News @ M-Media

Author: Ko Lay

  • ဆီးရီးယားကို ထပ်တိုက်မည်ဟု အမေရိကန်ခြိမ်းခြောက်

    ဆီးရီးယားကို ထပ်တိုက်မည်ဟု အမေရိကန်ခြိမ်းခြောက်

    ဧပြီ ၈၊ ၂၀၁၇
    M-Media

    ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီ ဟာလေး

    – သူပုန်များထိန်းချုပ်ရာဒေသတွင် ဓာတုလက်နက်ဖြင့် တိုက်ခိုက်မှုကို လက်စားချေသည်ဟုဆိုကာ ဆီးရီးယား အစိုးရ လေတပ်စခန်းကို ခရုဇ်ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ထပ်မံ၍ တိုက်ခိုက်မှု ပြုလုပ်သွားမည်ဟု အမေရိကန်က ယမန်နေ့တွင် ခြိမ်းခြောက်လိုက်သည်။

    ယမန်နေ့မနက် အစောပိုင်းက မြေထဲပင်လယ်ရှိ စစ်သင်္ဘောနှစ်စင်းမှ ဒုံးကျည်ပေါင်း ၅၉ စင်းဖြင့်ဟုမ်းစ်ပြည်နယ် ရှေရတ် လေတပ်စခန်းကို တိုက်ခိုက်ခဲ့ပြီး လေယာဉ်ကွင်းနှင့် ထောက်ပံ့ရေး အဆောက်အဦးအားလုံး ပျက်ဆီးသွားခဲ့သည်။

    ကုလဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီ ဟာလေးက မိမိတို့မှာ တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်သွားမည်ဟု ယမန်နေ့က ပြုလုပ်ခဲ့သည့် လုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

    “အမေရိကန်ဟာ မနေ့ညက သိပ်ပြီး ဂရုတစ်စိုက်နဲ့ ခြေလှမ်းတစ်ခု လှမ်းခဲ့တာပါ။ နောက်ထပ် ဒါမျိုးလုပ်ဖို့လည်း စီစဉ်ထားပါတယ်။ ဒါပေမယ့် လိုအပ်မှာ မဟုတ်တော့ဘူးလို့ ကျွန်မတို့ မျှော်လင့်ပါတယ်”

    အစည်းအဝေးတွင် ရုရှားက အဆိုပါတိုက်ခိုက်မှုမှာ “နိုင်ငံတကာဥပဒေကို ရှက်ဖွယ် ချိုးဖောက်မှုဖြစ်ပြီး ဆီးရီးယားနိုင်ကို ကျူးကျော်မှုလုပ်ရပ်ဖြစ်သည်” ဟု ပြောကြားခဲ့သည်။

    အင်္ဂါနေ့က သူပုန်များထိန်းချုပ်ထားရာ အစ်ဒလစ်ပြည် ခန် ရှိခ်ခွန်မြို့ကို ဓာတုလက်နက်ဖြင့် တိုက်ခိုက်သည်ဟု ယူဆရသည့် တိုက်ခိုက်မှုတစ်ခုကို ဆီးရီးယားအစိုးရတပ်က ပြုလုပ်ခဲ့ပြီး ကလေးငယ် ၂၉ ဦး အပါအ၀င် အနည်းဆုံး လူပေါင်း ၈၈ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။

    Ref: Aljazeera

  • ဖုန်းဖြင့် မီး အဖွင့်အပိတ်ပြုလုပ်နိုင်သည့် ဆော့ဖ်ဝဲကို ဗြိတိန်မွတ်စလင်လူငယ်တစ်ဦး တီထွင်

    ဖုန်းဖြင့် မီး အဖွင့်အပိတ်ပြုလုပ်နိုင်သည့် ဆော့ဖ်ဝဲကို ဗြိတိန်မွတ်စလင်လူငယ်တစ်ဦး တီထွင်

    ဧပြီ ၈၊ ၂၀၁၇
    M-Media

    ရင်းနှီးမြှုပ်နှံသူများနှင့် စကားပြောဆိုနေသည့် ယာစီရ်

    – နေအိမ်မီးတွေကို မိုဘိုင်းဖုန်းကနေ ဖွင့်နိုင်ပိတ်နိုင်တဲ့ အက်ပလီကေးရှင်းတစ်ခုကို တီထွင်ခဲ့တဲ့ ဗြိတိန်-ပါကစ္စတန် မွတ်စလင်လူငယ်လေးတစ်ဦးဟာ ကန်ဒေါ်လာ ၁.၂ သန်းတန် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတစ်ခုကို ရရှိခဲ့ပါတယ်။

    အသက် ၂၁ ရက်အရွယ် ယာစီရ် ခက်တက်ဆိုသူဖြစ်ပြီး သူဟာ Den လို့ခေါ်တဲ့ နည်းပညာကုမ္ပဏီရဲ့ စီအီးအိုလည်းဖြစ်ပါတယ်။

    ၂၀၁၁ ခုနှစ်ရဲ့ ညတစ်ညမှာ GCSEs စာမေးပွဲအတွက် စာကျက်နေရင်း မိုဘိုင်းဖုန်းအသုံးပြုကာ ဖွင့်နိုင်ပိတ်နိုင်မယ့် မီးခလုပ်နဲ့ အထိုင်ခွက်တစ်ခုကို တီထွင်ဖန်တီးဖို့ စိတ်ကူးရလာတာဖြစ်တယ်လို့ သူ့ရဲ့ ကုမ္ပဏီဝဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

    “ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ဆန်းသစ်ပြီး ပတ်ဝန်းကျင်ကို ထည့်သွင်းစဉ်းစားထားတဲ့ ပစ္စည်းတွေကို ဖန်တီးထုတ်လုပ်ဖို့ ဖြစ်ပါတယ်။ စွမ်းအင် ပိုပြီးချွေတာနိုင်တဲ့ ကမ္ဘာကြီးကို ကျွန်တော်တို့ ဖန်တီးချင်တယ်။ Den က ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုကနေတစ်ဆင့် ဒီရည်ရွယ်ချက်ကို အမှန်တကယ်ဖြစ်လာအောင် ဆောင်ရွက်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” လို့ Den ၏ ၀ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

    ယာစီရ်တီထွင်တဲ့ ဒီ အက်ပလီကေးရှင်းဟာ စွမ်းအင်သုံးစွဲမှု ပမာဏကို တွက်ချက်နိုင်ပြီး၊ အသုံးပြုသူကို ဘေးအန္တရာယ်ကင်းရှင်းရေး ကြိုတင် သတိပေးမှုတွေလည်း ပြုလုပ်နိုင်ပါတယ်။ ပြီးတော့ စွမ်းအင်ကို ချွေတာနိုင်မှာဖြစ်သလို၊ အက်ပလီကေးရှင်းကနေတစ်ဆင့် ဘေးအန္တရာယ်ကင်းရှင်းရေး သတိပေးချက်တွေကို ပေးပို့မှာ ဖြစ်ပါတယ်။

    Ref: Alarabiya

  • ဘာသာရေးသည်းမခံနိုင်မှုက အစ္စလာမ်နှင့်ဆန့်ကျင်နေသည်ဟု အင်ဒို ထိပ်တန်း အီမာမ်ကြီးပြော

    ဘာသာရေးသည်းမခံနိုင်မှုက အစ္စလာမ်နှင့်ဆန့်ကျင်နေသည်ဟု အင်ဒို ထိပ်တန်း အီမာမ်ကြီးပြော

    ဧပြီ ၈၊ ၂၀၁၇
    M-Media

    Istiqlal ဗလီဝတ်ကျောင်းတော်ရဲ့ ရှေ့ဆောင်အီမာမ်ကြီး နာဆာရုဒ်ဒင် အူမာရ်

    – သဘောထားတင်းမာသူ အုပ်စုတွေက လူ့အဖွဲ့အစည်းကြားမှာ အမုန်းတရားတွေ၊ အစွန်းရောက် အယူအဆတွေ သွတ်သွင်းနေတာကို ရပ်တန့်ဖို့အတွက် အရှေ့တောင်အာရှရဲ့ အကြီးဆုံး ဗလီဝတ်ကျောင်းတော်ဖြစ်တဲ့ ဂျကာတာက Istiqlal ဗလီဝတ်ကျောင်းတော်ရဲ့ ရှေ့ဆောင်အီမာမ်ကြီး နာဆာရုဒ်ဒင် အူမာရ်က ဆော်သြလိုက်ပါတယ်။

    အင်ဒိုနီရှားနိုင်ငံမှာ အခုနှစ်ပိုင်းအတွင်း ဘာသာရေး သည်းမခံနိုင်မှုတွေ မြင့်တက်လာခဲ့ပြီး ဂျကာတာအုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲမှာ ဒါကို ထင်ထင်ရှားရှား တွေ့မြင်လာရပါတယ်။ သဘောထားတင်းမာသူ အဖွဲ့တွေဟာ ငြိမ်းချမ်းရေးနဲ့ ဘာသာရေးသည်းခံနိုင်မှုအကြောင်း ပြောတဲ့ နိုင်ငံရေး၊ ဘာသာရေး ခေါင်းဆောင်တွေကိုပါ ပစ်မှတ်ထားလာကြတာပါ။

    ဒါပေမယ့် အင်ဒိုနီးရှားမှာ အလေးစားခံရဆုံး အစ္စလာမ့်ဓမ္မပညာရှင်တွေထဲက တစ်ဦးဖြစ်တဲ့ အီမာမ်ကြီး နာဆာရုဒ်ဒင် အူမာရ်က ဘာသာရေး သည်းမခံနိုင်မှုဟာ အစ္စလာမ့်သွန်သင်ချက်နဲ့ ဆန့်ကျင်နေတယ်လို့ ဧပြီလ ၅ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

    “ကိုယ့်ရဲ့ ဘာသာတရားကို ပိုပြီးနားလည်လာရင် ဘုရားသခင်အလိုတော်နဲ့ သူတို့ဟာ ပိုပြီး အလယ်အလတ်ဝါဒီတွေ၊ ပိုပြီး သည်းခံနိုင်သူတွေ၊ ပူးပေါင်းဆောင်ရွက်နိုင်သူတွေ၊ ကျွန်တော်တို့ နိုင်ငံအတွက် အပြုသဘောဆောင်တဲ့ အတွေးအခေါ်မျိုး တွေးခေါ်နိုင်သူတွေ ဖြစ်လာမယ်လို့ ကျွန်တော့်အနေနဲ့ ပြည့်ပြည့် ၀၀ ယုံကြည်ပါတယ်” လို့ အီမာမ်ကြီးက ဆိုပါတယ်။

    အီမာမ်ကြီးဟာ ၂၀၁၁ ခုနှစ်က ၂၀၁၄ ခုနှစ်အထိ အင်ဒိုနီးရှား သာသနာရေးဝန်ကြီးဌာနမှာ ဒုတိယ၀န်ကြီးအဖြစ် ဆောင်ရွက်ခဲ့ပြီး နိုင်ငံအတွင်း ဘာသာရေးသည်းခံနိုင်မှုရှိဖို့ အသိပညာပေးရာမှာ ထိပ်တန်းက ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ပါတယ်။

    တိုကျို၊ လန်ဒန်၊ ၀ါရှင်တန်တွေမှာလည်း အစ္စလာမ့်ရေးရာ ပညာရပ်တွေကို သင်ကြားပို့ချပေးခဲ့ပြီး Masyarakat Dialog antar Umat Beragama ဆိုတဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအဖွဲ့ကိုလည်း တည်ထောင်ထားသူပါ။ ပြီးခဲ့တဲ့နှစ်မှာတော့ အင်ဒိုနီးရှားရဲ့ နိုင်ငံတော်ဗလီ Istiqlal ရဲ့ ရှေ့ဆောင်အီမာမ်အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။

    Ref: Coconuts Jakarta

  • ဆွီဒင်နိုင်ငံတွင် ထရပ်ကားတစ်စီးက လူအုပ်ထဲဝင်တိုက်မှု ဖြစ်ပွား

    ဆွီဒင်နိုင်ငံတွင် ထရပ်ကားတစ်စီးက လူအုပ်ထဲဝင်တိုက်မှု ဖြစ်ပွား

    ဧပြီ ၇၊ ၂၀၁၇
    M-Media

    – ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့လယ်ကောင်တွင် ထရပ်ကားတစ်စီးက လူအုပ်ကြီးထဲသို့ ၀င်တိုက်မှု ဖြစ်ပွားသောကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    Ahlens ကုန်တိုက်နှင့် မြို့၏ အစည်ကားဆုံး လူသွားလမ်းဖြစ်သော Drottninggatan ထောင့်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကားမှာ ကုန်တိုက်အား တိုက်မိကာ မီးလောင်ခဲ့သည်။

    ဆွီဒင်ဝန်ကြီးချုပ် စတီဖန် လုဖ်ဗန်က အဆိုပါအဖြစ်အပျက်က ‘အကြမ်းဖက်တိုက်ခိုက်မှု’ ဖြစ်ကြောင်း ပြသနေပြီး တစ်ဦးကို ဖမ်းဆီးထားသည်ဟု ပြောကြားခဲ့သည်။

    “သေဆုံးသွားသူတွေ၊ ဒဏ်ရာရသူတွေနဲ့ သူတို့ရဲ့ မိသားစုအကြောင်း ကျွန်မတို့ တွေးနေပါတယ်။ ပြည်သူတွေအနေနဲ့ သတိဝိရိယရှိပြီး ရဲတပ်ဖွဲ့ဆီက သတင်းတွေကို အချိန်နဲ့အလိုက် ရယူကြဖို့ တိုက်တွန်းပါတယ်” ဟု ၀န်ကြီချုပ်က ပြောကြားခဲ့သည်။

    ၂၀၁၀ ခုနှစ်ကလည်း ယခု အခင်းဖြစ်ပွားရာနေရာအတွင်းတွင် ဆွီဒင်နိုင်ငံသားဖြစ်ပြီး ဗြိတိန်တွင်နေထိုင်သည့် တိုင်မူရ် အဘ်ဒူလ်ဝါဟဘ်ဆိုသူက အသေခံဗုံးခွဲခဲ့သောကြောင့် ၎င်းကိုယ်တိုင် သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

    Ref : Aljzeera

  • အိန္ဒိယနိုင်ငံတော်သီချင်းကို ဆင်ဆာဖြတ်လျှင် မိမိရုပ်ရှင်ကို ပြသခွင့်မပေးဟု ပါကစ္စတန်ကို အမီးရ်ခန်း သတိပေး

    အိန္ဒိယနိုင်ငံတော်သီချင်းကို ဆင်ဆာဖြတ်လျှင် မိမိရုပ်ရှင်ကို ပြသခွင့်မပေးဟု ပါကစ္စတန်ကို အမီးရ်ခန်း သတိပေး

    ဧပြီ ၇၊ ၂၀၁၇
    M-Media

    Dangal ရုပ်ရှင်၏ မျက်နှာဖုံးကြော်ငြာ

    – မိမိရဲ့ ရုပ်ရှင်ထဲက အိန္ဒိယအလံ လွှင့်တင်တဲ့အခန်း၊ နိုင်ငံတော်သီချင်းဆိုတဲ့အခန်းကို ဖြုတ်မယ်ဆိုရင် အဲဒီရုပ်ရှင်ကို ပြသခွင့် မပေးနိုင်ဘူးလို့ ဘောလီးဝုဒ်က မွတ်စလင်ရုပ်ရှင်မင်းသား အမီးရ်ခန်းက ပါကစ္စတန် ရုပ်ရှင်ဆင်ဆာအဖွဲ့ကို သတိပေး ပြောကြားလိုက်ပါတယ်။

    နှစ်နိုင်ငံ နိုင်ငံရေးတင်းမာမှုတွေကြောင့် ပြီးခဲ့တဲ့နှစ်က အိန္ဒိယ ရုပ်ရှင်ထုတ်လုပ်သူများ အစည်းအရုံးက ပါစ္စတန်က ရုပ်ရှင်အတတ်ပညာရှင်တွေကို အိန္ဒိယရုပ်ရှင်ကားတွေမှာ ပါဝင်ခွင့် ပိတ်ပင်ခဲ့ပြီးတဲ့နောက်၊ ပါကစ္စတန်ကလည်း သူတို့နိုင်ငံမှာ အိန္ဒိယရုပ်ရှင်ကားတွေ ပြသခွင့်ကို ပိတ်ပင်ခဲ့ပါတယ်။

    ဒါပေမယ့် နောက်ပိုင်းမှာ ပြန်ဖွင့်ပေးခဲ့ပြီး ပြီးခဲ့တဲ့နှစ်အတွင်း ဘောလီးဝုဒ်မှာ ရူပီး ၃၈၅ ကုဋေနဲ့ ၀င်ငွေစံချိန်တင်ခဲ့တဲ့ အမီးခန်းရဲ့ရုပ်ရှင် Dangal ကို ပြသဖို့ ဆောင်ရွက်ရာမှာတော့ ပါကစ္စတန် ဆင်ဆာအဖွဲ့က ရုပ်ရှင်ထဲမှာပါဝင်တဲ့ အိန္ဒိယအလံတင်တဲ့အခန်း၊ နိုင်ငံတော်သီချင်းဆိုတဲ့အခန်းတွေကို ဖြတ်တောက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

    ဒါပေမယ့် ဒီအားကစားအခြေပြု ရုပ်ရှင်ကို ထုတ်လုပ်သူဖြစ်ပြီး ကိုယ်တိုင်ပါဝင်ရိုက်ကူးခဲ့တဲ့ မွတ်စလင်မင်းသား အမီးရ်ခန်းကတော့ ဒီလို ဖြတ်တောက်မှုကို လက်မခံဘဲ ဒီလိုသာလုပ်မယ်ဆိုရင် ပြသခွင့်မပေးနိုင်ဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။

    “ဒါဟာ အားကစားအခြေပြု ရုပ်ရှင်ဖြစ်ပြီး ပါကစ္စတန်ကို တိုက်ရိုက်ရော၊ သွယ်ဝိုက်ပြီးတော့ပါ ထိခိုက်တာမျိုး မပါပါဘူး။ ဒီရုပ်ရှင်ဟာ အိန္ဒိယရဲ့ နိုင်ငံချစ်စိတ်ကို ဖော်ကျူးတဲ့ရုပ်ရှင်ပါ။ ဒါ့ကြောင့် ဘာဖြစ်လို့ ဒီအခန်းတွေကို ဖြတ်ရမှာလဲ” လို့ အမီးရ်ခန်းနဲ့ နီးစပ်တဲ့ ရင်းမြစ်တစ်ခုက ပြောကြားခဲ့ပါတယ်။

    အမီးရ်ခန်းကို Hindustan Times က မေးမြန်းရာမှာ ဒီကိစ္စအတွက် ဘာမှ ပြန်မပြောခဲ့ပေမယ့် သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက မင်းသားဟာ ပါကစ္စတန်ဆင်ဆာအဖွဲ့ကို ဒီလိုပဲ အကြောင်းပြန်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Hindustan Times