News @ M-Media

Author: Ko Lay

  • ယူအေအီးတွင် အာကာသသိပ္ပံဆိုင်ရာ ဓာတ်ခွဲခန်းတစ်ခု ဖွင့်လှစ်

    ယူအေအီးတွင် အာကာသသိပ္ပံဆိုင်ရာ ဓာတ်ခွဲခန်းတစ်ခု ဖွင့်လှစ်

    ဧပြီ ၁၈၊ ၂၀၁၇
    M-Media

    – အငယ်စား ဂြိုဟ်တုများကို ဒီဇိုင်းရေးဆွဲ တည်ဆောက် စမ်းသပ်နိုင်ရန်အတွက် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံ မက်စ်ဒါစီးတီးမြို့တွင် အာကာသ ဓာတ်ခွဲခန်းတစ်ခုကို ယမန်နေ့က ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

    Yahsat Space Laboratory ဟု အမည်ပေးထားသည့် အဆိုပါ ဓာတ်ခွဲခန်းကို မက်စ်ဒါ သိပ္ပံနှင့် နည်းပညာအင်စတီကျုက ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ အင်စတီကျုမှာ မကြာခင်ကမှ ဖွင့်လှစ်လိုက်သည့် ခါလီဖာ သိပ္ပံနှင့် နည်းပညာတက္ကသိုလ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

    ဓာတ်ခွဲခန်းကို မက်စ်ဒါအင်စတီကျု၊ အလ် ယဟ်ဆတ် ဂြိုဟ်တုဆက်သွယ်ရေး ကုမ္ပဏီနှင့် Orbital ATK တို့က ပူးပါင်းဆောင်ရွက်မည်ဖြစ်သည်။ ဓာတ်ခွဲခန်းဖြစ်မြောက်ရေးအတွက် နည်းပညာကျောင်းသားများ၊ ဆရာများ၊ အာကာသလုပ်ငန်းမှ အင်ဂျင်နီယာများက ၂ နှစ်တာ ကြိုးစားခဲ့ရပြီး၊ ကျောင်းသားများကို အာကာသနယ်ပယ်တွင် မြေတောင်မြှောက်ပေးကာ နိုင်ငံ၏ အာကာသကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ခြင်းဖြစ်သည်။

    ဓာတ်ခွဲခန်းတွင် စောင့်ကြည့်ခြင်း၊ ဆက်သွယ်ခြင်း၊ ၃ ဖက်မြင် ပရင့်ထုတ်ခြင်း၊ ဆော့ဖ်ဝဲရေးသားရေးဌာနတို့ ပါဝင်ပြီး အင်စတီကျု၏ အင်ဂျင်နီယာကျောင်းသားများကို လာမည့်လတွင် အာကာသသိပ္ပံဆိုင်ရာ ပထမဆုံးဘွဲ့ပေးမည်ဖြစ်သည်။

    ယခုကဲ့သို့ အာကသဆိုင်ရာ ဓာတ်ခွဲခန်း ပေါ်ပေါက်လာခြင်းကြောင့် ယူအေအီးနိုင်ငံအတွင်းရှိ အင်ဂျင်နီယာ ကျောင်းသားများမှာ အာကာသသိပ္ပံဆိုင်ရာ မဟာဘွဲ့များကို ရယူနိုင်တော့မည်ဖြစ်သည်။

    ဓာတ်ခွဲခန်း အုပ်ချုပ်ရေးအဖွဲ့က အဘူဒါဘီ နယူးယောက်တက္ကသိုလ်၊ ရက်စ် အလ် ခိုင်မာ အမေရိကန်တက္ကသိုလ်တို့နှင့် ပူးပေါင်းကာ ကျောင်းသားများ ပိုမိုရရှိရေး ဆောင်ရွက်နေသည်။

    Ref: The National UAE

  • အလ်ဘေးနီးယား (သို့) ဂျူးများကို နာဇီလက်မှ ကယ်တင်ခဲ့သည့် မွတ်စလင်နိုင်ငံတစ်ခု

    ဧပြီ ၁၈၊ ၂၀၁၇
    M-Media

    ဒုတိယကမ္ဘာစစ်အတွင်းမှာ နာဇီတွေရဲ့ လက်ချက်နဲ့ ဒုက္ခရောက်ခဲ့ရတဲ့ ဂျူးတွေကို ကယ်တင်ခဲ့တဲ့ မွတ်စလင်နိုင်ငံတွေ အများကြီး ရှိခဲ့ပါတယ်။

    အဲဒီအထဲမှာ ဥရောပက အလ်ဘေးနီးယားနိုင်ငံလည်း ပါဝင်ပါတယ်။

    ဂျူးတွေကို နာဇီတို့ရဲ့ လက်ကနေ ကယ်တင်ဖို့အတွက် မွတ်စလင်နာမည်ပေးတာ၊ မွတ်စလင်တစ်ယောက်အဖြစ် သက်သေခံအထောက်အထား လုပ်ပေးတာမျိုးတွေ ရှိခဲ့သလို၊ ဂျူးတွေအတွက် နေရာထိုင်ခင်းပေးကာ အ၀တ်အထည် အစားအသောက်တွေကိုလည်း အလ်ဘေးနီးယားပြည်သူတွေက ထောက်ပံ့ပေးခဲ့ပါတယ်။

    ဒီဗီဒီယိုအတိုလေးကတော့ သမိုင်းဝင်ပုံတွေနဲ့ အလ်ဘေးနီးယားရဲ့ ဂျူးတွေအပေါ် တာဝန်ကျေမှုကို ဖော်ပြထားတာပါ။

  • ဘာသာရေးအရတားမြစ်သည့် စားသောက်ကုန်အမည်များပေးလျှင် ဟာလာလ်လက်မှတ် မထုတ်ပေးဟု မလေးပြော

    ဘာသာရေးအရတားမြစ်သည့် စားသောက်ကုန်အမည်များပေးလျှင် ဟာလာလ်လက်မှတ် မထုတ်ပေးဟု မလေးပြော

    ဧပြီ ၁၈၊ ၂၀၁၇
    M-Media

    – အလ်ကိုဟောမပါဝင်သည့် ဘီယာ၊ သို့မဟုတ် ၀က်ပေါင်ခြောက်၊ ၀က်အူချောင်းတို့ကဲ့သို့ အစ္စလာမ်ဘာသာဝင်များ စားမပိုင်သောအရာများနှင့် ဆက်စပ်သည့် စားသောက်ကုန်များအတွက် ဟာလာလ် အသိအမှတ်ပြုလက်မှတ်များ ထုတ်ပေးမည်မဟုတ်ဟု ၀န်ကြီချုပ်ရုံးမှ ၀န်ကြီး ဂျာမီလ် ခိုင်ရ် ဘာဟာရွမ်က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    ဟာလာလ်ဘီယာများအတွက် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးထားလားဆိုသည့် လွှတ်တော်အမတ်တစ်ဦး၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်ဖြစ်ပြီး ‘ဟာလာလ် ဘီယာ’ ဆိုသည့် အသုံးအနှုန်းမှာ အစ္စလာမ့်ဖွံ့ဖြိုးရေးဌာန (Jakim)နှင့် အခြားသော ဟာလာလ်အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရေးဌာနများက အသုံးပြုသည့် မလေးရှား ဟာလာလ်အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရေး လုပ်ထုံးလုပ်နည်းများ (MPPHM) နှင့် ဆန့်ကျင်နေသည်ဟု ဆိုသည်။

    “လုပ်ထုံးလုပ်နည်းတွေထဲမှာ ဟာလာလ်ထုတ်ကုန်မဟုတ်တဲ့ ပစ္စည်းတွေရဲ့ တိုက်ရိုက်အမည် ဒါမှမဟုတ် ဆင်တူအမည်တွေကို သုံးထားမယ်။ ‘၀က်ပေါင်ခြောက်’ ‘ဘာကူတေး (၀က်သားပေါင်း)’ ‘၀က်အူချောင်း’ ‘ဘီယာ’ တွေလိုအသုံးနှုန်းတွေနဲ့ ရှုပ်ထွေးစေတာတွေ ဒါမှမဟုတ် တူညီတာတွေဟာ မလေးရှား ဟာလာလ် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရမယ့် စံချိန်နဲ့ မညီညွတ်ဘူးလို့ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်”

    ထို့ပြင် ဟာလာလ်အစားသောက် သို့မဟုတ် ဟာလာလ် အသင့်စား စားစရာများ၌ အရောင်ထည့်မှုတွင်လည်း ဟာလာလ်မဟုတ်သည့် အစားအသောက်များ၏ အမည်များနှင့် ရှုပ်ထွေးစေသည့် တိုက်ရိုက်အမည်များ၊ ဆင်တူအမည်များကို သုံး၍မရဟု ဆိုသည်။

    အဆိုပါ စားသောက်ကုန်များမှာ နိုင်ငံခြား ပုဂ္ဂလိက ကုမ္ပဏီများ သို့မဟုတ် ဟာလာလ်အသိအမှတ်ပြုလက်မှတ် ထုတ်ပေးထားသည့် အဖွဲ့အစည်းမှ အသိအမှတ်ပြုလက်မှတ်ကို ရရှိထားခြင်းဖြစ်ပြီး၊ အချို့မှာ ၎င်းတို့၏ ထုတ်ကုန်များတွင် မည်သည့် ဟာလာလ်တံဆိပ်ကိုမှ အသုံးပြုခြင်းမရှိဟု ၀န်ကြီးက ထောက်ပြပြောဆိုခဲ့သည်။

    “Jakim နဲ့ Jain (အစိုးရ အစ္စလာမ့်ရေးရာဌာန) တွေဟာ မလေးရှားမှာ ဟာလာလ်အသိအမှတ်ပြုလက်မှက် ထုတ်ပေးတဲ့ အာဏာပိုင်အဖွဲ့တွေဖြစ်ပါတယ်။ မလေးရှားမှာ ဟာလာလ်အသိအမှတ်ပြုလက်မှတ် လျှောက်ထားမှု တစ်ခုစီတိုင်းဟာ MPPHM ဒါမှမဟုတ် မလေးရှား ဟာလာလ်အသိအမှတ်ပြုလက်မှတ်ထုတ်ရေးမှာ အသုံးပြုနေတဲ့ ဖသ်ဝါ ဓမ္မသတ်ဆုံးဖြတ်ချက်တွေ၊ ဆက်စက် ဥပဒေတွေကို လိုက်နာရပါမယ်”

    အမေရိကန်ဂျာနယ် Wall Street က ၂၀၁၃ ခုနှစ် မလေးရှားတွင် အလ်ကိုဟောမပါသည့် ဘီယာဈေးကွက်မှာ လီတာပေါင်း ၃ သန်းရှိနေပြီး ၂၀၁၆ ခုနှစ်တွင် လီတာ ၃.၆ သန်း ရှိမည်ဟု ၂၀၁၅ ခုနှစ်တွင် ဖော်ပြခဲ့သည်။ အရှေ့အလယ်ပိုင်းနှင့် အာဖရိကတွင်မူ အဆိုပါ ဟာလာလ်ဘီယာများ ရောင်းချမှုမှာ ၁၁.၅ ရာခိုင်နှုန်းအထိ ရှိနေသည်။

    Ref: Today Online

  • တာလီဘန်ခေါင်းဆောင်တစ်ဦး လက်နက်ချခဲ့သည်ဟု ပါကစ္စတန် ကြေငြာ

    တာလီဘန်ခေါင်းဆောင်တစ်ဦး လက်နက်ချခဲ့သည်ဟု ပါကစ္စတန် ကြေငြာ

    ဧပြီ ၁၈၊ ၂၀၁၇
    M-Media

    – ပါကစ္စတန်တာလီဘန်၏ အဖွဲ့ခွဲ ဂျမာအ် အူရ် အဟ်ရာရ် (JuA) မှ ထင်ရှားသည့် ခေါင်းဆောင်တစ်ဦးဖြစ်သူ အဟ်ဆန်နူလာ အဟ်ဆန်မှာ လက်နက်ချ အဖမ်းခံခဲ့သည်ဟု ပါကစ္စတန်စစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ အာဆစ်ဖ် ဂဖူးရ်က ယမန်နေ့တွင် ကြေငြာလိုက်သည်။

    မြို့တော် အစ္စလာမ်မာဘတ်အနီး ရ၀ါလ်ပင်ဒီမြို့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး မည်သည့်အချိန်တွင်၊ မည်သည့်နေရာ၌ အဖမ်းခံခဲ့သည်ဆိုသည့် အသေးစိတ်အချက်အလက်ကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိချေ။

    အဟ်ဆန်မှာ ၂၀၁၆ ခုနှစ် နှောင်းပိုင်းကတည်းက ၎င်း၏ရာထူးမှ ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်သည်။

    “မကောင်းတာတွေလုပ်နေတဲ့ လူတစ်ဦးက သူတို့ဟာ မှားယွင်းတဲ့ဘက်မှာ ရှိနေတယ်ဆိုတာကို သိရှိလာပြီဆိုရင် ကောင်းတဲ့ဘက်ကို ပြန်လာသင့်ပါတယ်။ ဒါဆိုရင်တော့ နိုင်ငံအတွက် ဒီထက်ပိုကောင်းတဲ့ အောင်မြင်မှုမျိုး မရှိတော့ပါဘူး” ဟု ဂဖူးရ်က ထည့်သွင်းပြောကြားခဲ့သည်။

    JuA အဖွဲ့ကမူ ယခုသတင်းအတွက် မည်သည့်မှတ်ချက်မှ မပေးသေးပေ။ အဆိုပါသတင်း မှန်ကန်ပါက ပြီးခဲ့သည့်နှစ်များအတွင်း ပါကစ္စတန်တာလီဘန်မှ ထိပ်တန်းတပ်မှူးတစ်ဦး ပထမဆုံး လက်နက်ချ အဖမ်းခံခြင်းဖြစ်သည်။

    Ref: Aljazeera

  • မိမိတို့နျူလက်နက်မှာ အလှပြရန်မဟုတ်ဟု ကန်ကို မြောက်ကိုရီးယား သတိပေး

    မိမိတို့နျူလက်နက်မှာ အလှပြရန်မဟုတ်ဟု ကန်ကို မြောက်ကိုရီးယား သတိပေး

    ဧပြီ ၁၈၊ ၂၀၁၇
    M-Media

    – မိမိတို့အနေဖြင့် စစ်တပ်ကို အမြင့်ဆုံးတပ်လှန့်ထားပြီး၊ နျူလက်နက်မှာလည်း ပြစားမည့်အရာမဟုတ်ဟု မြောက်ကိုရီးယား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆင် ဟွန် ချိုလ်က ယမန်နေ့ အလ်ဂျာဇီရားသတင်းဌာနနှင့် အင်တာဗျူးတွင် ပြောကြားလိုက်သည်။

    အာရှသို့ ရောက်ရှိနေသည့် အမေရိကန် ဒုတိယသမ္မတ မိုက်ပန့်စ်က မိမိတို့အနေဖြင့် မြောက်ကိုရီးယားကို ရင်ဆိုင်ရန် နည်းလမ်းအားလုံးကို ထည့်သွင်းစဉ်းစားထားသည်ဟု တောင်ကိုရီးယားသို့ရောက်ရှိစဉ် ပြောကြားမှုအား မြောက်ကိုရီးယားက ယခုကဲ့သို့ တုန့်ပြန်ခြင်းဖြစ်သည်။

    ဆင် ဟွန် ချိုလ်က သမ္မထရမ့်အနေဖြင့် ကမ္ဘာကြီးကို မျက်လုံဖွင့်ကြည့်ရန်လိုအပ်ကြောင်း၊ အမေရိကန်၏ စစ်အင်အားကို ၀င့်ကြွား၍ အမိန့်များပေးသည့်အချိန်မှာ ကုန်လွန်သွားပြီဖြစ်ကြောင်း၊ အမေရိကန်တွင် အာဏာချုပ်ကိုင်ထားသည့် စီးပွားရေးသမားများက စစ်အင်အား သို့မဟုတ် စီးပွားရေးပိတ်ဆို့မှုများဖြင့် မိမိတို့အား ခြိမ်းခြောက်၍ရမည်ဟု ထင်နေပြီး သမ္မတအိုဘားမားလက်ထက်တွင် အလုပ်မဖြစ်ခဲ့သည့် အဆိုပါဆောင်ရွက်ချက်များမှာ အသုံးမ၀င်ဆိုသည်ကို မကြာခင် တွေ့ရှိရမည်ဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

    “ကျွန်တော်တို့ရဲ့ အချုပ်အချာကို ထိခိုက်လာမယ့် ဘယ်လို လက္ခဏာမျိုးမဆို တွေ့လာရင် ဝေးကွာတဲ့ အမေရိကန် ပိုက်နက်တွေမှာပဲဖြစ်ဖြစ်၊ ဂျပန်နဲ့ တခြားနေရာတွေလို ကိုရီယားကျွန်းဆွယ်က အမေရိကန်စစ်အခြေစိုက်စခန်းမှာပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့စစ်တပ်ဟာ ကျူးကျော်သူ အမေရိကန်တွေကို အညှာအတာမဲ့ တိုက်ခိုက်သွားမှာပါ”

    ထို့ပြင် ကိုရီးယားကျွန်းဆွယ်တွင် နျူလက်နက်ကင်းစင်ရေး ရည်ရွယ်သည့် ၆ နိုင်ငံ ဆွေးနွေးပွဲမှာလည်း အနိုင်ကျင့်ခြင်းဖြစ်သည်ဟု ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ထပ်လောင်း ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ပိုင်ဆိုင်တဲ့ နျူလက်နက်က ပြစားဖို့မဟုတ်ပါဘူး။ ဒါဟာ အမေရိကန် ဒေါ်လာနဲ့ လဲနိုင်မယ့် ကုန်ပစ္စည်းလည်းမဟုတ်သလို၊ ရောင်းဖို့လည်း မဟုတ်ပါဘူး။ ဒါ့ကြောင့် ဒါကို ဖယ်ရှားဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့တာ့ စားပွဲဝိုင်းမှာ ထိုင်လို့မရပါဘူး”

    မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မှုများ တောက်လျှောက်ပြုလုပ်လာခဲ့ပြီးနောက် အမေရိကန်နှင့် မြောက်ကိုရီးယားတို့အကြား တင်းမာမှုများမှာ မြင့်တက်လာခဲ့ပြီး အမေရိကန်ကလည်း မြောက်ကိုရီးယာပြဿနာကို ဖြေရှင်းရန် စစ်ရေးအပါအ၀င် နည်းလမ်းအားလုံးကို စဉ်းစားနေသည်ဟု ပြောကြားထားသည်။

    Ref: Aljazeera