News @ M-Media

Author: Ko Lay

  • ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းမှုကို တူရကီ ပြန်သုံးသပ်မည်

    ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းမှုကို တူရကီ ပြန်သုံးသပ်မည်

    မတ် ၂၆၊ ၂၀၁၇
    M-Media

    – ဥရောပသမဂ္ဂအဖွဲ့သို့ ၀င်ရောက်ရေး ဆွေးနွေးညှိနှိုင်းမှုများကို ဆက်လက် လုပ်ဆောင်မည်လား ဆိုသည်နှင့်ပတ်သက်၍ ပြည်သူ့ဆန္ဒ ခံယူသွားမည်ဟူ တူရကီသမ္မတ အာဒိုဂန်က ပြောကြားလိုက်သည်။

    တူရကီမှာ ၁၉၈၇ ခုနှစ်ကတည်းက ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ရန် လျှောက်ထားခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် ဆွေးနွေးမှုများ စတင်ပြုလုပ်ခဲ့သည်။ သို့သော်လည်း ဆိုက်ပရက်စ်နိုင်ငံက ကန့်ကွက်မှု၊ လူ့အခွင့်အရေးနှင့် အခြားသော ကိစ္စများကြောင့် ဆွေးနွေးမှုမှာ အလွန်နှောင့်နှေးခဲ့သည်။

    အန်တာလ်ယာပြည်နယ်တွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် တာ့က်-အန်ဂလို ညီလာခံတွင် အာဒိုဂန်က တူရကီအနေဖြင့် နောက်လတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေး ပြည်သူ့ဆန္ဒ ခံယူပွဲပြီးနောက် ဥရောပသမဂ္ဂနှင့် ဆက်ဆံရေးကို ပြန်လည်သုံးသပ်ရန် ဆောင်ရွက်သွားဖွယ်ရှိနေသည်ဟု ပြောကြားခဲ့သည်။

    “ခင်ဗျားတို့ (ဗြိတိန်) ဟာ Brexit အတွက် ဆုံးဖြတ်ချက်တစ်ခု ချခဲ့တယ်။ ဧပြီ ၁၆ ရက်နေ့နောက်ပိုင်း နောက်ထပ် ကိစ္စတွေ ရှိအုံးမှာပါ။ ဧပြီ ၁၆ ရက်နေ့မှာ ကျွန်တော်တို့ လူထုဆန္ဒခံယူမယ်။ အဲဒီနောက် အီးယူနဲ့ ဆွေးနွေးမှုအတွက် Brexit လို ပြည်သူ့ဆန္ဒခံယူပွဲလိုမျိုး လုပ်သွားနိုင်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်က ဘယ်လိုပဲ ဆုံးဖြတ်ဆုံးဖြတ် ဒါကို ကျွန်တော်တို့ လိုက်နာမှာပါ”

    ဖွဲ့စည်းပုံ အဓိကပြင်ဆင်မှုများမှာ ဒုတိယသမ္မတများ ထားရှိရန်နှင့် ၀န်ကြီးချုပ်ရုံးအား ပယ်ဖျက်ခြင်းတို့ ဖြစ်သည်။

    အစိုးရကမူ ပါလီမန်မဟာမိတ်အဖွဲ့များ ယခင်ကကဲ့သို့ အဆင်မပြေဖြစ်မှုကို တားဆီးရန်နှင့် တိုင်းပြည် ၀ရုန်းသုန်းကားဖြစ်နေသည့်အချိန်တွင် တည်ငြိမ်မှုပေးရန်ဖြစ်သည်ဟု ပြောကြားထားသည်။

    သို့သော်လည်း ဝေဖန်သူများက ထိုပြောင်းလဲမှုများမှာ အမှန်တကယ်တွင် ပါလီမန်ကို အားနည်းသွားစေရန်နှင့် အပြန်အလှန်ထိန်းကျောင်းမှုမရှိသည့် နိုင်ငံရေးစနစ်တစ်ခုကို ဖော်ဆောင်ကာ နောက်ဆုံးတွင် တူရကီသည် လူတစ်ဦးတစ်ယောက်၏ အုပ်ချုပ်မှုအောက်သို့ ရောက်ရှိသွားမည်ဟု ထောက်ပြထားသည်။

    Ref: Aljazeera

  • အာဏာသိမ်းတပည့်ကြောင့် အီဂျစ်အာဏာရှင်ဟောင်း ရာဇ၀တ်မှုများမှ ကွင်းလုံးကျွတ်လွတ်မြောက်

    အာဏာသိမ်းတပည့်ကြောင့် အီဂျစ်အာဏာရှင်ဟောင်း ရာဇ၀တ်မှုများမှ ကွင်းလုံးကျွတ်လွတ်မြောက်

    မတ် ၂၅၊ ၂၀၁၇
    M-Media

    – ၂၀၁၁ ခုနှစ် ဆန္ဒပြမှုအတွင်း ပြည်သူများအား သတ်ဖြတ်ခဲ့မှုအတွက် တာန်ဝန်ရှိသည်ဆိုသည့် စွဲချက်များ ကင်းရှင်းသွားသည့် အီဂျစ်အာဏာရှင်ဟောင်း ဟိုစနီ မူဘာရက်မှာ ယမန်နေ့က လုံးဝ လွတ်မြောက်သွားပြီးဟု သိရသည်။

    အသက် ၈၈ နှစ်အရွယ်ရှိ မူဘာရက်မှာ ၎င်းအား ထိန်းသိမ်းထားရာ ကိုင်ရိုမြို့တောင်ပိုင်းရှိ ဆေးရုံမှ အစောင့်အကြပ် ထူထပ်စွာဖြင့် ဟီလီယိုပိုလစ်ရပ်ကွက်ရှိ ၎င်းအိမ်ရှိရာသို့ ပြန်သွားခဲ့သည်။

    ဇန်န၀ါရီ ၂၅ ရက်နေ့မှ ဖေဖော်ဝါရီ ၁၁ ရက်နေ့အထိ ဖြစ်ပွားခဲ့သော ၂၀၁၁ ခုနှစ် မူဘာရက်ပြုတ်ကျရေး လူထုအုံကြွမှုတွင် ပြည်သူ ၉၀၀ နီးပါး သေဆုံးခဲ့ပြီး ၎င်းမှာလည်း ရာထူးမှ ပြုတ်ကျခဲ့သည်။

    ထိုကိစ္စနှင့်ပတ်သက်၍ အီဂျစ်၏ ပထမဆုံး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံရသည့် မော်စီအစိုးရက မူဘာရက်အား ၂၀၁၂ ခုနှစ်တွင် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်။

    သို့သော်လည်း စစ်ဗိုလ်ချုပ် အလ်စီစီခေါင်းဆောင်သည့် အာဏာသိမ်းအစိုးရလက်ထက်တွင် မူဘာရက်အပေါ် ချမှတ်ထားသည့် ပြစ်ဒဏ်များအားလုံးကို ပယ်ဖျက်ခဲ့ပြီး၊ စစ်ဆေးမှု ပြန်လည်ပြုလုပ်ခဲ့ကာ ခြစားမှုအတွက် ထောင်ဒဏ် ၆ နှစ်သာ ချမှတ်ခဲ့သည်။ ပြည်သူများအား သတ်ဖြတ်မှုတွင် အပြစ်မရှိဟု နိုင်ငံ၏ အမြင့်ဆုံး အယူခံခုံရုံးက ယခုလအစောပိုင်းတွင် ဆုံးဖြတ်ခဲ့သည်။

    အလ်စီစီလက်ထက်တွင် မော်စီနှင့် ၎င်း၏ မွတ်စလင်ညီနောင်များပါတီကို ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခဲ့ပြီး လက်ရှိ အီဂျစ်အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား ၆ သောင်းခန့်ရှိမည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

    မူဘာရက်အား ယခုကဲ့သို့ လွှတ်ပေးမှုမှာ ယခုအချိန်နှင့် အနာဂတ်တွင် အာဏာရှင်လက်ပါးစေများ၏ လူသတ်မှုများအတွက် မည်ကဲ့သို့မှ တရားစွဲဆို၍ မရနိုင်ဆိုသည်ကို ပြသနေခြင်းဖြစ်ပြီး ၁၉၅၂ နှစ် မူဘာရက်ဦးဆောင်သည့် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အီဂျစ်နိုင်ငံ၏ အခြေအနေမျိုး ပြန်လည်ကျရောက်သွားပြီး နိုင်ငံရေးကျွမ်းကျင်သူများက သုံးသပ်ကြသည်။

    Ref : Aljazeera

  • အစ္စရေးရဲက ပါလက်စတိုင်းတစ်ဦးကို ညှင်းပမ်းမှုရုပ်သံ ထွက်ပေါ်လာ

    အစ္စရေးရဲက ပါလက်စတိုင်းတစ်ဦးကို ညှင်းပမ်းမှုရုပ်သံ ထွက်ပေါ်လာ

    မတ် ၂၅၊ ၂၀၁၇
    M-Media

    – အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင် အရှေ့ဂျေရုစလင် ၀ါဒီ ဂျို့ဇ်မှာ အစ္စရေးရဲတစ်ယောက်က ပါလက်စတိုင်း ကုန်ကားမောင်းသူတစ်ဦးကို ဆဲဆို ရိုက်နှက်နှိပ်စက်နေတဲ့ ဗီဒီယိုတစ်ခုဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့လာခဲ့ပါတယ်။

    အစ္စရေးရဲဟာ ခေါင်းနဲ့တိုက်တာ၊ ပါးရိုက်တာ၊ ခြေထောက်နဲ့ကန်တာအပြင် ဆဲဆိုကြိမ်းမောင်းမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။ အခြား ပါလက်စတိုင်းပြည်သူတွေက ကြားဝင်ဖြန်ဖျေပေးဖို့ ကြိုးစားတဲ့အခါမှာ အစ္စရေးရဲက အဲဒီသူတွေကို ထပ်မံရိုက်နှက်ခဲ့ပါတယ်။

    လက်ရှိမှာတော့ ဒီရဲဟာ ခွင့်ယူထားတယ်လို့ အစ္စရေးရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။

    အစ္စရေးက သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းပိုင်နက်တွေထဲမှာ အစ္စရေး ရဲတွေ၊ စစ်သားတွေက ပါလက်စတိုင်းပြည်သူတွေအပေါ် ညှင်းပမ်းနှိပ်စက်မှုတွေဟာ နေ့စဉ်လိုလို ဖြစ်ပျက်နေပြီး၊ ဆိုရှယ်မီဒီယာ တွင်ကျယ်လာပြီးတဲ့နောက်ပိုင်းမှာ ဒီလို ကျူးလွန်မှုတွေကို သက်သေနဲ့တကွ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြလာနိုင်ခဲ့ပါတယ်။ အစ္စရေးအစိုးရကတော့ ဒီလုပ်ရပ်တွေအတွက် အရေးယူတာမျိုး သိပ်မရှိပါဘူး။

    တစ်ခါတစ်ရံမှာ ပါလက်စတိုင်းပြည်သူတွေက အစ္စရေးရဲတွေ၊ စစ်သားတွေကို ခပ်ကြမ်းကြမ်း တုန့်ပြန်တာမျိုးတွေလည်း ရှိနေပါတယ်။

    Ref : Aljazeera

  • ဗြိတိန်ကို ကြီးကျယ်အောင်လုပ်ခဲ့သည့် မွတ်စလင် ၁၀ ဦး

    ဗြိတိန်ကို ကြီးကျယ်အောင်လုပ်ခဲ့သည့် မွတ်စလင် ၁၀ ဦး

    မတ် ၂၅၊ ၂၀၁၇
    M-Media

    – နိုင်ငံတကာ အကြမ်းဖက်ဝါကို အားကျတဲ့ လူတစ်ယောက်က ပြုလုပ်တဲ့ တိုက်ခိုက်မှုတစ်ခု ဥရောပမှာ ထပ်ဖြစ်ပါတယ်။

    လန်ဒန်မြို့က ၀က်စ်မင်စတာ တံတားပေါ်မှာဖြစ်ပြီး အကြမ်းဖက်သမားအပါအ၀င် လူ ၄ ဦး သေဆုံးခဲ့ကာ အနည်းဆုံး လူပေါင်း ၃၀ လောက်ဒဏ်ရာရရှိတယ်လို့ ဆိုပါတယ်။ ၇ ဦးကတော့ ဆေးရုံးမှာ အတွင်းလူနာအဖြစ် ကုသနေရပါတယ်။

    ဒီလိုအဖြစ်အပျက်မျိုး ဖြစ်ပွားရင် အချက်အလက်သေးစိတ်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့်လည်း လူတစ်ယောက်နှစ်ယောက်လောက်ကလုပ်တဲ့ ကိစ္စအတွက် မွတ်စလင်အားလုံးအပေါ် အပြစ်ပုံချ ပြောဆိုတတ်တာက ထုံးစံတစ်ခုလို ဖြစ်နေပါပြီ။ တစ်ချို့ကလည်း လန်ဒန်ရဲ့ မွတ်စလင်မြို့တော်ဝန် ဆာဒစ် ခန်းကို အြ
    ပစ်တင်ကြပြီး သူ့ရဲ့ ရပ်တည်ချက်က ဒါမျိုးတွေကို ဖြစ်စေတယ်လို့ ပြောကြပါတယ်။

    တကယ်တော့ ခန်းနဲ့ အခြားသော ယူကေမွတ်စလင်တွေဟာ တစ်နိုင်ငံလုံးက လူတွေလိုပဲ ဒီတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့တာပါ။ ဘုရင့်နိုင်ငံကို ဒီနေ့ခတ် အင်အားကြီးမားတဲ့ နိုင်ငံအဖြစ် ရောက်စေခဲ့မှုမှာ ဗြိတိန်မွတ်စလင်တွေရဲ့ လွန်ခဲ့တဲ့ ရာစုနှစ်တွေကတည်း ဗြိတိန် လူ့အဖွဲ့အစည်းနဲ့ ယဉ်ကျေးမှုအပေါ် ကူညီပံ့ပိုးပေးခဲ့မှုတွေလည်း ပါဝင်ပါတယ်။

    ယူကေကို ကြီးကျယ်အောင် လုပ်ပေးခဲ့တဲ့ မွတ်စလင်တွေထဲက ၁၀ ဦးကို ဖော်ပြပေးလိုက်ပါတယ်။

    ၁။ ဆာဒစ်ခန်း-လန်ဒန်မြို့တော်ဝန်

    ၂၀၁၆ ခုနှစ်မှာ ဆာဒစ်ခန်းဟာ လန်ဒန်မြို့ရဲ့ ပထမဆုံး မွတ်စလင်မြို့တော်ဝန် ဖြစ်လာခဲ့ပါတယ်။ နာမည်ကျော် နိုင်ငံရေးသမားတစ်ယောက်ဖြစ်ပြီး နိုင်ငံအတွင်းက နိုင်ငံခြားသားကြောက်ရောဂါကို ဆန့်ကျင်မှုမှာ မားမားမတ်မတ် ရပ်တည်ခဲ့သူလည်း ဖြစ်ပါတယ်။

    ကမ္ဘာပေါ်က ကြီးကျယ်တဲ့ မြို့ကြီးတွေထဲက တစ်မြို့ရဲ့ ခေါင်းဆောင်အဖြစ် ခန်းဟာ ကမ္ဘာပေါ်က သြဇာလွှမ်းမိုးတဲ့ မွတ်စလင်တွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။

    ၂။ ဘာရိုနက်စ် ဆိုက်ယေဒါ ၀ါစီ – လွှတ်တော်အမတ်

    ၂၀၀၉ ခုနှစ်မှာ Guardian သတင်းစာက ဆိုက်ယေဒါဝါစီဟာ ဗြိတိန်ရဲ့ သြဇာလွှမ်းမိုးမှုအရှိဆုံး မွတ်စလင်အမျိုးသမီးလို့ သတ်မှတ်ခဲ့ပါတယ်။

    နိုင်ငံရေးသမား၊ ရှေ့နေနဲ့ ပါမောက္ခတစ်ယောက်ဖြစ်တဲ့ ၀ါစီဟာ လက်ရှိမှာ ယူကေပါလီမန်ရဲ့ အမတ်တစ်ဦး ဖြစ်နေပါတယ်။ အရင်ကလည်း နိုင်ငံခြားရေးနဲ့ ဓနသဟာယဆိုင်ရာ အကြီးတန်းဝန်ကြီး၊ ယုံကြည်မှုနှင့် လူ့အဖွဲ့အစည်းဆိုင်ရာ ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။

    ၃။ မဟ်ဒီဟာဆန် – နိုင်ငံရေး ဂျာနယ်လစ်

    မဟ်ဒီဟာဆန်ဟာ အလ်ဂျာဇီးရားသတင်းဌာနရဲ့ Café နဲ့ Head to Head and UpFront ဆိုတဲ့ အစီအစဉ်တွေကို တင်ဆက်နေသူပါ။

    ပြီးတော့ Huffington Post သတင်းဌာနရဲ့ ယူကေဆိုင်ရာ နိုင်ငံရေးအယ်ဒီတာအဖြစ်လည်း ဆောင်ရွက်နေပြီး စာရေးဆရာတစ်ယောက်လည်း ဖြစ်ပါတယ်။

    ၄။ ရှီလီနာ ဂျန်မိုဟာမဒ် – စာရေးဆရာ

    ကြော်ငြာလုပ်ငန်းနဲ့ စာရေးဆရာမတစ်ယောက်အဖြစ် ဆောင်ရွက်နေသူပါ။ ပြီးတော့ အကြံပေးလုပ်ငန်း တစ်ခုဖြစ်တဲ့ Ogilvy Noor ရဲ့ ဒု ဥက္ကဌလည်းဖြစ်ပါတယ်။ ရှီလီနာဟာ Generation M: Young Muslims Changing the World နဲ့ Love in a Headscarf ဆိုတဲ့ စာအုပ်နှစ်အုပ်ကိုလည်း ရေးသားခဲ့ပါတယ်။

    သူမဟာ ယူကေရဲ့ သြဇာလွှမ်းမိုးမှုအရှိဆုံး အမျိုးသမီး စာရင်းထဲမှာ ပါဝင်သူတစ်ဦးပါ။

    ၅။ ဇေယန်မာလစ် – အဆိုတော်

    One Direction ရဲ့ အဖွဲ့ဝင်ဟောင်း ဇေယန်မာလစ်ကို မသိတဲ့သူ သိပ်မရှိပါဘူး။ သူဟာ သူ့ရဲ့ မွတ်စလင်အမွေအနှစ်ကို တစ်ကြိမ်ထက်မက ထုတ်ပြောခဲ့သူပါ။

    One Direction က ထွက်ခွာခဲ့ပြီးတဲ့နောက်မှာ သူဟာ တစ်ကိုယ်တော်အခွေတွေ ထုတ်ခဲ့ပြီး ယူကေနဲ့ နိုင်ငံတကာ ဂီတလောကမှာ သီတင်းပတ်တော်တော်ကြာ ထိပ်ဆုံးမှာ ရှိခဲ့ပါတယ်။

    ၆။ မာရီယာဟ် အစ်ဒရီစီ – မော်ဒယ်နှင့် တက်ကြွလှုပ်ရှားသူ

    မာရီယာဟ် အစ်ဒရီစီဟာ ၂၀၁၅ ခုနှစ်က H&M’s Close the Loop လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီးနောက် ကမ္ဘာကျော်လာတာဖြစ်ပါတယ်။ ပြီးတော့ အဓိကမော်ဒယ်ပြိုင်ပွဲတွေမှာ ဟီဂျဘ်ဝတ် ယှဉ်ပြိုင်တဲ့ ပထမဆုံး မွတ်စလင်အမျိုးသမီးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

    ပထမဆုံး ပွဲမှာပဲ သူဟာ မော်ဒယ်အေဂျင်စီ တော်တော်များများနဲ့ စာချုပ်ချုပ်နိုင်ခဲ့ပါတယ်။

    “အရှေ့နဲ့အနောက်ကြားက လစ်ဟာမှုကို ကျွန်မ ပေါင်းကူးပေးချင်ပါတယ်” ဆိုပြီး MailOnline ကို ပြောကြားခဲ့ဖူးပါတယ်။

    ၇။ အမ်ဂျဒ် ဟူစိုင် – ရေတပ်အရာရှိ

    တော်ဝင်ရေတပ်မှာ အရာရှိတစ်ယောက်အဖြစ် ဆောင်ရွက်နေတဲ့ ဟူစိုင်ဟာ ဗြိတိန်က လူနည်းစုတွေ ဗြိတိန်စစ်တပ်မှာ တာဝန်ထမ်းဆောင်သူတွေထဲမှာ ရာထူးအမြင့်ဆုံးကို ရရှိထားသူတစ်ဦးပါ။ လက်ရှိမှာ သူဟာ ရေတပ်အထူးတပ်ဖွဲ့ဌာနချုပ်မှူးအဖြစ် တာဝန်ထမ်းဆောင်နေပြီး ဘုရင်မကြီးက ချီးမြှင့်တဲ့ Companion of the Order of the Bath ဆုတံဆိပ်ကိုလည်း ရရှိထားပါတယ်။

    ၈။ မီရှဲလ် ဟူစိန် – ရုပ်သံတင်ဆက်သူ

    မီရှဲလ်ဟူစိန်ဟာ BBC ရဲ့ နာမည်ကြီး သတင်းတင်ဆက်သူတစ်ယောက်ဖြစ်ပြီး Today၊ BBC World News နဲ့ BBC Weekend News စတဲ့ အစီအစဉ်တွေကို တာဝန်ယူထားရပါတယ်။ အရင်က HARDtalk နဲ့ BBC Breakfast အစီအစဉ်တွေကိုလည်း တင်ဆက်ခဲ့ဖူးပါတယ်။

    Guardian က ၂၀၀၉ ခုနှစ်မှာ ထုတ်ပြန်တဲ့ ဗြိတိန်ရဲ့ လွှမ်းမိုးမှုအရှိဆုံး အမျိုးသမီးစာရင်းထဲမှာ သူမလည်း ပါဝင်ခဲ့ပါတယ်။

    ၉။ မူဟ်ဘင်း ဟူစိုင် – တက်ကြွလှုပ်ရှားသူ

    British Muslim Youth အဖွဲ့ကို တည်ထောင်သူနဲ့ ဥက္ကဌအဖြစ် ဆောင်ရွက်နေသူ မူဟ်ဘင်း ဟူစိုင်ဟာ ဗြိတိန်မွတ်စလင်တွေအတွက် သည်းခံမှုနဲ့ နားလည်မှုတွေကို တိုးမြှင့်အောင် ဆောင်ရွက်ပေးနေသူပါ။

    Twiiter စာမျက်နှာမှာတော့ “ဗြိတိသျှတစ်ယောက်ဖြစ်ရတာနဲ့ မွတ်စလင်တစ်ယောက်ဖြစ်ရတာဟာ အတူတူပါပဲ” လို့ သူက ရေးသားထားပါတယ်။

    ၁၀။ ဒီနာ တိုကီယို – ဖက်ရှင်ကြယ်ပွင့်

    ရိုးရိုးယဉ်ယဉ် ဖက်ရှင်ဟာ အခုနောက်ပိုင်း ဖက်ရှင်လောကမှာ တစ်ဟုန်တိုး အားကောင်းလာမှုနဲ့အတူ ဒီနာ တိုကီယိုဟာ ဆိုရှယ်မီဒီယာမှာ အောင်မြင်ကျော်ကြားသူတစ်ယောက် ဖြစ်လာပါတယ်။ ဖက်ရှင်တွေကိုသာ တင်တဲ့ သူမရဲ့ Instagram၊ Twitter နဲ့ အခြား ဆိုရှယ်မီဒီယာအကောင့်တွေကလည်း သူမရဲ့ အောင်မြ
    င်မှုကို ပိုပြီး ကျော်ကြားစေခဲ့ပါတယ်။

    ဗြိတိန်ကို ကြီးကျယ်အောင်လုပ်တဲ့ မွတ်စလင်တွေဟာ ဒီ ၁၀ ဦးတင် မကပါဘူး။ နောက်ထပ် မွတ်စလင် ဂီတပညာရှင်တွေ၊ နိုင်ငံရေးသမားတွေလည်း အများကြီး ရှိပါသေးတယ်။ မွတ်စလင်တွေဟာ ယူကေရဲ့ မရှိမဖြစ် အစိတ်အပိုင်းဖြစ်ပါတယ်။

    Ref: Stepfeed

  • ထရမ့်၏ ကျန်းမာရေးဥပဒေကြမ်းကို ၎င်း၏ ပါတီဝင်များက အောက်လွှတ်တော်တွင် ပယ်ချ

    ထရမ့်၏ ကျန်းမာရေးဥပဒေကြမ်းကို ၎င်း၏ ပါတီဝင်များက အောက်လွှတ်တော်တွင် ပယ်ချ

    မတ် ၂၅၊ ၂၀၁၇
    M-Media

    – ‘အိုဘားမား ကျန်းမာရေးစောင့်ရှောက်မှု’ ဥပဒေကို ဖယ်ရှားကာ အစားထိုးရန်အတွက် ထရမ့်က တင်သွင်းသော ကျန်းမာရေးစောင့်ရှောက်မှု မူကြမ်းကို အောက်လွှတ်တော်ရှိ ရီပက်ဘလစ်ကန်အမတ်များက ယမန်နေ့တွင် ပယ်ချလိုက်သည်ဟု သိရသည်။

    အေက်လွှတ်တော် ဥက္ကဌ ပေါလ်ရိုင်ယန်ကမူ ထိုမူကြမ်းကို အတည်ပြုရန် လုံလောက်သည့်မဲ မရရှိသောကြောင့် ပယ်ချရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီ ထရမ့်ကလည်း လက်ခံခဲ့သည်ဟု ပြောကြားခဲ့သည်။

    ကြာသာပတေးနေ့တွင် ထရမ့်က အဆိုပါ မူကြမ်းကို မဲပေးဆုံးဖြတ်ရန် အောက်လွှတ်တော်ကို တိုက်တွန်းခဲ့ပြီး ထိုကိစ္စ အဆင်မပြေပါက အခြားကိစ္စများကို ဆက်လုပ်သွားမည်ဟု ပြောကြားခဲ့သည်။

    ပယ်ချခံရပြီးနောက် အိမ်ဖြူတော်တွင် သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ထရမ့်က ဥပဒေကြမ်းကို အတည်ပြုရန် အလွန်နီးကပ်ခဲ့သော်လည်း ဒီမိုကရက်များကြောင့် ပျက်ပြယ်ခဲ့ရသည်ဟု အပြစ်တင်ခဲ့သည်။ သို့သော်လည်း အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တို့ကို ရီပက်ဘလစ်ကန်များကသာ ထိန်းချုပ်ထားခြင်းဖြစ်သည်။

    ထို့ပြင် ရီပက်ဘလစ်ကန် ကွန်ဆာဗေးတစ်အဖွဲ့ဖြစ်သော House Freedom Caucus က ထိုမူကြမ်းကို လက်မခံမှုအတွက် အံ့သြစိတ်ပျက်ရသည်ဟု ထရမ့်က ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Aljazeera