News @ M-Media

Author: Ko Lay

  • မြောက်ကိုရီးယား၏ ရန်စမှုကို သည်းခံတော့မည်မဟုတ်ဟု ဂျပန်ပြော

    မြောက်ကိုရီးယား၏ ရန်စမှုကို သည်းခံတော့မည်မဟုတ်ဟု ဂျပန်ပြော

    မေ ၂၉၊ ၂၀၁၇
    M-Media

    – ယနေ့မနက်ပိုင်းတွင် မြောက်ကိုရီးယားက ဂျပန်ပင်လယ်ပြင်ထဲသို့ ဒုံးကျည်စမ်းသပ်မှု ပြုလုပ်ခဲ့ပြီးနောက် မိမိတို့အနေဖြင့် မြောက်ကိုရီးယား၏ လုပ်ရပ်များကို ထိထိရောက်ရောက် တုန့်ပြန်ရန်အတွက် အမေရိကန်နှင့် ဆက်သွယ်ဆောင်ရွက်သွားမည်ဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားလိုက်သည်။

    မြောက်ကိုရီးယားမှာ စကဒ်ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့ခြင်းဖြစ်ပြီး သီတင်းပတ်များအတွင်း ၃ ကြိမ်မြောက် ဒုံးကျည်စမ်းသပ်ခြင်းဖြစ်ကာ၊ ယခုနှစ်အတွင်း ၁၂ ကြိမ်မြောက်လည်း ဖြစ်သည်။

    “နိုင်ငံတကာအသိုင်းအ၀ိုင်းက အကြိမ်ကြိမ်သတိပေးမှုကို လစ်လျူရှုပြီး မြောက်ကိုရီးယားက ဆက်လက်ရန်စနေတာကို ကျွန်တော်တို့ သည်းခံတော့မှာ မဟုတ်ပါဘူး။ G7 ထိပ်သီးအစည်းအဝေးမှာ သဘောတူ ညီထားတဲ့အတိုင်း မြောက်ကိုရီးယားနဲ့ ပြဿနာဟာ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ ထိပ်တန်းဦးစားပေးဖြစ်ပါတယ်။ မြောက်ကိုရီးယားကို တားဆီးဖို့အတွက် အမေရိကန်နဲ့အတူ ကျွန်တော်တို့ ထိထိရောက်ရောက် တုန့်ပြန်မှု ပြုလုပ်သွားမှာပါ” ဟု အာဘေးက မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုအပြီး သိပ်မကြာခင်မှာပင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    မြောက်ကိုရီးယားမှာ ပြီးခဲ့သည့် ၃ ပတ်အတွင်း သီတင်းပတ်တိုင်းနီးပါးတွင် ဒုံးကျည်စမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီး ယနေ့မနက်က ပြုလုပ်ခဲ့သည့် တာတိုပစ် စကဒ်ဒုံးကျည်မှာ ကီလိုမီတာ ၄၅၀ ခန့် ပျံသန်းသွားပြီးနောက် ကိုရီးယားနှင့် ဂျပန်အကြား ဂျပန်ပင်လယ်ပြင်တွင် ကျရောက်ခဲ့သည်ဟု အမေရိကန် ပစိဖိတ်စစ်ဌာနချုပ်က
    ပြောကြားခဲ့သည်။

    အဆိုပါ ဒုံးကျည်မှာ ယခုနှစ်အတွင်း ပစ်လွှတ်ခဲ့ပြီး ဂျပန်နိုင်ငံအနီးသို့ ကျရောက်ခဲ့သည့် ဒုတိယမြောက် ဒုံးကျည်ဖြစ်သည်။

    Ref: Aljazeera

  • ဖိလစ်ပိုင်တွင် ခရစ်ယာန်များကို အကြမ်းဖက်များလက်မှ မွတ်စလင်များက သက်စွန့်ဆံဖျား ကယ်တင်

    ဖိလစ်ပိုင်တွင် ခရစ်ယာန်များကို အကြမ်းဖက်များလက်မှ မွတ်စလင်များက သက်စွန့်ဆံဖျား ကယ်တင်

    မေ ၂၉၊ ၂၀၁၇
    M-Media

    မွတ်စလင်များ ကယ်တင်ပေးခဲ့သည့် ခရစ်ယာန်များကို တွေ့ရစဉ်

    – IS ကို သစ္စာခံတဲ့ အကြမ်းဖက်သမားတွေနဲ့ အစိုးရတပ်ဖွဲ့တွေ တိုက်ခိုက်မှုဖြစ်ပွားနေတဲ့ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မာရာဝီမြို့က ရွာတစ်ရွာမှာ ပိတ်မိနေတဲ့ ခရစ်ယာန်တွေကို မွတ်စလင်မိသားစုက သက်စွန့်ဆံဖျား ကယ်တင်ပေးခဲ့ပါတယ်။

    Lanao del Sur ပြည်နယ် သတင်းအချက်အလက်ဆိုင်ရာ အရာရှိ ဆလ်မာ ဂျေနီ တာမာနိုနဲ့ သူ့ရဲ့ ဆွေမျိုးတွေက ခရစ်ယာန် ၃၉ ဦးကို ကယ်တင်ပေးခဲ့တာဖြစ်ပြီး ဒီကိစ္စကို လက်ထောက် ပြည်နယ်အုပ်ချုပ်ရေးမှူး မမ်မင်တဲလ် အဒီအွန်ကလည်း အတည်ပြုခဲ့ပါတယ်။

    “ဒါဟာ ကမ္ဘာကြီးကို မျှဝေဖို့ ထိုက်တန်တဲ့ မွတ်စလင်-ခရစ်ယာန် စည်းလုံးမှု ပြယုဂ်တစ်ခုပါပဲ” လို့ အဒီအွန်က ပြောကြားခဲ့ပါတယ်။

    အဲဒီ ခရစ်ယာန် ၃၉ ဦးဟာ အကြမ်းဖက်သမားတွေရှိနေတဲ့နေရာက တိုက်ခန်းတစ်ခုမှာ အနည်းဆုံး ၃၆ နာရီကျော်လောက် ပိတ်မိနေခဲ့ပြီး အစားအသောက် မစားရတာလည်း ရက်တော်တော်ကြာနေပြီလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

    တိုက်ခိုက်မှုတွေဖြစ်ပွားနေတဲ့အချိန် ခရစ်ယာန်တွေကို ဘေးလွတ်ရာနေရာမှာ ဖွက်ထားပေးတာကလည်း မွတ်စလင် သက်ကြီးရွယ်အို နှစ်ဦးဖြစ်ပြီး တာမာနိုတို့အဖွဲ့က အဲဒီ မွတ်စလင်နှစ်ဦးကိုလည်း ကယ်ထုတ်ခဲ့ပါတယ်။

    အဒီအွန်ကတော့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားနေတဲ့ ကြားထဲကပဲ ခရစ်ယာန် ၃၉ ဦးကို ကာကွယ်ပေးခဲ့တဲ့ မွတ်စလင်ရွာသားတွေကို ကျေးဇူးတင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ပြန်လည်နေရာချထား

    တိုက်ပွဲဖြစ်ပွားနေတဲ့ မာရာဝီမြို့ဟာ မွတ်စလင်အမျာစု နေထိုင်ရာမြို့ဖြစ်ပြီး မြို့သားတွေဟာ လွန်ခဲ့တဲ့ ၄ ရက်အတွင်းမှာ ခရစ်ယာန်တွေကို လုံခြုံတဲ့ ပြောင်းရွှေ့နေရာချထားမှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ မင်ဒါနာအို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အကူအညီပေးရေးအဖွဲ့ HEART က ပြောကြားခဲ့ပါတယ်။

    “မွတ်စလင်မဟုတ်တဲ့သူတွေရဲ့ အသက်တွေကို ကူညီကယ်တင်ပေးခဲ့တဲ့ မာရာဝီက မွတ်စလင်တွေကို အစိုးရအနေနဲ့ ကျေးဇူးတင်ပါတယ်။ HEART ဟာ သူတို့တွေကို နေထိုင်ခဲ့တဲ့ ပြည်နယ်တွေကို ပြန်ပို့ပေးဖို့ စီစဉ်ပေးခဲ့ပါတယ်” လို HEART က ဆက်သွယ်ရေးအရာရှိ မာရ်နာ ဂျိုဆီလင် ဟင်နရီက ပြောကြားခဲ့ပါတယ်။

    စာသင်ကျောင်းတစ်ကျောင်းကို သေနတ်သမားတွေက မီးရှို့တဲ့အချိန် ပိတ်မိနေတဲ့ ခရစ်ယာန် ၄၂ ယောက်ကို မွတ်စလင် အစိုးရရှေ့နေတစ်ဦးက ကယ်တင်ပေးခဲ့တယ်လို့လည်း ဟင်နရီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဒီရှေ့နေဟာ ခရစ်ယာန်တွေကို မာရာဝီမြို့ထဲက တစ်နေရာမှာ ဖွက်ထားပြီး နောက်ပိုင်းမှာ ကယ်ထုတ်ပေးခဲ့ပါတယ်။

    “ဘယ်လို ကယ်ဆယ်ခဲ့လဲဆိုတဲ့ အသေးစိတ်အချက်အလက်ကို ကျွန်မတို့ မရပါဘူး။ ဒီလို ကူညီမှုကြီးအတွက် ကျေးဇူးတင်ပါတယ်။ HEART ကလည်း ဒီ ၄၂ ယောက်အတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းကို ထပ်မံဆောင်ရွက်ပေးဖို့ အဆင်သင့် ရှိနေပါတယ်” လို့ ဟင်နရီက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    အစ္စလာမ်က အကြမ်းဖက်ဝါဒကို တားမြစ်

    ပြည်နယ်အုပ်ချုပ်ရေးမှူး မူဂျစ် ဟာတာမန်က အစိုးရတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ အဘူ ဆယက်ဖ်အဖွဲ့နဲ့ အခြား IS လက်ဝေခံ အကြမ်းဖက်အုပ်စုတွေကို မေလ ၂၃ ရက်နေ့က စိန်ခေါ်လိုက်ပြီး လက်ရှိ ကျရောက်နေတဲ့ ရမ်ဇာန်ဥပုသ်လမှာ မိမိကိုယ်ကို ပြန်လည်သုံးသပ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

    “(ဂျီဟတ်၊ အကြမ်းဖက်ဝါဒနဲ့ပတ်သက်ပြီး) သူတို့ယုံကြည်နေတာတွေဟာ အမှားတွေဆိုတာ သူတို့ နားလည်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ သူတို့လုပ်နေတာတွေက သူတို့ကိုသာ ပိုပြီး ထိုခိုက်စေတာကြောင့် လုပ်ရပ်တွေက မှားယွင်းနေပါတယ်။ သူတို့ဟာ အခြားသူတွေရဲ့ ဘ၀တွေကို ဖျက်ဆီးနေတာပါ” လို့
    ဟတာမန်က ပြောကြားခဲ့ပါတယ်။

    မင်ဒါနာအို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ အစ္စလာမ့်ဓမ္မသတ်ခုံရုံးက ၂၀၁၅ ခုနှစ်မှာ ဖသ်ဝါ ဓမ္မသတ်တစ်ခုကို ထုတ်ပြန်ခဲ့ပြီး အဲဒီ ဓမ္မသတ်မှာ “ဂျီဟတ် ဒါမှမဟုတ် ဒုက္ခကနေ လွတ်မြောက်ရာလွတ်မြောက်ကြောင်း ကြိုးပမ်းအားထုတ်မှုတွေကို အကြမ်းဖက်ဝါဒ၊ ထိခိုက်နစ်နာစေခြင်းနဲ့ တွဲသုံးတာမျိုး လက်ခံမှာမဟုတ်ဘဲ မိမိတို့ရဲ့
    သာသနာဟာ ကမ္ဘာမြေပေါ်မှာရှိတဲ့ သက်ရှိသတ္တ၀ါအားလုံးကို သနားကြင်နာရမယ်လို့ သင်ပေးထားတာကြောင့် ဖြစ်တယ်” လို့ ဖော်ပြထားပါတယ်။

    “အစ္စလာမ်သာသနာဟာ ရာဇ၀တ်လုပ်ရပ်တွေ၊ အကြမ်းဖက်လုပ်ရပ်တွေကို လက်မခံပါဘူး။ ဘာ့ကြောင့်လည်းဆိုတော့ အပြစ်မဲ့တဲ့ လူသားတွေကို သတ်ဖြတ်ခြင်း၊ သူတို့ရဲ့ ငွေကြေဥစ္စာတွေကို ဓားပြတိုက်ခြင်း၊ သူတို့ရဲ့ အသက်တွေကို မတရားသဖြင့် တိုက်ခိုက်ခြင်း၊ ယုံကြည်သူတွေရဲ့ စိတ်နှလုံးသားထဲမှာ အကြမ်းဖက်မှု၊ ကြောက်ရွံ့မှုတွေ ပြန့်နှံ့စေခြင်းတွေဟာ အစ္စလာမ်နဲ့ အစ္စလာမ့်တရားတော်မှာ တားမြစ်ပိတ်ပင်ထားတာကြောင့် ဖြစ်တယ်” လို့လည်း ဓမ္မသတ်ခုံရုံးက ထုတ်ပြန်ခဲ့ပါတယ်။

    Ref: Phil Star

  • မန်ယူကွင်းလယ်လူပေါ့ဘာ မက္ကာသို့သွားရောက် အွမ္မရာ ပြုလုပ်

    မန်ယူကွင်းလယ်လူပေါ့ဘာ မက္ကာသို့သွားရောက် အွမ္မရာ ပြုလုပ်

    မေ ၂၈၊ ၂၀၁၇
    M-Media

    – မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကမ္ဘာ့ကြေးအကြီးဆုံး ကွင်းလယ်လူ ပေါလ် ပေါ့ဘာဟာ အစ္စလာမ်ဘာသာဝင်တို့ရဲ့ ရမ်ဇာန်ဥပုသ်လ စတင်တဲ့ အချိန်မှာပဲ ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့ကို အွမ္မရာခရီးစဉ်အတွက် ရောက်ရှိနေတယ်လို့ သိရပါတယ်။

    အစ္စလာမ်ဘာသာဝင်တို့ရဲ့ ဘာသာရေးကျင့်စဉ်တစ်ခုဖြစ်တဲ့ အွမ္မရာပြုလုပ်ရာမှာ ၀တ်ဆင်ရတဲ့ အဖြူရောင်ခြုံထည်ကို ၀တ်ဆင်ထားပြီး မက္ကာကိုရောက်ရှိနေတဲ့ ပေါ့ဘာရဲ့ ဓာတ်ပုံတွေဟာလည်း စနေ့နေ့မှာ အင်တာနက် စာမျက်နှာပေါ်ကို ရောက်ရှိလာခဲ့ပါတယ်။

    မန်ချက်စတာက သူ့အိမ်ရှေ့မှာ အထုပ်အပိုးတွေနဲ့ ရိုက်ကူးကာ Instagram စာမျက်နှာမှာ လွှင့်တင်ထားတဲ့ ဗီဒီယိုမှာဆိုရင် “ဒီဘောလုံးရာသီအတွက် ကျေးဇူးတော်ကို ချီးမွမ်းဖို့ ကျွန်တော် သွားတော့မှာပါ။ မန်ချက်စတာမှာ မကြာခင်ပြန်တွေ့ကြမယ်။ ဆုတောင်းမှုခရီး စတင်ပါပြီ” လို့ ပရိတ်သတ်တွေကို ပြောကြားခဲ့ပါ
    တယ်။

    ပေါ့ဘာကို ဘာသာရေးလေးစားသူတစ်ယောက်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် သိရှိထားပါတယ်။

    နွေရာသီမှာ ကမ္ဘာ့ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ နဲ့ မန်ယူကို ရောက်လာတဲ့ ပေါ့ဘာဟာ ပြီးခဲ့တဲ့ ၃ ရက်က ယူရိုပါဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီး ဒါဟာ သူ့ရဲ့ ကစားသမားဘ၀ သက်တမ်းတစ်လျှောက် ပထမဆုံး ဥရောပဖလား ဖြစ်ပါတယ်။

    Ref: Dailymail

  • လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံကို ထောက်ခံသည့် ဆန္ဒထုတ်ဖော်မှု အစ္စရေးပြည်သူများ ပြုလုပ်

    လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံကို ထောက်ခံသည့် ဆန္ဒထုတ်ဖော်မှု အစ္စရေးပြည်သူများ ပြုလုပ်

    မေ ၂၈၊ ၂၀၁၇
    M-Media

    – ပါလက်စတိုင်းပိုင်နက်များအား အစ္စရေးအစိုးရက သိမ်းပိုက်ထားမှုကို ရပ်တန့်ရန်နှင့် လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံအား ထောက်ခံရန် ရည်ရွယ်၍ အစ္စရေးပြည်သူ ထောင်ပေါင်းများစွာက ယမန်နေ့တွင် ချီတက်ဆန္ဒပြမှု ပြုလုပ်ခဲ့သည်ဟု သိရသည်။

    ချီတက်ဆန္ဒပြမှုကို စီစဉ်သည့်အဖွဲ့များမှ တစ်ခုဖြစ်သည့် Peace Now အဖွဲ့က အစ္စရေးအစိုးရက ‘အစဉ်တစ်စိုက် သိမ်းပိုက်နေခြင်း၊ အကြမ်းဖက်ခြင်းနှင့် လူမျိုးရေးခွဲခြားခြင်း’ တို့အားဖြင့် ပါလကစ်တိုင်းပြည်သူများအား မျှော်လင့်ချက်နည်းပါးစေမှုကို ရှုတ်ချရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆိုသည်။

    “ကျူးကျော်သိမ်းပိုက်မှုကို ဆန့်ကျင်တဲ့သူတွေဟာ အစ္စရေးလူ့အဖွဲ့အစည်းမှာ ကြီးကြီးမားမား ရှိနေတယ်ဆိုတာကို အစ္စရေးပြည်သူတွေ၊ ပါလက်စတိုင်းပြည်သူတွေနဲ့ ကမ္ဘာကြီးကို သက်သေပြဖို့ အချိန်ကျပါပြီ” ဟု Peace Now အဖွဲ့၏ အကြီးအကဲ အဗီ ဘက်စ်ကီလာက ပြောကြားခဲ့သည်။

    ချီတက်ဆန္ဒပြသူများမှာ ပါလက်စတိုင်းအလံများကို လွှင့်ထူ ဝှေ့ယှမ်းခဲ့ကြပြီး၊ ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်ကလည်း ထိုဆန္ဒပြပွဲသို့ သ၀ဏ်လွှာတစ်စောင် ရေးသားပေးပို့ခဲ့သည်။

    “တရားမျှတမှု၊ အလုံးစုံငြိမ်းချမ်းမှုဆိုတဲ့ အသံတွေထက်ပိုပြီး ကျယ်လောင်တဲ့ အသံမျိုး မရှိပါဘူး။ ကျူးကျော်သိမ်းပိုက်ခံထားရမှုဆိုတဲ့ ၀န်ထုပ်ဝန်ပိုးကနေ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်၊ လွတ်လပ်ခွင့်ဆိုတဲ့ အသံထက် ကျယ်လောင်တဲ့ အသံမျိုး မရှိသလိုပါပဲ” ဟု သ၀ဏ်လွှာတွင် ဖော်ပြထားသည်။

    အစ္စရေး၏ အတိုက်အခံ လေဘာပါတီခေါင်းဆောင် အိုက်ဇက် ဟာဇွဂ်ကလည်း အဆိုပါ ဆန္ဒပြမှုတွင် မိန့်ခွန်းပြောကြားခဲ့ပြီး လွတ်လပ်သော ပါလက်စတိုင်းနိုင်ငံမှာ ဆယ်စုနှစ်ချီ ကြာမြင့်နေသည့် ပြဿနာအတွက် အဖြေဖြစ်သည်ဟု ထောက်ခံခဲ့သည်။

    ထို့ပြင် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်အတူ ရှေ့ဆက်သွားရမည့် အခွင့်အလမ်းကို လက်လွှတ်နေသည်ဟုလည်း ဝေဖန်ခဲ့သည်။

    အစ္စရေးမှာ ၁၉၆၇ ခုနှစ် စစ်ပွဲအတွင်း ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းနှင့် အရှေ့ဂျေရုစလင်တို့ကို သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း အရှေ့ဂျေရုစလင်ကို ၎င်း၏ ပိုင်နက်အတွင်းသို့ သွတ်သွင်းခဲ့ကာ ထိုလုပ်ရပ်ကို နိုင်ငံတကာအသိုင်းအ၀ိုင်းက အသိအမှတ်မပြုပေ။

    ၁၉၆၇ ခုနှစ်နောက်ပိုင်း ပါလက်စတိုင်းပိုင်နက်များတွင် အစ္စရေးက ကျူးကျော်အိမ်ရာ ၂၃၀ ကျော် တည်ဆောက်ထားပြီး လူပေါင်း သန်းဝက်ခန့် နေထိုင်နေကြသည်။

    Ref: PressTV

  • အစ္စရေးထောင်ရှိ ပါလက်စတိုင်းအကျဉ်းသားများ အစာငတ်ခံဆန္ဒပြမှု အဆုံးသတ်

    အစ္စရေးထောင်ရှိ ပါလက်စတိုင်းအကျဉ်းသားများ အစာငတ်ခံဆန္ဒပြမှု အဆုံးသတ်

    မေ ၂၈၊ ၂၀၁၇
    M-Media

    – အကျဉ်းထောင်အခြေအနေ တိုးတက်ရေးနှင့်ပတ်သက်၍ အစ္စရေးအာဏာပိုင်များနှင့် သဘောတူညီချက် ရရှိခဲ့ပြီးနောက် အစ္စရေးအကျဉ်းထောင်အတွင်းရှိ ပါလက်စတိုင်းအကျဉ်းသားများမှာ ယမန်နေ့က အစာငတ်ခံ ဆန္ဒပြမှုကို အဆုံးသတ်လိုက်သည်ဟု သိရသည်။

    နှိပ်စက်ခံရခြင်း၊ မိသားစုနှင့်တွေ့ခွင့်မရခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းခြင်း၊ တရားစွဲ၍မရသော်လည်း ဆက်လက်ဖမ်းဆီးထားခြင်း စသည့် အကြောင်းအရင်းများကြောင့် အစ္စရေးအကျဉ်းထောင်အတွင်းရှိ ပါလက်စတိုင်းအကျဉ်းသား ၁၅၀၀ ကျော်မှာ ဧပြီလ ၁၇ ရက်နေ့မှစ၍ အစာငတ်ခံ ဆန္ဒပြခဲ့ကြသည်။

    အဆိုပါ ဆန္ဒပြမှုကို ထောက်ခံသည့်အနေဖြင့် အစ္စရေးက သိမ်းပိုက်ထားသော ပါလက်စတိုင်းနယ်မြေများမှ ပါလက်စတိုင်း ပြည်သူများမှာ ချီတက်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီး အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ဆုံခဲ့သည်။

    နိုင်ငံတကာ ကြက်ခြေနီအဖွဲ့၊ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့က အကျဉ်းသားတစ်ယောက်အတွက် တစ်လလျှင် လာရောက်တွေ့ဆုံသူနှစ်ဦး ခွင့်ပြုပေးရန် အပါအ၀င် အစ္စရေးနှင့် သဘောတူညီချက် ရရှိပြီးနောက်ပိုင်း ပါလက်စတိုင်းအကျဉ်းသား ၈၀၀ ကျော်မှာ ယမန်နေ့က အစာငတ်ခံ ဆန္ဒပြမှုကို အဆုံးသတ်ခဲ့သည်။ သဘောတူညီချက် အသေးစိတ်ကိုမူ ထုတ်ပြန်ခြင်း မရှိသေးပေ။

    ဗုဒ္ဓဟူးန့က ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဇိုက် ရာအဒ် အလ်-ဟူစိန်ကလည်း ဖမ်းဆီးထားသော ပါလက်စတိုင်းများ၏ နေထိုင်မှုအခြေအနေ တိုးတက်စေရေး ဆောင်ရွက်ပေးရန် အစ္စရေးကို တိုက်တွန်းခဲ့သည်။

    အစ္စရေးအကျဉ်းထောင်များတွင် လက်ရှိ ပါလက်စတိုင်းအကျဉ်းသားအရေအတွက်မှာ ၆၅၀၀ ကျော် ရှိနေပြီး မည်သည့်အပြစ်မှ မရှိသောကြောင့် တရားစွဲမှု ပြုလုပ်၍မရသော်လည်း လွှတ်မပေးသည့် အကျဉ်းသားများစွာလည်း ပါဝင်သည်။

    Ref: Aljazeera