှုတွေကို ဖယ်ရှားဖို့ ကျွန်မတို့ ကြိုးစားနေပါတယ်” ဟု ဆွီဒင်ဝန်ကြီးချုပ် စတီဖန် လော့ဖ်ဗန်နှင့် တွေ့ဆုံပြီးနောက် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

    ထို့ပြင် မိမိအနေဖြင့် ကုလအတွင်းရေးမှူးဟောင်း ကိုဖီအန်နန် ဦးဆောင်သည့် အကြံပေးကော်မရှင်၏ အကြံပြုချက်များကိုသာ လက်ခံသွားမည်ဟု ပြောကြားခဲ့သည်။

    “အစကတည်းက ဝေဖန်နေမယ့်အစား သူတို့ အလုပ်ကို ကောင်းကောင်းမွန်မွန် လုပ်နိုင်လား၊ မလုပ်နိုင်ဘူးလားဆိုတာကို မြင်ရဖို့ ကော်မရှင်ကို အခွင့်ရေးတစ်ခုလောက် ပေးသင့်တယ်လို့ ကျွန်မထင်ပါတယ်”

    ကုလက ဖေဖော်ဝါရီတွင် ထုတ်ပြန်သော အစီရင်ခံစာ၌ မြန်မာလုံခြုံရေးတပ်ဖွဲ့များက ရိုဟင်ဂျာများအပေါ် ပြုလုပ်သည့် သတ်ဖြတ်ခြင်း၊ အုပ်စုဖွဲ့ အဓမ္မကျင့်ခြင်းတို့မှာ လူသားထုအပေါ် ကျူးလွန်သည့် ရာဇတ်မှု၊ လူမျိုးစုလိုက် သုတ်သင်မှု မြောက်ဖွယ်ရှိနေသည်ဟု ဖော်ပြထားသည်။

    အောက်တိုဘာလမှစ၍ ပြုလုပ်သည့် အစိုးရစစ်တပ်၏ စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ၇၅၀၀၀ မှာ မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရသည်။

    Ref: Reuters