News @ M-Media

Author: Ko Lay

  • ထိုင်း၀န်ကြီးချုပ် သာဗီဆင် ရာထူးမှ ဖယ်ရှားခံရ

    ထိုင်း၀န်ကြီးချုပ် သာဗီဆင် ရာထူးမှ ဖယ်ရှားခံရ

    သြဂုတ် ၁၄၊ ၂၀၂၄
    M-Media

    -လာဘ်စားမှုနဲ့ ထောင်ဒဏ်ကျခံခဲ့ရတဲ့ ရှေ့နေဟောင်း ပီချစ် ချူအန်ဘန်ကို အစိုးရအဖွဲ့၀င်အဖြစ် ခန့်အပ်မှုအတွက် အခြေခံဥပဒေခုံရုံးက ထိုင်း၀န်ကြီးချုပ် ဆရက်သာ သာဗီဆင်ကို သြဂုတ်လ ၁၄ ရက်နေ့ မနက်ပိုင်းမှာ ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။

    ပီချစ်ဟာ ထိုင်းစစ်တပ်ရဲ့ ဖယ်ရှားမှုကို ခံခဲ့ရတဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာ၀ပ်ထရာရဲ့ ရှေ့နေဖြစ်ပါတယ်။ ၂၀၀၈ ခုနှစ် သက်ဆင်အတွက် ရှေ့နေလိုက်ပေးစဥ်မှာ တရားရုံးတာ၀န်ရှိသူကို လာဘ်ပေးမှုနဲ့ တရားစွဲဆိုခံရပြီး ထောင်ဒဏ် ၆ လ ချမှတ်ခံခဲ့ရပါတယ်။

    နောက်ပိုင်းမှာ ပီချစ်ဟာ သက်ဆင်မိသားစုပါတီ Pheu Thai ရဲ့ ဥပဒေအကြံပေးအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

    ပီချစ်ကို ၀န်ကြီးချုပ်ရုံး၀န်ကြီးအဖြစ် ခန့်အပ်မှုဟာ ကျင့်၀တ်ပိုင်းဆိုင်ရာ ဖောက်ဖျက်မှုဖြစ်တယ်လို့ အခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ကာ သာဗီဆင်ကို ရာထူးကနေ ဖယ်ရှားလိုက်တာဖြစ်ပါတယ်။

    သာဗီဆင်ကတော့ ဆုံးဖြတ်ချက်ကို လက်ခံကြောင်း ပြောကြားခဲ့ပေမယ့် သူ့အနေနဲ့ ကျင့်၀တ်ဖောက်ဖျက် လုပ်ဆောင်ခဲ့တာမရှိကြောင်း၊ ရိုးသားစွာ နိုင်ငံရေးလုပ်ခဲ့တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲမှာ ဒုတိယမဲအများဆုံး ရခဲ့တဲ့ သက်ဆင်မိသားစုရဲ့ Pheu Thai ပါတီဟာ စစ်တပ်နဲ့ ရင်ကြားစေ့ကာ စစ်တပ်ကြီးစိုးတဲ့ အထက်လွှတ်တော်ရဲ့ မျက်နှာသာပေးမှုနဲ့ သာဗီဆင်ကို ၀န်ကြီးချုပ်နေရာထားပြီး အစိုးရဖွဲ့နိုင်ခဲ့တာ ဖြစ်ပါတယ်။

    အခု သာဗီဆင်ကို ဖယ်ရှားလိုက်မှုကြောင့် စစ်တပ်နဲ့ Pheu Thai ပါတီတို့အကြား အကွဲအပြဲ ပြန်ဖြစ်လာတယ်လို့ သတင်းတွေထွက်သလို၊ သက်ဆင်ရဲ့ သမီးဖြစ်ပြီး၊ Pheu Thai ပါတီ ခေါင်းဆောင်ဖြစ်တဲ့ အသက် ၃၇ နှစ်အရွယ် ပေထုံတန် ရှင်နာ၀ပ်ထရာ ၀န်ကြီးချုပ်ဖြစ်လာရေး အကွက်ချ လုပ်ဆောင်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

    Ref: CNA

  • အင်္ဂါဂြိုဟ်မြေလွှာအောက်တွင် သမုဒ္ဒရာတစ်စင်း ရှိနိုင်မည်

    အင်္ဂါဂြိုဟ်မြေလွှာအောက်တွင် သမုဒ္ဒရာတစ်စင်း ရှိနိုင်မည်

    သြဂုတ် ၁၃၊ ၂၀၂၄
    M-Media

    -အင်္ဂါဂြိုဟ် မြေလွှာဖြစ်တဲ့ ကျောက်သားအောက်ပိုင်းမှာ သမုဒ္ဒရာကြီးတစ်စင်း ဖြစ်လာနိုင်လောက်တဲ့ ရေအရင်းအမြစ် ရှိနိုင်တယ်ဆိုတာ လေ့လာမှုအသစ်မှာ တွေ့ရကြောင်း အမေရိကန်သိပ္ပံပညာရှင်တွေက ထုတ်ပြန်ပါတယ်။

    အမေရိကန် အာကာသအေဂျင်စီ နာဆာရဲ့ အင်္ဂါဂြိုဟ်သွားယာဥ် InSight Lander က ဂြိုဟ်ပေါ်မှာ ကောက်ယူခဲ့တဲ့ အချက်အလက်တွေကို ပညာရှင်တွေ ၂ နှစ်ကျော်ကြာ လေ့လာသုံးသပ်ပြီး ကောက်ချက်ချခဲ့တာပါ။

    အင်္ဂါဂြိုဟ်စည်ပင်ခဲ့စဥ် လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၃ ဘီလီယံက ရှိခဲ့တဲ့ မြစ်ချောင်းအင်းအိုင်တွေ၊ သမုဒ္ဒရာတွေဟာ လက်ရှိမှာတော့ မြောလွှာကျောက်သားအောက် ၇ မိုင်လောက်မှာ ရှိနေနိုင်တယ်လို့ ဆိုပါတယ်။

    ရေရှိရင် သက်ရှိတွေ ရှိနိုင်တာကြောင့် အခုကောက်ချက်ချမှုသာ မှန်ကန်ခဲ့ရင် အင်္ဂါဂြိုဟ်ပေါ်မှာ သက်ရှိပိုးမွှားတွေကို တွေ့လာရနိုင်တယ်လို့လည်း သိပ္ပံပညာရှင်တွေက ပြောပါတယ်။

    လွန်ခဲ့တဲ့နှစ် ၃ ဘီလီယံက ဂြိုဟ်ရဲ့လေထု ပါးလွှာသွားတာကြောင့် ဂြိုဟ်ပေါ်က ရေအရင်းမြစ်တွေဟာ အာကာသထဲ လျှံထွက်သွားတာ ဒါမှမဟုတ် မြေလွှာအောက် ရောက်သွားတာမျိုး ဖြစ်နိုင်တယ်လို့ ပညာရှင်တွေက ယူဆထားတာ ဖြစ်ပါတယ်။

    Ref: Reuters

  • အစ္စရေးကို ကာကွယ်ပေးရန် အရှေ့အလယ်ပိုင်းတွင် အမေရိကန်က အသင့်ပြင်ထား

    အစ္စရေးကို ကာကွယ်ပေးရန် အရှေ့အလယ်ပိုင်းတွင် အမေရိကန်က အသင့်ပြင်ထား

    သြဂုတ် ၁၃၊ ၂၀၂၄
    M-Media

    (လေယာဥ်တင်သင်္ဘော Abraham Lincoln ပါ၀င်သည့် အမေရိကန် တိုက်ခိုက်ရေး ရေယာဥ်အုပ်)

    -ပါလက်စတိုင်းမှာ ၁၀ လအတွင်း လူ ၄ သောင်းနီးပါးကို သတ်ဖြတ်ထားတဲ့ အစ္စရေးကို အီရန်နဲ့ ဟစ်ဇ်ဘိုလာအဖွဲ့က ကြီးကြီးမားမား တိုက်ခိုက်မှုတွေ ရှိလာနိုင်တာကြောင့် အမေရိကန်က အစ္စရေးကို ကာကွယ်ပေးဖို့ အသင့်ပြင်ထားပါတယ်။

    ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်ရဲ့ နိုင်ငံရေးခေါင်းဆောင် အစ္စမာအီလ် ဟာနီယာကို ဇူလိုင်လ ၃၁ ရက်နေ့ အီရန်မှာ အစ္စရေးက လုပ်ကြံသတ်ဖြတ်ခဲ့ပြီးနောက်ပိုင်း အီရန်၊ လက်ဘနွန်က အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာတို့ အစ္စရေးကို ပြင်းပြင်းထန်ထန် လက်တုန့်ပြန်မယ်ဆိုပြီး သတင်းတွေ ထွက်နေတာ ဖြစ်ပါတယ်။

    အမေရိကန်ဟာ အခုတစ်ပတ်ထဲမှာပဲ ပဲ့ထိန်းဒုံးတပ် ရေငုပ်သင်္ဘောတစ်စီးနဲ့ လေယာဥ်တင်သင်္ဘော USS Abraham Lincoln တို့ ပါ၀င်တဲ့ ရေယာဥ်အုပ်ကို မြေထဲပင်လယ်ထဲကို စေလွှတ်လိုက်ပါတယ်။

    အမေရိကန် ကာကွယ်ရေး၀န်ကြီး လွိုက်အော်စတင်၊ အိမ်ဖြူတော်က နိုင်ငံတော်လုံခြုံရေးအကြံပေး ဂျွန်ကီဘရီတို့က အမေရိကန်ဟာ အစ္စရေးကို ဘယ်လိုနည်းလမ်းမျိုးနဲ့မဆို ကာကွယ်ပေးသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အစ္စရေးကို လက်တုန့်မပြန်ဖို့ ပြင်သစ်၊ ဂျာမနီနဲ့ ယူကေတို့ရဲ့ တိုက်တွန်းမှုကို အီရန်ကလည်း ပယ်ချထားပါတယ်။

    ဒီတိုက်တွန်းမှုဟာ အစ္စရေးကို ပ,စားပေးတဲ့ သဘောမျိုး ဆောင်နေကြောင်း၊ အစ္စရေးက ကျူးလွန်နေတဲ့ နိုင်ငံတကာ ရာဇ၀တ်မှုတွေမှာ ကန့်ကွက်တားဆီးတာမျိုး မရှိဘဲ၊ အချုပ်အခြာအာဏာ ထိခိုက်ခံရတဲ့ အီရန်က လက်တုန့်ပြန်ဖို့ ဆောင်ရွက်မှုကို ဟန့်တားနေတာဟာ ကျိုးကြောင်း လျော်ညီမှုမရှိကြောင်း အီရန်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နာဆာရ် ကာနာနီက တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera


  • အိမ်သာသန့်ဆေးရည်ကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် ထိုင်းနိုင်ငံမှ သားအမိ ၃ ဦး

    အိမ်သာသန့်ဆေးရည်ကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် ထိုင်းနိုင်ငံမှ သားအမိ ၃ ဦး

    သြဂုတ် ၁၃၊ ၂၀၂၄
    M-Media

    -ထိုင်းနိုင်ငံ ချွန်ဘူရီမြို့မှာ အိမ်သာသန့် ဆေးရည်နဲ့ ဆိုဒီယမ် ဟိုက်ဒရောက်ဆိုက်တို့ ဓာတ်ပြုရာကနေ ထွက်လာတဲ့ အဆိပ်ငွေ့ကြောင့် သားအမိ ၃ ဦး သေဆုံးတဲ့ ဖြစ်ရပ်တစ်ခု သြဂုတ်လ ၁၂ ရက်နေ့မှာ ဖြစ်ပွားခဲ့ပါတယ်။

    အသက် ၆၀ အရွယ် ရဲအရာရှိ အမျိုးသမီး၊ အသက် ၃၄ နှစ်နဲ့ ၂၅ နှစ်အရွယ် သမီး ၂ ဦး စုစုပေါင်း သုံးဦးတို့ကို ရဲလိုင်းခန်းက သူတို့နေထိုင်ရာအခန်းရဲ့ ရေချိုးခန်းမှာ သေဆုံးလျက် တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

    သေဆုံးသူတွေဟာ ပါးစပ်ကနေ အမြှုပ်ထွက်နေပြီး၊ လက်သည်းတွေလည်း နီနေကာ၊ သူတို့ဘေးနားမှာ အိမ်သာသန့် ဆေးရည်နဲ့ ဆိုဒီယမ် ဟိုက်ဒရောက်ဆိုက် အထုပ်ကို တွေခဲ့ရပါတယ်။ ရဲတပ်ဖွဲ့ကတော့ ကနဦး စုံစမ်းစစ်ဆေးမှုအရ အိမ်သာသန့် ဆေးရည်နဲ့ ဆိုဒီယမ် ဟိုက်ဒရောက်ဆိုက်အမှုန့်တို့ ဓာတ်ပြုရာကနေ ထွက်လာတဲ့ အဆိပ်ငွေ့ကြောင့် သေဆုံးရတာလို့ ထုတ်ပြန်ထားပါတယ်။

    အိမ်သာသန့်ဆေးရည်မှာ ပါ၀င်တဲ့ ဓာတုပစ္စည်းဟာ ဆိုဒီယမ် ဟိုက်ဒရောက်ဆိုက်နဲ့ ဓာတ်ပြုရင် အသက်ရှုလမ်းကြောင်းကို ထိခိုက်စေတဲ့ အဆိပ်ဓာတ်ငွေ့ တစ်မျိုးကို ထွက်စေပါတယ်။ ဒီအငွေ့ကို ရှူမိရင် မူးမေ့တတ်ပြီး လေလုံနေတဲ့ အခန်းမျိုးမှာဆို သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

    Ref: The Star

  • ဘင်္ဂလားဒေ့ရှ်ကို ပြန်သွားမည်ဟု ၀န်ကြီးချုပ်ဟောင်း ရှိခ်ဟာဆီနာပြော

    ဘင်္ဂလားဒေ့ရှ်ကို ပြန်သွားမည်ဟု ၀န်ကြီးချုပ်ဟောင်း ရှိခ်ဟာဆီနာပြော

    သြဂုတ် ၁၁၊ ၂၀၂၄
    M-Media

    -ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ်ဟောင်း ရှိခ်ဟာဆီနာက သူမ ရာထူးက ဆင်းပေးလိုက်ရမှုအတွက် အမေရိကန်ကို အပြစ်တင်ခဲ့ပြီး ပြည်တော်ပြန်မယ်လို့လည်း ကတိပြု ပြောကြားလိုက်ပါတယ်။

    နိုင်ငံလွတ်လပ်ရေးအတွက် ဆောင်ရွက်ပေးခဲ့သူတွေရဲ့ မျိုးဆက်ကို အစိုးရအလုပ်အကိုင် ခွဲ၀ေပေးမယ့် ဟာဆီနာရဲ့ ကြိုးပမ်းမှုကို ပြည်သူတွေက မကျေနပ်ရာကနေ ဆန္ဒပြပွဲ အကြီးအကျယ် ဖြစ်ပွားခဲ့ပြီး နောက်ဆုံးမှာ ၀န်ကြီးချုပ်ဟာဆီနာ ရာထူးကဆင်းကာ အိန္ဒိယကို ထွက်ပြေးခဲ့ရပါတယ်။

    အသက် ၇၆ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဟာဆီနာက စိန့်မာတင်ကျွန်းမှာ စစ်စခန်းလုပ်မယ့် အမေရိကန်ရဲ့ တောင်းဆိုမှုကို သူမက လက်မခံတဲ့အတွက် အမေရိကန်က သူမ ပြုတ်ကျအောင် ဆောင်ရွက်လိုက်တာလို့ ထွက်ပြေးရပြီးနောက်ပိုင်း ပထဆုံးထုတ်ပြန်တဲ့ ကြေငြာချက်မှာ ပြောကြားခဲ့ပါတယ်။

    အမေရိကန်ရဲ့ တောင်းဆိုချက်ကိုသာ လိုက်လျောခဲ့ရင် အခုအချိန်အထိ အာဏာရှိနေအုံးမယ်လို့လည်း သူမက ဆိုပါတယ်။ အမေရိကန်ဖက်ကတော့ ဟာဆီနာရဲ့ အခုပြောကြားမှုအတွက် မှတ်ချက်မပေးသေးပါဘူး။

    သူမရဲ့ ကြေငြာချက်မှာ တိုင်းပြည်ကို မကြာခင် ပြန်မယ်လို့ ကတိပြုခဲ့ပြီး သူမရဲ့ပါတီ Awami League က လည်း ပြန်လည်အောင်မြင်လာနိုင်မယ်လို့ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    Ref: Arab News