News @ M-Media

ဥရောပသမဂ္ဂအဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းမှုကို တူရကီ ပြန်သုံးသပ်မည်

မတ် ၂၆၊ ၂၀၁၇
M-Media

– ဥရောပသမဂ္ဂအဖွဲ့သို့ ၀င်ရောက်ရေး ဆွေးနွေးညှိနှိုင်းမှုများကို ဆက်လက် လုပ်ဆောင်မည်လား ဆိုသည်နှင့်ပတ်သက်၍ ပြည်သူ့ဆန္ဒ ခံယူသွားမည်ဟူ တူရကီသမ္မတ အာဒိုဂန်က ပြောကြားလိုက်သည်။

တူရကီမှာ ၁၉၈၇ ခုနှစ်ကတည်းက ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ရန် လျှောက်ထားခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် ဆွေးနွေးမှုများ စတင်ပြုလုပ်ခဲ့သည်။ သို့သော်လည်း ဆိုက်ပရက်စ်နိုင်ငံက ကန့်ကွက်မှု၊ လူ့အခွင့်အရေးနှင့် အခြားသော ကိစ္စများကြောင့် ဆွေးနွေးမှုမှာ အလွန်နှောင့်နှေးခဲ့သည်။

အန်တာလ်ယာပြည်နယ်တွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် တာ့က်-အန်ဂလို ညီလာခံတွင် အာဒိုဂန်က တူရကီအနေဖြင့် နောက်လတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေး ပြည်သူ့ဆန္ဒ ခံယူပွဲပြီးနောက် ဥရောပသမဂ္ဂနှင့် ဆက်ဆံရေးကို ပြန်လည်သုံးသပ်ရန် ဆောင်ရွက်သွားဖွယ်ရှိနေသည်ဟု ပြောကြားခဲ့သည်။

“ခင်ဗျားတို့ (ဗြိတိန်) ဟာ Brexit အတွက် ဆုံးဖြတ်ချက်တစ်ခု ချခဲ့တယ်။ ဧပြီ ၁၆ ရက်နေ့နောက်ပိုင်း နောက်ထပ် ကိစ္စတွေ ရှိအုံးမှာပါ။ ဧပြီ ၁၆ ရက်နေ့မှာ ကျွန်တော်တို့ လူထုဆန္ဒခံယူမယ်။ အဲဒီနောက် အီးယူနဲ့ ဆွေးနွေးမှုအတွက် Brexit လို ပြည်သူ့ဆန္ဒခံယူပွဲလိုမျိုး လုပ်သွားနိုင်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်က ဘယ်လိုပဲ ဆုံးဖြတ်ဆုံးဖြတ် ဒါကို ကျွန်တော်တို့ လိုက်နာမှာပါ”

ဖွဲ့စည်းပုံ အဓိကပြင်ဆင်မှုများမှာ ဒုတိယသမ္မတများ ထားရှိရန်နှင့် ၀န်ကြီးချုပ်ရုံးအား ပယ်ဖျက်ခြင်းတို့ ဖြစ်သည်။

အစိုးရကမူ ပါလီမန်မဟာမိတ်အဖွဲ့များ ယခင်ကကဲ့သို့ အဆင်မပြေဖြစ်မှုကို တားဆီးရန်နှင့် တိုင်းပြည် ၀ရုန်းသုန်းကားဖြစ်နေသည့်အချိန်တွင် တည်ငြိမ်မှုပေးရန်ဖြစ်သည်ဟု ပြောကြားထားသည်။

သို့သော်လည်း ဝေဖန်သူများက ထိုပြောင်းလဲမှုများမှာ အမှန်တကယ်တွင် ပါလီမန်ကို အားနည်းသွားစေရန်နှင့် အပြန်အလှန်ထိန်းကျောင်းမှုမရှိသည့် နိုင်ငံရေးစနစ်တစ်ခုကို ဖော်ဆောင်ကာ နောက်ဆုံးတွင် တူရကီသည် လူတစ်ဦးတစ်ယောက်၏ အုပ်ချုပ်မှုအောက်သို့ ရောက်ရှိသွားမည်ဟု ထောက်ပြထားသည်။

Ref: Aljazeera