News @ M-Media

Author: Ko Lay

  • IS ကို အရင်းတည်ပြီး အစ္စရေးက လုပ်စားနေလား

    IS ကို အရင်းတည်ပြီး အစ္စရေးက လုပ်စားနေလား

    မေ ၁၈၊ ၂၀၁၇
    M-Media

    – ပြီးခဲ့တဲ့တစ်ပတ် ရုရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ အိမ်ဖြူတော်မှာတွေ့ဆုံတဲ့အချိန် ထရမ့်က ပြောကြားခဲ့တဲ့ ISနဲ့ပတ်သက်တဲ့ ထိပ်တန်းလျှို့ဝှက်ချက်ရဲ့ ထောက်လှမ်းရေးရင်းမြစ်က အစ္စရေးဖြစ်နေတယ်လို့ အမေရိကန် သတင်းဌာနတွေက ဖော်ပြလိုက်ပြီး သောကပတ်လည်ဝိုင်းနေတဲ့ ထရမ့်အစိုးရအတွက် နောက်ထပ် အငြင်
းပွားဖွယ် ကိစ္စတစ်ခု ဖြစ်လာပါတယ်။

    နယူးယောက်တိုင်းမ်စ်က အင်္ဂါနေ့ ဖော်ပြမှုမှာ ထရမ့်က ရုရှားတွေကို ပြောလိုက်တယ်ဆိုတဲ့ လျှို့ဝှက်ချက်ဟာ အစ္စရေးက အမေရိကန် ထောက်လှမ်းရေးအေဂျင်စီတွေကို ပေးထားတဲ့ သတင်းဖြစ်တယ်လို့ ဆိုပါတယ်။

    အဲဒီသတင်းက IS အကြမ်းဖက်အဖွဲ့ဟာ လက်တော့ကွန်ပျူတာတွေကို အသုံးပြုကာ လေယာဉ်တွေပေါ်မှာ ဖောက်ခွဲရေးတွေလုပ်ဆောင်ဖို့ ကြံစည်နေတယ်ဆိုတဲ့ သတင်းပါ။

    အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး အိခ်ျအာရ် မက်မာစတာက ထရမ့်အနေနဲ့ ဒီလို ပြောကြားခဲ့တာမျိုး မရှိဘူးလို့ ငြင်းဆိုခဲ့ပြီး အရင်ဆုံးဖော်ပြတဲ့ ၀ါရှန်တန်ပို့စ်က သတင်းဟာ သတင်းမှားဖြစ်တယ်လို့ ဆိုပါတယ်။

    အလ်ဂျာဇီးရားသတင်းဌာနနဲ့ မေးမြန်းမှုကို CIA ပြောရေးဆိုခွင့်ရှိသူတစ်ဦးက မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပြီး အမေရိကန်အမျိုးသား လုံခြုံရေးကောင်စီကို ညွှန်ခဲ့ပါတယ်။

    နောက်ပိုင်းမှာ ထရမ့်က သူ့အနေနဲ့ ရုရှားတွေကို နိုင်ငံရဲ့ ထိပ်တန်းလျှို့ဝှက်ချက်တွေ ပြောခဲ့တယ်ဆိုတာ ၀န်ခံခဲ့ပါတယ်။

    IS က လက်တော့တွေအသုံးပြုပြီး လေယာဉ်တွေကို ဖောက်ခွဲမယ်ဆိုတဲ့ သတင်းကို အစ္စရေး ပေးတယ်ဆိုတဲ့အကြောင်း အခြားသော အမေရိကန်မီဒီယာတွေကကလည်း သူတို့နည်းသူတို့ဟန်နဲ့ စုံစမ်းပြီး နယူးယောက်တိုင်းမ်စ်ရဲ့ ဖော်ပြမှုကို အတည်ပြုခဲ့ပါတယ်။

    အမေရိကန်နိုင်ငံဆိုင်ရာ အစ္စရေးသံအမတ် ရွန် ဒါရ်မာရ်က ထုတ်ပြန်တဲ့ ကြေငြာချက်မှာ အစ္စရေးအနေနဲ့ အမေရိကန်နဲ့ ထောက်လှမ်းရေးသတင်း မျှဝေမှုလုပ်ငန်းမှာ ယုံကြည်မှု အပြည့်အ၀ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် နယူးယောက်တိုင်းမ်စ်ရဲ့ ဖော်ပြမှုနဲ့ပတ်သက်ပြီး သီးခြားမှတ်ချက်ပေးတာမျိုး မပါဝင်ခဲ့ပါဘူး။

    IS ဟာ လက်တော့ကွန်ပျူတာတွေမှာ ဗုံးတွေထည့်နိုင်တဲ့ စွမ်းရည် ရရှိသွားပြီဆိုတဲ့ စိုးရိမ်မှုတွေနဲ့ပတ်သက်ပြီး အစ္စရေးရဲ့ ထောက်လှမ်းရေးအချက်အလက်ပေါ်မှာ သံသယတွေလည်း ရှိနေပါတယ်။

    မတ်လအတွင်း အမေရိကန်က မွတ်စလင်အများစုရှိရာ နိုင်ငံ ၈ နိုင်ငံက လာရောက်မယ့် လေယာဉ်တွေပေါ်မှာ အရွယ်အစားကြီးမားတဲ့ အီလက်ထရောနစ်ပစ္စည်းတွေ လူနဲ့အတူ မတင်ရဘူးဆိုတဲ့ အမေရိကန်အစိုးရရဲ့ တားမြစ်ချက်ဟာ ဒီသတင်းကြောင့် ဖြစ်တယ်လို့လည်း ပြောဆိုမှုတွေ ရှိနေပါတယ်။

    ဒီတားမြစ်ချက်ကို ခံစားခဲ့ရတဲ့ လေကြောင်းလိုင်းတွေက Royal Jordanian Airlines၊ EgyptAir၊ Turkish Airlines၊ Saudi Airlines၊ Kuwait Airways၊ Royal Air Maroc၊ Qatar Airways၊ Emirates နဲ့ Etihad Airways တွေ ဖြစ်ပါတယ်။

    အမေရိကန်ကို တိုက်ရိုက်ပျံသန်းကြတဲ့ ဒီလေကြောင်းလိုင်းတွေဟာ အမေရိကန် လေကြောင်းကုမ္ပဏီတွေအတွက် ကြီးမားတဲ့ ပြိုင်ဆိုင်မှုတွေဖြစ်နေပြီး အထူးသဖြင့် နွေရာသီကာလတွေမှာ ဖြစ်ပါတယ်။

    စီအိုင်အေ အရာရှိဟောင်း ဂျွန် ကီရီယာကူက IS ရဲ့ ဒီလိုကိစ္စနဲ့ပတ်သက်ပြီး အင်မတန်အရေးပါတဲ့ ထောက်လှမ်းရေးအချက်အလက်တွေကို အစ္စရေးက ရရှိတယ်ဆိုတဲ့အပေါ်မှာ သင်္ကာမကင်း ဖြစ်နေပါတယ်။

    “ဂျော်ဒန်၊ တူရကီထောက်လှမ်းရေးတွေက ဒီလို သတင်းရတယ်ဆိုရင် ဒါက ပိုပြီး ယုတ္တိရှိတယ်ဗျ။ ဘာ့ကြောင့်လည်းဆိုတော့ ဒီအဖွဲ့တွေက IS လိုအဖွဲ့မျိုးနဲ့ ရင်ဆိုင်ရတဲ့ အချိန်အတိုင်းအတာက ကြာပြီလေ။ အရှေ့အလယ်ပိုင်း လေကြောင်းစီးပွားရေးကို ကဖျက်ယဖျက်လုပ်ပြီး ကိုယ်ကျိုးရှာချင်လို့ အစ္စရေးက ဒီလိုလု
    ပ်တယ် ဆိုရင်လည်း ကျွန်တော် အံ့သြမိမှာ မဟုတ်ပါဘူး” လို့ ကီရီယာကူက ပြောပါတယ်။

    CNN က အမေရိကန်ကိုလာမယ့် လေကြောင်းလိုင်းတွေပေါ်မှာ လက်တော့တွေကို ပိတ်ပင်မယ့်သတင်းကို မတ်လ ၃၁ ရက်နေ့က ဖော်ပြရမှာ ထောက်လှမ်းရေးနဲ့ဆိုင်တဲ့ အချက်အလက်တွေကို ချန်ခဲ့ရခြင်းဟာ အမေရိကန် ထောက်လှမ်းရေး တာဝန်ရှိသူတွေက အမျိုးသားလုံခြုံရေး စိုးရိမ်မှုကြောင့် မဖော်ပြဖို့ မေတ္တာရပ်ခံတဲ့အတွက် ဖစ်တယ်လို့ အင်္ဂါနေ့မှာ ဖော်ပြခဲ့ပါတယ်။

    “မတ်လနှောင်းပိုင်းမှာ အမေရိကန်တာဝန်ရှိသူတွေက -ထောက်လှမ်းရေးသတင်းရရှိတဲ့ မြို့တစ်ခု အပါအ၀င် – တစ်ချို့အချက်အလက်တွေကို ဖော်ပြရင် ရန်သူတွေကို ထောက်လှမ်းရေးရင်းမြစ်တွေ၊ နည်းလမ်းတွေ အသိပေးသလို ဖြစ်သွားနိုင်တယ်လို့ ပြောခဲ့ပါတယ်” လို့ CNN က ရေးသားခဲ့ပါတယ်။

    Ref: Aljazeera

  • ရွေးကောက်ပွဲ ရုရှားဝင်ရှုပ်မှုကိစ္စအတွက် အထူးအကြံပေးတစ်ဦးကို ကန်တရားရေး ခန့်အပ်

    ရွေးကောက်ပွဲ ရုရှားဝင်ရှုပ်မှုကိစ္စအတွက် အထူးအကြံပေးတစ်ဦးကို ကန်တရားရေး ခန့်အပ်

    မေ ၁၈၊ ၂၀၁၇
    M-Media

    – နိုဝင်ဘာရွေးကောက်ပွဲတွင် ရုရှားက ကြားဝင်စွက်ဖက်မှုများ ရှိခဲ့ကာ ထရမ့်အောင်နိုင်ရေး အဖွဲ့နှင့် ဆက်သွယ်မှုရှိသည်ဆိုသည့် သတင်းများအတွက် စုံစမ်းစစ်ဆေးမှုကို ကြီးကြပ်ရန် FBI ဒါရိုက်တာဟောင်း ရောဘတ် မူလာကို အထူးအကြံပေးအဖြစ် အမေရိကန်တရားရေးဝန်ကြီးဌာနက ခန့်အပ်လိုက်သည်ဟု သိရသည်။

    လက်ထောက် တရားသူကြီးချုပ်ကမူ စုံစမ်းစစ်ဆေးမှုတွင် အပြင်လူ ပါဝင်လာခြင်းမှာ ပြည်သူ့ အကျိုးစီးပွားအတွက် ဖြစ်သည်ဟု ပြောကြားခဲ့ပြီး နိုင်ငံရေးအသိုင်းအ၀ိုင်းကလည်း ချီးကျူးခဲ့ကြသည်။

    စုံစမ်းမှုကို ဦးဆောင်နေသည့် FBI အကြီးအကဲ ဂျိမ်းစ်ကိုမေးကို သမ္မတထရမ့်က ပြီးခဲ့သည့်တစ်ပတ်တွင် ရာထူးမှ ထုတ်ပယ်ခဲ့ပြီးနောက်ပိုင်း ထိုကိစ္စနှင့်ပတ်သက်၍ အထူးတရားသူကြီးတစ်ဦး ခန့်အပ်ပေးရန် တောင်းဆိုမှုများ မြင့်တက်လာခဲ့သည်။

    ထရမ့်ကမူ ယခု မစ္စတာမူလာကို ခန့်အပ်ခြင်းကြောင့် စုံစမ်းစစ်ဆေးမှုမှာ မိမိနှင့် မိမိ၏ အောင်နိုင်ရေး လှုပ်ရှားမှု အဖွဲ့ကို ရှင်းရှင်းလင်းလင်းဖြစ်စေမည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်။ ယခင်က အိမ်ဖြူတော်မှာ ထိုစစ်ဆေးမှုအတွင်း အပြင်လူ ပါဝင်စရာမလိုဟု ပြောကြားဖူးသည်။

    အထက်လွှတ်တော်မှ ထိပ်တန်း ဒီမိုကရက် ချက် ရှူးမားကလည်း မစ္စတာမူလာမှာ ထိုအလုပ်အတွက် သင့်လျော်သူဖြစ်သည်ဟု ဆိုသည်။

    Ref: BBC

  • ဆော်ဒီက နိုင်ငံပိုင် လက်နက်ကုမ္ပဏီတစ်ခု ထူထောင်

    ဆော်ဒီက နိုင်ငံပိုင် လက်နက်ကုမ္ပဏီတစ်ခု ထူထောင်

    မေ ၁၈၊ ၂၀၁၇
    M-Media

    – ဆော်ဒီနိုင်ငံပိုင် ပြည်သူ့ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ (PIF) က နိုင်ငံအတွင်း အလုပ်အကိုင် ထောင်ပေါင်းများစွာကို ဖန်တီးပေးရန်အတွက် နိုင်ငံပိုင် လက်နက်စက်ရုံတစ်ခုကို တည်ထောင်လိုက်ပြီဟု ယမန်နေ့တွင် ကြေငြာခဲ့သည်။

    ဆော်ဒီအာရေဗျ စစ်လက်နက်ပစ္စည်းစက်ရုံ (SAMI) ဟု အမည်ပေးထားသည့် အဆိုပါကုမ္ပဏီမှာ နိုင်ငံ၏ ၂၀၃၀ ရည်မှန်းချက် အစိတ်အပိုင်းဖြစ်သည်ဟု PIF ၏ ကြေငြာချက်တွင် ဖော်ပြထားသည်။

    ၂၀၃၀ ရည်မှန်းချက်အရ ဆော်ဒီမှာ စီးပွားရေးတွင် ရေနံအပေါ် မှီခိုနေရမှုကို လျှော့ချမည်ဖြစ်ပြီး အခြားသော နည်းလမ်းများဖြင့် ၀င်ငွေတိုးအောင် ဆောင်ရွက်မည်ဖြစ်သည်။

    SAMI တွင် ကနဦးအနေဖြင့် လေကြောင်း စနစ်၊ ကြည်းကြောင်းနစ်၊ လက်နက်နှင့် ဒုံးကျည်များ၊ ကာကွယ်ရေးဆိုင်ရာ ပစ္စည်းများ စသဖြင့် ထုတ်လုပ်ရေးကဏ္ဍ ၄ ခု ခွဲထားပြီး၊ လေယာဉ်ပြုပြင်မှု၊ မောင်းသူမဲ့လေယာဉ်များ ထုတ်လုပ်မှု၊ ပြုပြင်မှုတို့ကိုလည်း လုပ်ဆောင်သွားမည်ဟု ကြေငြာချက်က ဆိုသည်။

    PIF ကမူ ယခု ကုမ္ပဏီအသစ်မှာ အလုပ်အကိုင်ပေါင်း ၄ သောင်းကျော်ကို ဖန်တီးပေးသွားနိုင်မည်ဟု မျှော်လင့်ထားပြီး အထူးသဖြင့် နည်းပညာနှင့် အင်ဂျင်နီယာကဏ္ဍများတွင် ဖြစ်သည်။ ထို့ပြင် ဆက်စပ် အလုပ်အကိုင်ပေါင်း ၃ သောင်းကျော်၊ အလယ်အလတ်နှင့် အငယ်စား ကုမ္ပဏီ ရာကျော် ပေါ်ထွက်လာမည်ဟုလည်း မျှော်လင့်ထားသည်။

    ဆော်ဒီ ကာကွယ်ရေးဝန်ကြီဖြစ်ပြီး PIF ၏ ဥက္ကဌဖြစ်သူ ဒုတိယအိမ်ရှေ့မင်းသားက SAMI မှာ ၂၀၃၀ ရည်မှန်းချက်တွင် ဖော်ပြထားသည့် ရည်ရွယ်ချက်များ အောင်မြင်ရေး အဓိက အထောက်အကူပြုမည်ဖြစ်ပြီး နိုင်ငံ၏ ကာကွယ်ရေးပစ္စည်း ၅၀ ရာခိုင်နှုန်းကို နိုင်ငံအတွင်းမှာပင် ထုတ်လုပ်သွားနိုင်မည်ဟု ပြောကြားခဲ့သည်။

    ထိုလုပ်ငန်းမှာ ဆော်ဒီ၏ ဂျီဒီပီတွင် ကန်ဒေါ်လာ ၃.၇ ဘီလီယံ တိုးလာမည်ဖြစ်ပြီး၊ စစ်ဖက်ဆိုင်ရာ သုတေသနတွင် ရီယဲလ် ၆ ဘီလီယံ ရင်းနှီးမြှုပ်နှံရန်အတွက် ကုမ္ပဏီက လျာထားသည်။

    Ref: Alarabiya

  • ရော်နယ်ဒို၏ ဥရောပဂိုးသွင်းစံချိန်သစ်နဲ့ ရီးယဲလ် လာလီဂါချန်ပီယံဖြစ်ရန် ၁ မှတ်သာလိုတော့

    ရော်နယ်ဒို၏ ဥရောပဂိုးသွင်းစံချိန်သစ်နဲ့ ရီးယဲလ် လာလီဂါချန်ပီယံဖြစ်ရန် ၁ မှတ်သာလိုတော့

    မေ ၁၈၊ ၂၀၁၇
    M-Media

    – ယနေ့မနက် ကစားခဲ့သည့် လာလီဂါပွဲစဉ် ၃၇ တွင် ဆဲလ်တာဗီဂိုအသင်းအား ၄ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် ရီးယဲလ်မက်ဒရစ်အသင်းမှာ လာလီဂါချန်ပီယံဖြစ်ရန်အတွက် ၁ မှတ်သာလိုတော့သည်။

    အဝေးကွင်းတွင် သွားရောက်ကစားခဲ့ရသည့် ထိုပွဲတွင် ရီးယဲလ်မှာ ရော်နယ်ဒို၊ ဘန်ဇီမာနှင့် တိုနီကရူးစ်တို့၏ သွင်းဂိုးများဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

    ၂ ဂိုးသွင်းယူခဲ့သည့် ရော်နယ်ဒိုမှာ ဥရောပ ထိပ်တန်းလိဂ် ၅ ခုတွင် ဂိုးအများဆုံး သွင်းယူထားသည့် အင်္ဂလိပ်ကစားသမား ဂျင်မီ ဂရီဗက်စ်၏ ၃၆၆ ဂိုး စံချိန်ကို ၃၆၈ ဂိုးဖြင့် ကျော်ဖြတ်နိုင်ခဲ့သည်။

    ယခုပွဲအနိုင်ကြောင့် ရီးယဲလ်မှာ လက်ကျန် ၁ ပွဲအလိုတွင် ဘာစီလိုနာအား ၃ မှတ်ဖြတ်ကာ ထိပ်ဆုံး၌ ဦးဆောင်နေပြီး စနေနေ့ ဇယားအလယ်မှ မာလာဂါအသင်းနှင့်ပွဲတွင် ၁ မှတ်ရရုံမျှဖြင့် လာလီဂါချန်ပီယံ ဖြစ်လာမည်ဖြစ်သည်။

    ရီးယဲလ်မှာ ထိုပွဲတွင် ရှုံးနိမ့်ခဲ့ပြီး ဘာစီလိုနာကလည်း အီဘာအသင်းကို အနိုင်ရပါက ၎င်းတို့နှစ်သင်း ထိပ်တိုက်တွေ့ဆုံမှုအရ ဘာစီလိုနာက ၃ နှစ်ဆက် ချန်ပီယံဖြစ်လာမည်ဖြစ်သည်။

    “နေ့စဉ်နေ့တိုင်း ဖလားနဲ့ နီးကပ်လာပေမယ့် ကျွန်တော်တို့ ဖြတ်သန်းရမယ့် အခက်အခဲဆုံးအပိုင်းက ရှိနေတုန်းပါပဲ” ဟု ဇီဒိန်းက ဆဲလ်တာဗီဂိုနှင့် ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: BBC

  • အချစ်အတွက် အဆောင်အယောင်စွန့်တော့မယ့် ဂျပန်တော်ဝင်မင်းသမီး

    အချစ်အတွက် အဆောင်အယောင်စွန့်တော့မယ့် ဂျပန်တော်ဝင်မင်းသမီး

    မေ ၁၇၊ ၂၀၁၇
    M-Media

    – ဂျပန်ဘုရင်ကြီး အကီဟီတိုရဲ့ အကြီးဆုံး မြေးဖြစ်သူ တော်ဝင်မင်းသမီး မာကိုဟာ သာမန်ပြည်သူတစ်ဦးကို လက်ထပ်ဖို့အတွက် အဆောင်အယောင်အားလုံးကို စွန့်လွှတ်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။

    အသက် ၈၃ နှစ်အရွယ် ဘုရင်ကြီး အကီဟီတိုက သူ့အနေနဲ့ အသက်အရွယ် အလွန်ကြီးရင့်နေတာကြောင့် တိုင်းပြည်တာဝန်ကို ဆက်လက် မထမ်းဆောင်နိုင်တော့ဘူးလို့ ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ ပြောကြားထားပြီး သူ့ကို ဘုရင်ရာထူးကနေ ဖယ်ရှားမယ့် မူကြမ်းကို အခုတစ်ပတ် သောကြာနေ့မှာ ဂျပန် ကက်ဘိနတ်က
    အတည်ပြုဖို့ ရှိနေပါတယ်။

    ဒါဟာ ရာစုနှစ် ၂ ခုနီးပါးအတွင်း ပထမဆုံး နန်းစွန့်မယ့် ဂျပန်ဘုရင် ဖြစ်လာမှာ ဖြစ်ပါတယ်။

    ဒါပေမယ့် ဒီဥပဒေမူကြမ်းမှာ ထီးမွေနန်းလျာကို ယောက်ျာလေးသာ ဆက်ခံရမယ်ဆိုတဲ့ ဥပဒေကို ပြင်ဆင်ဖို့၊ ဒါမှမဟုတ် အမျိုးသမီးက ထီးနန်းဆက်ခံနိုင်စေဖို့ လမ်းခင်းပေးမယ့် တော်ဝင်အသိုင်းအ၀ိုင်းက အမျိုးသမီးတွေ အိမ်ထောင်ပြုပြီးရင် အဆောင်အယောင်အတိုင်း ဆက်ထားဖို့ကိစ္စတွေ မပါဝင်ပါဘူး။

    လက်ရှိမှာ တော်ဝင်အသိုင်းအ၀ိုင်းက အမျိုးသမီးတွေအနေနဲ့ သာမန်လူတွေနဲ့ လက်ထပ်မယ်ဆိုရင် အဆောင်ယောင်အားလုံးကို စွန့်လွှတ်ရမှာ ဖြစ်ပါတယ်။

    အသက် ၂၅ နှစ်အရွယ် မင်းသမီး မာကိုရဲ့ ခင်ပွန်းလောင်းက ကီကိုမူရိုဖြစ်ပြီး သူနဲ့ ကျောင်းနေဖက်လည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦး လက်ထပ်မယ့်ကိစ္စ ထွက်ပေါ်လာပြီးနောက်ပိုင်း ကီကိုမူရိုဟာ သူအလုပ်လုပ်တဲ့ တိုကျိုက ဥပဒေရုံးရဲ အပြင်ဘက်မှာ ဒီနေ့ မီဒီယာတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ တော်ဝင်အိမ်တော်အေဂျင်စီကတော့ ဒီကိစ္စအတွက် မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

    “အခုအချိန်ဟာ ပြောရမယ့်အချိန် မဟုတ်သေးပါဘူး။ ဒါပေမယ့် အချိန်တန်တဲ့အခါ ပြောမှာပါ” လို့ အသက် ၂၅ နှစ်အရွယ် ကိုမူရိုက ပြောကြားခဲ့ပါတယ်။

    နောက်ပြီး မနေ့က မာကိုနဲ့ စကာနည်းနည်းပြောခဲ့သေးတယ်လို့လည်း သူက ဖွင့်ဟခဲ့ပါတယ်။

    လက်ရှိ ဂျပန်ထီးနန်းကို ဆက်ခံမယ့်သူက ၄ ဦးသာရှိပြီး ဧကရာဇ် အကီဟီတိုရဲ့ လူလတ်ပိုင်း သားနှစ်ဦး၊ သူ့ရဲ့ အသက် ၈၀ ကျော်အရွယ်ညီ၊ အကီဟီတိုရဲ့ သားအငယ်ကမွေးတဲ့ အသက် ၁၀ နှစ်အရွယ် ဟီဆာဟီတိုတို့ ဖြစ်ပါတယ်။

    ဧကရာဇ်ရဲ့ မြေးကလည်း ၄ ဦးသာရှိပြီး မာကိုနဲ့ ကျန်တဲ့နှစ်ယောက် အမျိုးသမီးတွေ ဖြစ်တာကြောင့် ထီးနန်းဆက်ခံလို့ မရပါဘူး။

    မျိုးဆက်ပြတ်တဲ့ ပြဿနာဟာ တော်ဝင်အသိုင်းအ၀ိုင်းအပါအ၀င် ဂျပန်လူ့အဖွဲ့အစည်းတစ်ခုလုံးကို ရိုက်ခတ်နေပြီး မြေးအငယ်ဆုံး ဆာဟီတိုလေးနောက်ပိုင်းမှာ ထီးနန်းစိုးစံဖို့လူ မရှိမယ့်အပေါ် စိုးရိမ်မှုတွေလည်း မြင့်တက်လာနေပါတယ်။

    မာကိုဟာ သူ့ရဲ့ ခင်ပွန်းလောင်းလိုပဲ နိုင်ငံတကာ ခရစ်ယာန်တက္ကသိုလ်က ဘွဲ့ရခဲ့တာဖြစ်ပြီး မဟာဘွဲ့ကိုတော့ အင်္ဂလန်က လက်စတာ တက္ကသိုလ်ကနေ ရယူခဲ့ပါတယ်။ လက်ရှိမှာ မင်းသမီးဟာ ပြတိုက်တစ်ခုမှာ အလုပ်လုပ်နေပါတယ်။

    Ref: Independent