News @ M-Media
Author: Ko Lay
  • အာဖဂန်အသံလွှင့်ရုံတစ်ခုကို IS က စီးနင်းတိုက်ခိုက်မှု ၆ ဦးသေဆုံး
    အာဖဂန်အသံလွှင့်ရုံတစ်ခုကို IS က စီးနင်းတိုက်ခိုက်မှု ၆ ဦးသေဆုံး
    မေ ၁၇၊ ၂၀၁၇
    M-Media
    – အာဖဂန်နစ္စတန်အရှေ့ပိုင်း ဂျလာလာဘတ်မြို့ရှိ ရုပ်သံနှင့် ရေဒီယို အသံလွှင့်ရုံတစ်ခုကို သေနတ်သမားများက ၀င်ရောက်စီးနင်းတိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ဝင် တစ်ဦးအပါအ၀င် အနည်းဆုံး လူ ၆ ဦး သေဆုံးသွားခဲ့သည်ဟု သိရသည်။
    သေနတ်သမားများမှာ အသေခံ ဗုံးခွဲဝတ်စုံများ ၀တ်ဆင်ထားပြီး အေကေ ၄၇ ရိုင်ဖယ်များကို ကိုင်ဆောင်ကာ အသံလွှင့်ရုံအတွင်းသို့ ယနေ့နေ့လည်ပိုင်းတွင် ၀င်ရောက်လာပြီး ၎င်းတို့ထဲမှ နှစ်ဦးမှာ စီးနင်းမှု အစပိုင်းမှာပင် အသေခံဗုံးခွဲခဲ့သည်။ တတိယတစ်ဦးမှာ လုံခြုံရေးတပ်ဖွဲ့များနှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် သေဆုံးခဲ့သည်။
    IS အဖွဲ့က ထိုတိုက်ခိုက်မှုမှာ ၎င်းတို့၏ လက်ချက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ယခုတိုက်ခိုက်မှုမှာ အာဖဂန်ရှိ IS ခေါင်းဆောင်မှာ အမေရိကန်၏ ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ပြီးနောက် တစ်ပတ်အကြာတွင် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။
    တိုက်ခိုက်မှုအတွင်း ဂျာနယ်လစ်များအပါအ၀င် အနည်းဆုံး ၁၆ ဦး ဒဏ်ရာရရှိခဲ့ပြီး၊ သေဆုံးသူများတွင် ယာဉ်မောင်း၊ အစောင့်နှင့် နည်းပညာသမား ၂ ဦးအပါအ၀င် အသံလွှင့်ရုံဝန်ထမ်း ၄ ဦး၊ ရဲတပ်ဖွဲ့ဝင် နှစ်ဦးတို့ ဖြစ်ကြသည်။
    Ref: Aljazeera
  • FBI အပေါ် ထရမ့်က ဥပဒေကိုကျော်ကာ ၀င်စွက်ခဲ့သည့် သတင်းတစ်ခု ထွက်လာပြန်
    FBI အပေါ် ထရမ့်က ဥပဒေကိုကျော်ကာ ၀င်စွက်ခဲ့သည့် သတင်းတစ်ခု ထွက်လာပြန်
    မေ ၁၇၊ ၂၀၁၇
    M-Media
    – ထရမ့်မှာ ၎င်း၏ အမျိုးသားလုံခြုံရေးအကြံပေးဟောင်း မိုကယ် ဖလင်းနှင့် ရုရှားတို့၏ ဆက်နွယ်ပတ်သက်မှုအတွက် FBI က စုံစမ်းစစ်ဆေးနေမှုအား ရပ်တန့်ရန် FBI ဒါရိုက်တာဟောင်း ဂျိမ်းစ်ကိုမေးကို တောင်းဆိုခဲ့သည်ဟု ထိုအကြောင်းကို ရေးသားထားသော ကိုမေး၏ မှတ်တမ်းကို ကိုးကား၍ အမေရိကန် ပြည်တွင်း
    မီဒီယာများက ယမန်နေ့တွင် ဖော်ပြလိုက်သည်။
    ထရမ့်မှာ ရွေးကောက်ပွဲတွင် ရုရှားက ၀င်စွက်မှု ရှိ၊ မရှိ စုံစမ်းစစ်ဆေးမှုကို ဦးဆောင်နေသာ ကိုမေးအား ထုတ်ပယ်ခြင်း၊ IS ကိစ္စနှင့်ပတ်သက်၍ ရုရှားကို နိုင်ငံတော် ထိပ်တန်းလျှို့ဝှက်ချက်များအား ပြောပြခဲ့ခြင်း စသည့် ကိစ္စရပ်များကြောင့် ဝေဖန်မှုများ ပြင်းပြင်းထန်ထန်ခံနေရချိန် ယခုကဲ့သို့ ဥပဒေချိုးဖောက်သည့် သတင်းတစ်ခု ထပ်မံ ပေါ်ထွက်လာခြင်းဖြစ်သည်။
    နယူးယောက်တိုင်းမ်စ် သတင်စားက ပထမဆုံး ဖော်ပြခဲ့သည့် ကိုမေး၏ မှတ်တမ်းအကြောင်းက ထရမ့်အနေဖြင့် ဖက်ဒရယ်စုံစမ်းစစ်ရေးလုပ်ငန်းတွင် ကြားဝင်စွက်ဖက်ရန် ကြိုးစားမှု ရှိလားဆိုသည့် မေးခွန်းများကို မြင့်တက်လာခဲ့သည်။
    အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ် ဆာဂျီ ကီစ်လ်ယက်နှင့် တွေ့ဆုံဆွေးနွေးမှုကြောင့် ဖလင်းကို ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ထရမ့်က ထုတ်ပယ်ခဲ့ပြီးနောက် ကိုမေးနှင့် အိမ်ဖြူတော်၌တွေ့ဆုံစဉ် ထရမ့်၏ ပြောကြားမှုကို ကိုမေးက မှတ်တမ်းတင် ရေးသားထားခြင်းဖြစ်သည်။
    “ဒီကိစ္စကို မင်း ထားလိုက်မယ်လို့ ငါမျှော်လင့်တယ်” ဟု ထရမ့်က ကိုမေးအား ပြောကြားခဲ့ကြောင်း ထိုမှတ်တမ်းတွင် ပါဝင်သည့် အကြောင်းအရာကို တွေ့မြင်ခဲ့သူ ရင်းမြစ်တစ်ခုက ဆိုသည်။
    အိမ်ဖြူတော်ကမူ ယခုသတင်းကို ငြင်းဆိုခဲ့ပြီး ‘ထရမ့်မှာ ဗိုလ်ချုပ်ဖလင်းနှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေးမှု အပါအ၀င် မည်သည့် စုံစမ်းစစ်ဆေးမှုကိုမှ ရပ်တန့်ရန် မစ္စတာကိုမေး သို့မဟုတ် အခြား မည်သူ့ကိုမှ မတောင်းဆိုခဲ့ကြောင်း’ သတင်းထုတ်ပြန်ခဲ့သည်။
    သမ္မတတစ်ယောက်အနေဖြင့် ဖက်ဒရယ်အဖွဲ့အစည်းတစ်ခု၏ စုံစမ်းစစ်ဆေးမှုကို ရပ်တန့်ရန် သို့မဟုတ် နှောက်ယှက်ရန် ကြိုးပမ်းမှုမှာ ဥပဒေချိုးဖောက်မှုဖြစ်ပြီး ယခုကိစ္စ မှန်ကန်ပါက ထရမ့်မှာ ဆိုးရွားသည့် နောက်ဆက်တွဲ ရလဒ်ဖြင့် ရင်ဆိုင်ရဖွယ် ရှိနေသည်။
    ကိုမေးနှင့် အိမ်ဖြူတော်၌ တွေ့ဆုံမှုအတွင်း အစိုးရ၏ သတင်းများ ဆက်တိုက်ပေါက်ကြားမှုကို ရှုတ်ချခဲ့ပြီး၊ အစိုးရ၏ လျှို့ဝှက်ချက်များကို ဖော်ပြသည့် သတင်းထောက်များအား တရားစွဲဆိုရန်လည်း ကိုမေးကို တိုက်တွန်းခဲ့သည်ဟု နယူးယောက်တိုင်းမ်စ် သတင်းစာက ဖော်ပြခဲ့သည်။
    အိမ်ဖြူတော်ကမူ ‘သမ္မတနှင့် မစ္စတာကိုမေးတို့အကြား ပြောကြားခဲ့သည့် စကားများကို ဖော်ပြမှုမှာ အမှန်မဟုတ်ဘဲ တိကျမှုမရှိ’ ဟု ပြောကြားခဲ့သည်။
    ရုရှားအား IS နှင့်ပတ်သက်သည့် ထိပ်တန်းလျှို့ဝှက်ချက် ပြောပြခဲ့သည်ဆိုသည့် သတင်း ထွက်ပေါ်လာပြီးနောက် အမေရိကန်အစိုးရ၏ လုံခြုံရေး တာဝန်ရှိသူတစ်ဦးနှင့် ထရမ့်၏ အကြံပေးတစ်ဦးတို့က မဟုတ်မမှန်ဟု ထုတ်ပြန်ခဲ့သော်လည်း ထရမ့်က နောက်ပိုင်းတွင် Twitter စာမျက်နှာမှတစ်ဆင့် မှန်ကန်ကြောင်း ပြော
    ကားခဲ့သည်။
    Ref: Aljazeera
  • မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးတွင် ဆက်လက်ကူညီမည်ဟု တရုတ်ပြော
    မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးတွင် ဆက်လက်ကူညီမည်ဟု တရုတ်ပြော
    မေ ၁၇၊ ၂၀၁၇
    M-Media
    – မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ရရှိရန်အတွက် တရုတ်နိုင်ငံက ဆက်လက် ကူညီသွားမည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က ယမန်နေ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ပြောကြားလိုက်ပြီး နှစ်ဖက်ထိစပ်နေသည့် နယ်နမိတ်တွင် တည်ငြိမ်မှုကို ထိန်းသိမ်းသွားရန်လည်း တိုက်တွန်းခဲ့သည်။
    တရုတ်နိုင်ငံနှင့် ထိစပ်နေသည့် မြန်မာနယ်စပ်၌ မတ်လအတွင်းက ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် လူထောင်ပေါင်းများစွာ တရုတ်ဖက်သို့ ထွက်ပြေးခိုလှုံခဲ့ရပြီးနောက်၊ တိုင်းရင်းသားလက်နက်ကိုင်များနှင့် မြန်မာအစိုးရ စစ်တပ်အကြား အပစ်ရပ်ရေးအတွက် တရုတ်က ဆော်သြမှုများ၊ နယ်စပ်တွင် စစ်ရေးလေ့ကျင်
့မှုများ ပြုလုပ်ခဲ့သည်။
    ဘေဂျင်း၌ ကျင်းပပြုလုပ်ခဲ့သည့် Belt and Road ထိပ်သီးအစည်းအဝေးပွဲပြီးနောက် ရှီမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။
    “မြန်မာနိုင်ငံရဲ့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် လိုအပ်တဲ့ အကူအညီတွေ ဆက်လက် ပေးသွားဖို့ တရုတ်နိုင်ငံက ဆန္ဒရှိပါတယ်။ တရုတ်-မြန်မာ နယ်စပ်ဒေသ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် နှစ်ဖက် ပူးပေါင်း ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု ရှီ၏ ပြောကြားမှုကို ကိုးကား၍ Xinhua သတင်းဌာနက ဖော်ပြခဲ့သည်။
    သို့သော်လည်း တရုတ်နိုင်ငံက မြန်မာနိုင်ငံအား မည်သို့သော အကူအညီများ ပေးမည့်ဆိုသည့် ကိစ္စကို ဖြော်ပခဲ့ခြင်း မရှိပေ။
    နယ်စပ်တစ်လျှောက် မကြာခဏ တိုက်ပွဲဖြစ်ပွားနေမှုနှင့် ပတ်သက်၍ စိုးရိမ်မှုရှိသည်ဟု တရုတ်က အကြိမ်ကြိမ် ပြောကြားထားပြီး ၂၀၁၅ ခုနှစ်ကလည်း မြန်မာနိုင်ငံအတွင်း တိုက်ခိုက်မှုများကြောင့် တရုတ်ဖက်ကို ကျည်ဆံကျကာ လူ ၅ ဦး သေဆုံးခဲ့သည်။
    Belt and Road ဖွံ့ဖြိုးရေး စီမံကိန်းအတွက်လည်း မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ရှီက ပြောကြားခဲ့သည်။
    ဒေါ်အောင်ဆန်းစုကြည်ကမူ တရုတ်နိုင်ငံ၏ ကူညီမှုများအတွက် ကျေးဇူးတင်ကြောင်း၊ နယ်စပ်ဒေသတွင် တည်ငြိမ်ရေး တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
    တရုတ်နိုင်ငံမှာ ပြီးခဲ့သည့်လကလည်း မြန်မာနိုင်ငံအနောက်ပိုင်း ရိုဟင်ဂျာများ၏ ပြဿနာအတွက် သံတမန်နည်းအရ ဖြေရှင်းရေးတွင် ပါဝင်ကူညီမည်ဟု ကမ်းလှမ်းခဲ့သည်။
    Ref: The Star
  • ရုရှားကို ထိပ်တန်းလျှို့ဝှက်ချက် အသိပေးမှုအတွက် ထရမ့်က ကာကွယ်ပြောဆို
    ရုရှားကို ထိပ်တန်းလျှို့ဝှက်ချက် အသိပေးမှုအတွက် ထရမ့်က ကာကွယ်ပြောဆို
    မေ ၁၆၊ ၂၀၁၇
    M-Media
    – ရုရှားနိုင်ငံခြားရေးဝန်ကြီးအား တိုင်းပြည်၏ ထိပ်တန်းလျှို့ဝှက်ချက်ကို အသိပေးခဲ့သည့် ကိစ္စအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကာကွယ်ပြောဆိုလိုက်ပြီး မိမိ၏လုပ်ရပ်မှာ မှန်ကန်သည့်လုပ်ရပ်ဖြစ်သည်ဟု ပြောကြားလိုက်သည်။
    ပြီးခဲ့သည်တစ်ပတ် အိမ်ဖြူတော်၌ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လာဗရော့နှင့် တွေ့ဆုံစဉ်အတွင်း ထရမ့်မှာ IS အကြမ်းဖက်အဖွဲ့နှင့်ပတ်သက်​၍ လျှို့ဝှက်ချက်တစ်ခုကို အသိပေးခဲ့သည်ဟု ၀ါရှန်ပို့စ်သတင်းစာက ယမန်နေ့တွင် ဖော်ပြခဲ့သည်။
    လေယာဉ်ပေါ်တွင် အီလက်ထရောနစ်ပစ္စည်းများ အသုံးပြုခြင်းနှင့်ပတ်သက်သည့် ကိစ္စဖြစ်ပြီး ထရမ့်မှာ ပြောပိုင်ခွင့်မရှိသူ တစ်ဦးထံမှ တစ်ဆင့်စကားဖြင့် ထိုကိစ္စကို သိထားခြင်းဖြစ်သည်။
    အင်္ဂါနေ့မနက်ပိုင်းက ထရမ့်မှာ Twitter စာမျက်နှာတွင် “သမ္မတစ်ယောက်အနေနဲ့ (တရားဝင်စီစဉ်ထားတဲ့ အိမ်ဖြူတော်အစည်းအဝေးမှာ) အကြမ်းဖက်ဝါဒ၊ လေယာဉ်ပျံသန်းမှု ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ရုရှားကို မျှဝေချင်ခဲ့ပြီး အဲဒီလို လုပ်ပိုင်ခွင့်လည်း ကျွန်တော်မှာ လုံးဝ ရှိပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြောင်းအရင်းကြောင့်ဖြစ်ပြီး၊ (IS) နဲ့ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရေးမှာ ရုရှားကို ကျွန်တော် အရှိန်မြှင့်စေချင်တာလည်း ပါပါတယ်” ဟု ၎င်း၏ လုပ်ရပ်ကို ကာကွယ်ရေးသားခဲ့သည်။
    အမေရိကန်သမ္မတစ်ယောက်အနေဖြင့် နိုင်ငံတော် ထိပ်တန်း လျှို့ဝှက် အချက်အလက်များကို ထုတ်ဖော် ပြောဆိုခြင်းမှာ တရားဝင်သော်လည်း ထရမ့်၏ ယခုလုပ်ရပ်ကို ဒီမိုကရက်များက ဝေဖန်ခဲ့ကာ ၎င်း၏ ရီပက်ဘလစ်ကန် ပါတီကလည်း ဖြေရှင်းချက်ပေးရန် တောင်းဆိုထားသည်။
    Ref: BBC
  • အိန္ဒိယ ဆယ်ကျော်သက်တစ်ဦး ကမ္ဘာ့အသေးဆုံး ဂြိုဟ်တုကို တီထွင်နိုင်
    အိန္ဒိယ ဆယ်ကျော်သက်တစ်ဦး ကမ္ဘာ့အသေးဆုံး ဂြိုဟ်တုကို တီထွင်နိုင်
    မေ ၁၆၊ ၂၀၁၇
    M-Media
    – အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ်က အသက် ၁၈ နှစ်အရွယ် ကျောင်းသားလေး ရီဖသ် ရှာရွတ်ဟာ ကမ္ဘာ့အသေးငယ်ဆုံး ဂြိုဟ်တုလေးကို တီထွင်ခဲ့ပြီး အာကာသနယ်ပယ်မှာ ကမ္ဘာ့စံချိန်သစ်တစ်ခုကို တင်လိုက်နိုင်ပါတယ်။
    KalamSat လိုအမည်ပေးထားတဲ့ အဲဒီဂြိုဟ်တုလေးဟာ ၆၄ ဂရမ်သာ အလေးချိန်ရှိပြီး Wallops ကျွန်းက နာဆာ ဂြိုဟ်တုလွှတ်တင်ရေး စခန်းကနေ ဇွန်လ ၂၁ ရက်နေ့မှာ လွှတ်တင်မှာဖြစ်ပါတယ်။ ဒါဟာ အိန္ဒိယကျောင်းသားတစ်ယောက်ရဲ့ စမ်းသပ်မှုကို နာဆာက ပထမဆုံး လွှတ်တင်တာလည်း ဖြစ်ပါတယ်။
    ပါလာပတ္တီဆိုတဲ့ ရွာငယ်လေးမှာ နေထိုင်တဲ့ ရီဖသ်က Times of India ကို ပြောကြားရာမှာ မိနစ်ပေါင်း ၂၄၀ ကြာမြင့်မယ့် ဒီခရီးစဉ်မှာ ဂြိုဟ်တုလေးဟာ ကမ္ဘာ့ဆွဲအားမရှိတဲ့ ဟင်းလင်းပြင်မှာ လှည့်ပတ်မှုက ၁၂ မိနစ် ကြာမြင့်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
    “ဂြိုဟ်တုလေးရဲ့ အဓိကအခန်းကဏ္ဍက 3-D ပရင့်ထုတ်ထားတဲ့ ကာဘွန်ကြိုးမျှင်ရဲ့ စွမ်းဆောင်ရည်ကို သိရှိဖို့ ဖြစ်ပါတယ်” လို့ သူက ရှင်းပြပါတယ်။
    ဒီ ဂြိုဟ်တုလေးကို နာဆာနဲ့ I Doodle Learning အဖွဲ့တို့က ပူးပေါင်းကျင်းပတဲ့ Cubes in Space ပြိုင်ပွဲကနေ ရွေးချယ်တာဖြစ်ပါတယ်။
    ဒီပြိုင်ပွဲက ၄ မီတာရှည်တဲ့ ပြွန်လေးထဲမှာ ထည့်လို့ရပြီး အလေးချိန် ၆၄ ဂရမ် အတိအကျရှိမယ့် ဂြိုတုတစ်ခု စမ်းသပ်တည်ဆောက်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။
    “ကမ္ဘာတစ်ဝှမ်းက ကွဲပြားတဲ့ ပြွန်ပုံစံ ဂြိုဟ်တုတွေကို ကျွန်တော်တို့ အများကြီး သုတေသနလုပ်ခဲ့ပြီး ကျွန်တော်တို့ဟာက အပေါ့ဆုံးဖြစ်တယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်” လို့ ရီဖသ်က ပြောကြားခဲ့ကာ ဂြိုဟ်တုကို အဓိကအားဖြင့် သံအမျှင်ထည့်ထားတဲ့ ကာဘွန်ဖိုက်ဘာ ပေါ်လီမာနဲ့ လုပ်တာဖြစ်ပြီး ပစ္စည်းတစ်ချို့ကို နိုင်ငံ
    ခြားနဲ့ တစ်ချို့ကို ပြည်တွင်းကနေ ရရှိတယ်လို့ ဆိုပါတယ်။
    Ref: Times of India