News @ M-Media

Author: Ko Lay

  • မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ယမန်နှစ်ကထက် မြင့်တက်လာ

    မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ယမန်နှစ်ကထက် မြင့်တက်လာ

    ဧပြီ ၂၃၊ ၂၀၁၇
    M-Media

    – မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား နယ်စပ်ကုန်သွယ်ရေးမှာ မတ်လက ပြီးဆုံးခဲ့ပြီဖြစ်သည့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ကန်ဒေါ်လာ သန်း ၃၀ ကျော် တိုးတက်လာခဲ့သည်ဟု မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက ကြာသာပတေးနေ့တွင် ပြောကြားခဲ့သည်။

    ၂၀၁၅-၁၆ ခုနှစ်တွင် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုမှာ ကန်ဒေါ်လာ ၅.၉၃၆ ဘီလီယံ ရှိခဲ့ပြီး ၂၀၁၆-၁၇ ခုနှစ်တွင် ၅.၉၆၇ ဘီလီယံဖိုး ရှိလာခဲ့သည်။

    မြန်မာနှင့် တရုတ်နိုင်ငံတို့အအကြား နယ်စပ်ဂိတ် ၄ ခုရှိပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မူဆယ်ဂိတ်၊ ကချင်ပြည်နယ်တွင် လွယ်ဂျယ်ဂိတ်၊ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းတွင် ချင်းရွှေဟော်ဂိတ်၊ ကချင်ပြည်နယ်တွင် ကန်ပိုက်တီးဂိတ်တို့ ဖြစ်သည်။

    ထိုဂိတ်များတွင် မူဆယ်ဂိတ် နယ်စပ်ကုန်သွယ်မှုမှာ အများဆုံး ဖြစ်သည်။

    ရှမ်းပြည်နယ် အရှေ့မြောင်ပိုင်း ကိုးကန့်ဒေသတွင် ယခုနှစ်အစောပိုင်းက တိုက်ပွဲများ ဖြစ်ပွားသောကြောင့် မူဆယ်ကုန်သွယ်ဂိတ်ကို ယာယီ ပိတ်ပစ်ခဲ့ရပြီး နှစ်နိုင်ငံ ကုန်သွယ်ရေးမှာ ထိုဂိတ်တွင် ကုန်သွယ်မှု ၂၉၂.၅၇ သန်းဖိုး ကျဆင်းခဲ့ကာ ၅.၀၈၅ ဘီလီယံ ရှိခဲ့သည်။

    အခြားဂိတ်များတွင်မူ ကုန်သွယ်မှုမှာ မြင့်တက်ခဲ့သည်။

    နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံ၏ တင်ပို့မှုတန်ဖိုးမှာ ကန်ဒေါ်လာ ၄.၂၁၂ ဘီလီယံ ရှိပြီး ဆန်ကို အဓိကထား တင်ပို့ခြင်းဖြစ်ကာ၊ လယ်ယာထွက်ကုန်များ၊ ကျောက်စိမ်းများနှင့် ကုန်ကြမ်းပစ္စည်းများကိုလည်း တင်ပို့သည်။

    မြန်မာနိုင်ငံမှာ အိမ်နီးချင်း တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများတွင် နယ်စပ်ကုန်သွယ်ရေး ဂိတ်ပေါင်း ၁၅ ခုရှိနေသည်။

    Ref: ECNS.cn

  • စွန့်ပစ် ပလက်စတစ်အိတ်ကနေ ၀င်ငွေရှာသည့် နိုက်ဂျီးရီးယား အမျိုးသမီးများ

    စွန့်ပစ် ပလက်စတစ်အိတ်ကနေ ၀င်ငွေရှာသည့် နိုက်ဂျီးရီးယား အမျိုးသမီးများ

    ဧပြီ ၂၃၊ ၂၀၁၇
    M-Media

    – ဒီနေ့ခေတ် ကမ္ဘာတစ်ဝှမ်းမှာ သဘာဝပတ်ဝန်းကျင်ကို ဒုက္ခအပေးဆုံး အရာတွေထဲက တစ်ခုဟာ ပလက်စတစ်အိတ်ဖြစ်ပါတယ်။

    ကမ္ဘာ့နိုင်ငံတိုင်းက ဒီ ပလက်စတစ်အိတ်တွေကို အသုံးပြုမှု၊ စွန့်ပစ်မှု နည်းသထက်နည်းအောင် ပြုလုပ်နေကြပါတယ်။

    အာဖရိကနိုင်ငံတစ်ခုဖြစ်တဲ့ နိုက်ဂျီးရီးယားမှာတော့ ဒီစွန့်ပစ် ပလက်စတစ်အိတ်တွေဟာ အမျိုးသမီးတွေအတွက် ၀င်ငွေရတဲ့ ရင်းမြစ်တစ်ခု ဖြစ်နေပါတယ်။

    ပလက်စတစ်အိတ်တွေကို သူတို့ ဘာတွေလုပ်ကြလဲ၊ ဘယ်လိုဝင်ငွေရှာကြလဲ၊ လယ်လောက်အထိ ရကြလဲဆိုတာကို ဒီဗီဒီယိုမှာ တွေ့ရမှာဖြစ်ပါတယ်။

    အလ်ဂျာဇီးရား သတင်းဌာနက ဗီဒီယိုကို M-Media က ဘာသာပြန်ဆို တင်ဆက်တာဖြစ်ပါတယ်။

  • ကစားသမားတိုင်းကို ယုံကြည်မှုရှိသည်ဟု ချယ်ဆီးနည်းပြပြော

    ကစားသမားတိုင်းကို ယုံကြည်မှုရှိသည်ဟု ချယ်ဆီးနည်းပြပြော

    ဧပြီ ၂၃၊ ၂၀၁၇
    M-Media

    – မိမိအနေဖြင့် ကစားသမား တစ်ဦးစီတိုင်းကို ယုံကြည်မှုရှိပြီး၊ ၎င်းတို့အားလုံးမှာ အသင်း၏ အစိတ်အပိုင်းဖြစ်သည်ဟု ချယ်ဆီးနည်းပြ အန်တိုနီယို ကွန်တီက ပြောကြားလိုက်သည်။

    ယမန်နေ့ ၀င်ဘလေကွင်းတွင် FA ဖလား ဆီးမီးဖိုင်နယ်အဖြစ် စပါးအသင်းအား ၄ ဂိုး ၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သောပွဲတွင် ကွန်တီမှာ အဓိကကစားသမားများကို အနားပေးကာ ပြီးခဲ့သည့်နှစ်က မာဆေးလ်မှ ရောက်ရှိလာပြီး ပရီးမီးယားလိဂ်တွင် ပွဲထွက်ခွင့် မရသေးသည့် မီချီ ဘတ်ရှူဝါယီ၊ အကယ်ဒမီမှ လူငယ်ကစာသမား နသန် အေကီ၊ ပရီးမီးယားလိဂ်တွင် ပုံမှန်မကစားရသည့် ၀ီလီယံတို့ အပါအ၀င် အရန်ကစားသမားများကို ပွဲထွက်ခဲ့သည်။

    ချယ်ဆီးအသင်းမှာ စပါးအသင်းကို အကောင်းဆုံး ဦးဆောင်ကစားသွားနိုင်ခဲ့ပြီး ၀ီလီယံ၊ ဟဇာ့ဒ်နှင့် မာတစ်တို့၏ ဂိုးများဖြင့် အနိုင်ရရှိခဲ့သည်။ ပရီးမီးယားလိဂ်တွင်လည်း ချယ်ဆီးမှာ စပါးအင်းအား ၄ မှတ်ဖြတ်ကာ အမှတ်ပေးဇယားကို ဦးဆောင်ထားပြီး ကွန်တီကမူ ကစားသမားများကို ချီးကျူးခဲ့သည်။

    “ကျွန်တော်တို့ရဲ့ အယူအဆ၊ ကစားပုံမှာ ကစားသမားအားလုံး ပါဝင်ခဲ့တဲ့အတွက်ကြောင့် ကျွန်တော် ကျေနပ်ရမှာပါ။ ဒီလိုအချိန်မှာ ဒီပွဲဟာ တော်တော်လေး အရေးပါပြီး ကစားသမားတိုင်းကလည်း သူတို့ဟာ ဒီစီမံကိန်းရဲ့ အစိတ်အပိုင်းအဖြစ် ခံစားရမှာပါ”ဟု ကွန်တီက ပြောကြားခဲ့ပြီး ကစားသမားတိုင်းကို ယုံကြည်မှုရှိသည်ဟုလည်း ဆိုသည်။

    Ref: Goal

  • သိပ္ပံအပေါ် တိုက်ခိုက်မှု ကမ္ဘာ့ပြည်သူများ ရှုတ်ချ

    သိပ္ပံအပေါ် တိုက်ခိုက်မှု ကမ္ဘာ့ပြည်သူများ ရှုတ်ချ

    ဧပြီ ၂၃၊ ၂၀၁၇
    M-Media

    – သိပ္ပံအပေါ် တိုက်ခိုက်မှုများအား ဆန့်ကျင်သည့်အနေဖြင့် ကမ္ဘာတစ်ဝှမ်းရှိ သိပ္ပံပညာရှင်များ၊ ကျောင်းသားများနှင့် သုတေသနပညာရှင်များမှာ ယမန်နေ့က လမ်းပေါ်ထွက်၍ ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

    March for Science (သိပ္ပံအတွက် ချီတက်ခြင်း) ဟု အမည်ပေးထားသည့် အဆိုပါ ဆန္ဒပြမှုမှာ ‘မြေကမ္ဘာနေ့’ နှင့်လည်း တိုက်ဆိုင်နေပြီး ကမ္ဘာတစ်ဝှမ်း မြို့ပေါင်း ၆၀၀ ခန့်တွင် ပြုလုပ်ခဲ့ကြသည်။

    ထိုလှုပ်ရှားမှုမှာ သိပ္ပံနှင့်ပတ်သက်၍ နားလည်မှုကို မြှင့်တင်ရန်၊ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပဲရစ်ကြေငြာချက်ကဲ့သို့ ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်များကို ခြိမ်းခြောက်မှု၊ အစိုးရများက သိပ္ပံနှင့် သဘာဝပတ်ဝန်းကျန် ထိန်းသိမ်းရးအတွက် ဘက်ဂျက်ဖြတ်တောက်မှုများကို ကာကွယ်ရန် ရည်ရွယ်ခြင်းဖြစ်သည်။

    လန်ဒန်၊ ဘာလင်၊ ဂျီနီဗာ၊ ၀ါရှင်တန်ဒီစီ စသည့် မြို့ကြီးများတွင် ပြုလုပ်သည့် March for Science ချီတက်မှုတွင် လူထောင်ပေါင်းများစွာ ပါဝင်ခဲ့ပြီး သိပ္ပံပညာရှင်များက ရာသီဥတု ပြောင်းလဲမှုကဲ့သို့ သိပ္ပံ၏ ရလဒ်များကို နိုင်ငံရေးနှင့် ပြည်သူ့ရေးရာက လက်မခံမှုအတွက် စိုးရိမ်မိသည်ဟု ပြောကြားခဲ့သည်။

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ အမျိုးသားကျန်မာရေးအင်စတီကျု၊ နာဆာ၊ အမျိုးသား သမုဒ္ဒရာနှင့် လေထုဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးဆိုင်ရာ အေဂျင်စီတို့ အပါအ၀င် အမေရိကန်၏ ထိပ်တန်း သုတေသန အဖွဲ့အစည်းများကို ဘက်ဂျက်လျှော့ချမည်ဟု ပြောကြားထားပြီး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စာချုပ်များကိုလည်း ပြန်လည် ဆန်းစစ်သွားမည်ဟု ဆိုခြင်းကြောင့် ကမ္ဘာတစ်ဝှမ်းမှ သဘာဝပတ်ဝန်းကျင်ပညာရှင်များနှင့် သိပ္ပံပညာရှင်များ၏ ဝေဖန်မှုကို ခံခဲ့ရသည်။

    မြေကမ္ဘာနေ့ အထိမ်းအမှတ်အဖြစ် ယမန်နေ့ကထုတ်ပြန်သော ကြေငြာချက်တွင် ထရမ့်က မိမိတို့အစိုးရအနေဖြင့် လေ၊ ရေ သန့်ရှင်းရေး၊ သစ်တောများ၊ ရေကန်ကြီးများနှင့် အာကာသကို ထိန်းသိမ်းထားရေး၊ မျိုးသုဉ်းပျောက်ကွယ်တော့မည့် တိရစ္ဆာန်များကို ကာကွယ်ရေးအတွက် မိမိတို့၏ အလုပ်အကိုင်အင်အားကို မထိခိုက်စေဘဲ ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • အမေရိကန်ကို နျူဖြင့် အင်အားကုန်စစ်ပွဲ ဆင်နွှဲမည်ဟု မြောက်ကိုရီးယား ထပ်မံခြိမ်းခြောက်

    အမေရိကန်ကို နျူဖြင့် အင်အားကုန်စစ်ပွဲ ဆင်နွှဲမည်ဟု မြောက်ကိုရီးယား ထပ်မံခြိမ်းခြောက်

    ဧပြီ ၂၃၊ ၂၀၁၇
    M-Media

    – အမေရိကန်ကို နျူလက်နက်များဖြင့် ‘အင်အားကုန်စစ်ပွဲ’ စစ်နွှဲသွားမည်ဟု မြောက်ကိုရီးယားက ယမန်နေ့တွင် ထပ်မံပြောကြားလိုက်ပြီး အမေရိကန်၏ လေယာဉ်တင်သင်္ဘော USS Carl Vinson ကိုရီးယားကျွန်းဆွယ်အနီးသို့ ရောက်ရှိတော့မည့်အချိန်တွင် ပေါ်ထွက်လာခြင်းလည်းဖြစ်သည်။

    မြောက်ကိုရီးယားက ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုများ လုပ်ဆောင်ခဲ့ပြီးနောက် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း အမေရိကန်နှင့် မြောက်ကိုရီးယားတို့အကြား တင်းမာမှုများမှာ မြင့်တက်လာခဲ့ပြီး သမ္မတ ဒေါ်နယ်ထရမ့်နှင့် အမေရိကန် အစိုးရတာဝန်ရှိသူများက မြောက်ကိုရီးယားကိစ္စနှင့်ပတ်သက်၍ စစ်ရေးအရ အရေးယူရန် နည်းလမ်းအပါအ၀င် နည်းလမ်းအားလုံးကို စဉ်းစားနေသည်ဟု ပြောကြားထားသည်။

    မိမိတို့၏ လေယာဉ်တင်သင်္ဘော USS Carl Vinson မှာ ရက်ပိုင်းအတွင်း ဂျပန်ပင်လယ်ပြင်ကို ရောက်လာတော့မည်ဟု အမေရိကန်ဒုတိယသမ္မတ မိုက်ပန့်စ်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    မြောက်ကိုရီးယားကမူ အမေရိကန်၏ အဆိုပါ အင်အားပြမှုကို ဆန့်ကျင်ခဲ့သည်။

    “အမေရိကန်ရဲ့ နျူကလီးယားခြိမ်းခြောက်မှုကို ကာကွယ်ဖို့အတွက် ကျွန်တော်တို့မှာလည်း အင်အားကောင်းတဲ့ နျူစွမ်းအားကို ပိုင်ဆိုင်ထားပါတယ်။ အင်အားကုန် စစ်ပွဲကို၊ အင်အားကုန် စွမ်းအားနဲ့၊ နျူ ကလီးယားစစ်ပွဲကို ကိုယ်ပိုင်ပုံစံ နျူတိုက်ခိုက်မှုနဲ့ ကြောက်ရွံ့မနေဘဲ တုန့်ပြန်သွားမှာပါ။ ပြီးတော့ အမေရိကန်ရဲ့ နောက်ဆုံးစစ်ပွဲမှာ ကျွန်တော်တို့ဟာ အောင်မြင်သူအဖြစ် ပေါ်ထွက်လာမှာ ဖြစ်ပါတယ်” ဟု မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ယမန်နေ့က ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    မြောက်ကိုရီးယားမှာ ကိုရီးယားပြည်သူ့တပ်မတော် တည်ထောင်မှု ၈၅ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို အင်္ဂါနေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ယခင်က အဆိုပါ အခမ်းအနားနေ့တွင် ဒုံးကျည်ပစ်လွှတ်မှုများ၊ နျူလက်နက်စမ်းသပ်မှုများ ပြုလုပ်ခဲ့ဖူးသည်။

    မြောက်ကိုရီးယား၏ တရားဝင်သတင်းစာ Rodong Sinmun ကလည်း အမေရိကန်မှာ လုံးဝ ရူးနှမ်းသွားပြီဖြစ်ကြောင်း၊ ရန်စလာပါက မိမိတို့မှာ ကြိုတင်လက်ဦးမှု ရယူတိုက်ခိုက်သွားရန် လက်တွန့်နေမည်မဟုတ်ကြောင်း စနေနေ့က ဖော်ပြခဲ့သည်။

    Ref: Aljazeera