News @ M-Media

Author: Ko Lay

  • တိုင်းရင်းဆေးဝါး ဖွံ့ဖြိုးမှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၄၂)

    တိုင်းရင်းဆေးဝါး ဖွံ့ဖြိုးမှု – ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၄၂)

    မတ် ၂၄၊ ၂၀၁၇
    M-Media

    ရာဇာ တင်ဆက်သည်

    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    ၁၃ ရာစု မွတ်စလင် တိုင်းရင်းဆေးပညာရှင် မာလာဂါမြို့မှ အလ်-ဘေတာ၏ တိုင်းရင်းဆေးကျမ်းမှ ဖော်ပြချက်များ

    – လွန်ခဲ့တဲ့ နှစ်ထောင်ချီအရင်က ဥယျာဉ်ပန်းခြံတွေဟာ သိပ္ပံဆိုင်ရာ မြေပြင်ဓာတ်ခွဲခန်းတွေ ဖြစ်ခဲ့ပြီး အပင်တွေရဲ့ ဆေးဘက်ဝင် ဂုဏ်သတ္တိတွေနဲ့ပတ်သက်လို့ လမ်းညွှန်ကျမ်းတွေ ရေးသားခဲ့တဲ့ ထင်ရှားတဲ့ သိပ္ပံပညာရှင်ကြီးတွေ ပျော်မွေ့ရာနေရာလည်း ဖြစ်ခဲ့ပါတယ်။ သစ်ပင်ပန်းမာလ်တွေကနေ စီမံဖော်ထုတ်တဲ့ ဆေးတွေဟာ သီးခြားဆေးဝါးတစ်ခုလို့ ရှုမြင်ခြင်းမခံရဘဲ လက်တွေ့အသုံးချ ဆေးပညာမှာ အင်မတန်အရေးပါခဲ့ပြီး ဆေးရုံတော်တော်များများဟာ ကုသမှုမှာ အသုံးပြုဖို့ ဆေးဘက်ဝင်အပင်တွေကို ပန်းခြံအပြည့် တယုတယစိုက်ထားကြကာ အဲဒီအပင်တွေကနေ ဆေးဝါးတွေ ဖော်စပ်ထုတ်လုပ်တာတွေကိုလည်း လုပ်ခဲ့ကြပါတယ်။

    အပင်တွေကနေ ဆေးဝါးထုတ်လုပ်တာမျိုးတွေကို လူ့ယဉ်ကျေးမှု အစကတည်းက လုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ အီဂျစ်၊ မက်ဆိုပိုတေးမီးယား၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေဟာ  စာအရေးအသား မပေါ်ခင်ကတည်းက သစ်ပင်ပန်းပင်တွေကနေ ဆေးဝါးထုတ်လုပ်ခဲ့တယ်ဆိုတဲ့ မှတ်တမ်းတွေလည်း ရှိပါတယ်။ အနောက်နိုင်ငံမှာတော့ ပထမဆုံး ‘တိုင်းရင်းဆေးကျမ်း’ (ဆေးဖက်ဝင်အပင်တွေရဲ့ ဂုဏ်သတ္တိတွေကို စုစည်းရှင်းပြထားတဲ့စာအုပ်) ဟာ ဂရိနိုင်ငံမှာ ပေါ်ထွက်လာခဲ့ပြီး ခရစ်တော်မပေါ်ခင် တတိယရာစုမှာ ဒီယိုကလီစ် အော့ဖ် ကာရီစတုစ် (Diocles of Carystus) က ရေးသားခဲ့ပြီး၊ ဘီစီ ၁ ရာစုမှာတော့ ကရာတေယက်စ် (Crteuas) ဆိုတဲ့ ပညာရှင်တစ်ဦးကလည်း ဆေးဖက်ဝင်အပင်တွေနဲ့ ပတ်သက်တဲ့ စာအုပ်တွေကို ရေးသားခဲ့ပါတယ်။ ဂရိတွေရဲ့ တိုင်းရင်းဆေးကျမ်းတွေထဲက လက်ရှိအချိန်အထိ ရှင်သန်နေတဲ့ ကျမ်းကတော့ ဒီအိုစကိုရီဒီစ် (Dioscorides) က အေဒီ ၆၅ မှာ ရေးသားခဲ့တဲ့ De Materia Medica ကျမ်း ဖြစ်ပါတယ်။ ဒီအိုစကိုရီဒီစ်ဟာ ဂရိနဲ့ ရောမ ပညာရှင်တွေထဲမှာ တိုင်းရင်းဆေးအပေါ် လွှမ်းမိုးမှုအရှိဆုံး ပညာရှင်တစ်ဦး ဖြစ်ပါတယ်။

    ၁၅ ရာစု အာရဘီ ရုက္ခဗေဒကျမ်းမှ စာမျက်နှာတစ်ခု

    မွတ်စလင်တွေရဲ့ နယ်မြေ ကျယ်ပြန့်လာတာနဲ့အတူ မွတ်စလင်ကုန်သည်တွေ၊ ခရီသွားတွေဟာ ယခင်က သူတို့မသိကြတဲ့ တိုင်းတစ်ပါးက အပင်တွေ၊ မျိုးစေ့တွေ၊ မျိုးစိတ်တွေနဲ့ ထိတွေ့လာခဲ့ကြပြီး၊ ကုန်ကြမ်း အများအပြားနဲ့ သူတို့ကို ဘယ်လိုအသုံးပြုရမလဲဆိုတဲ့ ပညာရပ်တွေ၊ အချက်အလက်တွေကိုပါ ဆောင်ကျဉ်းလာခဲ့ကြကာ အာရှက မြေပြန့်လွင်ပြင်ကြီးတွေကနေ ဥရောပက တောင်တန်းကြီးတွေအထိ ရှာဖွေရေးခရီးအတွက် ခြေဆန့်ခဲ့ကြပါတယ်။ စက္ကူကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်မှုကလည်း သူတို့ရဲ့ ခရီးစဉ်အသေးစိတ်ကို ရောက်ရှိရာနေရာမှာပဲ မဆိုင်းမတွ မှတ်တမ်းတင်ခွင့်ရခဲ့သလို စူးစမ်းဖော်ထုတ်မှုကိုလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။

    ဒီလို အချက်အလက်တွေနဲ့ အသုံးဝင်ပစ္စည်းတွေ စုဆောင်းမှုနဲ့ သူတို့ရဲ့ သိပ္ပံနည်းကျ ဆေးဝါးဆိုင်ရာ အသိပညာတွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာတော့ တိုင်းရင်းဆေးဝါးအသစ်တွေ အများအပြား ပေါ်ထွက်လာခဲ့ပါတယ်။ လေ့လာမှုတွေကြောင့် အချက်အလက်တွေ တော်တော်များများကို စုဆောင်းရမိခဲ့သလို အင်မတန် ကြီးကျယ်တဲ့ အလုပ်များစွာကိုလည်း လုပ်နိုင်ခဲ့ပါတယ်။

    အေဒီ ၁၀၀၂ မှာ ကွယ်လွန်ခဲ့တဲ့ အစ်ဗနေ့ ဆာမာဂျွန် (Ibn Smajun) ဟာ Collection of Simples, Medicinal Plants and Resulting Medicines (တွေ့ရလွယ်သည့် ဆေးဖက်ဝင်အပင်များနှင့် ဆေးဖော်စပ်မှုများစုစည်းမှု) ဆိုတဲ့ ကျမ်းတစ်စောင်ကို ရေးသားခဲ့ပါတယ်။ ဒီကျမ်းဟာ သူ့ရဲ့အရင်က သမားတော်ကြီးတွေရဲ့ ဖော်ထုတ်မှုတွေကို အခြေခံကာ အပင်တွေနဲ့ သူတို့ရဲ့ ဆေးဘက်ဆိုင်ရာ ဂုဏ်သတ္တိတွေကို ခွဲခြမ်းစိတ်ဖြာ ဖော်ပြထားတဲ့ ကျမ်းကြီးလည်းဖြစ်ပါတယ်။ ၁၁ ရာစုမှာလည်း အစ်ဗနေ့ ဆီနာ (Ibn Sina) ဟာ သူ့ရဲ့ Cannon ကျမ်းကြီးထဲမှာ ဆေးဘက်ဝင်အပင်တွေကနေ ဖော်စပ်တဲ့ ဆေးနည်းပေါင်း ၁၄၂ ခုကို ဖော်ပြခဲ့ပါတယ်။

    ရုက္ခဗေဒလို့ခေါ်ပြီး အပင်တွေ၊ အပင်တွေရဲ့ ဆေးဘက်ဝင်မှုကို လေ့လာတဲ့ ဒီပညာရပ်ကို တစ်ဆင့်ပြီးတစ်ဆင့် လက်ဆင့်ကမ်းလာခဲ့ကြတာ ဖြစ်ပါတယ်။ ‘ခေတ်သစ် ရုက္ခဗေဒပညာရပ်ရဲ့ ဖခင်ကြီး’ လို့ ခေါ်တဲ့ အဘူ ဟာနီဖာ အလ်-ဒီနာဝါရီ (Abu Hanif al-Dinawari) ဟာ A Treatise on Plants (အပင်ဆိုင်ရာကျမ်း) ဆိုတဲ့စာအုပ်မှာ ဆေးဖက်ဝင်အပင်ပေါင်း မြောက်များစွာရဲ့အကြောင်းကို ရေးသားဖော်ပြခဲ့ပြီး ၁၀ ရာစုက မွတ်စလင်ဆေးပညာရှင်ကြီး အလ်-ရာဇီ (Al-Razi) လို အခြား မွတ်စလင်ပညာရှင်တွေက ဒူလာရောဂါကို ကုသရာမှာ ကံကုမံပင်ကို ဆေးဝါးအဖြစ် အသုံးပြုခဲ့ပါတယ်။

    ရုက္ခဗေဒဟာ သိပ္ပံပညာရပ်တစ်ခု ဖြစ်လာတဲ့အချိန် ဓာတုဗေဒပညာရပ်ဟာ အံ့မခန်းနှုန်းနဲ့ တိုးတက်လာခဲ့ပြီး ဒီပညာရပ်နှစ်ခုစလုံး တိုးတက်ထွန်းကားလာမှုက တိုင်းရင်းဆေးပညာကို ဆေးဘက်ဆိုင်ရာ အဓိကရေစီးကြောင်းထဲရောက်အောင် တွန်းအားဖြစ်စေခဲ့ပါတယ်။ ၁၀ ရာစုမှာ စွမ်းဆောင်ရည်ပိုမြင့်လာတဲ့ ရေတင်စက်တွေ၊ ရေသွင်းစိုက်ပျိုးတဲ့နည်းလမ်းသစ်တွေ တိုးတက်ဖွံ့ဖြိုးလာတာကြောင့် သုတေသနဥယျာဉ်တွေ၊ ဆေးဘက်ဝင်အပင်စိုက်ပျိုးမှုတွေကလည်း  အလျိုအလျို ပေါ်ထွက်လာခဲ့ပါတယ်။

    စပိန်က မွတ်စလင်အုပ်စိုးတဲ့ အလ်-အန်ဒါလုစ်ဒေသဟာ တိုင်းရင်းဆေးပညာအခြေတည်ရာ ဒေသ ဖြစ်ခဲ့ပါတယ်။ ၁၁ ရာစုမှာ စပိန်က တော်လေဒိုမြို့၊ ဥရောပရဲ့ ပထမဆုံး တော်ဝင် ရုက္ခဗေဒဥယျာဉ်တွေရှိရာဒေသလို့ တင်စားခြင်းခံရတဲ့ ဆီးဗီးလ်မြို့တွေမှာလည်း ဒီလို ဆေးဖက်ဝင်အပင်တွေ အုံနဲ့ကျင်းနဲ့ စိုက်ပျိုးတာတွေ ဖြစ်လာခဲ့ပါတယ်။ ပထမပိုင်းမှာ ဥယျာဉ်ပန်းခြံ တစ်ခုအဖြစ်သာ ကျေနပ်ကြပေမယ့် နောက်ပိုင်းမှာတော့ အရှေ့အလယ်ပိုင်းက ယူဆောင်လာတဲ့ ဆေးဖက်ဝင်အပင်တွေကို စမ်းသပ်စိုက်ပျိုးရာနေရာတွေ ဖြစ်ခဲ့ပါတယ်။

    မွတ်စလင် ဆေးပညာရှင်ကြီးတစ်ဦးဖြစ်တဲ့ မာလာဂါမြို့က အစ်ဗနေ့-အလ်-ဘေတာ (Ibn al-Baytar) ဟာ Dictionary of Simple Remedies and Food (ဆေးမြီတိုများနှင့် အဟာရ အဘိဓာန်) ကို ပြုစုခဲ့ပြီး အဲဒီကျမ်းဟာ ဆေးဘက်ဆိုင်ရာ စွယ်စုံကျမ်းကြီးဖြစ်သလို အလ်-ဘေတာရဲ့ ရုက္ခဗေဒဆိုင်ရာ ကျွမ်းကျင်မှုကို ရောင်ပြန်ဟပ်စေတဲ့ ကျမ်းကြီးလည်း ဖြစ်ခဲ့ပါတယ်။ ဒီစာအုပ်ထဲမှာ အလ်ဘေတာဟာ အပင်ပေါင်း ၃၀၀၀ ကျော်နဲ့ သူတို့ရဲ့ ဆေးဘက်ဆိုင်ရာ ဂုဏ်သတ္တိတွေကို လေ့လာဖော်ထုတ်ထားပါတယ်။

    ဆေးဖက်ဝင်အပင်ဆိုင်ရာ အကျော်ကြားဆုံး စာအုပ်ကိုတော့ သက္ကရာဇ် ၁၁၆၅ ခုနှစ်မှာ မွတ်စလင်ပညာရှင် အလ်-ဂါဖီကီ (Al Ghafiqui) က ရေးသားခဲ့ပြီး The Book of Simple Durgs (ရိုးရှင်းသေားဆေးဝါးများ) ဆိုတဲ့ ဒီကျမ်းဟာ တော်တော်လေး တိကျပြည့်စုံကာ ၁၉၃၂ ခုနှစ်က အီဂျစ်မှာ မက်စ် မီယာရုဖ် (Max Meyerhof) က ပြန်လည် ရိုက်နှိပ်ထုတ်ဝေခဲ့ပါတယ်။

    ၁၀ ရာစုမှာတော့ အစ်ဗနေ့ ဂျူလ်ဂျူလ် (Ibn Juljul) က ဒီအိုစကိုရီဒီစ်ရဲ့ နှစ်ပေါင်း ၉၀၀ ကြာမြင့်နေပြီ ဖြစ်တဲ့ De Materia Medica ကျမ်း ရှင်းလင်းချက်ကို ရေးသားခဲ့ပြီး အာရဘီဘာသာစကားကို ပြန်ဆိုခဲ့ကာ မန်ကျီး၊ ပရုပ်၊ စန္ဒကူးနဲ့ ဖာလာတို့လို အပင်တွေရဲ့ ဆေးဖက်ဝင်ပုံ အကြောင်းတွေကိုလည်း ထည့်သွင်းရေးသားခဲ့ပါတယ် နောက်ပြီး အပင်သစ်တော်တော်များများနဲ့ အမျိုးမျိုးသော ရောဂါဘယတွေကို ကုသနိုင်တဲ့ ဆေးဖက်ဝင် ဂုဏ်သတ္တိတွေကိုလည်း အဲဒီစာအုပ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

    တိုင်းရင်းဆေးသမိုင်းမှာ မွတ်စလင်တွေ ဆောင်ရွက်ပေးခဲ့ပြီး အင်မတန်မှ ရိုးရှင်းထိရောက်တဲ့ ဆောင်ရွက်ချက်တစ်ခုက ဆေးဘက်ဝင်အပင်တွေဟာ လူနာတွေအပေါ် ဘယ်လို ထိခိုက်လည်းဆိုတာဖြစ်ပါတယ်။ အခုအချိန်မှာ ဒါက လုပ်ဖို့ အင်မတန်ထင်ရှားတဲ့ ကိစ္စလို့ ထင်ရပေမယ့် အဲဒီခေတ်ကာလတုန်းကတော့ ဒါကို စမ်းသပ်ဖို့၊ စူးစမ်းဖို့အတွက် သိပ္ပံနည်းကျ နည်းလမ်းတွေကိုသာ မှီခို အသုံးပြုရတာပါ။

    စပိန်နိုင်ငံ မာလာဂါမြို့တွင် ဂုဏ်ပြုထုတ်လုပ်ထားသော မွတ်စလင်တိုင်းရင်းဆေးဆရာကြီး အလ်-ဘေတာ၏ ရုပ်ထုကို

    အလယ်ခေတ်ဥရောပမှာ ဆေးဘက်ဝင်အပင်ဆိုင်ရာကျမ်းတွေဟာ တော်တော်လေးနည်းပါးပြီး ပညာရှင် အနည်းငယ်လောက်ကသာ သိရှိကြပါတယ်။ ၁၅ ရာစု အဆုံးပိုင်းလောက်အထိ ဥရောပသားတွေဟာ အာရဘီဆေးကျမ်းတွေ၊ ဂရိကျမ်းတွေကို အာရဘီလို ပြန်ဆိုထားတဲ့ စာအုပ်တွေကို လက်တင်ဘာသာကို ပြန်ဆိုပြီး အသုံးပြုခဲ့ရတာ ဖြစ်ပါတယ်။။ သက္ကရာဇ် ၁၅၀၀ နဲ့ ၁၆၀၀ အကြားမှာ ဂရိပညာရှင်ကြီး ဒီအိုစကိုရီဒီစ်ရဲ့ ဆေးကျမ်းကို တည်းဖြတ်ထုတ်ဝေမှု ၇၈ ကြိမ်အထိ ရှိခဲ့ပါတယ်။

    ဥရောပ တိုင်းရင်းဆေးပညာရှင်တွေရဲ့ အောင်မြင်မှုကို မွတ်စလင် ရုက္ခဗေဒပညာရှင်တွေဆီက ဘယ်လောက်အတုခိုးနိုင်လဲ၊ ဒီအိုစကိုရီဒီစ်ကို ဘယ်လောက် နာမည်ပိုကြီးအောင် လုပ်နိုင်မလဲဆိုတာနဲ့ တိုင်းတာပါတယ်။ ဒါပေမယ့် ဒါဟာလည်း အမြဲတမ်းတော့ အလုပ်ဖြစ်နေတာမဟုတ်ပါဘူး။ အလယ်ခေတ် အီတလီမှာ ကျော်ကြားခဲ့တဲ့ ဆဲလ်လာနို (Salerno) ဆေးတက္ကသိုလ်ကြီးဟာ လက်တင်၊ ဂရိနဲ့ အာရဘီ ဘာသာစကားတွေအပေါ်မှာ နားလည်တတ်ကျွမ်းမှုမရှိတာ၊ ဘာသာပြန်ပေါ် ဘာသာပြန် ထပ်နေတဲ့ ဂရိတိုင်းရင်ဆေးကျမ်းတွေကို အပြည့်အ၀ နားမလည်တာကြောင့် သြဇာအရှိန်အ၀ါ ကျဆင်းရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

    ဥရောပက တိုင်းရင်းဆေးပညာရှင်တွေဟာ အသိပညာမကြွယ်ဝမှု၊ လက်တွေ့ဆောက်ရွက်မှု မရှိတာ၊ စောစောပိုင်း ဆိုးရွာတဲ့ ဂရိဘာသာပြန်တွေ၊ ဒေသသုံးအမည်တွေနဲ့ မှည့်ခေါ်ထားတဲ့အတွက် ဆေးဖော်စပ်ဖို့ လိုအပ်တဲ့ အပင်တွေကို မှန်မှန်ကန်ကန် ဖေါ်ထုတ်နိုင်ခြင်း မရှိတာကြောင့် တော်တော်လေး စိတ်ပျက်ခဲ့ရပါတယ်။ ဒါ့ကြောင့် ၁၆ ရာစု အင်္ဂလန် သံတမန်နဲ့ ပညာရှင် ဆာ သောမတ်စ် အဲလ်ယွတ် (Sir Thomas Elyot) က သူအနေနဲ့ ရှေးဟောင်း တိုင်းရင်းဆေးပညာရပ်တွေကနေ ဘာမှ နားမလည်ဘဲ ‘ဒါတွေဟာ ကျန်းမာရေးအတွက် နည်းနည်းမှ အကျိုးမရှိဘူး’ လို့ ပြောခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

    ဒါပေမယ့် နောက်ပိုင်းမှာ တိုင်းရင်းဆေးပညာဟာ ပြန်ထွန်းခဲ့ပြီး ဒီနေ့ခေတ်မှာတော့ ဥရောပမှာ မရှိမဖြစ် ကုသနည်းတစ်ခု ဖြစ်နေပါပြီ။ ယူကေပြည်သူ ၅ ဦးမှာ တစ်ဦးဟာ အခြားဆေးကုသနည်းတွေကို အသုံးပြုနေကြပြီး မကြာသေးခင်က ကောက်ယူခဲ့တဲ့ စစ်တမ်းအရ ဗြိတိန်ပြည်သူ ၁၀ ဦးမှာ ၁ ဦးက တိုင်းရင်းဆေးဝါး၊ ဒါမှမဟတ် ဓာတ်ကြမ်းတိုက်ကုသနည်းတွေကို အသုံးပြုနေတယ်လို့ ဆိုပါတယ်။ တိုင်းရင်းဆေးဝါး လုပ်ငန်းရဲ့ တန်ဖိုးဟာလည်း နှစ်စဉ် တိုးတက်လာနေပါတယ်။ မွတ်စလင်ကမ္ဘာမှာလည်း တိုင်းရင်းဆေးဝါးရဲ့ အရေးပါမှုဟာ ပြန်လည် ရှင်သန်လာပြီး တိုင်းရင်းဆေးသမားတော်ကြီးတွေလည်း ပြန်လည် ပေါ်ထွက်လာနေပါတယ်။ ကမ္ဘာတစ်ဝှမ်း ကျေးရွာတွေနဲ့ ကျေးလက်ဒေသတွေမှာ ဒီ တိုင်းရင်းဆေးဟာ ရာစုနှစ်ပေါင်းများစွာ ရိုးရာတစ်ခုအနေနဲ့ ရှိနေခဲ့၊ ရှိနေဆဲ ဖြစ်ပါတယ်။

     

    ၁၅ ရာစု အာရဘီ တိုင်းရင်းဆေးကျမ်းမှ ဖော်ပြချက်များ

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်

  • အမေရိကန်တွင် ဗုံးဖြင့်တိုက်ခိုက်မည်ဟု အကြိမ်များစွာခြိမ်းခြောက်သူမှာ ဂျူးတစ်ဦးဖြစ်နေ

    အမေရိကန်တွင် ဗုံးဖြင့်တိုက်ခိုက်မည်ဟု အကြိမ်များစွာခြိမ်းခြောက်သူမှာ ဂျူးတစ်ဦးဖြစ်နေ

    မတ် ၂၄၊ ၂၀၁၇
    M-Media

    – အမေရိန်ပြည်ထောင်စုရှိ ဂျူးစင်တာများ (JCC) ကို ဗုံးဖြင့် ခြိမ်းခြောက်မှုများစွာ ပြုလုပ်မှုအတွက် အဓိကသံသယရှိသူအဖြစ် ဂျူး ဆယ်ကျော်သက် လူငယ်တစ်ယောက်ကို အစ္စရေးရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု သိရသည်။

    ဇန်န၀ါရီ ၉ ရက်နေ့ကတည်းက အမေရိကန်တစ်ဝှမ်းရှိ ပြည်နယ် ၃၇ ခုနှင့် ကနေဒါရှိ ပြည်နယ် ၂ ခုတွင် ဂျူး စာသင်ကျောင်းများ၊ ဂျူးစင်တာများကို ဗုံးဖြင့် ခြိမ်းခြောက်မှုပေါင်း ၁၅၀ ကျော် ပြုလုပ်ခဲ့သည်ဟု အမေရိကန်အခြေစိုက် ဂျူးအဖွဲ့ Anti-Defamation League က ပြောကြားခဲ့သည်။

    ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မစ်ကေး ရိုဆန်ဖဲလ်က ဖမ်းဆီးထားသူမှာ အစ္စရေးတောင်းပိုင်းမှ ဟက်ကာတစ်ဦး ဖြစ်ပြီး ဇန်န၀ါရီလကတည်းက အမေရိကန်ရှိ အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများ၊ ပုဂ္ဂလိက ကုမ္ပဏီများတွင် ဗုံးများချထားမည်ဟု ခြိမ်းခြောက်သည့် ဖုန်းခေါ်ဆိုမှု ဒါဇင်နှင့်ချီ၍ ပြုလုပ်ခဲ့သည်ဟု ပြောကြားခဲ့
    သည်။

    ထိုကိစ္စအတွက် စုံစမ်းစစ်ဆေးမှုတွင် ပါဝင်ခဲ့သည့် FBI က ဖမ်းဆီးမှုကို အတည်ပြုခဲ့သော်လည်း အခြား မည်သည့်မှတ်ချက်မှ မပေးခဲ့ပေ။

    အစ္စရေးရဲတပ်ဖွဲ့က ၎င်း၏ နေအိမ်သို့ ကြာသာပတေးနေ့မနက် ၀င်ရောက်စီးနင်းမှုတွင် အန်တာနာများ၊ ဂြိုဟ်တုပစ္စည်းများ တွေ့ရှိခဲ့ကြောင်း၊ နောက်ကြောင်းလိုက်၍မရအောင် သာမန်ဖုန်းလိုင်းကို မသုံးခဲ့ဘဲ ကွန်ပျူတာများစွာကို အသုံးပြုခဲ့ကြောင်း ရိုဆန်ဖဲလ်က ထည့်သွင်းပြောဆိုခဲ့သည်။

    အစ္စရေးမီဒီယာများကမူ အဆိုပါ ဖမ်းဆီးခံရသူမှာ အသက် ၁၉ နှစ်အရွယ် အမေရိကန်-အစ္စရေး နှစ်နိုင်ငံသား ခံယူထားသူ ဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    ၎င်းမှာ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလကလည်း ၎င်းမှာ Delta Airlines ကို ဖုန်းခေါ်ခဲ့ပြီး နယူးယောက်ရှိ JFK လေဆိပ်မှ လေယာဉ်တစ်စီးပေါ်တွင် ဖောက်ခွဲရေးပစ္စည်းများ ရှိနေသည်ဟု ခြောက်လှန့်ခဲ့သည်။

    ဂျူးစင်တာများကို ၎င်းက ထိုကဲ့သို့ခြိမ်းခြောက်ခဲ့ခြင်းကြာင့် အဆိုပါ စင်တာများတွင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရသည်။ ထိုကဲ့သို့ ခြိမ်းခြောက်မှုများအပြင် ဂျူးသုဿန်များ ဖျက်ဆီးခြင်းခံရသောကြောင့် အမေရိကန်ဂျူးအသိုင်းအ၀ိုင်းတွင်လည်း စိုးရိမ်မှုများ မြင့်တက်ခဲ့ရသည်။

    Ref: Aljazeera

  • အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မူဆိုးလ်တွင် အရပ်သား ၂၃၀ သေဆုံး

    အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မူဆိုးလ်တွင် အရပ်သား ၂၃၀ သေဆုံး

    မတ် ၂၄၊ ၂၀၁၇
    M-Media

    – အီရတ်နိုင်ငံ မူဆိုးလ်မြို့တွင် IS သိမ်းပိုက်ထားရာ ရပ်ကွက်တစ်ခုတွက် အမေရိကန်ဦးဆောင်သည့် မဟာမိတ်အဖွဲ့က ပြုလုပ်သည်ဟု ယူဆရသည့် လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၂၃၀ နီးပါး သေဆုံးခဲ့သည်ဟု သိရသည်။

    ကြာသာပတေးနေ့က မူးဆိုးလ်မြို့အနောက်ပိုင်း အလ်-ဂျာဒီဒါရှိ အဆောက်အဦးတစ်ခုတည်းမှာပင် အရပ်သားအများစုပါဝင်သည့် လူပေါင်း ၁၃၇ ဦး သေဆုံးခဲ့ပြီး၊ အခြား ၁၀၀ ဦးမှာ အနားရှိ အဆောက်အဦး ထပ်မံဗုံးကြဲခံရပြီးနောက် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု နိုင်ငံမြောက်ပိုင်းတွင် အခြေစိုက်သည့် ကာ့ဒ်သတင်းဌာန Rudaw က ဖော်ပြခဲ့သည်။

    “သေဆုံးသွားတဲ့သူအချို့ဟာ အိမ်တွေထဲမှာ ခိုလှုံနေကြတဲ့သူတွေပါ” ဟု သတင်းထောက် ဟာဗီဒါ အဟ်မဒ်က အခင်းဖြစ်ပွားရာနေရာမှ ပြောကြားခဲ့သည်။

    အီရတ်တွင် အမေရိကန်၏ စစ်ရေးကိစ္စများကို ပူးပေါင်းဆောင်ရွက်နေသော အမေရိကန် ဗဟိုစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ထိုကဲ့သို့ အရပ်သားများ သေဆုံးသည်ဆိုသည့်သတင်းကို မိမိတို့ ကြားသိရပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ပြောကြားခဲ့သည်။

    ဗဟိုစစ်ဌာနချုပ်က တစ်နေ့တာအတွက် သုံးသပ်ချက်တွင် ကြာသာပတေးနေ့တွင် မူဆိုးလ်မြိုကအနီး လေကြောင်းတိုက်ခိုက်မှု ၅ ခု ပြုလုပ်ခဲ့ပြီး IS အဆောက်အဦး ၅ ခု၊ စနိုက်ပါအဖွဲ့ ၁ ခု၊ တိုက်ခိုက်ရေးနေရာ ၁၁ ခု၊ ယာဉ်များ၊ အဝေးပစ်လက်နက်များကို ဖျက်ဆီးချေမှုန်းနိုင်ခဲ့သည်ဟု ဖော်ပြထားသည်။

    Ref: Independent

  • မလေးရှားမှ စွယ်စုံရ ဂန္တ၀င် အနုပညာရှင်တစ်ဦးကို Google ဂုဏ်ပြု

    မလေးရှားမှ စွယ်စုံရ ဂန္တ၀င် အနုပညာရှင်တစ်ဦးကို Google ဂုဏ်ပြု

    မတ် ၂၃၊ ၂၀၁၇
    M-Media

    မလေးရှား၏ စွယ်စုံရ ဂန္တ၀င် အနုပညာရှင် ပီ ရမ်လီ

    – ကမ္ဘာတစ်ဝှမ်း နယ်ပယ်အသီးသီးမှာ အောင်မြင်ကျော်ကြားတဲ့သူတွေကို သူတို့ရဲ့ ပင်မစာမျက်နှာ လိုဂိုမှာ ထည့်သွင်းဂုဏ်ပြုလေ့ရှိတဲ့ Google ဟာ မတ်လ ၂၂ ရက်နေ့မှာတော့ မလေးရှားက နာမည်ကျော် အနုပညာရှင် ပီ ရမ်လီကို ဂုဏ်ပြုခဲ့ပါတယ်။

    ၁၉၂၉ ခုနှစ် ပီနန်မှာ မွေးဖွားခဲ့တဲ့ ပီ ရမ်လီဟာ မင်းသား၊ ဒါရိုက်တာ၊ ထုတ်လုပ်သူ၊ ဂီတပညာရှင်၊ သီချင်းရေးဆရာ စသဖြင့် နယ်ပယ်စုံမှာ ကျွမ်းကျင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အရှေ့တောင်အာရှမှာသာမက ဟောင်ကောင်နဲ့ ဂျပန်တို့အထိတောင် ကျော်ကြားခဲ့သူပါ။

    အရွယ်ကောင်း အသက် ၄၄ နှစ်မှာ နှလုံးရောဂါကြောင့် သေဆုံးခဲ့ရပြီး မလေးရှားတစ်နိုင်ငံလုံးက ဒီသတင်းကြောင့် တုန်လှုပ်ကာ ကြေကွဲဝမ်းနည်းခဲ့ရပါတယ်။

    “သူ့ရဲ့ အနုပညာအောင်မြင်မှုတွေဟာ မလေးရှားရဲ့ အနုပညာသမိုင်းမှာ အမြဲတမ်း မပျောက်မပျက် တည်ရှိနေမှာ ဖြစ်ပါတယ်” လို့ Google ရဲ့ ၀ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

    Google ၏ ဂုဏ်ပြုမှု

    မတ်လ ၂၂ ရက်နေ့ဟာ ရမ်လီရဲ့ ၈၈ နှစ်မြောက် မွေးနေ့ဖြစ်ပြီး Google က သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့ မလေးရှားက Google ရဲ့ ပင်မစာမျက်နှာလိုဂိုမှာ ရမ်လီပုံ ကာတွန်းရုပ်ကို ထည့်သွင်းပေးခဲ့ပါတယ်။

    ရမ်လီဟာ ဇာတ်ကားပေါင်း ၆၀ ကျော်လောက် ရိုက်ကူးခဲ့ပြီး သီးချင်းအပုဒ်ရေ ၂၅၀ လောက်ကို ရေးစပ်ခဲ့သူပါ။ သူ့ရဲ့အကျော်ကြားဆုံး ရုပ်ရှင်ကတော့ မလေးလူမျိုးတွေရဲ့ တောဓလေ့ကို အခြေခံရိုက်ကူးထားတဲ့ Nujum Pak Belalang ဖြစ်ပါတယ်။

    Google ကတော့ ဒီလိုဂုဏ်ပြုတာဟာ “မလေးရှား ဂန္တ၀င်အနုပညာရှင်တစ်ဦး အနုပညာမှာ စွယ်စုံပေါက်မြောက်မှုကို မီးမောင်းထိုးပြဖို့နဲ့ ပြည်သူတွေ မမေ့နိုင်တဲ့သူတစ်ဦး ဖြစ်တယ်ဆိုတာ ပြသဖို့” ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: BBC

  • အစ္စလာမ်ကိုနားလည်ကာ ကာကွယ်ပေးနေသူ ခရစ်ယာန်တစ်ယောက်၏ ပေးဆပ်ရမှုများ

    အစ္စလာမ်ကိုနားလည်ကာ ကာကွယ်ပေးနေသူ ခရစ်ယာန်တစ်ယောက်၏ ပေးဆပ်ရမှုများ

    မတ် ၂၃၊ ၂၀၁၇
    M-Media

    အစ္စလာမ့်ရေးရာပညာရှင် ခရေ့ဂ်ျကွန်စီဒိုင်း

    – ကျွန်တော်ဟာ အစ္စလာမ်သာသနာနဲ့ ခရစ်ယာန်-မွတ်စလင် ဆက်ဆံရေးကို အလေးထားပြီး ဆောင်ရွက်မယ့် ပညာရှင်တစ်ယောက် ဖြစ်လာလိမ့်မယ်ဆိုတာကို ဘယ်တုန်းကမှ ယောင်လိုတောင် စိတ်မကူခဲ့ပါဘူး။ ကျွန်တော်ကြီးပြင်းလာတဲ့တစ်လျှောက် ၀ါသနာပါတာက ဘက်စကတ်ဘောကစားတာဖြစ်ပြီး Boston Celtics အသင်း ပရိတ်သတ်ပါ။ မွတ်စလင်သူငယ်ချင်းတစ်ယောက်တောင်မှ ကျွန်တော့်မှာ မရှိပါဘူး။ တကယ်တော့ ကောလိပ်ရောက်တဲ့အထိ အစ္စလာမ်သာသနာကို လိုက်နာသူ တစ်ယောက်ကိုမှ မတွေ့ခဲ့ဖူးပါဘူး။ ကျွန်တော် အသက် ၁၆ နှစ်လောက်မှာ ‘မွတ်စလင်ဆိုတာ ဘာလဲ’ လို့မေးရင် ကျွန်တော် ဖြေတတ်မှာ မဟုတ်ပါဘူး။

    ၉/၁၁ နောက်ပိုင်းကာလ

    မွတ်စလင်တွေဟာ အကြမ်းဖက်သမားတွေလို့ အထင်ခံရပြီး အစ္စလာမ်သာသနာကတော့ ‘လွတ်လပ်တဲ့ မေတ္တာတရား’ နဲ့ ဖျက်ဆီးပစ်ရမယ့် ‘ဆိုးဝါးတဲ့’ အယူဝါဒလို့ အထင်ခံခဲ့ရပါတယ်။ ကောလိပ်မှာ ပညာရပ်ဆိုင်ရာဘာသာရပ်တစ်ခုကို ရွေးချယ်တဲ့အချိန် ရောက်လာတဲ့အခါမှာ ကျွန်တော်ဟာ အစ္စလာမ့်ရေးရာ ဘာသာရပ်ကို ရွေးချယ်ခဲ့ပါတယ်။ တကယ်တော့ ဒီလိုရွေးချယ်မှုဟာ ကြီးကျယ်တဲ့ ဘာသာတရား၊ တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ လူ့အဖွဲ့အစည်းကြီးကို လေ့လာချင်တာကြောင့် မဟုတ်ဘဲ CIA အတွက် ‘လူဆိုးတွေ’ကို ဖမ်းတဲ့နေရာမှာ သူလျှိုတစ်ယောက်အဖြစ် လုပ်ပေးချင်တာကြောင့် ဖြစ်ပါတယ်။

    American တက္ကသိုလ်မှာ ပထမဆုံး စာရင်းပေးတက်ရတဲ့ အတန်းတွေထဲကတစ်ခုဟာ ‘အစ္စလာမ်ကမ္ဘာ’ ဆိုတဲ့အတန်း ဖြစ်ပါတယ်။ ကျွန်တော်က ဒီအတန်းဟာ ၉/၁၁ လို တိုက်ခိုက်မှု ဘာ့ကြောင့်ဖြစ်လဲဆိုတာကို သိဖို့ နည်းလမ်းတစ်ခုလို့ မှတ်ယူခဲ့ပါတယ်။ ပစ္စည်းဥစ္စာတွေကို လှူဒါန်းရတာ၊ တစ်နေ့ကို ၅ ကြိမ် ၀တ်ပြုဆုတောင်းရတာတွေလို အစ္စလာမ်ရဲ့ အခြေခံအချက်တွေအကြောင်းကို ပထမဆုံးနေ့မှာ ကျွန်တော် သင်ယူခဲ့ရပါတယ်။ ပြီးတော့ ‘ဟဒီးစ်’ လို့ခေါ်တဲ့ တမန်တော် မုဟမ္မဒ်ရဲ့ သြ၀ါဒတော် တစ်ခုအကြောင်းလည်း ကျွန်တော် သင်ရပါတယ်။

    “ပညာရှင်တစ်ယောက်ရဲ့ ကလောင်တံက ကျတဲ့ မင်တစ်စက်ဟာ အာဇာနည်တစ်ယောက်ထံက ကျတဲ့ သွေးထက် ပိုမြင့်မြတ်တယ်” ဆိုတဲ့ ဟဒီးစ်ပါ။

    ပြီးတော့ အတန်းထဲက မွတ်စလင်ကျောင်းသားတစ်ယောက်ဟာ မတ်တပ်ရပ်ပြီး “အပြစ်မဲ့သူတစ်ယောက်ကို သတ်ဖြတ်ခြင်းသည် လူသားအားလုံးကို သတ်ဖြတ်ခြင်းမည်၏” ဆိုတဲ့ ကုရ်အာန်ကျမ်းချက်တစ်ခု ဖတ်ပြတာကိုလည်း ကျွန်တော် မှတ်မိပါတယ်။ အတန်းရဲ့ ပထမဆုံးနေ့မှာ ကျွန်တော် ကြားခဲ့ရတာက နေ့စဉ် မီဒီယာတွေမှာအစ္စလာမ်နဲ့ မွတ်စလင်တွေအကြောင်း ကြားရတာမျိုး မဟုတ်ခဲ့ပါဘူး။

    ၂၀၀၄ ခုနှစ်ကတည်းက ကျွန်တော်ဟာ အစ္စလာမ်သာသနာ၊ မွတ်စလင်ကမ္ဘာအပေါ် အမေရိကန်ရဲ့ ပေါ်လစီ၊ ကမ္ဘာတစ်ဝှမ်းက ခရစ်ယာန်နဲ့ မွတ်စလင်တွေအကြား အလှမ်းဝေးကွာမှုကို တံတားထိုးပေးခြင်း စတာတွေအပေါ် သုတေသနပြုရင်း အချိန်အများစုကို ကုန်ဆုံးခဲ့ပါတယ်။ ကျွန်တော့် ဒီလေ့လာမှုကို စဉ်းစားထားတာထက်တောင် ပိုပြီး လုပ်ဆောင်ခဲ့ပါတယ်။ အရမ်းလေးစားရတဲ့ မွတ်စလင်မိတ်ဆွေတွေ ရရှိတယ်။ ကမ္ဘာတစ်လွှား ခရီးသွားနိုင်ခဲ့ပြီး မတူညီတဲ့ နောက်ခံတွေကနေ ဖြစ်တည်လာကြတဲ့ မွတ်စလင်အသိုင်းအ၀ိုင်းတွေနဲ့ အချိန်တွေ ကုန်ဆုံးခဲ့ပါတယ်။

    သူတို့တွေရဲ့ ကျောင်းတွေ၊ အိမ်တွေ၊ ဗလီတွေက ကျွန်တော့်ကို ကြိုဆိုကြတယ်။ နှစ်တွေတော်တော်ကြာ မွတ်စလင်တွေက ကျွန်တော့်အပေါ် ထားရှိခဲ့တဲ့ ဖော်ရွှေမှု၊ နွေးထွေးမှုနဲ့ ချစ်ခြင်းမေတ္တာတွေက အစ္စလာမ်သာသသနာဝင်တွေ တော်တော်လေး အလေးထားတဲ့ တမန်တော် မုဟမ္မဒ်ကို အားကျမှု ဖြစ်စေခဲ့ပါတယ်။ ဒီအခြေအနေတွေ၊ အတွေ့အကြုံတွေက ကျွန်တော့်ကို ပိုကောင်းတဲ့ လူတစ်ယောက်အဖြစ် ပြုလုပ်ပေးလိုက်တယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။

    မွတ်စလင်တွေက ကျွန်တော့်ကို ဘုရားသခင်နဲ့ နီးကပ်စေခဲ့ပါတယ်။ အဲဒီအတွက် ကျွန်တော် အမြဲတမ်း ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အစ္စလာမ်သာသနာကို သုတေသနပြုတာ၊ မွတ်စလင်တွေနဲ့ မိတ်ဆွေဖြစ်လာတာတွေအတွက် ကျွန်တော့်ရဲ့ ဆွေးမျိုးအသိုင်းအ၀ိုင်းနဲ့ လူမှုဆက်ဆံရေးမှာ တော်တော်လေး ပေးဆပ်ခဲ့ရပါတယ်။

    အစ္စလာမ်သာသနာနဲ့ တမန်တော်မုဟမ္မဒ်တို့ရဲ့ အပြုသဘောဆောင်မှုတွေကို မီးမောင်းထိုးပြတာကြောင့် ကျွန်တော်ဟာ မိတ်ဆွေတော်တော်များများကို ဆုံးရှုံးခဲ့ရတယ်။ ကျွန်တော့်ရဲ့ နိုင်ငံအရေးအမြင်ကို လက်မခံနိုင်တဲ့ ညီအစ်ကိုလိုခင်တဲ့သူငယ်ချင်းတွေက Facebook မှာ ကျွန်တော်ကို စွန့်ခွာသွားတယ်။ မွတ်စလင်နဲ့ မွတ်စလင်မဟုတ်သူတွေအကြား ဆက်ဆံရေးတိုးတက်အောင် ဆောင်ရွက်မှုနဲ့ပတ်သက်ပြီး ကျွန်တော့ရဲ့ အစွန်းရောက်တဲ့အမြင်တွေကြောင့် ကျွန်တော်ဟာ ‘FBI စောင့်ကြည့်စာရင်း’ မှာ ပါဝင်နေပြီလို့ သူတို့ထဲကတစ်ချို့က ပြောကြတယ်။

    ဘာသာတရား ဒါမှမဟုတ် နိုင်ငံရေးတွေကို သိပ်ပြီး အရေးတယူမလုပ်ကြတဲ့ အခြားသူငယ်ချင်းတွေကလည်း ကျွန်တော်လုပ်နေတဲ့ အလုပ်တွေအကြောင်းကို နားမလည်ကြဘူး။ လွန်ခဲ့တဲ့ နှစ်အနယ်းငယ်က သူငယ်ချင်းတစ်ယောက်က “အစ္စလာမ်နဲ့ မွတ်စလင်တွေကြားထဲမှာ ခြားနားချက်က ဘာလဲကွ” ဆိုပြီး မေးလာတယ်။ ကျွန်တော့် သူငယ်ချင်းအများစုက ဒီအကြောင်းအရာနှစ်ခုအကြောင်းကို ဘာမှ မသိကြပါဘူး။ ဒါ့ကြောင့် ကျွန်တော် စိတ်ဝင်တစားလေ့လာရတဲ့အကြောင်းကို သူတို့ကို ပြောပြဖို့ ခက်ပါတယ်။ မွတ်စလင်မဟုတ်သူတစ်ယောက်က အစ္စလာမ်ကို လေ့လာမှုရဲ့ အကျိုးကျေးဇူးတွေကို သူတို့က ရှင်းရှင်းလင်းလင်း နားမလည်နိုင်ပါဘူး။

    မိသားစုတွေထဲက တစ်ချို့လည်း ‘နိုင်ငံခြားဘာသာ’ လို့ သူတို့ထင်ထားတဲ့ ဘာသာတရားတစ်ခုကို ကျွန်တော်က စိတ်ဝင်တစား လေ့လာနေတာကြောင့် ကျွန်တော့် ‘လူထူးလူဆန်း’ လို့ မှတ်ယူကြတယ်။ ကျွန်တော့်ကိစ္စတွေနဲ့ ပတ်သက်ပြီး ဂရုစိုက်ရမယ့် မိသားစုဝင်တွေက ဒီလိုဖြစ်နေတာကြောင့် ဒါဟာ ကျွန်တော့်အတွက် အခက်အခဲဖြစ်ပါတယ်။ အစ္စလာမ်နဲ့ပတ်သက်ပြီး မီဒီယာတွေမှာ ဖော်ပြမှုနဲ့ ဦးနှောက်ကျင်းခံလိုက်ရတဲ့ မိသားစုဝင်တစ်ယောက်က “ခရစ်ယာန်တွေကို သတ်တာဟာ သူတို့လုပ်ရမယ့်အလုပ်ဖြစ်တာကြောင့် မွတ်စလင်တွေက ငါတို့ကိုသတ်တော့မှာ။ ကိုရန်မှာ အဲလိုပါတယ်” လို့ ကျွန်တော့်ကို ပြောပါတယ်။

    ခရစ္စမတ်တစ်ခုမှာ မိသားစုဝင်တစ်ဦးက ကျွန်တော် စိတ်ဝင်စားလောက်မယ်လို့ထင်တဲ့ စာအုပ်တစ်အုပ်ကို ကျွန်တော့်အတွက် ၀ယ်ပေးခဲ့ပါတယ်။ စာအုပ်ကို တွေ့တဲ့အခါမှာ မွတ်စလင်ဆန့်ကျင်ရေးသမား ရောဘတ် စပန်ဆာရေးတဲ့ “Islam For Dummies” စာအုပ်ဖြစ်နေတယ်။ နောက်တစ်နေရာမှာလည်း ကျွန်တော့်အမျိုးသမီး မိသားစုနဲ့ နီးစပ်သူတစ်ယောက် ကျွန်တော့် စာကြည့်တိုက်ကို ၀င်သွားပြီး “The Mystics of Islam” ဆိုတဲ့စာအုပ်တစ်အုပ်ကို ယူလိုက်တယ်။ ပြီးတော့ ကျွန်တော့်ကိုကြည့်ပြီး “ဒီစာအုပ်ဖတ်ဖို့ ငါ့ကို သတိပေးပါ” လို့ ငေါ့ပြီးပြောတယ်။ ဒီစာအုပ်က အသုံးမကျတဲ့စာအုပ်ဆိုတဲ့ လေသံမျိုးနဲ့ ပြောတာပါ။

    ရိုးရိုးသားသားပြောရရင် အခြားသူတွေက မသက်ဆိုင်ဘူးလို့ သတ်မှတ်ထားတဲ့ အရာကို လေ့လာနေတဲ့သူအဖြစ် ရှုမြင်ခံရတာဟာ နာကျင်စရာကောင်းပါတယ်။ မနှစ်မြို့ဘူးဆိုတဲ့ ခံစားမှုမျိုးဟာ ကောင်းတဲ့ ခံစားချက်မျိုတော့ မဟုတ်ပါဘူး။

    အစ္စလာမ်သာသနာနဲ့ပတ်သက်ပြီး လေ့လာမှုအတွက် ကျွန်တော့်ကို အထင်အမြင်သေးတာဟာ မွတ်စလင်မဟုတ်သူတွေပဲ မဟုတ်ပါဘူး။ ကျွန်တော်ဟာ ဘာသာပေါင်းစုံလှုပ်ရှားမှုနဲ့ ခရစ်ယာန်-မွတ်စလင် ဆက်ဆံရေး တိုးတက်မှု နည်းလမ်းတွေကို ပုံမှန် Twitter မှာ တင်ပါတယ်။ ကျွန်တော်လုပ်နေတဲ့အလုပ်အတွက် ကျွန်တော့်ကို ထောက်ခံအားပေးတဲ့ မှတ်ချက်တွေကို မွတ်စလင်တွေက ရေးကြပါတယ်။ ကျွန်တော်က ‘ငြိမ်းချမ်းမှု သက်ရောက်ပါစေ’ဆိုတာမျိုး ‘အာမီန်း’ ဆိုတာမျိုး ပြန်ပြီးတုန့်ပြန်ရင် ကျွန်တော့်ကို ‘ခင်ဗျား မွတ်စလင်လား’ လို့ မေးကြတယ်။ ကျွန်တော်က ‘မဟုတ်ဘူး။ ကျွန်တော်က ကက်သလစ်ခရစ်ယာန်ပါ’ လို့ ပြန်ဖြေတဲ့အခါ၊ စက္ကန့်အနည်းငယ်ကြာရင် ကျွန်တော် Twitter က Follower တွေက နည်းသွားပါတယ်။ ကျွန်တော်ဟာ မွတ်စလင်မဟုတ်ဘူးဆိုတဲ့ သာမန်အကြောင်းလေးတစ်ခုကြောင့် ဒီလူတွေက ကျွန်တော့်ကို unfollow လုပ်သွားတာပါ။

    တစ်ချို့မွတ်စလင်တွေကြတော့ ကျွန်တော့်ကို အစ္စလာမ်လက်ခံဖို့ Twitter ကနေ ဆောင်ရွက်ကြတယ်။ ဘာသာတရားတစ်ခုကို မလိုက်နာဘဲနဲ့ ဒီဘာသာတရားကို အပြည့်အ၀ နားလည်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ သူတို့က ကျွန်တော့်ကို ပြောကြတယ်။ ပြီးတော့ သိပ်ပြီး နောက်မကျခင်၊ သက်တမ်းမကုန်ခင် အစ္စလာမ်ဘက်ပြန်လှည့်ဖို့သူတို့က အကြံပြုတယ်။ ကက်သလစ်တစ်ယောက်ဖြစ်နေရင် ငရဲသွားရမယ်ဆိုပြီးတော့ပေါ့လေ။ မွတ်စလင်တွေနဲ့ မွတ်စလင်မဟုတ်သူတွေအကြားက လစ်ဟာမှုကို တံတားထိုးပေးတဲ့ ကျွန်တော်ရဲ့ ကြိုးပမ်းမှုကို တကယ့်ကို လေးစားအားကျတဲ့ မွတ်စလင် Follower တွေလည်း အများကြီးပါ။ ဒါပေမယ့် မွတ်စလင်မဟုတ်တဲ့ ပညာရှင်တစ်ယောက်ဖြစ်တယ်လို့ ဝေဖန်ပြောဆိုခြင်းက တစ်ချို့မွတ်စလင်တွေဟာ ကျွန်တော့်ရဲ့ လုပ်ရပ်အပေါ် နားလည်မှုမပေးနိုင်ကြသေးဘူးဆိုတဲ့ အတွေးမျိုး ကျွန်တော့်ကို ဖြစ်စေပါတယ်။

    အစ္စလာမ်သာသနာကို လေ့လာမှုမှာ တော်တော်လေး ပေးဆပ်ရပါတယ်။ မိတ်ဆွေဟောင်းတွေက ကျွန်တော့်ကို သစ္စာဖောက်လို့မြင်တယ်။ မိသားစုက လူထူးလူဆန်းလို့မြင်တယ်။ မွတ်စလင်တွေကျတော့ ဘယ်တော့မှ ကောင်းအောင်မလုပ်နိုင်မယ့် လူတစ်ယောက်အဖြစ် မြင်ကြပါတယ်။ ဒီလိုအခြေအနေတွေက သစ္စာရှိမှု၊ ချစ်ခြင်းမေတ္တာနဲ့ အသိပညာတွေလို ကိစ္စတွေအကြောင်း နက်နက်နဲနဲ တွေးတောမိစေပါတယ်။ ကျေးဇူးတင်စရာကောင်းတာ တစ်ခုက ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ကိုနားလည်းပြီး၊ ကမ္ဘာကြီးရဲ့ လျှို့ဝှက်နက်နဲမှုတွေကိုအကြောင်း အသိပညာတွေတွေကို နားလည်အောင်လုပ်ဖို့၊ စုဆောင်းဖို ကြိုးပမ်းရာမှာ ဘယ်သူနဲ့မဆို မိတ်ဆွေဆက်ဆံရေးတည်ဆောက်မယ်ဆိုတဲ့ သတ္တိကို နှစ်သက်ကြတဲ့ ကမ္ဘာတစ်ဝှမ်းက ကျွန်တော်နဲ့ စိတ်ချင်းသူတွေ ရှိနေတာပါ။

    ဒီခရီးကို ကျွန်တော် လုံးဝ ဆက်လျှောက်နေမှာဖြစ်ပါတယ်။ အခုအချိန်မှာ ရပ်တန့်လိုက်မယ်ဆိုရင် အမြင်ကျဉ်းတဲ့၊ အယူသီးတဲ့၊ ဘာသာရေးဂုဏ်မောက်နေကြတဲ့သူတွေကို အရှုံးပေးလိုက်သလို ဖြစ်မှာပါ။ ကျွန်တော်တို့ကမ္ဘာမှာ ဆိုးရွားသူတွေ ရှိတယ်။ ဒီကမ္ဘာကြီးကတော့ ကျွန်တော် မထွက်ခွာသွားမချင်း အဲဒီလူတွေအပေါ် စိန်ခေါ်မှုအပေါ် ကျွန်တော် ရပ်တန့်သွားမှာ မဟုတ်ပါဘူး။

    Ref: Patheos.com

    (အစ္စလာမ့်ရေးရာပညာရှင် ခရေ့ဂ်ျကွန်စီဒိုင်း ရေးသားပြီး Patheos.com တွင် လွှင့်တင်ထားသည့် The Price This Christian Pays For Respecting Islam | Craig Considine ဆောင်းပါးကို လေးမောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်)