News @ M-Media

Author: Ko Lay

  • အမျိုးသမီးများ၏ ပညာရေးကို ပိတ်ပင်သည့် တာလီဘန်ကို ကျောင်းဆရာများ ဆန္ဒပြ

    အမျိုးသမီးများ၏ ပညာရေးကို ပိတ်ပင်သည့် တာလီဘန်ကို ကျောင်းဆရာများ ဆန္ဒပြ

    ဒီဇင်ဘာ ၃၀၊ ၂၀၂၂
    M-Media

    -အမျိုးသမီးတွေကို ပညာသင်ခွင့်ပိတ်ပင်တဲ့ တာလီဘန်ရဲ့ လုပ်ရပ်ကို အာဖဂန်နစ္စတန်က အမျိုးသားကျောင်းဆရာတွေ၊ ကျောင်းသားတွေကပါ ဆန့်ကျင် ဆန္ဒပြလာခဲ့ကြပါတယ်။

    ပြီးခဲ့တဲ့နှစ် သြဂုတ်လ အာဖဂန်ကို သိမ်းပိုက်ပြီးနောက်ပိုင်း တာလီဘန်ဟာ အမျိုးသမီးတွေ အလယ်တန်းအဆင့် ပညာသင်ကြားခွင့်ကို ပိတ်ပင်ခဲ့ပြီး၊ ပြီးခဲ့တဲ့တစ်ပတ်မှာတော့ တက္ကသိုလ်တက်ခွင့်ပါ ပိတ်ပင်ခဲ့ပါတယ်။

    တာလီဘန်ဟာ အမျိုးသမီးတွေ အလုပ်လုပ်ခွင့်၊ ခရီးသွားလာခွင့်၊ ပန်းခြံသွားရောက်ခွင့်၊ Gym သွားရောက်ခွင့်တွေကိုပါ ပိတ်ပင်ထားပါတယ်။

    ဒီလို ပညာသင်ခွင့်ပိတ်ပင်မှုနဲ့ပတ်သက်ပြီး မြို့တော်ကဘူးလ်မှာ အမျိုးသမီးတွေ စုရုံး ဆန္ဒပြနေကြသလို အမျိုးသားကျောင်းဆရာတွေနဲ့ ကျောင်းသားတွေပါ ဆန္ဒပြလှုပ်ရှားမှုထဲ ပါ၀င်လာပါတယ်။

    ကဘူးလ်မြို့က Mashal ပုဂ္ဂလိက တက္ကသိုလ်ကို တည်ထောင်သူ ပရော်ဖက်ဆာ အစ္စမာအီလ် မာရှယ်ဟာ တာလီဘန်ရဲ့လုပ်ရပ်ကို ဆန့်ကျင်ပြောကြားတဲ့ မီဒီယာအင်တာဗျူးတစ်ခုမှာ သူ့ရဲ့ ဘွဲ့လက်မှတ်တွေကို ဒေါသတကြီး ဆုတ်ဖြဲခဲ့ပါတယ်။

    “ဒီကနေ့ကစပြီး ဘွဲ့လက်မှတ်တွေ မလိုတော့ဘူး။ ဒီတိုင်းပြည်က ပညာရေးကို နေရာမပေးတဲ့ တိုင်းပြည်မျိုးဗျ။ ကျွန်တော့် ညီမအရွယ်၊ အမေအရွယ်တွေ ပညာသင်ခွင့်မရှိတဲ့ ပညာရေးမျိုးကို ကျွန်တော် လက်မခံနိုင်ပါဘူး”

    ပြီးခဲ့တဲ့ရက်ပိုင်း ကဘူးလ်တက္ကသိုလ်က စာမေးပွဲတစ်ခုမှာ အမျိုးသားကျောင်းသားတွေဟာ စာမေးပွဲခန်းထဲကနေ ထွက်သွားကာ တာလီဘန်ကို ဆန္ဒပြခဲ့ကြပါတယ်။ နိုင်ငံတစ်၀ှမ်း တက္ကသိုလ်တွေက အမျိုးသား ကျောင်းဆရာတွေ၊ ပရော်ဖက်ဆာတွေလည်း အလုပ်ကနေနှုတ်ထွက်ကာ တာလီဘန်ရဲ့ လုပ်ရပ်ကို ဆန့်ကျင်နေကြတယ်လို့ ဒေသတွင်းမီဒီယာတွေက ဖော်ပြပါတယ်။

    အမျိုးသမီးတွေရဲ့ ပညာရေးနဲ့ အလုပ်လုပ်ခွင့်ကို မပိတ်ပင်ဘူးဆိုတဲ့ ကတိက၀တ်မျိုး အာဏာမရခင် အနောက်နိုင်ငံတွေနဲ့ မွတ်စလင်ကမ္ဘာကို တာလီဘန်က ပေးခဲ့ပေမယ့် အာဏာရပြီးနောက်ပိုင်းမှာတော့ ဒီကတိက၀တ်ကို ဖောက်ဖျက်လာတာ ဖြစ်ပါတယ်။

    Ref: CNN, ABC

    ဓာတ်ပုံ – ဘွဲ့လက်မှတ်များ ဆုတ်ဖြဲခဲ့သည့် ပရော်ဖက်ဆာ အစ္စမာအီလ် မာရှယ်

  • နာမည်ကျော်တိုက်စစ်မှုး ရော်နယ်ဒို ဆော်ဒီရောက်ပြီ

    နာမည်ကျော်တိုက်စစ်မှုး ရော်နယ်ဒို ဆော်ဒီရောက်ပြီ

    ဒီဇင်ဘာ ၃၁၊ ၂၀၂၂
    M-Media

    -မန်ယူတိုက်စစ်မှူးဟောင်း ခရစ္စတီယာနို ရော်နယ်ဒိုကို ခေါ်ယူနိုင်ခဲ့ပြီလို့ ဆော်ဒီကလပ် အလ်-နဆာရ်က သောကြာနေ့မှာ ထုတ်ပြန်ကြေငြာပါတယ်။

    စာချုပ်သက်တမ်းဟာ ၂၀၂၅ ခုနှစ်အထိ ရှိမှာဖြစ်ပြီး တစ်နှစ်ကို ကန်ဒေါ်လာ ၁၇၅ သန်း ရရှိမှာပါ။

    “နောက်ထပ်နိုင်ငံတစ်ခုမှာ အတွေ့အကြုံသစ် ရမှာဖြစ်တဲ့အတွက် စိတ်လှုပ်ရှားမိပါတယ်။ ဆော်ဒီက အမျိုးသား၊ အမျိုးသမီး ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အလ်-နဆာရ်အသင်း ရည်မှန်းချက်ကြီးကြီးထားပြီး လုပ်ဆောင်နေတာဟာ သိပ်ကို အားကျစရာကောင်းပါတယ်။ ကမ္ဘာ့ဖလားမှာ ဆော်ဒီအသင်းရဲ့ ခြေစွမ်းကို ကျွန်တော်တို့ မြင်ခဲ့ရတယ်။ ဆော်ဒီဟာ ဘောလုံးအားကစားမှာ ရည်မှန်းချက်ကြီးမားပြီး အလားအလာရှိတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။”

    “ဥရောပဘောလုံးလောကမှာ ဆုဖလားအားလုံးကို ရယူနိုင်ခဲ့ပြီးတဲ့နောက် ကျွန်တော့်အတွေ့အကြုံကို အာရှမှာ မျှ၀ေဖို့ အချိန်ကျပြီလို့ ကျွန်တော် ခံစားရပါတယ်။ အသင်းဖော်အသစ်တွေနဲ့ တွေ့ရဖို့၊ အသင်း အောင်မြင်မှုရအောင် ဆောင်ရွက်ပေးဖို့ မစောင့်နိုင်တော့ပါဘူး” လို့ ရော်နယ်ဒိုက လက်မှတ်ရေးထိုးတဲ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

    နို၀င်ဘာလ ရုပ်သံအင်တာဗျူးတစ်ခုမှာ မန်ယူအသင်းနဲ့ နည်းပြတို့ကို ရော်နယ်တို့က ပြင်းပြင်းထန်ထန် ၀ေဖန်ခဲ့ပြီးတဲ့နောက် မန်ယူက ရော်နယ်ဒိုကို စာချုပ်ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။

    Ref: ESPN

  • တရုတ်ခရီးသွားများအား ကန့်သတ်မှု ကမ္ဘာကြီးက တိုးမြှင့်လုပ်ဆောင်လာ

    တရုတ်ခရီးသွားများအား ကန့်သတ်မှု ကမ္ဘာကြီးက တိုးမြှင့်လုပ်ဆောင်လာ

    ဇန်န၀ါရီ ၁၊ ၂၀၂၃

    M-Media 


    -ကိုဗစ်အကြီးအကျယ် ကူးစက်နေတဲ့ တရုတ်နိုင်ငံက ခရီးသွားတွေကို ပြည်၀င်ခွင့် တင်းကြပ်တဲ့ နိုင်ငံပေါင်းဟာ ကမ္ဘာတစ်၀ှမ်းမှာ ဒါဇင်နဲ့ချီ ရှိလာပါတယ်။ 

    တရုတ်နိုင်ငံတစ်၀ှမ်းမှာ နို၀င်ဘာလကတည်းကစတင်ပြီး ကိုဗစ် ပြန်လည် ကူးစက်ပြန့်နှံ့နေတာဖြစ်ပြီး ဆေးရုံတွေမှာ လူနာတွေ ပြည့်ကြပ်နေသလို မီးသင်္ဂြိုဟ်စက်တွေမှာလည်း တန်းစီနေရတယ်လို့ ဒေသတွင်း သတင်းတွေက ဖော်ပြပါတယ်။ 

    တရုတ်အစိုးရက နိုင်ငံသားတွေ ပြည်ပခရီးသွားခွင့်ကို ဖြေလျော့လိုက်ပြီး ဇန်န၀ါရီနှောင်းပိုင်း တရုတ်နှစ်ကူးမှာ တရုတ်ခရီးသွားတွေ အစုလိုက်အပြုံလိုက် ထွက်လာဖို့ ရှိတဲ့အချိန် နိုင်ငံတကာကတော့ ကန့်သတ်မှုတွေ လုပ်ဆောင်ပါတယ်။ 

    ယူကေ၊ အမေရိကန်၊ ပြင်သစ် အီတလီ၊ ဂျပန်၊ တောင်ကိုရီးယားတို့ အပါအ၀င် နိုင်ငံပေါင်း တစ်ဒါဇင်ကျော်လောက်က တရုတ်၊ ဟောင်ကောင်နဲ့ မကာအိုက ခရီးသွားတွေ လာရောက်ရင် ကိုဗစ်ကင်းရှင်းကြောင်းလက်မှတ် ပြသမှ ပြည်၀င်ခွင့်ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။ 

    သြစတေးလျနဲ့ ကနေဒါအစိုးရတို့က တရုတ်အစိုးရဟာ အချက်အလက်တွေကို ပွင့်လင်းမြင်သာမှုရှိစွာ မထုတ်ပြန်တဲ့အတွက် ကိုဗစ်ထိန်းချုပ်ဖို့ အခက်တွေ့ရတယ်လို့ ပြောပါတယ်။ 

    မော်ရိုကိုနိုင်ငံကတော့ တရုတ်ခရီးသွားအားလုံးကို ပြည်၀င်ခွင့်ပိတ်ပင်ကြောင်း မနေ့က ကြေငြာခဲ့ပါတယ်။ 

    ကိုဗစ်ကူးစက်မှု၊ ပုံပြောင်းပိုးအသစ်အကြောင်းတွေကို တရုတ်က တိတိကျကျ မထုတ်ပြန်တဲ့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက ကြိုတင်ကာကွယ်တားဆီးမှုလုပ်ငန်းစဥ်တွေ လိုအပ်လိမ့်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်ထားပါတယ်။

    Ref: Reuters

  • တရုတ်ခရီးသွားများအတွက် ကိုဗစ်စည်းမျဥ်း ပြန်တင်းကျပ်ရန် နိုင်ငံတစ်ချို့ စီစဥ်လာ

    တရုတ်ခရီးသွားများအတွက် ကိုဗစ်စည်းမျဥ်း ပြန်တင်းကျပ်ရန် နိုင်ငံတစ်ချို့ စီစဥ်လာ

    ဒီဇင်ဘာ ၂၈၊ ၂၀၂၂

    M-Media


    -တရုတ်နိုင်ငံမှာ ကိုဗစ်အကြီးအကျယ် ပြန်ဖြစ်နေတဲ့အတွက် နိုင်ငံတစ်ချို့က တရုတ်ခရီးသွားတွေကို ကိုဗစ်ကန့်သတ်ချက် တင်းကျပ်ဖို့ စီစဥ်လာကြပါတယ်။ 

    အိန္ဒိယနဲ့ ဂျပန်တို့က တရုတ်ခရီးသွားတွေ ကိုဗစ်ကင်းရှင်းကြောင်း ဆေးစစ်ချက်ပြနိုင်မှ ၀င်ခွင့်ပေးတော့မယ်လို့ ဒီကနေ့ ထုတ်ပြန်ပါတယ်။ 

    ဖိလစ်ပိုင် ခရီးသွားလာရေး၀န်ကြီး ဂျာမီ ဘာတစ္စတာက  တရုတ်ခရီးသွားတွေအတွက် ဒီလိုကန့်သတ်ချက်တွေထုတ်ဖို့ စဥ်းစားနေတယ်လို့ ပြောပါတယ်။ 

    တရုတ်အစိုးရက နိုင်ငံထဲကထွက်မယ့် ခရီးသွားတွေအတွက် ကိုဗစ်စည်းမျဥ်း ဖြေလျော့မှု ပြုလုပ်ထားပြီး လာမယ့်နှစ်ဆန်း တရုတ်နှစ်ကူး ကာလတွေမှာ တရုတ်ခရီးသွားတွေ အာရှနိုင်ငံတွေထဲ အလုံးအရင်းနဲ့ ၀င်ရောက်ဖို့ ရှိနေတာပါ။ 

    နိုင်ငံအတွင်း ကိုဗစ်ကူးစက်မှုတွေ ပြန်လည်မြင့်တက်လာတာကြောင့် တရုတ်နိုင်ငံသားတွေဟာ နိုင်ငံပြင်ပကိုထွက်ဖို့ စီစဥ်နေကြတာလည်း ဖြစ်ပါတယ်။ 

    အမေရိကန်နိုင်ငံက တရုတ်နိုင်ငံကလာမယ့်သူတွေအတွက် ကိုဗစ်စည်းမျဥ်း ပြန်လည်တင်းကြပ်ဖို့ စီစဥ်နေပြီး အခြားကမ္ဘာ့နိုင်ငံတွေလည်း ဒီလိုစည်းမျဥ်းတွေ ပြန်ထုတ်ဖို့ စဥ်စားနေကြပါတယ်။  

    Ref: BBC

  • မြောက်ကိုရီးယားဒရုန်းများကို မပစ်ချနိုင်သည့် တောင်ကိုရီးယားစစ်တပ် ၀ေဖန်ခံနေရ

    မြောက်ကိုရီးယားဒရုန်းများကို မပစ်ချနိုင်သည့် တောင်ကိုရီးယားစစ်တပ် ၀ေဖန်ခံနေရ

    ဒီဇင်ဘာ ၂၇၊ ၂၀၂၂

    M-Media 


    -တနင်္လာနေ့မနက်ပိုင်းက မြောက်ကိုရီးယားဒရုန်းတွေ နိုင်ငံလေပိုင်နက်ထဲ၀င်လာရာမှာ ထိထိရောက်ရောက် ဟန့်တားနိုင်ခြင်းမရှိတဲ့အတွက် တောင်ကိုရီးယားစစ်တပ် ၀ေဖန်ခံနေရပါတယ်။ 

    ဒရုန်း ၅ စင်းဟာ နိုင်ငံအနောက်မြောက်ပိုင်း ဂင်ပိုမြို့ကနေ ၀င်ရောက်လာတာဖြစ်ပြီး ဆိုးလ်အပါအ၀င် မြို့ကြီးတစ်ချို့ကို ဖြတ်ပျံသွားခဲ့ပါတယ်။ 

    တောင်ကိုရီးယားစစ်တပ်က တိုက်လေယာဥ်တွေ၊ တိုက်ခိုက်ရေး ရဟတ်ယာဥ်တွေ ပျံတက်ခဲ့ပြီး ရဟတ်ယာဥ်ကနေ စစ်သေနက်နဲ့ အချက် ၁၀၀ လောက် ပစ်ခဲ့ပေမယ့် ဒရုန်းတွေကို ပစ်ချနိုင်ခြင်းမရှိပါဘူး။ 

    ဒီအဖြစ်အပျက်မှာ ပါ၀င်တဲ့ KA-1 တိုက်လောဥ်တစ်စီးဟာ မတော်တဆမှုကြောင့် ပျက်ကျခဲ့ပြီး လေယာဥ်မှုးနှစ်ဦး အချိန်မီခုန်ထွက်နိုင်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ပါတယ်။ 

    တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုက နျူခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရချိိန်မှာ ဒရုန်းတွေကိုတောင် စစ်တပ်က ပစ်ချနိုင်စွမ်းမရှိတဲ့အတွက် စိုးရိမ်မိတယ်လို ၀ေဖန်ခဲ့ပါတယ်။ 

    စစ်တပ်ကလည်း ဒီကိစ္စအတွက် ပြန်လည်တောင်းပန်ခဲ့ပါတယ်။ 

    ဒရုန်းတွေကျူးကျော်၀င်ရောက်မှုကို တုန့်ပြန်နိုင်ရေး အထူးအဖွဲ့တစ်ခု ဖွဲ့စည်းသွားမယ်လို့လည်း သမ္မတက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    ကုလကသမဂ္ဂ မြောက်ကိုရီးယားစောင့်ကြည့်အဖွဲ့ရဲ့ ၂၀၁၆ ခုနှစ် အစီရင်ခံစာအရ မြောက်ကိုရီးယားမှာ ထောက်လှမ်းရေး၊ လေ့ကျင့်ရေးနဲ့ တိုက်ပွဲ၀င်ဒရုန်း စုစုပေါင်း ၃၀၀ လောက် ရှိတယ်လို့ ဖော်ပြထားပါတယ်။ 

    အဲဒီဒရုန်းတွေဟာ တရုတ်၊ ချက်၊ ဂျပန်၊ ဆွစ်ဇာလန်နဲ့ အမေရိကန်တို့က တင်သွင်းတဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ထားတယ်ဆိုတာကို တွေ့ရကြောင်း ဒီအဖွဲ့က ဆိုပါတယ်။ 

    ပြီးခဲ့တဲ့နှစ် အလုပ်သမားပါတီ နှစ်ပတ်လည်အစည်းအ၀ေးမှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်က အဆင့်မြင့်ဒရုန်းထုတ်လုပ်ရေးကို ပိုမိုအားထည့်လုပ်ဆောင်သွားမယ်လို့ ပြောကြားထားပါတယ်။

    Ref: Reuters