News @ M-Media

Author: Ko Lay

  • သတိထားစောင့်ကြည့်ရမည့် အိန္ဒိယ-မြန်မာ ဆက်ဆံရေး

    သတိထားစောင့်ကြည့်ရမည့် အိန္ဒိယ-မြန်မာ ဆက်ဆံရေး

    ဒီဇင်ဘာ ၂၇၊ ၂၀၂၂

    M-Media


    The Commander-in-Chief of Defence Services, Myanmar, Senior General Min Aung Hlaing calling on the Prime Minister, Shri Narendra Modi, in New Delhi on July 29, 2015.

    -ပြီးခဲ့သည့်အပတ် ကုသမဂ လုံခြုံရေးကောင်စီ၏ မြန်မာက်ိစ္စ အရေးကြီးဆုံးဖြတ်ချက်အပေါ် မထောက်ခံဘဲ ကြားနေခဲ့သည့်နိုင်ငံသုံးနိုင်ငံတွင် အိန္ဒိယသည် တစ်နိုင်ငံအပါအ၀င်ဖြစ်သည်။ ၂၀၂၁ က စစ်တပ်၏ အကြမ်းဖက်မှုကို အပြစ်တင်ဝေဖန်ခဲ့သော အိန္ဒိယအစိုးရသည် ၂၀၂၂ တွင် ဗျူဟာပြောင်းလဲလာသည်။ အခြားနိုင်ငံများနည်းတူ စစ်ကောင်စီ (စကစ) နှင့် ဆက်ဆံရေးများ ပြန်လည်တည်ဆောက်လာနေသည်။ အိန္ဒိယအစိုးရအကြီးတမ်းအရာရှိများနှင့် စကစအကြား တွေ့ဆုံမှုများလည်း ယခုနှစ်ကုန်ပိုင်းမှစပြီး ခပ်စိပ်စိပ်ဖြစ်လာနေသည်။

    နိုဝင်ဘာလ နေပြည်တော်ခရီးစဥ်တွင် နိုင်ငံခြားရေးဝန်ကြီး ဗီနေး မိုဟန် ခွထရာသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်တို့နှင့် တွေ့ဆုံခဲ့သည်။​ ငြိမ်းချမ်းရေး၊ ကုလားတန်နှင့် အာရှလမ်းမကြီးစီမံကိန်းများအပါအဝင် အိန္ဒိယ-မြန်မာပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်ရေးနှင့် ငွေကြေးဆိုင်ရာကိစ္စများနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးကိစ္စများ ဆွေးနွေးခဲ့ကြသည်။

    ထိုခရီးစဥ်မတိုင်မှီကလည်း အိန္ဒိယသံအမတ်သည် စကစ ဝန်ကြီးများအပါအဝင် ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။​ အရှေ့တောင်အာရှနိုင်ငံများအပါအဝင် အခြားနိုင်ငံများက စကစကို သတိထားဆက်ဆံနေချိန်တွင် အိန္ဒိယအစိုးရသည် စကစနှင့် နီးစပ်အောင် ဆက်ဆံရေးများ တည်ဆောက်ခဲ့သည်။ ၂ နှစ်အတွင်း အစည်းအဝေးများမှာ

    တပ်မတော်နေ့ အခမ်းအနားတက်ရောက်ခြင်း

    အိန္ဒိယရေတပ်မှ ဦးစီးကျင်းပသည့် Goa Maritime Conclave 2021 ကို စကစ ရေတပ်ဗိုလ်ချုပ် မိုးအောင်ကို ဖိတ်ကြားခြင်း

    စိုက်ပျိုးရေးဝန်ကြီး ဦးတင်ထွဋ်ကို ဖိတ်ခေါ်ခြင်း

    ကူးသန်းရောင်းဝယ်ရေးဝန်ကြီး  ဦးအောင်နိုင်ဦးကို ကလ်ကတ္တား အစည်းအဝေးသို့ဖိတ်ခေါ်ခြင်း၊ 

    ၂၀၂၃ ရွေးကောက်ပွဲအတွက် ကူညီပေးရေးကိစ္စနွေးနွေးခြင်း

    စကစ ပြည်ထဲရေးဝန်ထမ်းများကို ဖိတ်ခေါ်ကာ သင်တန်းပေးခြင်း စသည်တို့ဖြစ်သည်။ ​

    အိန္ဒိယကောင်စစ်ဝင် မစ္စတာဂျေး ခရစ်ရှ်နာကလဲ ဒီဇင်ဘာလ အစောပိုင်းက ရခိုင်ဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့သည်။ အိန္ဒိယ၏လုပ်ရပ်သည် အာဆီယံ၏ Five Points Consensus အကောင်အထည်ဖော်ရေးကို ထိပါးအားနည်းစေကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးကဆိုသည်။ 

    အိန္ဒိယ-မြန်မာဆက်ဆံရေးအကြောင်း မြန်မာနိုင်ငံရေးအသိုင်းအဝိုင်းတွင် အလေးထားမှု အားနည်းသည်။ အမှန်မှာ မြန်မာပြည်၏ အကြီးဆုံးအိမ်နှီးချင်းနိုင်ငံတခုဖြစ်သည့် အိန္ဒိယသည် မြန်မာပြည်နှင့်ပတ်သက်ပြီး အကျိုးစီးပွားများစွာရှိနေသည်။ ပြီးခဲ့သည့် ဆယ်စုနှစ်များစွာအတွင်း ဒီမိုကရေစီအင်အားစုများထက် စစ်တပ်နှင့် ပိုမိုဆက်ဆံရေးနီီးစပ်လိုကြောင်း သုံးသပ်သူများထံမှ သိရသည်။ 

    ၁၉၈၈ နောက်ပိုင်း မြန်မာဒီမိုကရေစီအရေးထောက်ခံမှုအပေါ် အားနည်းခဲ့သလို ဦးနုခေတ်က မြန်မာအစိုးရကို နိုင်ငံတကာက အကူအညီပေးရန် ငြင်းဆန်ချိန်တွင် ဦးနုအစိုးရကို စစ်ရေးအကူအညီပေးခဲ့သည့် နိုင်ငံလည်းဖြစ်သည်။ အိန္ဒိယအကူအညီကြောင့် ဦးနုအစိုးရခေတ် ဦးနေဝင်းဦးဆောင်သည့်စစ်တပ် ပြန်လည် ဦးမော့လာပြီး နောက်ပိုင်းအာဏာရှင်စစ်တပ်ဖြစ်သွားကြောင်း သုံးသပ်သူများက ဆိုသည်။ 

    အိန္ဒိယသည် ကမ္ဘာပေါ်တွင် အင်အားကြီးနိုင်ငံတခုဖြစ်လာနေသည်။ လက်ရှိကာလတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဥက္ကဌဖြစ်သလို G20 ခေါ် အင်အားကြီးနိုင်ငံ ၂၀ နိုင်ငံအဖွဲ့၏ ဥက္ကဌလည်းဖြစ်သည်။ တချိန်တည်းတွင် အာရှဒေသနိုင်ငံများအပေါ် တရုတ်၏ သြဇာချဲ့ကားမှုကို ထိန်းညှိရန် အရှေ့တောင်အာရှနိုင်ငံများအပြင် အာရှ-ပစိဖိတ်နိုင်ငံများနှင့်ချိတ်ဆက် ပူးပေါင်းဆောင်ရွက်မှုများကို အားသွန်ခွန်စိုက်လုပ်ရန်လိုအပ်နေသည်။ 

    ထိုပူပေါင်းဆောင်ရွက်မှုအတွက် အိန္ဒိယ၏ တရားဝင်မူဝါဒမှာ Act East Policy ဖြစ်သည်။ ရည်ရွယ်ချက်မှာ အရှေ့တောင်အာရှနိုင်ငံများနှင့် စီးပွားရေး၊ မဟာဗျူဟာရေး၊ သံတမန်ရေး ပိုမိုနီးစပ်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အိန္ဒိယ၏ ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်တည်မှုကို အားကောင်းစေပြီး တရုတ်အပါအဝင် အခြားအင်အားကြီးနိုင်ငံများ၏ ပါဝါကို ထိန်းညှိနိုင်ရန်ဖြစ်သည်။ ထိုမူဝါဒကို ၁၉၉၀ ပြည့်နှစ်များက Look East Policy (အရှေ့ဘက်သို့ကြည့်ခြင်းမူဝါဒ) အနေဖြင့် စတင်ခဲ့သော်လည်း ယခုလက်ရှိ ဝန်ကြီးချုပ် မိုဒီ လက်ထက်တွင် Act East Policy ဟု အဆင့်မြှင့်ခဲ့ပြီး ပိုမိုအားစိုက်ကာ လက်တွေ့အကောင်အထည်ဖော်နေခြင်းဖြစ်သည်။

    အိန္ဒိယနှင့် အရှေ့တောင်အာရှနှင့် ချိတ်ဆက်မည့်စီမံကိန်းများတွင် နယူးဒေလီနှင့် ထိုင်းနိုင်ငံဆက်သွယ်သည့် အာရှလမ်းမကြီးလည်းပါဝင်သည်။ ထိုလမ်းမကြီးသည် အိန္ဒိယ-မြန်မာနယ်စပ်မှတဆင့် စစ်ကိုင်း၊ မြန်မာပြည်အလယ်ပိုင်းနှင့် ကရင်ပြည်နယ်ကို ဖြတ်ကာ မြဝတီတစ်ဘက်ကမ်းရှိ မဲဆောက်နှင့် ချိတ်ဆက်ထားသော ဧရာမ အာရှလမ်းမကြီးဖြစ်သည်။ အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် ကုလားတန် ရေနက်ဆိပ်ကမ်းပရောဂျက်သည်လည်း Act East စီမံကိန်း၏ ခြေကုတ်စီမံကိန်းဖြစ်သည်။ 

    မြန်မာနိုင်ငံသည် အိန္ဒိယနှင့် အရှေ့တောင်အာရှအကြား တံတားကဲ့သို့ဖြစ်နေသည့်အတွက်  အိန္ဒိယ၏ Act East Policy အောင်မြင်မှုသည် အိန္ဒိယ-မြန်မာပူးပေါင်းဆောင်ရွက်ရေးအပေါ် များစွာမူတည်နေသည်။ ထိုမူဝါဒသည် အိန္ဒိယအတွက် ဒေသတွင်း ဖွံ့ဖြိုးရေးသာမက သူ၏ ကမ္ဘာ့အဆင့် အင်အားတောင့်တင်းမှုအတွက်ပါ အရေးကြီးနေသည်။​ သို့ရှိရာ ထို စီမံကိန်းကို အမြန်အကောင်အထည်ဖော်နိုင်ရေးအတွက် မြန်မာပြည်အခြမ်းနှင့် ဆက်ဆံရေးတိုးမြှင့်မည်မှာ မလွဲပေ။ 

    ဤအခင်းအကျင်းတွင် အိန္ဒိယ-မြန်မာဆက်ဆံရေးနှင့် အိန္ဒိယအကျိုးစီးပွားကို အထူးလေ့လာစောင့်ကြည့်ရန်လိုအပ်ပေသည်။

  • အမေရိကန်၏ အဆင့်မြင့် ပက်ထရီယော့ဒုံးခွင်းစနစ်ကို ယူကရိန်းရတော့မည်

    အမေရိကန်၏ အဆင့်မြင့် ပက်ထရီယော့ဒုံးခွင်းစနစ်ကို ယူကရိန်းရတော့မည်

    ဒီဇင်ဘာ ၂၁၊ ၂၀၂၂

    M-Media 


    -ရုရှားရဲ့ လေကြောင်းက တိုက်ခိုက်မှုဒဏ်ကို အကြီးအကျယ် ခံစားနေရတဲ့ ယူကရိန်းကို အဆင့်မြင့် ပက်ထရီယော့ ဒုံးခွင်းစနစ်တွေ ထောက်ပံ့တော့မယ်လို့ အမေရိကန်က ထုတ်ပြန်ကြေငြာပါတယ်။ 

    ဒါဟာ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်မှာ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်လာနိုင်တဲ့ လမ်းစလည်း ဖြစ်ပါတယ်။ 

    ယူကရိန်းကို ကန်ဒေါ်လာ ၁.၈ ဘီလီယံဖိုးရှိမယ့် လက်နက်တွေ ထပ်မံထောက်ပံ့ဖို့ စီစဥ်နေတယ်လို့ အမေရိကန်အစိုးရ တာ၀န်ရှိသူတစ်ဦးက ဒီနေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ 

    အဲဒီထောက်ပံ့မှုမှာ နာမည်ကျော် အဆင့်မြင့် ပက်ထရီယော့ ဒုံးခွင်းစနစ် ပါ၀င်လာမှာပါ။ 

    ရုရှားဟာ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်ကစပြီး ယူကရိန်းကို လေကြောင်းက တိုက်ခိုက်မှု တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ အဓိကလမ်းမကြီး စတဲ့ အရေးပါတဲ့ အခြေခံ အဆောက်အဦးတွေကို ပစ်မှတ်ထားတာ ဖြစ်ပါတယ်။ 

    ယူကရိန်းသမ္မတ ဇယ်လင်စကီးဟာ ၀ါရှင်တန်ကို သွားရောက်ကာ ကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တွေ့ဆုံဖို့ရှိတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ 

    ပက်ထရီယော့ ဒုံးခွင်းစနစ်ဟာ အကွာအ၀ေး ၇၀ ကီလိုမီတာ (၄၃ မိုင်) လောက်အထိ ခြေရာခံကာ အမြင့် ၂၄ ကီလိုမီတာ (၁၅ မိုင်) မှာရှိတဲ့ ဒုံးကျည်တွေ၊ လေယာဥ်တွေ၊ ဒရုန်းတွေကို တိတိကျကျဖျက်ဆီးနိုင်စွမ်း ရှိပါတယ်။ 

    အမေရိကန်နဲ့ အနောက်နိုင်ငံတွေက လက်နက်ထောက်ပံ့မှုကြောင့် ရုရှားဟာ ယူကရိန်းကျူးကျော်စစ်မှာ ထိထိရောက်ရောက် တိုက်ခိုက်နိုင်ခြင်း မရှိတော့ဘဲ သိမ်းယူထားတဲ့ နယ်မြေတစ်ချို့ကို စွန့်လွှတ်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ 

    Ref: Reuters

  • အမျိုးသမီးများ တက္ကသိုလ်တက်ရောက်မှုကို တာလီဘန် ပိတ်ပင်

    အမျိုးသမီးများ တက္ကသိုလ်တက်ရောက်မှုကို တာလီဘန် ပိတ်ပင်

    ဒီဇင်ဘာ ၂၁၊ ၂၀၂၂

    M-Media


    -အမျိုးသမီးတွေ တက္ကသိုလ်တက်ရောက်ကာ ပညာသင်ကြားခွင့်ကို တားမြစ်ပိတ်ပင်လိုက်တယ်လို့ အာဖဂန်နစ္စတန်ကို အုပ်စိုးနေတဲ့ တာလီဘန်အဖွဲ့က ကြေငြာပါတယ်။ 

    ဒါဟာ အမျိုးသမီးတွေ ပညာသင်ကြားမှုကို တားမြစ်မှာမဟုတ်ဘူးလို့ မွတ်စလင်ကမ္ဘာ၊ ကုလသမဂ္ဂနဲ့ အနောက်နိုင်ငံတွေအပေါ် ပေးထားတဲ့ကတိက၀တ်ကို တာလီဘန်က ထပ်မံဖောက်ဖျက်လိုက်တာလည်း ဖြစ်ပါတယ်။ 

    အခုလို ပိတ်ပင်တဲ့ အမိန့်စာကို နိုင်ငံတစ်၀ှမ်းက တက္ကသိုလ်နဲ့ စာသင်ကျောင်းတွေ အားလုံးကို ပေးပို့ခဲ့တာဖြစ်ပြီး တာလီဘန် ပညာရေးဌာန ပြောရေးဆိုခွင့်ရှိ ဇီယာဟွလ္လာ ဟာရှီမီကလည်း ဒီကိစ္စကို အတည်ပြုပါတယ်။ 

    ပြီးခဲ့တဲ့နှစ် သြဂုတ်လ အာဖဂနစ္စတန်ကို သိမ်းပိုက်ပြီးနောက်ပိုင်း တာလီဘန်အဖွဲ့ဟာ အမျိုးသမီတွေကို မူလတန်းနဲ့ တက္ကသိုလ်တက်ခွင့်သာ အကန့်အသတ်နဲ့ ပေးခဲ့ပြီး၊ အလယ်တန်းတက်ရောက်ခွင့်ကို ပိတ်ပင်ခဲ့ပါတယ်။ 

    အခုလို တက္ကသိုလ်တက်ခွင့် ပိတ်လိုက်တာကြောင့် အာဖဂန်အမျိုးသမီးတွေရဲ့ ပညာရေးဟာ လုံး၀ မျှော်လင့်ချက် မဲ့သွားပြီဖြစ်ပါတယ်။

    တာလီဘန်က ဒီပိတ်ပင်မှုဟာ အမျိုးသားအကျိုးစီးပွားနဲ့ အမျိုးသမီးတွေရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့ လုပ်ဆောင်တာလို့ ပြောဆိုခဲ့ပါတယ်။ 

    တာလီဘန်လက်အောက်မှာ အာဖဂန်အမျိုးသမီးတွေဟာ ပညာရေးတင်မကဘဲ အလုပ်လုပ်ခွင့်၊ ခရီးသွားလာခွင့်နဲ့ အခြားအခွင့်အရေးတွေလည်း ပိတ်ပင်ခံထားရပါတယ်။ 

    Ref: Aljazeera

  • နာဇီကို ကူညီမှုဖြင့် ၉၇ နှစ်အရွယ် အမျိုးသမီးကို ဂျာမနီက အပြစ်ပေး

    နာဇီကို ကူညီမှုဖြင့် ၉၇ နှစ်အရွယ် အမျိုးသမီးကို ဂျာမနီက အပြစ်ပေး

    ဒီဇင်ဘာ ၂၀၊ ၂၀၂၂

    M-Media 


    -ဒုတိကမ္ဘာစစ်က နာဇီအကျဥ်းစခန်းမှာ လက်နှိပ်စက်သမအဖြစ် အမှုထမ်းခဲ့တဲ့ အသက် ၉၇ နှစ်အရွယ် အဖွားအိုကို လူသတ်မှု ကြံရာပါနဲ့ ဂျာမနီတရားရုံးတစ်ခုက ဆိုင်းငံ့ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပါတယ်။ 

    Irmgard Furchner ဆိုတဲ့ အမျိုးသမီးဟာ ၁၉၄၃ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အထိ ပိုလန်က Stutthof အကျဥ်းစခန်း အုပ်ချုပ်ရေးရုံးမှာ အလုပ်လုပ်ခဲ့တာပါ။ 

    အဲဒီအချိန်က သူမအသက် ၁၈ နှစ် မပြည့်သေးတဲ့အတွက် ကလေးသူငယ်ဥပဒေအရ တရားရုံးက အပြစ်ပေးခဲ့တာ ဖြစ်ပါတယ်။ 

    Stutthof အကျဥ်းစခန်းမှာ ဂျူး၊ ပိုလန်နဲ့ ရုရှားလူမျိုး၊ လိင်တူချစ်သူတွေ၊ ခရစ်ယာန်ယေဟော၀ါအသင်း၀င်တွေ အပါအ၀င် စုစုပေါင်း ၆ သောင်းကျော်ကို နည်းမျိုးစုံနဲ့ နှိပ်စက်သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ 

    Irmgard Furchner ဟာ လူပေါင်း ၁၀၅၀၀ သေဆုံးမှုမှာ ကြံရာပါဖြစ်တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ 

    သူမဟာ ၁၉၅၀ ပြည့်နှစ်တွေတုန်းကလည်း တရားစွဲဆိုခံခဲ့ရပြီး အကျဥ်းစခန်းအုပ်ချုပ်ရေးအဖွဲ့ရဲ့ အကြံအစည်ကို ဆန့်ကျင်ခဲ့တဲ့အတွက် လူတွေအသတ်ခံရမှုမှာ တိုက်ရိုက် တာ၀န်မရှိဘူးဆိုတဲ့ ထုချေချက်နဲ့ ထောင်ဒဏ် ၉ နှစ် အပြစ်ပေးခံခဲ့ရပါတယ်။

    အခုတစ်ခေါက်စစ်ဆေးမှုမှာတော့ နာဇီတွေရဲ့ အစီအစဥ်အားလုံးမှာ သူမ လိုလိုလားလား ပါ၀င်ဆောင်ရွက်ခဲ့တယ်ဆိုတာကို တရားရုံးက ထင်ထင်ရှားရှား ဖော်ထုတ်နိုင်ခဲ့ပါတယ်။ 

    အစိုးရရှေ့နေ Maxi Wantzen က ဒီတရားစွဲဆိုမှုဟာ သမိုင်းကြောင်းဆိုင်ရာအတွက် အလွန်အရေးပါခဲ့ပြီး နာဇီကိစ္စနဲ့ပတ်သက်လို့ နောက်ဆုံး အရေးယူတာမျိုး ဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ 

    Ref: Reuters

  • တရုတ်ကိုဗစ်လှိုင်းသစ် လူသေဆုံးမှု မြင့်တက်

    တရုတ်ကိုဗစ်လှိုင်းသစ် လူသေဆုံးမှု မြင့်တက်

    ဒီဇင်ဘာ ၂၀၊ ၂၀၂၂

    M-Media 


    – တရုတ်နိုင်ငံ မြို့ကြီးတစ်ချို့မှာ ဖြစ်ပွားနေတဲ့ ကိုဗစ်လှိုင်းသစ်ကြောင့် မီးသင်္ဂြိုဟ်စက်တွေမှာ အလျင်မီ မသင်္ဂြိုဟ်နိုင်တဲ့အထိ သေဆုံးမှုတွေ များနေတယ်လို့ သတင်းထွက်လာပါတယ်။ 

    AFP သတင်းဌာနရဲ့ စုံစမ်းမေးမြန်းမှုအရ ကိုဗစ်ပြန့်နှံ့နေတဲ့ ဘေဂျင်း၊ ချုံကျင်းနဲ့ ကွမ်ကျိုးမြို့တို့က မီးသင်္ဂြိုဟ်စက်တွေမှာ သင်္ဂြိုဟ်သူတွေဟာ ပုံမှန်ထက် ပိုမိုများနေပြီး တစ်ချို့နေရာတွေမှာ အသုဘထားဖို့ နေရာမရှိတာမျိုးတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ 

    တရုတ်အစိုးရကတော့ အင်္ဂါနေ့ ကိုဗစ်ကူးစက်မှု အရေအတွက်ဟာ ၅၂၄၂ ဦးရှိပြီး သေဆုံးသူ ၅ ဦးလို့ သတင်းထုတ်ပြန်ပါတယ်။ 

    တရုတ်မှာ တစ်ကျော့ပြန် ကိုဗစ်ဟာ ပြီးခဲ့တဲ့လကတည်းက စတင်ခဲ့တာဖြစ်ပြီး တရုတ်အစိုးရရဲ့ တင်းကြပ်တဲ့ ကိုဗစ်စည်းမျဥ်းတွေကြောင့် ပြည်သူတွေ ဆန္ဒပြတဲ့အထိ ဖြစ်ပေါ်ခဲ့ပါတယ်။ 

    ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက လာမယ့်လအနည်းငယ်အတွင်း တရုတ်လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်း ကိုဗစ်ကူးစက်ဖို့ ရှိနေပြီး လူ ၂ သန်း သေနိုင်တဲ့အထိ ဆိုးရွားနိုင်တယ်လို့ သုံးသပ်ပါတယ်။ 

    Ref: AFP