News @ M-Media

Author: Ko Lay

  • ကိုရန်ထဲက ‘မယုံကြည်သူတွေကို သုတ်သင်ကြ’ ဆိုတဲ့ စာကြောင်းရဲ့ ဆိုလိုရင်းအမှန်က ဘာလဲ

    ကိုရန်ထဲက ‘မယုံကြည်သူတွေကို သုတ်သင်ကြ’ ဆိုတဲ့ စာကြောင်းရဲ့ ဆိုလိုရင်းအမှန်က ဘာလဲ

    ဧပြီ ၂၁၊ ၂၀၁၇
    M-Media

    – “ထို့ပြင်တ၀ အသင်တို့သည် ထိုသူတို့ (ကာဖရ် မိစ္ဆာဒိဌိတို့) အား တွေ့ဆုံဖမ်းဆီးမိရာအရပ်၌ သုတ်သင်ရှင်းလင်းကြကုန်လော့။”

    ကုရ်အာန်ကျမ်းတော်မြတ်မှာ ဖော်ပြထားတဲ့ ဒီကျမ်းချက်ဟာ မွတ်စလင်မဟုတ်တဲ့ “လူသားအားလုံးကို ပစ်မှတ်ထားတယ်” လို့ အစွန်းရောက်တွေက ကမ္ဘာ့လူထုကို ယုံကြည်စေချင်ကြပါတယ်။

    သူတို့အတွက်တော့ ဒီကျမ်းချက်ဟာ မွတ်စလင်တွေအနေနဲ့ မွတ်စလင်မဟုတ်သူတွေကို သတ်ဖြတ်ဖို့ရမယ်ဆိုတဲ့ အမိန့်တစ်ခုဖြစ်ပါတယ်။ မွတ်စလင်ဖြစ်ဖြစ်၊ ခရစ်ယာန်ဖြစ်ဖြစ်၊ ဂျူးဖြစ်ဖြစ်၊ ဟိန္ဒူဖြစ်ဖြစ်၊ ဘာသာမဲ့ဖြစ်ဖြစ် အစွန်းရောက်သမားတွေဟာ သူတို့ရဲ့ အစွန်းရောက် ဘာသာပြန်ဆိုချက်တွေနဲ့ လူတွေကို အလွန်အမင်း စိတ်ပျက်ကြောက်ရွံ့လာအောင် မီးထိုးပေးတတ်ကြပါတယ်။

    ဒါပေမယ့် ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ ဒီဖော်ပြချက်ဟာ အစွန်းရောက်တွေ ဆိုလိုတာမျိုး မဟုတ်ပါဘူး။ အစ္စလာမ်ကို အကြမ်းဖက်အဖြစ် ပုံဖော်ချင်တဲ့သူကတော့ ကုရ်အာန်ရဲ့ဒီစာကြောင်းကို ဖတ်ကာ ကိုယ်ပိုင်အယူအဆ၊ ဘက်လိုက်မှုတွေနဲ့ ဆိုလိုရင်းအဓိပ္ပါယ်ကို ကျော်ကာ ဖော်ပြတတ်ကြပါတယ်။ ဒါကို ‘လိုရာစွဲပုံဖော်ခြင်း’ လို့ ခေါ်ပါတယ်။

    ဒီလို မှားယွင်းတဲ့ လိုရာစွဲပုံဖော်မှုမျိုးကို ခရစ်ယာန်သမ္မာကျမ်းစာမှာလည်း လုပ်လို့ရပါတယ်။

    “ထိုမှတစ်ပါး ငါ၏ အအုပ်အချုပ်ကို မခံလိုသော ငါ့ရန်သူတို့ကို ခေါ်ခဲ့ကြ၊ ငါ့ရှေ့မှာသတ်ကြဟု စီရင်တော်မူသည်ဟု မိန့်တော်မူ၏” (ရှင်လုကာ ၁၉၊ ၂၇)

    ဒီစာကြောင်းက အစ္စရေးလူမျိုးတွေရဲ့ ဘုရားသခင်က ပြောကြားထားတာပါ။

    “မောရှေကလည်း လူတိုင်းဓားလွယ်လျက် တပ်တမျက်နှာတံခါးမှ တမျက်နှာ တံခါးတိုင်အောင် ထုတ်ချင်းခပ်သွား၍၊ အသီးအသီး မိမိညီအစ်ကို၊ မိမိအပေါင်းအဘော်၊ မိမိအိမ်နီးချင်းကို သတ်စေဟု က္ကုသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား အမိန့်ရှိတော်မူသည်ဟု၊ မောရှေစီရင်သည်အတိုင်း လေ၀ိအမျိုးသားတို့သည်ပြု၍ ထိုနေ့၌ လူသုံးထောင်လောက်သေကြ၏” (ထွက်မြောက်ရာ ၃၂၊ ၂၇-၂၈)

    ဆိုလိုရင်းအဓိပ္ပါယ်ကို ကျော်ပြီး ဒီကျမ်းချက်တွေကို တစ်ဖက်စောင်းနင်း ဘာသာပြန်မှုတွေအဖြစ် အသုံးပြုနိုင်ပါတယ်။

    ဒီလိုပါပဲ။ ကုရ်အာန်ရဲ့ “ထိုသူတို့ (ကာဖရ် မိစ္ဆာဒိဌိတို့) အား တွေ့ဆုံဖမ်းဆီးမိရာအရပ်၌ သုတ်သင်ရှင်းလင်းကြကုန်လော့” ဆိုတဲ့ ကျမ်းချက်ကလည်း တမန်တော်မုဟမ္မဒ်နဲ့ ချုပ်ဆိုထားတဲ့ ဟူဒိုင်ဘီယာ ငြိမ်းချမ်းရေးစာချုပ်ကို ဖောက်ဖျက်ပြီး စစ်မက်တိုက်ခိုက်ခဲ့တဲ့ ကျူးကျော်သူတွေကို ရည်ညွှန်းတာဖြစ်ပြီး ‘ထိုသူတို့’ ဆိုတာဟာ မွတ်စလင်မဟုတ်သူအားလုံးကို ရည်ညွှန်းတယ်လို့ ဆိုလာရင်တော့ ဒါဟာ ယုတ္တိယုတ္တာမရှိတဲ့ ပြောဆိုချက်ပဲ ဖြစ်ပါတယ်။

    ဒီအတွက် အခြား အထောက်အထားတွေလည်း ရှိပါသေးတယ်။

    ချစ်ရမှာလား၊ သတ်ရမှာလား

    အစ္စလာမ်က မွတ်စလင်တွေကို ခရစ်ယာန်၊ ဂျူးတွေနဲ့ လက်ထပ်ဖို့ ခွင့်ပြုထားပါတယ်။

    “သိက္ခာစောင့်ထိန်းသော မွတ်စလင်အမျိုးသမီးတို့သည် လည်းကောင်း၊ အသင်တို့အလျင် ကျမ်းဂန်ကို ချီးမြှင့်ပေးသနားတော်မူခြင်း ခံကြရသော သူတို့အနက်မှ ကာယိနြေ္ဒကို စောင့်ထိန်းသော အမျိုးသမီးတို့သည်လည်းကောင်း၊ အကယ်၍ ထိုအမျိုးသမီးတို့အား ထင်ထင်ပေါ်ပေါ် ကာမဂုဏ်လိုက်ခြင်းနှင့် တိတ်တိတ်ပုန်း အမြှောင်မယားထားခြင်း မပြုဘဲ ၎င်းတို့၏ ‘မဟ်ရ်’ ထိမ်းမြားကြေးများကိုပေးဆပ်၍ မိမိတို့၏ သိက္ခာကို စောင့်ထိန်းခြင်းအားဖြင့် ထိမ်းမြားကြပါမူ ထိမ်းမြားခွင့်ပြုပြီး ဖြစ်လေသည်” (ကုရ်အာန် ၅၊ ၅)

    ထိမ်းမြားလက်ထပ်မှုမှာ ချစ်ခြင်းမေတ္တာနဲ့ ခွင့်လွှတ်သည်းခံပေးမှုဟာ ရှိကိုရှိရမယ့် အရည်အချင်းဖြစ်တယ်လို့လည်း ကုရ်အာန်က သွန်သင်ပါတယ်။

    “ထိုအရှင်မြတ်သည် အသင်တို့အဖို့ အသင်တို့၏ အမျိုးအစားအနက်မှပင် ကြင်ရာကြင်ဖက်များကို ၎င်းတို့ထံတွင် အသင်တို့ အနားယူ စိတ်ချမ်းသာမှု ရရှိကြအံ့သောငှာ ဖန်းဆင်းတော်မူခဲ့၏။ ထိုအရှင်မြသည် အသင်တို့စပ်ကြား၌ ချစ်ခြင်းမေတ္တာကိုလည်းကောင်း၊ အကြင်နာတရားကိုလည်းကောင်း စီမံပြုလုပ်၍ ပေးသနားတော်မူခဲ့၏” (ကုရ်အာန် ၃၀၊ ၂၁)

    အစ္စလာမ်သာသာနာဟာ မွတ်စလင်မဟုတ်သူတွေအားလုံးကို မြေကမ္ဘာပေါ်ကနေ ရှင်းထုတ်ဖို့ ပြောထားတယ်လို့ အစွန်းရောက်တွေက လူတွေကို ယုံကြည်စေချင်ကြပါတယ်။ ဒါဆိုရင် မွတ်စလင်အမျိုးသားတွေဟာ သူတို့ရဲ့ မွတ်စလင်မဟုတ်တဲ့ ဇနီးကြင်ရာတွေကို ချစ်ခင်မေတ္တာထားဖို့ သွန်သင်ထားတာကို ဘယ်သွားထားမလဲ။

    တကယ့် ဆိုလိုရင်းအဓိပ္ပါယ်ကိုကျော်ပြီး ဘာသာပြန်ဆိုချက်တွေရဲ့ ပြဿနာက အခြားသော ကျမ်းချက်တွေနဲ့ ရှေ့နောက်မညီတာပါ။

    အချို့ဝေဖန်ရေးသမားတွေက ကုရ်အာန်မှာ ညွှန်းဆိုထားတဲ့ အာရဘီစကားလုံး ‘ဒင်မီ’ ကို ရည်ညွှန်းကာ မွတ်စလင်မဟုတ်သူတွေကို နှိမ့်ချခေါ်ဝေါ်တဲ့ စကားလုံးဖြစ်တယ်လို့ ၀ါဒဖြန့်ကြပါတယ်။ ဒါပေမယ့် ‘ဒင်မီ’ ရဲ့ အဓိက အဓိပ္ပါယ်က ‘တာဝန်ယူမှု’ ပါ။ အခြားသူတွေကို ကာကွယ်စောင့်ရှောက်ပေးတာဟာ လုပ်ကိုလုပ်ရမယ့် တာဝန်ဝတ္တရာဖြစ်တယ်ဆိုတာကို ပေါ်လွင်အောင်သုံးတဲ့ စကားလုံးဖြစ်ပါတယ်။ ဒီစကားလုံးကို အလ္လာဟ်အရှင်မြတ်က လူသားတွေအပေါ်မှာ ကာကွယ်ပေးမှု၊ စောင့်ရှောက်ပေးမှုကို ဖော်ကျူးရာမှာလည်း အသုံးပြုပါတယ်။

    “အာရုံတက်ဝတ်ပြုမှုကို ဆောက်တည်သောသူ မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ စောင့်ရှောက်မှု (ဒင်မီ) အောက်တွင် ရှိနေသည်” (မွတ်စလင်ကျမ်း)

    မွတ်စလင်မဟုတ်တဲ့သူတွေနဲ့ပတ်သက်ပြီး ဒီစကားလုံးကို သုံးထားရတာဟာ မွတ်စလင်တွေအနေနဲ့ မွတ်စလင်မဟုတ်သူတွေအပေါ်မှာ ရှိနေတဲ့တာဝန်ကို ပိုပြီး လေးနက်စေဖို့ ဖြစ်ပါတယ်။ သူတို့တွေရဲ့ အခွင့်အရေးပေါ်မှာ ရပ်တည်ကာ သူတို့ကို အသက်နဲ့ရင်းပြီး ကာကွယ်ပေးဖို့ မွတ်စလင်တွေကို တာဝန်ပေးထားတာပါ။

    သမိုင်းမှတ်တမ်းတစ်ခု

    တာတာလူမျိုးတွေ ရှမ်ဒေသ (ဆီးရီးယား၊ ပါလက်စတိုင်း၊ ဂျော်ဒန်နှင့် လက်ဘနွန်) ကို အောင်နိုင်သွားတဲ့အချိန်မှာ မွတ်စလင် ဓမ္မပညာရှင်တစ်ဦးဖြစ်တဲ့ အစ်ဗနေ့ သိုင်မီယာဟာ တာတာတွေ ဖမ်းထားတဲ့ သုံ့ပန်းတွေကို လွှတ်ပေးဖို့ ညှိနှိုင်းမှုတွေ လုပ်ပါတယ်။ တာတာဘုရင်က မွတ်စလင်တွေကို လွှတ်ဖို့ ခွင့်ပြုခဲ့ပေမယ့် မွတ်စလင်မဟုတ်တဲ့ သုံ့ပန်းတွေကို ဆက်လက်ဖမ်းဆီးထားပါတယ်။ အဲဒီအချိန်မှာ အစ်ဗနေ့ သိုင်မီယာက သူ့ရဲ့အသက်ကို ပဓာနမထားဘဲ ဒီလိုပြောကြားခဲ့ပါတယ်။

    “ဂျူးတွေ၊ ခရစ်ယာန်တွေထဲက သုံ့ပန်းတွေမလွှတ်မချင်း ကျွန်တော်တို့ ဒါကို သဘောမတူပါဘူး။ သူတို့ဟာ ကျွန်တော်တို့ (ဒင်မီ) ကာကွယ်စောင့်ရှောက်ပေးရမယ့် သူတွေဖြစ်တယ်။ ကျွန်တော်တို့ ကာကွယ်ပေးရမယ့် သူတွေထဲကရော၊ ကျွန်တော်တို့ ဘာသာဝင်တွေထဲကရော သုံ့ပန်းတစ်ယောက်ကိုမှ ကျွန်တော်တို့ ထားခဲ့မှာမဟုတ်ဘူး”

ုအစ်ဗနေ့ သိုင်မီယာရဲ့ ဒီလိုပြောဆိုမှုကို ကြားတဲ့အခါ တာတာဘုရင်က သုံ့ပန်းအားလုံးကို လွှတ်ပေးခဲ့ပါတယ်။ ကိုယ့်ရဲ့ အုပ်ချုပ်မှုအောက်မှာ နေထိုင်တဲ့ မွတ်စလင်မဟုတ်သူတွေကို မွတ်စလင်တွေက အပြည့်အ၀ ကာကွယ်စောင့်ရှောက်ပေးရမယ့်ဆိုတဲ့ အစ္စလာမ့်ဓမ္မဥပဒေကို မွတ်စလင်တွေဟာ တမန်တော် မုဟမ္မဒ်လက်ထက်ကတည်းက လိုက်နာကျင့်သုံးခဲ့ကြတာပါ။

    အစ္စလာမ်ရဲ့ ဒီလိုသွန်သင်မှုမျိုးကို အစွန်းရောက်တွေက သူတို့ရဲ့ ကြမ်းတမ်းတဲ့ တလွဲဘာသာပြန်ဆိုမှုတွေနဲ့ ဘယ်လို ညှိလို့ရမှာလဲ။

    ကြင်နာစွာ ဆက်ဆံပါ

    ကိုယ့်ရဲ့ မိဘတွေက မွတ်စလင် ဟုတ်ဟုတ်၊ မဟုတ်ဟုတ် မိဘတွေကို ကြည်ညိုလေးစားဖို့ အစ္စလာမ်က သွန်သင်ထားပါတယ်။ မွတ်စလင်မဟုတ်တဲ့ မိဘတွေကို ကြင်နာစွာဆက်ဆံဖို့ကို ကုရ်အာန်က အထူးအလေးထားပြီး ဖော်ပြထားပါတယ်။

    “ငါအရှင်မြတ်သည် မနုဿလူသားအား ၎င်း၏ မိဘနှစ်ပါးနှင့် ပတ်သက်၍ ဤသို့ လေးနက်စွာ အမိန့်ပေးတော်မူသည်။ ၎င်း၏ မိခင်မှာ အားအင်ချည့်နဲ့မှုအပါ်၌ အားအင်ချည့်နဲ့မှုကို ခံစားလျက် ၎င်းအား မိမိဝမ်းတွင်း၌ လွယ်ပိုက်ခဲ့လေ၏။ ထိုမှတပါး ၂ နှစ်မြောက်သော အခါ၌သာလျှင် ၎င်းအား နို့ဖြတ်လေ၏၊ သို့ဖြစ်ပေရာ အသင်သည် ငါအရှင်မြတ်အား လည်းကောင်း၊ အသင်၏ မိဘနှစ်ပါးတို့အားလည်းကောင်း ကျေးဇူးတင်လော့။ အသင်လူသား၏ ပြန်လည်ရာဌာနသည် ငါအရှင်မြတ်အထံတော်၌ပင် ဖြစ်လေသည်။ အကယ်၍ ထိုမိဘနှစ်ပါးတို့သည် အသင်၌ သက်သေအထောက်အထား အသိပညာတစ်စုံတရာမရှိသော အရာတစ်ခုခုကို ငါအရှင်မြတ်နှင့် တွဲဖက်နှိုင်းယှဉ်ရန် အသင့်အား အနိုင်အထက် ပြုခဲ့ကြသည်ရှိသော အသင်သည် ထိုမိဘနှစ်ပါး၏ အမိန့်ကို မလိုက်နာလေနှင့်။ သို့ရာတွင် အသင်သည်
ွှဤလောကီဘ၀၌မူ ထိုမိဘနှစ်ပါးနှင့် ကောင်းမွန်စွာ ဆံဆက်လော့။ ငါအရှင်မြတ်ဘက်သို့ စိတ်စေတနာ ဖြူစင်စွာ ပြန်လှည့်သောသူ၏ လမ်းစဉ်ကို လိုက်နာလော့”(ကုရ်အာန် ၃၁၊ ၁၅)

    ကုရ်အာန်ထဲမှာ မွတ်စလင်မဟုတ်သူမိဘတွေကို ကြင်နာစွာပြောဆိုဆက်ဆံဖို့ တခုတ်တရ ဖော်ပြထားတဲ့ အစ္စလာမ်သာသနာက မွတ်စလင်မဟုတ်သူတွေအားလုံးကို သတ်ဖြတ်ဖို့ လိုတယ်လို့ ပြောဆိုခြင်းဟာ ယုံကြည်စရာကောင်းသည့် အရာမျိုမဟုတ်။

    ဂျစ်ဇယာသက်သေ

    မွတ်စလင်တွေအုပ်စိုးတဲ့အချိန်က မွတ်စလင်မဟုတ်သူတွေအပေါ် ကောက်ယူခဲ့တဲ့ ‘ဂျစ်ဇယာ’ အခွန်ဟာ သူတို့လူ့အဖွဲ့အစည်းကို ကာကွယ်ပေးရမှုအတွက် စစ်မှူထမ်းသက်အရွယ်ရှိတဲ့ အမျိုးသားတွေအပေါ်မှာသာ ကောက်ယူတဲ့ အခွန်ဖြစ်ပြီး အနိမ့်ဆုံးငွေကြေးကို သတ်မှတ်ထားကာ ပြန်လည်ထုတ်ယူလို့တဲ့ အခွန်မျိုးပါ။ ၀င်ငွေကောင်းမွန်မှုအပေါ် အခြေခံပြီး အမျိုးသားတွေအပေါ်မှာသာ ကောက်ယူတဲ့ ဒီ ဂျစ်ဇယာအခွန်ဟာ အခုခေတ်ငွေနဲ့တွက်ရင် တစ်နှစ်ကို ကန်ဒေါ်လာ ၁၆၀ ကနေ ၆၄၀ လောက်သာ ရှိပါတယ်။ ဒီထဲမှာ လူ့အဖွဲ့အစည်းတစ်ခုလုံးက အမျိုးသမီးတွေ၊ ကလေးတွေ၊ ဘုန်းကြီးတွေနဲ့ သက်ကြီးရွယ်အိုတွေလည်း ကင်းလွတ်ခွင့် ရပါသေးတယ်။

    နောက်ပြီး မွတ်စလင်စစ်တပ်မှာ အမှုထမ်းတဲ့ အမျိုးသားတွေဟာလည်း ဒီဂျစ်ဇယာအခွန်ကနေ ကင်းလွတ်ခွင့်ရပြီး၊ လစဉ် စစ်သားတစ်ယောက်ရဲ့ လခတောင် ရရှိပါတယ်။ တကယ်လို့ မွတ်စလင်မဟုတ်တဲ့ ဒီလူ့အဖွဲ့အစည်းတွေဟာ မွတ်စတွေရဲ့ အချုပ်အခြာအာဏာအောက်မှာ မရှိတော့ဘူးဆိုရင်တော့ ဒီဂျစ်ဇယာအခွန်ကို ပြန်လည်ပေးအပ်ပါတယ်။ နောက်ထပ် စိတ်ဝင်စားစရာကောင်းတာတစ်ခုက တစ်ခြားနိုင်ငံတစ်ခုခုဟာ မွတ်စလင်အုပ်စိုးတဲ့နိုင်ငံကို တိုက်ခိုက်ဖို့ စိုင်းပြင်းလာပြီဆိုရင် နိုင်ငံအတွင်းက မွတ်စလင်မဟုတ်သူတွေကို သတ်ဖြတ်ခြင်းမပြုဖို့ တိုက်ခိုက်ခံရမယ့် မွတ်စလင်နိုင်ငံက ဒီဂျစ်ဇယာအခွန်ကို တစ်ဖက်နိုင်ငံကို ပေးတာဖြစ်ပါတယ်။

    တကယ်လို့ အစ္စလာမ်ရဲ့ ရည်ရွယ်ချက်ဟာ မွတ်စလင်ဟုတ်သူတွေကို လုံးဝ ပပျောက်အောင် သုတ်သင်ဖို့ဆိုရင် ဘာ့ကြောင့် စစ်ပွဲကို ရှောင်ရှားဖို့ ပြဌာန်းချက်တွေ ရှိနေတာလဲ၊ ဘာ့ကြောင့် အခွန်ပြန်ပေးရေး ပေါ်လစီနဲ့ မွတ်စလင်မဟုတ်တဲ့သူတွေကို ကာကွယ်ဖို့ သတ်မှတ်ထားတာလဲ။

    ခြွင်းချက်မဲ့ ငြိမ်းချမ်းရေး

    မက္ကာမြို့ကို စွန့်ခွာသွားရပြီးတဲ့နောက် နှစ်အနည်းငယ်အကြားမှာ မွတ်စလင်တွေဟာ ဟဂ်ျပြုဖို့အတွက် မက္ကာကို လက်နက်မဲ့ လာရောက်ခဲ့ပါတယ်။ မက္ကမြို့သား ကာဖရ်တွေက လမ်းကိုပိတ်ပြီး မွတ်စလင်တွေရဲ့ ငြိမ်းချမ်စွာ ဟဂ်ျကျင့်စဉ်ပြုလုပ်မှုကို တားဆီးပါတယ်။ ဒါဟာ ဟဂ်ျကျင့်စဉ်ကို ဆောက်တည်ချင်ပြီး၊ ကိုယ့်မြို့ကိုယ့်ရွာကို လည်ပတ်ဖို့ ဆန္ဒပြင်းပြနေတဲ့ မွတ်စလင်တွေကို နာကျင်စေခဲ့ပါတယ်။

    မက္ကာက ကာဖရ်တွေဟာ မွတ်စလင်အနေနဲ့ ဟဂ်ျမလုပ်ဘဲ မဒီနာကို ပြန်သွားရမယ့် အချက်အပါအ၀င် သူတို့သာ အသာရစေမယ့် တစ်ဖက်သက် ငြိမ်းချမ်းရေးစာချုပ်ကို ကမ်းလှမ်းခဲ့ပါတယ်။ ဒီလို တရားမဲ့တဲ့ ကမ်းလှမ်းမှုကြောင့် မွတ်စလင်တွေဟာ စိတ်ခံစားမှု ပြင်းထန်ခဲ့ပြီး အချို့သော သာဝကကြီးတွေဟာဆိုရင် ဒီ တစ်ဖက်သက်စာချုပ်ကို လက်မှတ်မထိုးဘဲ ဟဂ်ျကျင့်စဉ်ကို ပြီးဆုံးအောင် ပြုလုပ်သင့်တယ်လို့ အကြံပေးလာကြပါတယ်။

    ဒါပေမယ့် တမန်တော် မုဟမ္မဒ်သခင်က သဘောမတူပါဘူး။ အဲဒီ တစ်ဖက်သက်စာချုပ်ကို လက်မှတ်ထိုးလိုက်ပြီး ဟဂ်ျကျင့်စဉ်ကို ဖျက်သိမ်းကာ မဒီနာကို ပြန်လာခဲ့ပါတယ်။ ဒါတွေဟာ ငြိမ်းချမ်းရေးအတွက် ရှေ့ရှုခဲ့တာပါ။

    တမန်တော်ရဲ့ ဒီဆုံးဖြတ်ချက်ဟာ ကုရ်အာန်ကျမ်းတော်မြတ်ရဲ့ အောက်ပါ လမ်းညွှန်ချက်နဲ့လည်း ကိုက်ညီပါတယ်။

    “အကယ်၍ ထိုသူတို့သည် စစ်ပြေငြိမ်းရန်အလို့ငှာ တိမ်းညွှန်ကြပါမူ အသင်သည်လည်း စစ်ပြေငြိမ်းရန် တိမ်းညွှတ်ပါလေ။ သို့ရာတွင် အသင်တို့သည် အလ္လာဟ်အရှင်မြတ်အပေါ်၌ ယုံကြည်စိတ်ချ လွှဲအပ်ပါလေ။ ဧကန်မလွဲ ထိုအရှင်မြတ်သည်ပင်လျှင် အကြွင်းမဲ့ ကြားတော်မူသောအရှင်၊ အကြွင်းမဲ့ သိတော်မူသော အရှင် ဖြစ်တော်မူပေသတည်း” (ကုရ်အာန် ၈၊ ၆၁)

    ဒီလို ငြိမ်းချမ်းရေးအတွက် တာဝန်ရှိနေတဲ့ မွတ်စလင်တစ်ယောက်က အမြဲတမ်း ကြမ်းရမ်းနေမလား။

    မလုပ်ခဲ့

    တမန်တော် မုဟမ္မဒ်ရဲ့ သက်တမ်းမှာ မွတ်စလင်မဟုတ်သူတွေကို သုတ်သင်နိုင်မယ့် အခွင့်အရေးတွေ အများကြီး ရခဲ့ပါတယ်။ ဒါပေမယ့် ဒါမျိုး မလုပ်ခဲ့ပါဘူး။

    ကိုယ့်ကိုယ် ညှမ်းပမ်းတဲ့သူတွေကို သတ်ဖြတ်ဖို့ ဒါမှမဟုတ် အကျဉ်းချဖို့ အခွင့်အရေးရမယ်ဆိုရင် လူတိုင်းက ဒီလိုအခွင့်အရေးကို လက်လွှတ်ခံမှာမဟုတ်ဘူးဆိုတာ ငြင်းချက်ထုတ်ရမယ့် အရာမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် တမန်တော် မုဟမ္မဒ်ကတော့ ဒီလို မလုပ်ခဲ့ပါဘူး။ တစ်နေ့ မုဟမ္မဒ်သခင် လမ်းလျှောက်နေတဲ့အချိန်မှာ ကာဖရ်တစ်ယောက်က လာပြီး ဓားရှည်မြှောက်ကာ

    “အခု ကျွန်တော့်လက်ကနေ သင့်ကို ဘယ်သူကယ်မှာလဲ” လို့ မေးပါတယ်။

    မုဟမ္မဒ်သခင်က ‘ဘုရာသခင်’ လို့ ပြန်ဖြေလိုက်တဲ့အခါ ဒီလူဟာ တုန်လှုပ်သွားပြီး သူ့ရဲ့ လက်နက်ကလည်း ပြုတ်ကျသွားပါတယ်။ အဲဒီအချိန်မှာ တမန်တော် မုဟမ္မဒ်သခင်က ” ‘ဘုရားသခင်ကလွဲပြီး ခ၀ပ်ကိုးကွယ်ထိုက်သူ တစ်ဦးမှမရှိ၊ ငါဟာ ဘုရားခသင်ရဲ့ တမန်တော်ဖြစ်တယ်’ လို့ သက်သေခံမလား” ဆိုပြီး မေးလိုက်ပါတယ်။

    ဒါပေမယ့် ဒီလူက သက်သေမခံဘူးလို့ ပြန်ဖြေခဲ့ပြီး၊ တမန်တော်မုဟမ္မဒ်ကလည်း သူ့ကို ဘယ်လိုထိခိုက်မှုမျိုးမှမလုပ်ဖို့ နောက်လိုက်တွေကိုပြောကာ ပြန်ခွင့်ပြုလိုက်ပါတယ်။

    အစ္စလာမ်ရဲ့ သင်ကြားမှုတွေကို ဆက်လက် ဖော်ထုတ်လေလေ၊ အစွန်းရောက်တွေရဲ့ လိုရာဆွဲ တစ်လွဲဘာသာပြန်မှုတွေရဲ့ ယုတ္တိမရှိမှုတွေဟာ ပိုမို ပိုလွင်လာလေသာ ဖြစ်ပါတော့တယ်။

    Ref: About Islam

    ( aboutislam.com တွင် ဖော်ပြထားသည့် What Does the Quran Really Say About Non-Muslims? ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်)

  • ခရစ်ယာန် ယေဟောဝါသက်သေ အသင်းတော်ကို အစွန်းရောက်အဖွဲ့အဖြစ် ရုရှား သတ်မှတ်

    ခရစ်ယာန် ယေဟောဝါသက်သေ အသင်းတော်ကို အစွန်းရောက်အဖွဲ့အဖြစ် ရုရှား သတ်မှတ်

    ဧပြီ ၂၁၊ ၂၀၁၇
    M-Media

    – ခရစ်ယာန် သာသနာပြုအသင်းတော်တစ်ခုဖြစ်သည့် ‘ယေဟောဝါသက်သေ’ အသင်းတော်မှာ အစွန်းရောက်အဖွဲ့အစည်းတစ်ခုဖြစ်သည်ဟု ရုရှားတရားရုံးချုပ်က ယမန်နေ့တွင် ဆုံးဖြတ်လိုက်ပြီး ထိုအဖွဲ့ကို ဖျက်သိမ်းကာ ၎င်းတို့ပိုင်ဆိုင်သော ပစ္စည်းများအားလုံးကို နိုင်ငံတော်က သိမ်းယူရမည်ဟု အမိန့်ပေးခဲ့သည်။

    အဆိုပါအဖွဲ့ကလည်း ၎င်းတို့အဖွဲ့မှာ ရုရှားတွင် ပြိုကွဲသွားပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။

    “ဒီလိုဆုံးဖြတ်မှုအတွက် ကျွန်တော်တို့ တော်တော်လေး စိတ်ပျက်မိပြီး ကျွန်တော်တို့ရဲ ဘာသာရေးလှုပ်ရှားမှုအပေါ်မှာ ဒါက ဘယ်ရောက် ရိုက်ခတ်သွားမလဲဆိုတာကိုလည်း အရမ်း စိုးရိမ်မိပါတယ်” ဟု ရုရှား ယေဟောဝါသက်သေ အသင်းတော်၏ ပြောရေးဆိုခွင့်ရှိသူ ယာရိုစလဗ် ဆီလ်ဆူလ်စကီးက အီးမေးလ်မှတစ်ဆင့် Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

    “ဒီဆုံးဖြတ်ချက်ကို ကျွန်တော်တို့ အယူခံဝင်မှာပါ။ ငြိမ်းချမ်တဲ့ ဘာသာရေးအဖွဲ့အစည်းတစ်ခုအဖြစ် ကျွန်တော်တို့ရဲ့ တရားဥပဒေဆိုင်ရာ အခွင့်အရေး၊ ကာကွယ်မှုတွေ မြန်မြန်ပြန်ရမယ်လို့လည်း ကျွန်တော်တို့ မျှော်လင့်ပါတယ်”

    ထိုဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ရန်အတွက် ၎င်းတို့အသင်းအနေဖြင့် အယူခံဝင်ခွင့်ကာလ ရက်ပေါင်း ၃၀ ရရှိမည်ဖြစ်သည်။

    ရုရှားတွင် ခရစ်ယာန်ဘာသာရေးကို အော်သိုဒေါ့စ်အသင်းတော်က လွှမ်းမိုးထားပြီး နိုင်ငံရေးတွင်လည်း အတိုင်းအတာတစ်ခုအထိ လက်တံရှည်ကာ ရုရှားသမ္မတ ဗလာဒီမီရ် ပူတင်၏ ထောက်ခံမှုကို ရရှိထားသည်။ အချို့သော အော်သိုဒေါ့စ် ခရစ်ယာန်ဘာသာရေးပညာရှင်များက ယေဟောဝါအသင်းတော်ကို ‘အာဏာရှင်ဆန်သည့် ဂိုဏ်း’ အဖြစ် သတ်မှတ်ထားသည်။

    ယေဟောဝါအသင်းတော်၏ ကိုယ်စားလှယ် ဆာဂျီ ချီရီပါနော့ဗ်က မိမိတို့အနေဖြင့် ဥရောပ လူ့အခွင့်အရေး ခုံရုံးသို့ အယူခံဝင်သွားမည်ဟု ပြောကြားကြောင်း Interfax သတင်းဌာနက ဖော်ပြခဲ့သည်။

    အမေရိကန်အခြေစိုက် ယေဟောဝါအသင်းတော်မှာ တစ်အိမ်တက်ဆင်း သာသနာပြုနိုင်မှုအတွက် ကျော်ကြားပြီး၊ စစ်မှုထမ်းခြင်း၊ သွေးသွင်းကုသခြင်း စသည်တို့ကို ဆန့်ကျင်သည့်အဖွဲ့ ဖြစ်သည်။

    ကမ္ဘာတစ်ဝှမ်း ၎င်းတို့၏အသင်းဝင် ၈ သန်းခန့်ရှိသည်ဟု ဆိုပြီး၊ ၎င်းတို့၏ စစ်မက်ကင်းစင်ရေးဝါ၊ သွေးသွင်းမှုဆန့်ကျင်ရေးတို့ကြောင့် နိုင်ငံအများအပြားတွင် ဥပဒေကြောင်းအရ ဖိအားပေးမှုများနှင့်လည်း ရင်ဆိုင်နေရသည်။ ထိုနိုင်ငံများထဲတွင် ရုရှားမှာ လူသိရှင်ကြား ပြင်းပြင်းထန်ထန် ကန့်ကွက်သည့် နိုင်ငံဖြစ်သည်။

    Ref: Reuters

  • အမေရိကန်ရဲ့ ‘ဗုံးတို့၏မိခင်ထက်’ ပိုပြင်းတဲ့ ‘ဗုံးတို့၏ဖခင်’ ကို ရုရှား ပိုင်ဆိုင်ထား

    အမေရိကန်ရဲ့ ‘ဗုံးတို့၏မိခင်ထက်’ ပိုပြင်းတဲ့ ‘ဗုံးတို့၏ဖခင်’ ကို ရုရှား ပိုင်ဆိုင်ထား

    ဧပြီ ၂၁၊ ၂၀၁၇
    M-Media

    FOAB ဗုံး စမ်းသပ်မှုမြင်ကွင်း

    – အမေရိကန်ရဲ့ လက်နက်တိုက်ထဲမှာ နျူလက်နက်ပြီးရင် အင်အားအပြင်းဆုံးဖြစ်တဲ့ ‘ဗုံးတို့၏မိခင်’ (MOAB) ဗုံးထက် ပိုပြီး အင်အားပြင်းတဲ့ ‘ဗုံးတို့၏ ဖခင်’ (FOAB) ကို မိမိတို့က ပိုင်ဆိုင်ထားပြီးဖြစ်တယ်လို့ ရုရှားက သိပ်မကြာခင်မှာပဲ ကြေငြာခဲ့ပါတယ်။

    အမေရိကန်ဟာ အဲဒီ ဗုံးကြီးကို အာဖဂန်က IS တွေအပေါ် အခုလအတွင်း ကြဲချခဲ့တာပါ။

    ရုရှားကတော့ သူတို့ရဲ့ ‘ဗုံးတို့၏ ဖခင်’ ဟာ သာမိုဘဲရစ်ဗုံးတွေထဲမှာ စွမ်းအားအမြင့်ဆုံးဖြစ်ပြီး အမေရိကန်ရဲ့ ‘ဗုံးတို့၏မိခင်’ ထက် ၄ ဆ ပိုအားပြင်းတယ်လို့ ဆိုပါတယ်။

    ရုရှားစစ်တပ်က ထုတ်ပြန်တဲ့ အချက်အလက်တွေကို ကြည့်ပြီးတဲ့နောက် လေ့လာဆန်းစစ်သူတွေကလည်း ရုရှားရဲ့ ဒီပြောကြားမှုဟာ မှန်ကန်နိုင်တယ်လို့ ဆိုပါတယ်။

    FOAB ကို ရုရှားက ၂၀၀၇ ခုနှစ်မှာ စမ်းသပ်ခဲ့တာဖြစ်ပြီး ၂၀၀၇ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့ နိုင်ငံပိုင်ရုပ်သံရဲ့ ထုတ်လွှင့်မှုမှာ အဲဒီအချိန်က ရုရှားလက်နက်ကိုင်အဖွဲ့ အားလုံးရဲ့ ဒုတိယစစ်ဦးစီးအရာရှိချုပ် အလက်ဇန်းဒါး ရက်ရှင်က နျူကလီးယားလက်နက်ရဲ့စွမ်းအားလို ကျောက်မက်ဖွယ် ပေါက်ကွဲလှိုင်းတွေ ဖြစ်ပေါ်စေနိုင်တဲ့ ဗုံးအသစ်တစ်လုံး ပထမဆုံးစမ်းသပ်မှု ပြီးဆုံးသွားပြီလို့ ပြောကြားခဲ့ပါတယ်။

    အငြိမ်းစား ဗိုလ်မှူးကြီးဟောင်း၊ စစ်ဦးစီးအရာရှိချုပ်များအဖွဲ့ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်ပြီး စစ်ရေးဆိုင်ရာ လေ့လာစမ်းစစ်သူ စီဒရ် လေတန်က ဒီဗုံးကျရောက်တဲ့နေရာမှာရှိနေတဲ့ သက်ရှိတွေအားလုံးဟာ အငွေ့ပျံသွားနိုင်မယ့် ကြောက်စရာဗုံးကြီးဖြစ်တယ်လို့ ဆိုပါတယ်။

    မကြာသေးခင်က ရုရှားနိုင်ငံပိုင်သတင်းဌာနရဲ့ ထုတ်ပြန်မှုမှာတော့ ဒီ FOAB ဟာ TNT ဗုံး ၄၄ တန်ရဲ့ စွမ်းအားနဲ့ ညီမျှကာ ၇၁၀၀ ကီလိုဂရမ်လေးတယ်လို့ ဆိုပြီး အမေရိကန်ရဲ့ MOAB က TNT ၁၁ တန်နဲ့ ညီမျှပြီး ၈၂၀၀ ကီလိုရမ် အလေးချိန်ရှိပါတယ်။ ထိခိုက်နိုင်တဲ့ ဧရိယာမှာတော့ FOAB က MOAB ထက် နှစ်ဆပိုများပြီး အချင်း မီတာ ၃၀၀ ရှိပါတယ်။

    လေတန်က သူတို့အုပ်စုအနေနဲ့ ဒီလို ထုတ်ပြန်ချက်တွေကို ထောက်ခံအတည်ပြုပေမယ့် ရုရှားကထုတ်ပြန်တဲ့ စမ်းသပ်မှု ဗီဒီယိုမှာ ပေါက်ကွဲတဲ့ဗုံးဟာ FOAB လားဆိုတာကို မေးခွန်းထုတ်စရာ ရှိနေတယ်လို့ ဆိုပါတယ်။

    ရုရှား အမျိုးသားကာကွယ်ရေး မဂ္ဂဇင်းရဲ့ အယ်ဒီတာ အလက်ဇန်းဒါး မိုဇ်ဂိုဗီက Channel 1 က ထုတ်လွှင့်တဲ့ ဗီဒီယိုဟာ FOAB ဖောက်ခွဲမှု ဗီဒီယို ဖြစ်နိုင်တယ်လို့ ယုံကြည်နေပြီး အမေရိကန်လိုပဲ ရုရှားဟာ FOAB ဗုံးကို တစ်လုံးထက်မက ထုတ်နိုင်လိမ့်မယ်လို့လည်း သူက ထင်မြင်နေပါတယ်။

    Ref: CNN

  • တရုတ်က ပထမဆုံး ကုန်တင်အာကာသယာဉ် အောင်မြင်စွာ လွှတ်တင်

    တရုတ်က ပထမဆုံး ကုန်တင်အာကာသယာဉ် အောင်မြင်စွာ လွှတ်တင်

    ဧပြီ ၂၁၊ ၂၀၁၇
    M-Media

    – တရုတ်နိုင်ငံမှာ ၎င်းတို့၏ ပထမဆုံး အာကာသ ကုန်တင်ယာဉ်ကို ယမန်နေ့က အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် အမြဲတမ်းလူနေထိုင်နိုင်မည့် အာကာသစခန်းတစ်ခု တည်ဆောက်ရေး ရည်ရွယ်ချက်အတွက် တိုးတက်မှုတစ်ခုလည်းဖြစ်သည်။

    Tianzhou-1 ကုန်တင် အာကာသယာဉ်ကို နိုင်ငံတောင်ပိုင်း ဟိုင်နန်ပြည်နယ် Wenchang အာကာသယာဉ်လွှတ်တင်ရေးစင်တာမှ Long March-7 Y2 ဒုံးပျံဖြင့် ယမန်နေ့ညနေပိုင်းတွင် လွှတ်တင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံပိုင်ရုပ်သံက တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့သည်။

    အဆိုပါကုန်တင်ယာဉ်မှာ ကုန်ပစ္စည်း ၆ တန်၊ လောင်စာ ၂ တန် သယ်ဆောင်သွားပြီး လူမပါဘဲ ၂ လအထိ ပျံသန်းနိုင်မည်ဖြစ်သည်။

    Tianzhou-1 အာကာသယာဉ်မှာ Tiangong 2 အာကာသဓာတ်ခွဲခန်းနှင့် ၂ ရက်အတွင်း ချိတ်ဆက်မည်ဖြစ်သည်။ အဆိုပါ အာကာသဓာတ်ခွဲခန်းသို့ ပြီးခဲသည့်နှစ် အောက်တိုဘာလက တရုတ်အာကာသယာဉ်မှူး ၂ ဦး သွားရောက်ခဲ့ပြီး တစ်လတာ နေထိုင်ခဲ့သည်။

    နိုင်ငံပိုင်မီဒီယာကမူ ယခု ကုန်တင် အာကာသယာဉ် လွှတ်တင်နိုင်မှုက တရုတ်နိုင်ငံ၏ အာကာသစခန်း တည်ဆောက်ရေးအတွက် အရေးပါသည့် နည်းပညာဆိုင်ရာ အခြေခံကို ရရှိစေသည်ဟု ဖော်ပြခဲ့သည်။

    တရုတ်သမ္မတရှီကျင့်ဖျင်က နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို အားကောင်းစေရန်အတွက် အာကာသအစီအစဉ်ကို တိုးမြှင့်ဆောင်ရွက်ရန် အဓိကထား လုပ်ဆောင်နေသည်။

    Ref: Aljazeera

  • အမေရိကန် ဒုသမ္မတ အင်ဒိုနီးရှား၏ အကြီးဆုံးဗလီသို့ သွားရောက်လည်ပတ်

    အမေရိကန် ဒုသမ္မတ အင်ဒိုနီးရှား၏ အကြီးဆုံးဗလီသို့ သွားရောက်လည်ပတ်

    ဧပြီ ၂၁၊ ၂၀၁၇
    M-Media

    အီမာန်ကြီး နာဆာရုဒင် အူမာရ်က လှည့်လည် ပြသနေစဉ်

    – အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိနေသည့် အမေရိကန် ဒုတိယသမ္မတ မိုက်ပန့်စ်မှာ ဂျကာတာမြို့ရှိ နိုင်ငံ၏ အကြီးဆုံး အစ္စတစ်ကာလ် ဗလီဝတ်ကျေင်းတော်သို့ ယမန်နေ့က သွားရောက်လည်ပတ်ခဲ့သည်ဟု သိရသည်။

    မိုက်ပန့်စ်နှင့်အတူ ၎င်း၏ ဇနီးနှင့် သမီး နှစ်ဦးတို့လည်း လိုက်ပါလာခဲ့ပြီး ဗလီဝတ်ကျောင်းတော်၏ အီမာမ်ကြီး နာဆာရူဒင် အူမာရ်က ၀တ်ကျောင်းတော်အတွင်း လှည့်လည် ပြသခဲ့သည်။ မိုက်ပန့်စ်ကမူ အင်ဒိုနီးရှားနိုင်ငံ၏ အစ္စလာမ့်အလယ်အလတ်လမ်းစဉ် ကျင့်သုံးမှုမှာ အားကျစရာဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “အင်ဒိုနီးရှားရဲ့ အစ္စလာမ့်အလတ်အလတ်လမ်းစဉ်ကို ကျင့်သုံးမှုဓလေ့ဟာ ကမ္ဘာကြီးအတွက် လေးစားအားကျစရာတစ်ခုပါပဲ။ ခင်ဗျားတို့နဲ့ ခင်ဗျားတို့ရဲ့ ပြည်သူတွေကို ချီးကျူးပါတယ်။ ခင်ဗျားတို့တိုင်းပြည်ဟာ ကျွန်တော်တို့ တိုင်းပြည်လိုပဲ ဘာသာတရားတွေ စည်းလုံးတယ်၊ သွေးကွဲမှုမရှိပါဘူး” ဟု ဂျကာတာရှိ သမ္မတအိမ်တော်တွင် သမ္မတဂျိုကို ၀ီဒိုဒိုနှင့် တွေ့ဆုံပြီးနောက် ပြောကြားခဲ့သည်။

    ဗလီဝတ်ကျောင်းတော်အတွင်း လှည့်လည်ကြည့်ရှုခဲ့ပြီးနောက် မိုက် ပန့်စ်မှာ ခရစ်ယာန်၊ ဗုဒ္ဓဘာသာ၊ ကွန်ဖြူးရှပ်စ်ဘာသာ၊ ဟိန္ဒူနှင့် အစ္စလာမ်ဘာသာများမှ ဘာသာရေးခေါင်းဆောင်များနှင့် ဆွေးနွေးမှု ပြုလုပ်ခဲ့သည်။

    မိုက်ပန့်စ်က အင်ဒိုနီးရှားနိုင်ငံ၏ ပြည့်ဝသည့် အစ္စလာမ်သာသနာမှာ သဘောထားတင်းမာသူများ၊ ကွန်ဆာဗေးတစ်ဝါဒသို့ ဦးတည်သည့် အရွေ့တစ်ခု၏ ခြိမ်းခြောက်မှုအောက် ရောက်နေသည်ဟုလည်း ထည့်သွင်းပြောဆိုခဲ့သည်။

    သမ္မတ ၀ီဒိုဒိုနှင့်တွေ့ဆုံပြီးနောက် မိမိတို့မှာ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရေးအတွက် ပိုမိုခိုင်မာသည့် ကာကွယ်ရေး ပူးပေါင်ေးဆာင်ရွက်မှုတစ်ခု တည်ဆောက်ရေး၊ တောင်တရုတ်ပင်လယ်အတွင်း လွတ်လပ်စွာ ရေကြောင်းသွားလာခွင့် အာမခံချက်ရှိရေး ဆောင်ရွက်ရန် သဘောတူခဲ့သည်ဟု မိုက်ပန့်စ်က ကြေငြာခဲ့သည်။

    အမေရိကန် ဒုတိယသမ္မတမှာ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံများသို့ သွားရောက်ခဲ့ပြီး သြစတေးလျနိုင်ငံသို့ သွားရောက်ရန် ရှိနေသည်။

    Ref : CNA