News @ M-Media
Author: Ko Lay
  • ဆီးရီးယားတွင် မဟာမိတ်များ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀၀ ကျော် သေဆုံး
    ဆီးရီးယားတွင် မဟာမိတ်များ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀၀ ကျော် သေဆုံး
    မေ ၂၇၊ ၂၀၁၇
    M-Media
    – ဆီးရီးယားနိုင်ငံအရှေ့ပိုင်းတွင် အမေရိကန်ဦးဆောင်သည့် မဟာမိတ်များ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၄၂ ဦးအပါအ၀င် အရပ်သား အနည်းဆုံး ၁၀၆ ဦး သေဆုံးခဲ့သည်ဟု ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (SOHR) က ပြောကြားလိုက်သည်။
    ဒီရ် အဇ် ဇိုရ်ပြည်နယ် အလ် မာယာဒင်းဒေသရှိ IS အဖွဲ့ဝင်များ၏ မိသားစုများနေထိုင်ရာ လူနေအဆောက်အဦးများကို ပစ်မှတ်ထားကာ ကြာသာပတေးနေ့ညပိုင်းနှင့် သောကြာနေ့ မနက်အစောပိုင်းတို့တွင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
    SOHR ၏ အကြီးအကဲ ရာမီ အဘ်ဒဲလ် ရဟ်မန်က သေဆုံးသွားသူအများစုမှာ ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း IS အဖွဲ့ရုံးစိုက်ရာ ရက်ကာမြို့မှ အလ် မာယာဒင်းသို့ ထွက်ပြေးလာသည့် မော်ရိုကန်များနှင့် ဆီးရီးယားပြည်သူများဖြစ်သည်ဟု ဆိုသည်။
    ပထမတိုက်ခိုက်မှုတွင် အရပ်သား ၃၅ ဦး သေဆုံးခဲ့သည်။
    အမေရိကန်ဦးဆောင်ပြီး ၆၈ နိုင်ငံ ပါဝင်သည့် မဟာမိတ်တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရိသူ ကာနယ် ရိုင်ယန် ဒီလွန်က IS အားတိုက်ခိုက်မှုအတွင်း မည်သည့်အရပ်သား သေဆုံးမှုမဆို ဖြစ်ရပ်ဆိုးကြီးဖြစ်သည်ဟု ပြောကြားခဲ့သည်။
    အဆိုပါ မဟာမိတ်အဖွဲ့မှာ ရက်ကာမြို့နှင့် အီရတ်ရှိ မူဆိုးလ်မြို့တို့တွင် ခြေကုပ်ယူထားသော IS အဖွဲ့စခန်းများအား မြေပြင်မှ ထိုးစစ်ဆင်မှုများလည်း ပြုလုပ်နေသည်။
    Ref: Aljazeera
  • လူတစ်စုကြောင့် အစွန်းရောက်လမ်းကြောင်းပေါ် ရောက်လာတဲ့ သီရိလင်္ကာက ဗုဒ္ဓဘာသာ
    လူတစ်စုကြောင့် အစွန်းရောက်လမ်းကြောင်းပေါ် ရောက်လာတဲ့ သီရိလင်္ကာက ဗုဒ္ဓဘာသာ
    မေ ၂၇၊ ၂၀၁၇
    M-Media
    – ဗလီဝတ်ကျောင်းတော်တွေ၊ မွတ်စလင်တွေပိုင်ဆိုင်တဲ့ စီးပွားရေးတွေကို တိုက်ခိုက်ဖျက်ဆီးမှုတွေ ဆက်တိုက် ပေါ်ပေါက်လာပြီးတဲ့နောက်ပိုင်း အဲဒီတိုက်ခိုက်မှုတွေလုပ်ဖို့ တွန်းအားပေးတယ်လို့ စွပ်စွဲခံရတဲ့ သဘောထားတင်းမာသူ ဘုန်းကြီးတစ်ပါးကို သီရိလင်္ကာ အာဏာပိုင်တွေက လိုက်လံဖမ်းဆီးနေပါတယ်။
    ၂၀၁၅ ခုနှစ် အာဏာရပြီးနောက်ပိုင်း သမ္မတ မိုင်သရီပါလာ ဆရီဆီနာဟာ နိုင်ငံအတွင်းက မွတ်စလင်ဆန့်ကျင်ရေး အမုန်းရာဇ၀တ်မှုတွေကို စုံစမ်းစစ်ဆေးသွားမယ်လို့ ကတိပြုခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂ ပတ်အတွင်းမှာ တိုက်ခိုက်မှုတွေက မြင့်တက်လာခဲ့ပါတယ်။ ဒီတစ်ပတ်မှာလည်း ကဟာဝက်တီက မွတ်စလင်ဈေးဆိုင်တစ်ဆိုင်ဟာ အမည်မသိ တိုက်ခိုက်သူတွေရဲ့ မီးရှို့ဖျက်ဆီးခြင်းကို ခံခဲ့ရပါတယ်။
    ဗုဒ္ဓဘာသာ အစွန်းရောက်အဖွဲ့တစ်ခုဖြစ်တဲ့ Bodu Bala Sena (BBS) ရဲ့ အတွင်းရေးမှူး Galagoda Atte Gnanasara ဟာ ၂၀၁၄ ခုနှစ် ဇူလိုင်လက အလုသ်ဂါမာမှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်တွေနောက်ပိုင်း အခြား မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကို ထပ်လုပ်ဖို့ သူ့ရဲ့ နောက်လိုက်တွေကို တိုက်တွန်းခဲ့ပါတယ်။ ဒါဟာ မွတ်စလင်တွေနဲ့ ဗုဒ္ဓဘာသာဝင်တွေကြားက စည်းလုံးညီညွတ်မှုကို ပျက်ဆီးအောင် ကြိုးစားမှုလည်း ဖြစ်ပါတယ်။
    သီရိလင်္ကာလူဦးရေ သန်း ၂၀ ရဲ့ ၁၀ ရာခိုင်နှုန်းပျော့ပျော့ဟာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်ကြသူတွေဖြစ်ပြီး လူများစုက ဆင်ဟာလီလူမျိုး ဗုဒ္ဓဘာသာဝင်တွေပါ။ တမီလ်လူမျိုးအများစုက ဟိန္ဒူဘာသာ ကိးကွယ်ကြပါတယ်။
    နိုင်ငံရေးသုတေသီ အမ်ဂျဒ် မိုဟာမက် ဆလင်းက ကြမ်းတမ်းတဲ့ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒ ပြန်လည်ပေါ်ထွက်လာမလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။
    “အစိုးရက ဒီပြဿနာကို မဖြေရှင်းဘူးဆိုရင်၊ ဒါက ပြန့်သွားမှာပါ။ ဒီလိုတင်းမာမှုတွေကို ဘာမှမလုပ်ဘဲထားရင် နောက်ဆက်တွဲ ဘာဖြစ်မလဲဆိုတာ ကျွန်တော်တို့အားလုံး သိကြပါတယ်။ လူ့အဖွဲ့အစည်းတွေ အကြမ်းဖက်မှုအောက် မရောက်စေချင်ဘူးဆိုရင် အစိုးရအနေနဲ့ တရားဥပဒေစိုးမိုးမှု၊ တရားမျှတမှုတွေနဲ့ ဒီကိ
    စ္စတွေကို တုန့်ပြန်ဖို့ လိုပါတယ်” လို့ စလင်းက ဆိုပါတယ်။
    သီရိလင်္ကာ မွတ်စလင်ဝန်ကြီးတွေကလည်း သမ္မတ ဆရီဆီနာအနေနဲ့ ဒီကိစ္စတွေကို အရေးယူဖို့ ဒီတစ်ပတ်အတွင်းမှာပဲ ပြင်းပြင်းထန်ထန် ပြောကြားခဲ့ပါတယ်။ နောက်ပြီး လက်ရှိ ထွက်ပြေးတိမ်းရှောင်နေတဲ့ Gnanasara ကို ဖမ်းဆီးရေးကိစ္စအတွက် ကြာသာပတေးနေ့မှာ ဆွေးနွေးခဲ့ပါတယ်။
    သီရိလင်္ကာတရားရုံးက Gnanasara ကို ဖမ်းဆီးဖို့အတွက် ၀ရမ်းထုတ်ပြန်ခဲ့ပါတယ်။
    “ပြဿနာ တော်တော်များများမှာ အာဏာပိုင်တွေကို ဆန့်ကျင်တာကြောင့် ရဲတပ်ဖွဲ့နဲ့ ပြဿနာတွေရှိနေပမယ့် BBS အတွင်းရေးမှူးဟာ သူ့ရဲ့ မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရျားမှုကို ပြန်လည် စတင်ခဲ့ပါတယ်” လို့ သီရိလင်္ကာ မွတ်စလင်ကောင်စီရဲ့ ဒုတိယအတွင်းရေးမှူး ဟီလ်မီ အဟ်မဒ်က ပြောကြားခဲ့ပါတယ်။
    “တိုင်းပြည်မှာ တင်းမာမှုတွေကို မီးထိုးပေးဖို့ Gnanasara က သူ့ရဲ့ လှုပ်ရှားမှုကို ပြန်စတာပါ။ အခု သူလုပ်ဖို့ ကြိုစားနေတာက သူနဲ့ သူ့အဖွဲ့ကို မွတ်စလင်တွေက တိုင်လို့ သူ ထောင်ကျရတော့မယ်ဆိုတာမျိုး လူများစု ဗုဒ္ဓဘာသာဝင်တွေရဲ့စိတ်ထဲ မြင်လာအောင် ဖြစ်ပါတယ်။ သူ့ရဲ့ ရာဇ၀တ်မှုတွေကနေ အာရုံပြောင်းနေတာပါ”
    BBS အဖွဲ့ဝင်တွေဟာ မွတ်စလင်လူ့အဖွဲ့အစည်းကို ခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့လည်း အဟ်မဒ်က ဆိုပါတယ်။
    “ဗလီတွေလို ၀တ်ပြုရာနေရာတွေကို သူတို့ တိုက်ခိုက်တယ်။ မွတ်စလင်တွေရဲ့ အိုးအိမ်တွေနဲ့ ဈေးဆိုင်တွေကို ဖျက်ဆီးတယ်။ ပြဿနာက ဒီနှစ်ပတ်အတွင်း BBS ရဲ့ ရာဇ၀တ်မှုတွေအတွက် အစိုးရက တစ်ချိန်လုံး ညှာနေတာဖြစ်ပါတယ်”
    သီရိလင်္ကာအစိုးရ အကြံပေး အေဇသ် ဆာလေးက သဘောထားတင်းမာတဲ့ ဗုဒ္ဓဘာသာဝင်အုပ်စုကို အရင်အစိုးရက မြေတောင်မြှောက်ပေးခဲ့တယ်လို့ ဆိုပါတယ်။
    “ပြီးခဲ့တဲ့ မာဟင်ဒါ ရာဂျာပက်ဆီ အစိုးရလက်ထက်က BBS ဟာ တော်တော်လေး တက်ကြွပြီး တိုင်းပြည်မှာ စည်းလုံးမှုကိုလည်း ဖျက်ဆီးခဲ့ပါတယ်။ နောက်ပြီး နိုင်ငံအတွင်းက မွတ်စလင်တွေအပေါ် အမျိုးမျိုး ပြဿနာတွေ လုပ်ခဲ့တယ်။ သမ္မတသစ် ဆရီဆီနာလက်ထက်မှာ နိုင်ငံအတွင်း ငြိမ်ချမ်းရေး ဆောင်ကျဉ်းပေးနိုင်မယ့် တိုးတက်မှုမျိုးတွေ ရမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်”
    “BBS နဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်ဖို့ အစိုးရကို ကျွန်တော်တို့ ဖိအားပေးဖို့လိုတယ်။ ပြီးတော့ Gnanasara ကို ရှာဖွေဖို့ အထူးတပ်ဖွဲ့ဝင်တွေကို တပ်ဖြန်ချထားလိုက်တဲ့ နောက်ဆုံးဆောင်ရွက်ချက်ကို ကျွန်တော် ကျေနပ်ပါတယ်” လို့ ဆာလေးက ထည့်သွင်းပြောကြားခဲ့ပါတယ်။
    တမီလ်ကျားသူပုန် LTTE အဖွဲ့နဲ့ နှစ်ပေါင်း ၂၆ နှစ်ကြာ ဆိုးဆိုးရွားရွား ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ကို ထောက်ပြခဲ့ပြီး တိုင်းပြည်မှာ ဘယ်လိုအကြမ်းဖက်မှုမျိုးမှ ပြန်လာတာကို မမြင်ချင်တော့ဘူးလို့လည်း သူက ပြောပါတယ်။
    “နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ တင်းမာမှုတွေ မြင့်တက်လာမှာကို ကျွန်တော် စိုးရိမ်ပါတယ်။ ကျွန်တော်တို့ဟာ ငြိမ်းချမ်းမှုကို ချစ်မြတ်နိုးတဲ့ လူတွေဖြစ်ပြီး LTTE နဲ့ စစ်ပွဲတွေကို ဖြတ်သန်းရပြီးတဲ့နောက်ပိုင်း နောက်ထပ် မတည်ငြိမ်မှုမျိုးကို ကျွန်တော်တို့ မလိုချင်တော့ပါဘူး။ လူ့အဖွဲ့အစည်းမှာ ငြိမ်းချမ်းစွာ အတူ
    ယှဉ်တွဲနေထိုင်တာ၊ ငြိမ်းချမ်းတာကိုပဲ ကျွန်တော်တို့ မြင်ချင်ပါတယ်။ သူ (Gnanasara) ဟာ တိုင်းပြည်လုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်တယ်လို့ အစိုးရက အသိအမှတ်ပြုတာကို ကျွန်တော် ကျေနပ်ပါတယ်”
    အသက် ၄၈ နှစ်အရွယ် ဆင်ဟာလီအမျိုးသမီး အေမန်သီ ရာတာနာကာယီက BBS အဖွဲ့ဟာ တိုင်းပြည်ရဲ့ ဗုဒ္ဓဘာသာဝင်လူများစုကို ကိုယ်စားမပြုဘူးလို့ ဆိုပါတယ်။
    “ကျွန်မတို့ ငြိမ်းချမ်းစွာ နေထိုင်ချင်တယ်။ ကျွန်မတို့ရဲ့ မွတ်စလင်အိမ်နီးချင်းတွေအပေါ်မှာ လုပ်နေတဲ့ ကိစ္စတွေကို ကျွန်မတို့ မထောက်ခံပါဘူး။ သူတို့ (BBS)ဟာ ကျွန်မတို့ကို ကိုယ်စားမပြုပါဘူး။ ဒါပေမယ့် လူငယ်တွေအပေါ် သြဇာလွှမ်းမိုးနေတာက စိုးရိမ်စရာ ကောင်းပါတယ်။ ဒါ့ကြောင့်ပဲ သူတို့ကို အရေးယူဖို့ လိုတာပါ”
    Ref: Aljazeera
  • အစ္စလာမ်ဘာသာဝင်တို့၏ ရမ်ဇာန်ဥပုသ်လ မနက်ဖြန်စမည်
    အစ္စလာမ်ဘာသာဝင်တို့၏ ရမ်ဇာန်ဥပုသ်လ မနက်ဖြန်စမည်
    မေ ၂၇၊ ၂၀၁၇
    M-Media
    – မြန်မာနိုင်ငံက အစ္စလာမ်ဘာသာဝင်တွေအတွက် ရမ်ဇာန်ဥပုသ်လဟာ မနက်ဖြန်မှ စတင်မှာဖြစ်တယ်လို့ အစ္စလာမ်ဘာသာရေးအဖွဲ့တွေက မနေ့မှာ အသိပေးကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။
    ဒါ့ကြောင့် ပြည်တွင်းက အစ္စလာမ်ဘာသာဝင်တွေဟာ မနက်ဖြန်ကစတင်ပြီး တစ်လတိတိ ဥပုသ်သီလ ဆောက်တည်ကြတော့မှာ ဖြစ်ပါတယ်။
    ဒီ ဥပုသ်လအတွင်းမှာ မနက် အာရုဏ်တက်ကနေ ညနေ နေ၀င်ချိန်အထိ စားခြင်း၊ သောက်ခြင်း၊ ဇနီးမောင်နှံ မေထုန်မှီဝဲခြင်းကို ရှောင်ရှားရမှာဖြစ်ပြီး ပြစ်မှုဒုစရိုက်တွေကိုလည်း အထူးရှောင်ကျဉ်ရမှာဖြစ်ပါတယ်။ ရမ်ဇာန် ဥပုသ်လမှာ ကောင်းမှုတစ်ခုလုပ်ရင် အခြားလတွေထက်ပိုပြီး အကျိုးကျေးဇူး ရရှိနိုင်တယ်လို့ မွတ်စလင်တွေက လက်ခံထားတာကြောင့် အလှူဒါနပြုတာ၊ ကုရ်အာန်ကျမ်းစာ ရွတ်ဖတ်တာ၊ ပုတီးစိပ်တာ၊ တရားထိုင်တာ၊ ၀တ်ပြုဆုတောင်းတာတွေကိုလည်း မွတ်စလင်တွေက ဒီလမှာ ပိုမိုဆောင်ရွက်ကြပါတယ်။
    အစ္စလာမ့်ပြက္ခဒိန်ဟာ လကိုအခြေခံပြီး တွက်ချက်တာကြောင့် ရမ်ဇာန်ဥပုလ်ကို ကိုယ်ရဲ့နိုင်ငံအတွင်း ဆန်းဦးစလ ကြည့်ရှုမှုနဲ့ ဆုံးဖြတ်ရပြီး ထိုင်း၊ စင်ကာပူ၊ မလေးရှား စတဲ့ အာဆီယံနိုင်ငံတော်တော်များများက ယနေ့မှာ ရမ်ဇာန်ဥပုသ်လကို စတင်ကြပါတယ်။
  • ဗီဒီယိုစာတမ်းထိုးဖိုင်နှင့် ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်နိုင်သည်ဟု ကျွမ်းကျင်သူများ သတိပေး
    ဗီဒီယိုစာတမ်းထိုးဖိုင်နှင့် ဆိုက်ဘာတိုက်ခိုက်မှု ပြုလုပ်နိုင်သည်ဟု ကျွမ်းကျင်သူများ သတိပေး
    မေ ၂၆၊ ၂၀၁၇
    M-Media
    – ဟက်ကာတွေဟာ အွန်လိုင်းဗီဒီယိုတွေက စာတမ်းထိုးဖိုင်တွေထဲမှာ ဗိုင်းရပ်စ်တွေဖွက်ကာ ကွန်ပျူတာတွေကို တိုက်ခိုက်မှု ပြုလုပ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးလိုက်ပါတယ်။
    Check Point ဆိုတဲ့ လုံခြုံရေးအဖွဲ့တစ်ခုက ဒီချို့ယွင်းချက်ကို တွေ့ရှိခဲ့တာဖြစ်ပြီး အွန်လိုင်းက တရားမ၀င်မဟုတ်ဘဲ ဒေါင်းလုတ်ဆွဲထားတဲ့ ဗီဒီယိုတွေက စာတမ်းထိုးဖိုင်တွေမှာ ဗိုင်းရပ်စ်မြှုပ်ထားကာ ကွန်ပျူတာကို ကာကွယ်ပေးထားတဲ့ လုံခြုံရေးဆော့ဖ်ဝဲတွေ၊ ဗိုင်းရပ်စ်တားဆီးတဲ့ ဆော့ဖ်ဝဲတွေကို အလွယ်တကူ ကျော်သွားနိုင်တယ်လို့လည်း ဆိုပါတယ်။
    ကွန်ပျူတာတွေမှာ အွန်လိုင်းကနေ တိုက်ရိုက်ကြည်တဲ့ ဗီဒီယိုဆော့ဖ်ဝဲတွေ၊ ဒါမှမဟုတ် ရုပ်ရှင်ကြည့်တဲ့၊ တီဗီအစီအစဉ်ကြည့်တဲ့ ဆော့ဖ်ဝဲ အသုံးပြုသူတွေဟာ ဒီလို တိုက်ခိုက်ခံရနိုင်တဲ့ အန္တရာယ်ရှိနေပြီး VLC၊ Kodi၊ Popcorn Time နဲ့ Stremio ပရိုဂရမ်တွေကနေတစ်ဆင့် ဗိုင်းရပ်စ်ပြန့်နှံ့နိုင်တယ်လို့ တွေ့ရကာ၊ တစ်ခြားဆော့ဖ်ဝဲတွေမှာလည်း ဖြစ်နိုင်ပါတယ်။
    Check Point ကတော့ ဒီလို စာတမ်းထိုးဖိုင်တွေကနေ တိုက်ခိုက်မှုဟာ စမတ်တီဗီတွေအပါအ၀င် ဆော့ဖ်ဝဲအသုံးပြုတဲ့ ဘယ်လို ကိရိယာမျိုးကိုမဆို အပြည့်အ၀ ထိန်းချုပ်နိုင်တယ်လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။
    ဗီဒီယိုအများစုဟာ မူလ စာတမ်းထိုးဖိုင်မပါပေမယ့် ကွန်ပျူတာက မီဒီယာပလေယာတွေဟာ အွန်လိုင်းကနေ စာတမ်းထိုးဖိုင်တွေကို အလိုအလျောက် ဒေါင်းလုပ်ဆွဲလေ့ရှိပြီး အန္တရာယ်မဖြစ်နိုင်တဲ့ Text ဖိုင်တွေဖြစ်တာနဲ့ အခြား Format များစွာ ရှိနေတာကြောင့် ဗိုင်းရပ်စ် စစ်တာမျိုး မလုပ်ကြပါဘူး။
    ဟက်ကာတွေဟာ opensubtitles.org လို စာတမ်းထိုး ၀ဘ်ဆိုက်တွေကို အသုံးချနိုင်ပြီး၊ ရုပ်ရှင်မှာ စာတမ်းစထိုးပြီဆိုတာနဲ့ ဗိုင်းရပ်စ်က ပြန့်နှံ့သွားတယ်လို့ Check Point က ထည့်သွင်းပြောကြားခဲ့ပါတယ်။
    Ref : Telegaph
  • မွတ်စလင်ဇနီးမောင်နှံအား လူမျိုးရေးခွဲခြားတိုက်ခိုက်သူကို ယူကေက ထောင် ၇ နှစ်ချ
    မွတ်စလင်ဇနီးမောင်နှံအား လူမျိုးရေးခွဲခြားတိုက်ခိုက်သူကို ယူကေက ထောင် ၇ နှစ်ချ
    မေ ၂၆၊ ၂၀၁၇
    M-Media
    – အင်္ဂလန်တွင် ကိုယ်ဝန်ဆောင် မွတ်စလင်အမျိုးသမီးတစ်ဦး၏ ဗိုက်ကို ကန်ကျောက်ခဲ့သည့် လူမျိုးရေးခွဲခြားသူကို တရားရုံးက ထောင်ဒဏ် ၃ နှစ်ကျော် ချမှတ်ခဲ့သည်ဟု သိရသည်။
    ဒေးဗစ် ဂါလချာဆိုသူဖြစ်ပြီး ပြီးခဲ့သည့်နှစ် စက်တင်ဘာလက အသက် ၃၄ နှစ်အရွယ် မွတ်စလင်အမျိုးသမီး ဆမ်ဆမ် ဟာဂျီ အလီနှင့် ၎င်း၏ အသက် ၄၀ အရွယ် ခင်ပွန်း အဘ်ဒူလာ ဆူလိုင်မန်တို့အား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
    အဆိုပါ မွတ်စလင်ဇနီးမောင်နှံနှစ်ဦး မောင်းနှင်လာသည့် ကားအနီးကို ဂါလချာ ရောက်ရှိလာပြီးနောက် ဆမ်ဆမ်အား ရိုင်းစိုင်းစွာ စော်ကားပြောဆိုခဲ့ပြီး ခင်ပွန်းသည်က ကြားဝင်ဖြန်ဖြေရန် ကြိုးသည့်အခါတွင် ၀ိုင်ပုလင်း၊ ရေခဲအိတ်များဖြင့် ရိုက်နှက်ခဲ့သည်။
    ထို့နောက် ဆမ်ဆမ်၏ ဗိုက် ကန်ကျောက်ခဲ့ပြီး ကိုယ်ဝန်ရှိနေသည်ဟု ဆမ်ဆမ်က တောင်းပန်ခဲ့သော်လည်း ဂါလချာက ရပ်တန့်ခြင်းမရှိဘဲ ၀ိုင်ပုလင်းဖြင့်ပါ ရိုက်နှက်ရန် ကြိုးစားခဲ့သည်။
    တရားသူကြီး ဖရန်စစ် ရှရီဒန်က ဂါလချာအား ‘လူဆိုးတစ်ဦး၊ လူမျိုးရေးခွဲခြားသူ လူရမ်းကားတစ်ဦး’ ဟု ခေါ်ဆိုခဲ့ပြီး ထောင်ဒဏ် ၃ နှစ်နှင့် ၇ လ ချမှတ်ခဲ့သည်။
    ထို့ပြင် တိုက်ခိုက်မှုတွင် လူမျိုးရေးခွဲခြားမှု ပါဝင်ကြောင်း၊ မွတ်စလင်အမျိုးသမီးအပေါ် သုံးနှုန်းသွားသည့် စကားလုံးများကို ကြည့်ခြင်းအားဖြင့် တိုက်ခိုက်သူမှာ လူမျိုးရေးခွဲခြားသူဖြစ်ကြောင်း၊ ဆမ်ဆမ်၏ ကိုယ်ဝန်ပျက်ကျမှုမှာ ဂါလချာက ဗိုက်ကို ကန်ကျောက်မှုဖြင့် တိုက်ရိုက် ဆက်စပ်နေကြောင်း တရားသူကြီးက ထည့်သွင်း ပြောဆိုခဲ့သည်။
    “ဒီတိုင်းပြည်မှာ လူမျိုးရေးခွဲခြားတဲ့အမြင်တွေကို လက်ခံမှာ မဟုတ်ပါဘူး” ဟု တရားသူကြီးက ဆိုသည်။
    ဂါလချာ၏ တိုက်ခိုက်မှုအတွင်း အဘ်ဒူလာ ဆူလိုင်မန်မှာလည်း ပေါက်ပြဲဒဏ်ရာ ရရှိခဲ့ပြီး ၄ ချက် ချုပ်ခဲ့ရသည်။
    Ref: Independent