News @ M-Media

Author: Ko Lay

  • အကြမ်းဖက်ခံ ခရစ်ယာန်များအတွက် အီဂျစ်မွတ်စလင်များ သွေးလှူကာ အသက်ကယ်တင်နေ

    အကြမ်းဖက်ခံ ခရစ်ယာန်များအတွက် အီဂျစ်မွတ်စလင်များ သွေးလှူကာ အသက်ကယ်တင်နေ

    ဧပြီ ၉၊ ၂၀၁၇
    M-Media

    – ဒီနေ့မနက် ၀တ်ပြုဆုတောင်းမှုမှာ ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရရှိသွားသူ ခရစ်ယာန် ညီနောင်တွေအတွက် အီဂျစ် မွတ်စလင်တွေက ဗလီဝတ်ကျောင်းတော်တွေမှာ သွေးတွေ လှူပေးနေကြပါတယ်။

    တန်တာနဲ့ အလက်ဇန်ဒရီးယားက ကော့ပတစ် ခရစ်ယာန်ဘုရားကျောင်းနှစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ ၃၀ ကျော် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာရရှိ သူတွေကို လက်ရှိမှာ ဆေးရုံတွေမှာ ကုသပေးနေပြီး သွေးတွေလည်း လိုအပ်နေတာပါ။

    တန်တာမြို့က ဗလီဝတ်ကျောင်းတော်ကတော့ ခရစ်ယာန်ညီနောင်တွေ သွေးလိုအပ်နေတာကြောင့် လာရောက်လှူဒါန်းကြဖို့ လော်စပီကာနဲ့ ကြေငြာနေပြီး မွတ်စလင်တွေကလည်း တစ်ဖွဲဖွဲ လာရောက်နေကြပါတယ်။

    ဗလီဝတ်ကျောင်းတော်မှာ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေကိုလည်း အသင့် စီစဉ်ပေးထားပြီး တန်တာမြို့ခံဖြစ်တဲ့ မိုဟာမက် အဟ်မဒ် ဟာဆန်က သွေးလာရောက်လှူဒါန်းကြသူ အများစုဟာ မွတ်စလင်တွေလို့ ဆိုပါတယ်။

    နောက်ပြီး ဒီလှူဒါန်းမှုကနေ ရာနဲ့ချီတဲ့ သွေးအိတ်တွေကို ဒဏ်ရာရနေတဲ့ ခရစ်ယာန်တွေကို ကုသပေးတဲ့ ဆေးရုံကြီးကို ပေးပို့နေတယ်လို့လည်း ဟာဆန်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: Alarabiya

  • ဆီးရီးယားကို ဆက်တိုက်လျှင် အင်အားဖြင့် တုန့်ပြန်မည်ဟု အမေရိကန်ကို အီရန်နှင့် ရုရှား သတိပေး

    ဆီးရီးယားကို ဆက်တိုက်လျှင် အင်အားဖြင့် တုန့်ပြန်မည်ဟု အမေရိကန်ကို အီရန်နှင့် ရုရှား သတိပေး

    ဧပြီ ၉၊ ၂၀၁၇
    M-Media

    ရုရှား ရေတပ်သင်္ဘောတစ်စီး

    – ဆီးရီးယားကို အမေရိကန်က ဆက်လက်တိုက်ခိုက်နေလျှင် မိမိတို့က စစ်အင်အားဖြင့် တုန့်ပြန်သွားမည်ဟု​ ရုရှားနှင့် အီရန်တို့က ယနေ့တွင် ပြောကြားလိုက်သည်။

    “အမေရိကန်က ဆီးရီးယားမှာ ကျူးကျော်မှုလုပ်တာဟာ စည်းဖောက်လိုက်တာပါ။ အခုအချိန်ကစပြီး စည်းထပ်ဖောက်သူ ဘယ်သူ့ကိုမဆို၊ ကျူးကျော်သူ ဘယ်သူ့ကိုမဆို ကျွန်တော်တို့အနေနဲ့ စစ်အင်အားနဲ့ တုန့်ပြန်သွားမှာပါ။ ကျွန်တော်တို့ ကောင်းကောင်း တုန့်ပြန်နိုင်တယ်ဆိုတာ အမေရိကန်ကလည်း သိပါတယ်” ဟု ရုရှားနှင့် အီရန်တို့၏ စစ်ဌာနချုပ်မှ ပူးတွဲထုတ်ပြန်သော ကြောငြာချက်တွင် ဖော်ပြထားသည်။

    ပြီးခဲ့သည့် အင်္ဂါနေ့က အစ်ဒလစ်ပြည်နယ်၌ ဆီးရီးယားအစိုးရတပ်က ပြုလုပ်သော လေကြောင်းတိုက်ခိုက်မှုတွင် ဓာတုလက်နက် အသုံးပြုသည်ဟုဆိုကာ အမေရိကန်က သောကြောနေ့ မနက်အစောပိုင်းတွင် ဆီးရီးယား လေတပ်စခန်းတစ်ခုကို ခရုဇ်ဒုံးကျည် ၅၉ စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

    ဆီးရီးယားအစိုးရ၏ မဟာမိတ်ဖြစ်သည့် ရုရှားက ထိုတိုက်ခိုက်မှုမှာ အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်ခုကို ကျူးကျော်မှုဖြစ်ပြီး နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ဆိုသည်။ အီရန်ကလည်း ထိုလုပ်ရပ်ကို ကန့်ကွက်ခဲ့သည်။

    ရုရှားနှင့် အီရန်တို့၏ ကြေငြာချက်တွင် အမေရိကန်၏ ဒုံးကျည်များဖြင့် တိုက်ခိုက်မှုက ဆီးရီးယားအား လွတ်မြောက်ရေး မိမိတို့၏ ကူညီမှုကို အဟန့်အတား ဖြစ်စေမည်မဟုတ်ဘဲ၊ ဆီးရီးယားနိုင်ငံမြောက်ပိုင်း၌ အမေရိကန်စစ်တပ် တည်ရှိနေမှုမှာ တရားမ၀င် ကျူးကျော်သိမ်းပိုက်ခြင်းဖြစ်သည်ဟု ထည့်သွင်း ဖော်ပြထားသည်။

    ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီ ဟာလေးကမူ ဆီးရီးယားကိစ္စနှင့် ပတ်သက်၍ ရုရှားနှင့် အီရန်တို့အပေါ် ပိတ်ဆို့မှုများပြုလုပ်ရန် သမ္မတ ဒေါ်နယ်ထရမ့်က စဉ်းစားနေသည်ဟု CNN နှင့် ယနေ့အင်တာဗျူးတွင် ပြောကြားခဲ့သည်။

    Ref: Independent, RT

  • ဆော်ဒီတွင် ဖျော်ဖြေရေးမြို့တော်တစ်ခု တည်ဆောက်မည်

    ဆော်ဒီတွင် ဖျော်ဖြေရေးမြို့တော်တစ်ခု တည်ဆောက်မည်

    ဧပြီ ၉၊ ၂၀၁၇
    M-Media

    ရီယာ့ဒ်မြို့ မြင်ကွင်းတစ်ခု

    – မြို့တော်ရီယာ့ဒ် တောင်ဖက်တွင် ဖျော်ဖြေရေးမြို့တော်တစ်ခု တည်ဆောက်ရန် ဆော်ဒီက စီစဉ်နေပြီး တောလည်ခရီးထွက်ရန် နေရာတစ်ခု၊ Six Flags ကစားကွင်းတစ်ခု အပါအ၀င် အားကစား၊ ယဉ်ကျေးမှုနှင့် အပန်းဖြေစရာနေရာများ ပါဝင်မည်ဟု သိရသည်။

    ၃၃၄ စကွဲယားကီလိုမီတာ ကျယ်ဝန်းမည့် အဆိုပါ ဖျော်ဖြေရေးမြို့တော်ကို ဆော်ဒီအစိုးရ၏ ပြည်သူ့ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့မှ အဓိက ရင်းနှီးမြှုပ်နှံသူအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံရပ်ခြားမှ ရင်းနှီးမြှုပ်နှံသူများလည်း ပါဝင်မည်ဖြစ်သည်။

    စီမံကိန်းကို ၂၀၁၈ ခုနှစ်တွင် စတင်ကာ ၂၀၂၂ ခုနှစ်တွင် ဖွင့်လှစ်ရန် ရည်ရွယ်ထားသည်ဟု ဒုတိယအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန် အလ် ဆာအွဒ်က ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    “ဒီမြို့ဟာ ဘုရားသခင်အလိုတော်နဲ့ ထင်ရှားတဲ့ ယဉ်ကျေးမှုဆိုင်ရာ အမှတ်သညာတစ်ခု၊ နိုင်ငံက အနာဂတ် မျိုးဆက်ရဲ့ အပန်းဖြေရေး၊ ယဉ်ကျေးမှုနဲ့ လူမှုရေးလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ့် အရေးပါတဲ့နေရာတစ်ခု ဖြစ်လာမှာပါ” ဟု ကြေငြာချက်က ဆိုသည်။

    အမေရိကန်အခြေစိုက် Six Flags ကုမ္ပဏီ ၎င်းတို့၏ ကစားကွင်းကို ဆော်ဒီတွင် ဆောက်လုပ်ရန်အတွက် အစိုးရနှင့် ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု ပြီးခဲ့သည့်နှစ် ဇွန်လက ကြေငြာခဲ့သည်။

    ဆော်ဒီ၏ ၂၀၃၀ ရည်မှန်းချက်တွင် တင်းကြပ်သည့် နိုင်ငံတစ်ခုအဖြစ် နာမည်ကျော်နေမှုကို လျှော့ချရေး၊ စီးပွားရေးတွင် ရေနံကို အလွန်အမင်းမှီခိုနေရမှုအား လျှော့ချရေး စသည်တို့ကို ဆောင်ရွက်ရန် ပါဝင်သည်။

    Ref: Aljazeera

  • အီဂျစ်ရှိ ခရစ်ယာန်ဘုရားကျောင်း ၂ ခု ဗုံးခွဲတိုက်ခိုက်ခံရ

    အီဂျစ်ရှိ ခရစ်ယာန်ဘုရားကျောင်း ၂ ခု ဗုံးခွဲတိုက်ခိုက်ခံရ

    ဧပြီ ၉၊ ၂၀၁၇
    M-Media

    ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် စိန့်ဂျော့ဂ်ျ ဘုရားကျောင်း အတွင်းပိုင်းမြင်ကွင်း

    – အီဂျစ်နိုင်ငံ မြို့နှစ်မြို့ရှိ ကော့ပတစ် ခရစ်ယာန်ဘုရားကျောင်းများတွင် ယနေ့ ၀တ်ပြုဆုတောင်းသည့်အချိန်၌ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားသောကြောင့် အနည်းဆုံး လူ ၃၀ ကျော် ဦးသေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    ပထမတိုက်ခိုက်မှုမှာ နိုင်းမြစ်ဝှမ်း တန်နာမြို့ရှိ စိန့်ဂျော့ဂ်ျ ခရစ်ယာန်ဘုရားကျောင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အနည်းဆုံး ၂၅ ဦး သေဆုံးကာ ၆၉ ဦး ဒဏ်ရာရရှိခဲ့သည်။ ထိုအဖြစ်အပျက် ဖြစ်ပွားပြီးနောက် နာရီအနည်းငယ်အကြာတွင် အလက်ဇန်းဒရီးယားရှိ စိန့်မာ့က်ဘုရားကျောင်း၌ ဗုံးပေါက်ကွဲခဲ့ပြီး အနည်းဆုံး ၁၁ ဦး သေဆုံးခဲ့ကာ ၂၁ ဦး ဒဏ်ရာရရှိခဲ့သည်။

    ယနေ့မှာ ခရစ်ယာန်တို့၏ Palm ပွဲတော်နေ့ဖြစ်ပြီး ဘုရားကျောင်းများ၌ ၀တ်ပြုသူများ ပြည့်နှက်နေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုများအတွက် မည်သည့်အဖွဲ့ကမှ တာဝန်ယူခြင်း မရှိသေးပေ။

    အီဂျစ်နိုင်ငံတွင် ခရစ်ယာန်များမှာ နိုင်ငံ့လူဦးရေ၏ ၁၀ ရာခိုင်နှုန်းသာရှိသည့် လူနည်းစုများဖြစ်ပြီး ယခုနောက်ပိုင်းတွင် လက်နက်ကိုင်အဖွဲ့များ၏ ပစ်မှတ်ထားခြင်းကို ခံလာရသည်။

    ဒီဇင်ဘာလကလည်း ကိုင်ရိုရှိ အကြီးဆုံး ကော့ပတစ်ဘုရားကျောင်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၂၅ ဦး သေဆုံးကာ၊ ၄၉ ဦး ဒဏ်ရာရရှိခဲ့သည်။

    Ref: Aljazeera

  • မြစ်ဆုံဆည်ဖျက်သိမ်းရန် စီးပွားရေးနှင့် မဟာဗျူဟာ အခွင့်အရေးများ တရုတ်ကို ပေးရဖွယ်ရှိနေ

    မြစ်ဆုံဆည်ဖျက်သိမ်းရန် စီးပွားရေးနှင့် မဟာဗျူဟာ အခွင့်အရေးများ တရုတ်ကို ပေးရဖွယ်ရှိနေ

    ဧပြီ ၈၊ ၂၀၁၇
    M-Media

    မြစ်ဆုံဆည် ပုံစံငယ်

    – ကန်ဒေါ်လာ ၃.၆ ဘီလီယံတန်ဖိုးရှိကာ အငြင်းပွားမှုများရှိနေသည့် မြစ်ဆုံဆည်စီမံကိန်းကို စီးပွားရေးနှင့် မဟာဗျူဟာရေးရာ အခွင့်အလမ်းများရရှိပါက တရုတ်က စွန့်လွှတ်ရန် ရှိနေသည်ဟု သတင်းရင်းမြစ် ၇ ခုကို ကိုးကား၍ Reuters သတင်းဌာနက ဖော်ပြခဲ့သည်။

    မြန်မာသမ္မတ ဦးထင်ကျော်မှာ ကြာသာပတေးနေ့က တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ် စတင်ခဲ့ပြီး ထိုခရီးစဉ်အတွင်း မြစ်ဆုံဆည်ကိစ္စနှင့်ပတ်သက်၍ သဘောတူညီချက်တစ်ခု ရရှိရန် ဆွေးနွေးဖွယ် ရှိနေသည်ဟု ထိုကိစ္စနှင့် နီးစပ်သည့် မြန်မာအစိုးရ တာဝန်ရှိသူ ၂ ဦးက ပြောကြားခဲ့သည်။

    ၂၀၁၁ ခုနှစ်တွင် ပြည်သူများ ကန့်ကွက်ခဲ့ပြီးနောက် အဆိုပါ မြစ်ဆုံစီမံကိန်းကို ရပ်တန့်ထားရသည်။

    လက်ရှိတွင် အဆိုပါ စီမံကိန်းကို လုံးဝ ဖျက်သိမ်းရေးအတွက် လျော်ကြေးအဖြစ် အငယ်စား ရေအားလျှပ်စစ် စီမံကိန်းများ လုပ်ခွင့်ပေးရေး၊ မဟာဗျူဟာအရ အရေးပါသော ဆိပ်ကမ်းတစ်ခုကို စိတ်ကြိုက် အသုံးပြုခွင့်ပေးရေးကဲ့သို့ အခြား နည်းလမ်းများကို ဆွေးနွေးနေသည်ဟု ဆိုသည်။

    ရင်းမြစ် ၇ ခုတွင် မြန်မာအစိုးရ အကြီးတန်း တာဝန်ရှိသူများ၊ ကနဦးသဘောတူညီချက်ကို သိရှိသူတစ်ဦး၊ အဆိုပါဆည်ကို တည်ဆောက်မည့် တရုတ်နိုင်ငံပိုင်လုပ်ငန်းနှင့် နီးစပ်သူတစ်ဦးတို့ ပါဝင်သည်။ ထိုကိစ္စမှာ ထိလွယ်ရှလွယ်ဖြစ်သောကြောင့် ၎င်းတို့၏ အမည်ကို ထုတ်ဖော်ခွင့် မပြုပေ။

    လုပ်ငန်းကို အကောင်အထည်ဖော်နေသည့် Sino-Myanmar ကုမ္ပဏီမှ အမှုဆောင်အရာရှိများက စီမံကိန်းဖျက်သိမ်းလိုက်မည်ကို စိုးရိမ်နေကြောင်း ၎င်းတို့နှင့် နီးစပ်သူတစ်ဦးက ပြောကြားခဲ့သည်။ ကုမ္ပဏီ၏ ကြေငြာချက်တွင် မြန်မာအစိုးရအနေအဖြင့် သဘာပတ်ဝန်းကျင်နှင့်၊ လူမှုရေးဆိုင်ရာ ထိခိုက်မှုများကို ‘ဘက်လိုက်မှုကင်းကင်းနှင့် မျှတစွာ’ သုံးသပ်ရန် မျှော်လင့်သည်ဟု ဖော်ပြခဲ့ပြီး သင့်လျော်သည့် အဖြေတစ်ခု ထွက်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

    မြန်မာအစိုးရ၏ အမျိုးသားလုံခြုံရေးအကြံပေး ဦးသောင်းထွန်းက သမ္မတဦးထင်ကျော် ဦးဆောင်သည့် သုံးသပ်မှုများမှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေသည်ဟု ဆိုသည်။

    စီမံကိန်းအတွက် ပထမဆုံးသဘောတူညီချက်ကို သိရှိခဲ့သူတစ်ဦးက စီမံကိန်းကို တာဝန်ယူထားသည့်State Power Investment Corp Yunnan International Power Investment (SPICYN) လုပ်ငန်းမှာ ပြီးခဲ့သည့် ၆ လအတွင်း အဆိုပါ စီမံကိန်းကို တက်တက်ကြွကြွ လုပ်ဆောင်ခြင်း မရှိတာ့ဘဲ ယခင်ရ
    ပ်တည်ချက်နှင့် မတူညီတော့ဟု ဆိုသည်။

    စီမံကိန်းကို ရပ်တန့်မည်ဆိုပါက ဆောင်ရွက်ပြီးသမျှအတွက် ကုန်ကျခဲ့သည့် ကန်ဒေါ်လာ သန်းရာနဲ့ချီကို မြန်မာနိုင်ငံက ပြန်လျော်ရန် တာဝန်ရှိနေသည်ဟု အစိုးရနှင့် နီးစပ်သူတစ်ဦးက ပြောကြားခဲ့ပြီး မြစ်ဆုံဆည်ကို ဆောင်ရွက်နေသော၊ တာဝန်ယူထားသော ကုမ္ပဏီများမှာ နစ်နာကြေးကိစ္စနှင့်ပတ်သက်၍လည်းကောင်း၊ ထိုကိစ္စကို မည်သို့ ကိုင်တွယ်မည်ဆိုသည်နှင့်လည်းကောင်း မှတ်ချက်ပေးခဲ့ခြင်း မရှိပေ။

    “ဒီနစ်နာကြေးက ငွေသားတော့ ဖြစ်ဖို့မရှိပါဘူး။ ပိုသေးတဲ့ဆည်တွေအပါအ၀င် တရုတ်က အခြားသော အခြေခံအဆောက်အဦး စီမံကိန်းတွေကို စိတ်ဝင်စားနေပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်နှင့် နီးစပ်သူတစ်ဦးက ပြောကြားခဲ့သည်။

    အခြား အစိုးရ တာဝန်ရှိသူ ၂ ဦးက တရုတ်မှာ ရခိုင်ပြည်နယ် ကျောက်ဖြူရေနက်ဆိပ်ကမ်းကို စိတ်ကြိုက် အသုံးပြုခွင့်ရရေး တွန်းအားပေးနေသည်ဟုဆိုသည်။

    ကျောက်ဖြူမှာ တရုတ်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ ၀င်ပေါက်ဖြစ်ပြီး၊ အရှေ့အလယ်ပိုင်းမှ ရေနံများကို လက်ခံရယူရန် တရုတ်၏ အခြား လမ်းကြောင်းတစ်ခုလည်း ဖြစ်သည်။

    Ref : Reuters