News @ M-Media

Author: Ko Lay

  • ဒူဘိုင်းရဲတပ်ဖွဲ့က မေလတွင် စက်ရုပ်ရဲများကို ပထမဆုံး အသုံးပြုမည်

    ဒူဘိုင်းရဲတပ်ဖွဲ့က မေလတွင် စက်ရုပ်ရဲများကို ပထမဆုံး အသုံးပြုမည်

    မတ် ၂၁၊ ၂၀၁၇
    M-Media

    – အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံ ဒူဘိုင်းမြို့ ရဲတပ်ဖွဲ့တွင် ပထမဆုံး စက်ရုံရဲများကို လာမည့် မေလ၌ စတင်အသုံးပြုတော့မည်ဟု အာဏာပိုင်းများက ပြောကြားလိုက်သည်။

    ယူအေအီးမှာ ကမ္ဘာ့လုံခြုံရေးအကောင်းဆုံး ၅ နိုင်ငံတွင် ပါဝင်ရန် ဆောင်ရွက်နေပြီး ၂၀၃၀ ခုနှစ်တွင် စက်ရုပ်ရဲများ အသုံးပြုမှုကို နိုင်ငံ ရဲတပ်ဖွဲ့၏ ၂၅ ရာခိုင်နှုန်းအထိ ဖြစ်လာရန် ရည်မှန်းထားသည်။

    “ရဲတပ်ဖွဲ့လုပ်ငန်းတွေကို ကိုင်တွယ်ဖို့အတွက် အနာဂတ်မှာ စက်ရုပ်တွေပို ပိုပြီး အသုံးပြုသွားမှာပါ။ ၂၀၃၀ ရောက်တဲ့အခါကြရင် ရဲတပ်ဖွဲ့ အင်အားတစ်ခုလုံးရဲ့ ၂၅ ရာခိုင်နှုန်းဝန်းကျင်ကို စက်ရုပ်တွေ အသုံးပြုသွားဖို့ ရည်ရွယ်ထားပါတယ်” ဟု ဒူဘိုင်းရဲတပ်ဖွဲ့ အနာဂတ်စီမံကိန်းစင်တာ ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် အဘ်ဒူလာ
    ဘင် ဆူလ်တန်က ပြောကြားခဲ့သည်။

    စက်ရုပ်ရဲများ အသုံးပြုခြင်းအပါအ၀င် ၂၀၃၀ ခုနှစ်တွင် ဒူဘိုင်းရှိရဲဌာနများအားလုံး သုံးစွဲနေသော စွမ်းအင်၏ ၅၀ ရာခိုင်နှုန်းကို ကိုယ်တိုင်ထုတ်လုပ်ရန်လည်း ရည်မှန်းထားပြီး၊ လူသားမလိုသော ရဲစခန်းအပါအ၀င် ခေတ်မီဆန်းပြားသော ရဲလုပ်ငန်းအများအပြားကို ကျင့်သုံးသွားရန် ရှိနေသည်။

    ယခုအသုံးပြုမည့် စက်ရုပ်ရဲများကို ၂၀၁၅ ခုနှစ် အောက်တိုဘာလက ပြုလုပ်သော ပင်လယ်ကွေ့နိုင်ငံများ သတင်းအချက်အလက်နှင့် နည်းပညာပြပွဲ GITEX တွင် ပြသခဲ့သည်။ ဘာသာစကားအမျိုးမျိုးဖြင့် လုပ်ငန်းဆောင်ရွက်နိုင်သည့် အဆိုပါစက်ရုပ်တွင် မျက်နှာများကို စကန်ဖတ်မှတ်သားနိုင်ပြီး ပြည်သူလူထုကို ရာဇ၀တ်မှုနှင့်ပတ်သက်၍ သတင်းပေးပို့နိုင်သည်။ ထို့ပြင် ယာဉ်စည်းကမ်းချိုးဖောက်မှုအတွက် ဒဏ်ရိုက်သည့်လုပ်ငန်းကိုလည်း လုပ်ဆောင်နိုင်သည်။

    စက်ရုပ်၏ အသိဉာဏ်တုမှာ ၁၀ မီတာမှ မီတာ ၂၀ အကွာအဝေးရှိ လူများကို ခွဲခြားသိရှိနိုင်ပြီး ၎င်းတို့ထံသို့ သွားရောက်ကာ နှုတ်ဆက်နိုင်သည်။

    “ပထမဆုံး ၂၀၁၇ မှာ ဒီစက်ရုပ်တွေကို Burj Khalifa၊ GPR၊ City Walk စတဲ့ ကမ္ဘာလှည့်ခရီးသွားနေရာတွေနားမှာ ချထားဖို့ ရည်ရွယ်ထားပြီး ၂၀၂၀ ခုနှစ်ရောက်ရင်တော့ နောက်ထပ်နေရာတွေမှာ ချသွားမှာပါ” ဟု ဒူဘိုင်းရဲတပ်ဖွဲ့ နည်းပညာတီထွင်ကြံဆရေးဌာန အကြီးအကဲ ဗိုလ်မှူး အဒ်နန် အလီက ၂၀၁၆ ခုနှစ်တွင် ပြော
    ကားခဲ့သည်။

    Ref: RT

  • မွတ်စလင်နိုင်ငံအချို့မှ အမေရိကန်သို့ပျံသန်းသော လေယာဉ်များတွင် ပိတ်ပင်မှုတစ်ခု ထရမ့် လုပ်မည်

    မွတ်စလင်နိုင်ငံအချို့မှ အမေရိကန်သို့ပျံသန်းသော လေယာဉ်များတွင် ပိတ်ပင်မှုတစ်ခု ထရမ့် လုပ်မည်

    မတ် ၂၁၊ ၂၀၁၇
    M-Media

    – မွတ်စလင်အများစုရှိရာနိုင်ငံအချို့မှ အမေရိကန်သို့ ထွက်ခွာသော လေယာဉ်များကို စီးနင်းသည့် ခရီးသည်များအနေဖြင့် ဆဲလ်ဖုန်းထက် အရွယ်အစားကြီးမားသော အီလက်ထရောနစ်ပစ္စည်းများကို မိမိနှင့်အတူ လေယာဉ်ပေါ် ယူဆောင်သွားမှုကို အမေရိကန်အစိုးရက ပိတ်ပင်မည်ဟု သိရသည်။

    အဆိုပါအမိန့်နှင့်ပတ်သက်၍ GMT အင်္ဂါနေ့မနက် ၁၀ နာရီတွင် များပြည်သူသိအောင် ကြေငြာချက်ထုတ်ပြန်ရန်ရှိနေသည်။

    အမေရိကန်၏ ထိုကဲ့သို့ပိတ်ပင်မှုကို တော်ဝင်ဂျော်ဒန်လေကြောင်းလိုင်းမှ ယမန်နေ့တွင် ကြေငြာချက်ထုတ်ပြန်ခဲ့ပြီး ဆော်ဒီနိုင်ငံပိုင် သတင်းအေဂျင်စီကလည်း ဖော်ပြခဲ့သည်။

    အမည်မဖော်လိုသည့် အမေရိကန်တာဝန်ရှိသူတစ်ဦးကမူ အဆိုပါ ပိတ်ပင်မှုမှာ ရပ်နားမှုမရှိဘဲ အမေရိကန်လေဆိပ်များသို့ တိုက်ရိုက်ပျံသန်းသည့် နိုင်ငံတကာ လေဆိပ် ၁၀ ခုတွင် ကျင့်သုံးမည်ဖြစ်ပြီး အီဂျစ်မှ ကိုင်ရိုလေဆိပ်၊ ဂျော်ဒန်မှ အမ်နန်လေဆိပ်၊ ကူဝိတ်မှ ကူဝိတ်စီးတီးလေဆိပ်၊ မော်ရိုကိုမှ ကာဆာဘလန်ကာလေဆိပ်၊ ကာတာမှ ဒိုဟာလေဆိပ်၊ ဆော်ဒီမှ ရီယာ့ဒ်နှင့် ဂျစ်ဒါလေဆိပ်၊ တူရကီမှ အစ္စတန်ဘူလ်လေဆိပ်၊ ယူအေအီးမှ အဘူဒါဘီနှင့် ဒူဘိုင်းလေဆိပ်တို့ ဖြစ်ကြသည်ဟု ဆိုသည်။

    ထိုပိတ်ပင်မှုမှာ အကန့်အသတ်မရှိဟုလည်း ၎င်းက ပြောကြားခဲ့သည်။

    အခြား အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးကမူ အဆိုပါ ပိတ်ပင်မှုမှာ လေကြောင်းလိုင်း ၉ လိုင်းကို သက်ရောက်မည်ဖြစ်ပြီး သယ်ယူပို့ဆောင်ရေးဆိုင်ရာ လုံခြုံရေးစီမံခန့်ခွဲမှုအဖွဲ့က အင်္ဂါနေ့ GMT မနက် ၇ နာရီတွင် သက်ဆိုင်ရာ လေကြောင်းလိုင်းများသို့ အကြောင်းကြားမည်ဟု ဆိုသည်။

    ယခုပိတ်ပင်မှုမှာ သမ္မတဒေါ်နယ်ထရမ့်က မွတ်စလင်အများစုရှိရာ နိုင်ငံ ၆ နိုင်ငံအား ဗီဇာပိတ်ခြင်းနှင့် ဒုက္ခသည်များ ၀င်ရောက်ခွင့် ပိတ်ပင်သည့် ဒုတိယမြောက် အမိန့်ကို ဖက်ဒရာတရားသူကြီးတစ်ဦးက တားဆီးခဲ့ပြီး တစ်ပတ်အကြာတွင် ပေါ်ထွက်လာခြင်းလည်းဖြစ်သည်။

    ယခုပိတ်ပင်မှုတွင် ဆဲလ်ဖုန်းနှင့် ဆေးဘက်ဆိုင်ရာ ကိရိယာများမှလွဲ၍၊ လက်တော့ကွန်ပျူတာများ၊ တက်ဘလက်များ၊ အီလက်ထရောနစ် စာအုပ်ဖတ်ကိရိယာများ၊ DVD စက်များ၊ ဂိမ်းစက်များနှင့် ကင်မရာများကို မိမိနှင့်အတူ သယ်ဆောင်ခွင့်မရှိဘဲ ခရီးဆောင်အိတ်များတွင်သာ ထည့်သွင်း သယ်ဆောင်ရမည်ဖြစ်သည်။

    ဂျော်ဒန် တော်ဝင်လေကြောင်းလိုင်းကမူ ထိုကဲ့သို့ အီလက်ထရောနစ်ကိရိယာများ ပိတ်ပင်မှုမှာ နယူးယောက်၊ ချီကာဂို၊ ဒက်ထရွိုက်နှင့် မွန်ထရီယဲလ်သို့ ပျံသန်းသော လေယာဉ်များတွင် အကျုံးဝင်မည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazzeera

  • ခရစ်ယာန်များကို အကြမ်းဖက်များလက်မှ ကယ်တင်ခဲ့သည့် ကင်ညာမွတ်စလင်များအကြောင်း ရုပ်ရှင် မကြာမီထွက်မည်

    ခရစ်ယာန်များကို အကြမ်းဖက်များလက်မှ ကယ်တင်ခဲ့သည့် ကင်ညာမွတ်စလင်များအကြောင်း ရုပ်ရှင် မကြာမီထွက်မည်

    မတ် ၂၁၊ ၂၀၁၇
    M-Media

    – ကင်ညာနိုင်ငံမှာ အကြမ်းဖက်သမားတွေရဲ့ လက်ထဲကနေ ခရစ်ယာန်ညီနောင်တွေကို မွတ်စလင်တွေက ကယ်တင်ခဲ့တဲ့ အဖြစ်အပျက်တစ်ခုကို အခြေခံကာ ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကား မကြာခင် ထွက်လာတော့မယ်လို့ သိရပါတယ်။

    ဆွာဟီလီ ဘာသာစကားနဲ့ Watu Wote လို့အမည်ပေးထားပြီး “ငါတို့အားလုံး” လို့အဓိပ္ပါယ်ရတဲ့ ဒီဇာတ်ကားဟာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာက ကင်ညာနိုင်ငံ မန်ဒီရာမှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်စီးနင်းမှုတစ်ခုကို ဇာတ်အိမ်တည် ရိုက်ကူးထားတာ ဖြစ်ပါတယ်။

    ခရီးသွားနေတဲ့ ဘတ်စ်ကားတစ်ခုကို အလ်ရှာဘတ်စစ်သွေးကြွတွေက ၀င်ရောက်စီးနင်းကာ ကားပေါ်မှာ ပါလာတဲ့သူတွေထဲက မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေကို ခွဲထိုင်ဖို့ အမိန့်ပေးခဲ့ပြီး ခရစ်ယာန်တွေကို ရွေးချယ်ပစ်သတ်ဖို့ လုပ်ခဲ့တာပါ။

    ဒါပေမယ့် ဒီဘတ်စ်ကားပေါ်မှာပါလာတဲ့ မွတ်စလင် ၆၂ ဦးက ဒီပြောကြားမှုကို မလိုက်နာခဲ့ဘဲ ခရစ်ယာန်တွေကို ထုတ်မပေးနိုင်ကြောင်း၊ သတ်ချင်ရင် အားလုံးသတ်နိုင်ကြောင်း ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်မှာ အကြမ်းဖက်သမားတွေရဲ့ လက်ချက်ကြောင့် မွတ်စလင် ၂ ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။

    ခရစ်ယာန်တွေကို ကာကွယ်ပေးဖို့ အကြမ်းဖက်သမားတွေနဲ့ အခြေအတင်ပြောဆိုပြီး သေနတ်နဲ့ပစ်ခံရကာ သီတင်းပတ်အနည်းငယ်အကြာမှာ သေဆုံးခဲ့တဲ့ ကျောင်းဆရာ ဆာလာဟ် ဖာရာဟ်ဟာ တိုင်းပြည်ရဲ့ စည်းလုံးမှု အမှတ်သညာ ဖြစ်ခဲ့ပါတယ်။

    “ဒီအဖြစ်အပျက်က ကျွန်မတို့ရင်ကို ထိမှန်စေခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ လူသားဆန်မှုက အနိုင်ရရှိတာပါပဲ။ ဒီလို အသက်ကို ဖက်နဲ့ထုတ်ထားရတဲ့အချိန်မှာ ဘာသာတရားတွေဘာတွေကို ဂရုစိုက်မနေဘဲ လူတွေဟာ တစ်ယောက်ကိုတစ်ယောက် ရပ်တည်ပေးကြတယ်။ ဘာ့ကြောင့်လည်း သူတို့ဟာ လူသားတွေကို ကယ်တင်ချင်တာ၊ ကာကွယ်ပေးချင်တာကြောင့်ပါပဲ” လို့ Watu Wote ကို ရိုက်ကူးတဲ့ ဒါရိုက်တာ ကတ်ဂျာ ဘန်ရက်သ်က ပြောကြားခဲ့ပါတယ်။

    ဘန်ရက်သ်ဟာ ဂျာမနီနိုင်ငံ ဟမ်းဘတ်မီဒီယာကျောင်းက ကျောင်းသူတစ်ဦးလည်းဖြစ်ပြီး မွတ်စလင်တွေကို သံသယဖြစ်စရာ၊ ကြောက်ရွံ့စရာလို့ ရှုမြင်ခံနေရတဲ့ အခုလိုအချိန်မျိုးမှာ ဒီရုပ်ရှင်ကပေးချင်တဲ့ သတင်းစကားဟာ သိပ်ကို အရေးကြီးတယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

    မိနစ် ၂၀ ကြာမြင့်တဲ့ ဒီဇာတ်လမ်းတိုလေးကို ဘန်ရက်သ်နဲ့ ဟမ်းဘတ်မီဒီယာကျောင်းက အခြားကျောင်းသား ၂ ဦးက ပုံဖော်ခဲ့တာဖြစ်ပြီး အခင်းဖြစ်ပွားခဲ့တဲ့ မန်ဒီရာဒေသမှာ သွားရောက်လေ့လာကာ အဲဒီနေရာနဲ့တူတဲ့ အခြားဒေသတစ်ခုမှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

    “မန်ဒီရာကို ကျွန်မတို့သွားပြီး လူတွေနဲ့စကားပြောတဲ့အခါ သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် လေးစားကြတာကို တွေ့ရပါတယ်။ ခိုင်မာတဲ့ လူ့အဖွဲ့အစည်းတစ်ခုတည်ဆောက်ဖို့ သူတို့တွေဟာ တစ်ယောက်နဲ့တစ်ယောက် လိုအပ်တယ်ဆိုတာ ကျွန်မတို့ သိခဲ့ရပါတယ်” လို့ ဘန်ရက်သ်က ဆိုပါတယ်။

    ဂါရစ်စာခရိုင် ကင်ညာမွတ်စလင် ဗဟိုကောင်စီဥက္ကဌ ရှိခ် အဘ်ဒူလာ ဆာလတ်က ဒီရုပ်ရှင်ကို ကြိုဆိုခဲ့ပါတယ်။

    “သိပ်ပြီး ပေါင်းလက္ခဏာဆောင်တဲ့ ရိုက်ကူးမှုပါ။ ဒီဇာတ်ကား ထွက်လာတဲ့အခါ နိုင်ငံအတွင်းက ခရစ်ယာန်-မွတ်စလင် ဆက်ဆံရေးကို အားကောင်းစေဖို့ တစ်နိုင်ငံလုံးမှာ ပြသင့်ပါတယ်” လို့ ဆာလတ်က ပြောကြားခဲ့ပါတယ်။

    မန်ဒီရာက ရိုမန်ကက်သလစ်ဘုန်းတော်ကြီး ဖာသာ ဂျွန် မူဆိုကာက မွတ်စလင်တွေကို အကြမ်းဖက်သမားတွေအဖြစ် ရှုမြင်နေတာတွေကို ဒီ ရုပ်ရှင်က ပြောင်းလဲပေးလိမ့်မယ်လို့ ဆိုပါတယ်။

    ဒီရုပ်ရှင်ကို နောက်လမှာ ဖြန့်ချီမှာဖြစ်ပါတယ်။

    Ref: Cruxnow

  • ရ၀မ်ဒါလူမျိးတုန်းသတ်ဖြတ်မှုတွင် ခရစ်ယာန်ဘုန်းကြီးများ ပါဝင်မှုအတွက် ပုပ်ရဟန်မင်း တောင်းပန်

    ရ၀မ်ဒါလူမျိးတုန်းသတ်ဖြတ်မှုတွင် ခရစ်ယာန်ဘုန်းကြီးများ ပါဝင်မှုအတွက် ပုပ်ရဟန်မင်း တောင်းပန်

    မတ် ၂၁၊ ၂၀၁၇
    M-Media

    ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နှင့် ရ၀မ်ဒါသမ္မတ  ပေါလ်ကာဂိမ်း

    – လူပေါင်း ၈ သိန်းခန့် သေဆုံးခဲ့သည့် ၁၉၉၄ ခုနှစ် ရ၀မ်ဒါ လူမျိုးတုန်းသတ်ဖြတ်မှုတွင် ခရစ်ယာန်ကက်သလစ်အသင်းတော်မှ ဘုန်းကြီးများ၊ အဖွဲ့ဝင်များ ပါဝင်ပတ်သက်မှုများအတွက် ခွင့်လွှတ်ပေးရန် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တောင်းပန်လိုက်သည်။

    ရ၀မ်ဒါသမ္မတ ပေါလ်ကာဂိမ်းနှင့် ယမန်နေ့တွေ့ဆုံမှုပြီးနောက် ဗာတီကန်မှ ထုတ်ပြန်သော ကြေငြာချက်တွင် ထိုကဲ့သို့ တောင်းပန်လိုက်ခြင်းဖြစ်ပြီး “တွတ်ဆီလူမျိုးများကို လူမျိုးတုန်းသတ်ဖြတ်မှုအတွက် မိမိအနေဖြင့်လည်းကောင်း၊ အသင်းတော်အနေဖြင့်လည်းကောင်း၊ အသင်းတော် အုပ်ချုပ်ရေးအဖွဲ့အနေဖြင့်လည်းကောင်း အလွန်အမင်း ၀မ်းနည်းကြေကွဲရသည်” ဟု ပုပ်ရဟန်းမင်းကြီးက ရ၀မ်ဒါသမ္မတကို ပြောကြားခဲ့သည်။

    “အသင်းတော်ရဲ့ ဘာမှမလုပ်နိုင်မှု၊ ဘုန်းကြီးတွေ၊ ဘာသာရေးလိုက်စားသူ အမျိုးသားတွေ၊ အမျိုးသမီးတွေ အပါအ၀င် အသင်းတော်အဖွဲ့ဝင်တွေဟာ အမုန်းနဲ့ အကြမ်းဖက်မှုတွေအောက် ကျရောက်ခဲ့ကာ၊ သူတို့ရဲ့ ဧ၀ံဂေလိတာဝန်ကို သစ္စာဖောက်ခဲ့မှုအတွက် ဘုရားသခင်ထံတော်ပါးကနေ ခွင့်လွှတ်ချမ်းသာမှုကို ပုပ်ရဟန်းမင်းကြီးက ထပ်မံ တောင်းခံခဲ့ပါတယ်” ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

    ရက်ပေါင်း ၁၀၀ ကြာမြင့်ခဲ့သည့် အဆိုပါလူသတ်ပွဲတွင် တွတ်ဆီလူမျိုးများမှာ ကက်သလစ်ဘုရားကျောင်းများတွင် သွားရောက်ခိုလှုံခဲ့သော်လည်း ဘုန်းကြီးများနှင့် ဘုရားကျောင်း တာဝန်ရှိသူများက အဆိုပါ ဒုက္ခသည်များကို ဟူတူပြည်သူ့စစ်များလက်ထဲသို့ ပြန်အပ်ခဲ့သည်။

    ရ၀မ်ဒါလူမျိုးတုန်းသတ်ဖြတ်မှုတွင် ခရစ်ယာန်ကက်သလစ်အသင်းတော်မှ ပါဝင်ပတ်သက်မှုအတွက် ဗာတီကန်မှ တောင်းပန်ရန် ပြီးခဲ့သည့် နိုဝင်ဘာလတွင် ရ၀မ်ဒါက တောင်းဆိုခဲ့ပြီးနောက်ပိုင်း ပုပ်ရဟန်းမင်းကြီး၏ ယခုပြောကြားမှု ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။

    ကက်သလစ်အသင်းတော်မှာ ၁၉၉၄ ခုနှစ်က အာဏာရခဲ့ပြီး လူမျိုးတုန်းသတ်ဖြတ်မှုကို စီစဉ်ခဲ့သည့် ဟူတူအစိုးရနှင့် နီးနီးကပ်ကပ် ပတ်သက်မှုရှိခဲ့သည်ဟု ထိုအဖြစ်အပျက်ပြီးနောက်ပိုင်းတွင် စွပ်စွဲခံခဲ့ရသည်။

    သက်တော် ၈၀ အရွယ် ပုပ်ရဟန်းမင်းကြီးက “အသင်းတော်၏ ပုံရိပ်ကို ပျက်ဆီးစေခဲ့သော ထိုကာလက အပြစ်များကို ယခုကဲ့သို့ လက်ခံအသိအမှတ်ပြုခြင်းဖြင့် ‘အတိတ်ဆိုးကိုသန့်စင်ကာ’ ‘ယုံကြည်မှုအသစ်’ မြှင့်တင်ပေးရာရောက်မည်ဟု” မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

    ရ၀မ်ဒါအစိုးရကမူ ယခုကဲ့သို့ ပုပ်ရဟန်းမင်းကြီး၏ တောင်းပန်မှုမှာ လုံလောက်မှုမရှိသေးဘဲ ရ၀မ်ဒါရှိ ကက်သလစ်အသင်းတော်မှာ အဆိုပါ လူမျိုးတုန်းသတ်ဖြတ်မှုတွင် ပါဝင်သူများကို ဆက်လက် ကာကွယ်ပေးနေဆဲဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • မန်ယူသို့ ဖာဂူဆန်ပြန်လာမည်

    မန်ယူသို့ ဖာဂူဆန်ပြန်လာမည်

    မတ် ၂၀၊ ၂၀၁၇
    M-Media

    – မန်ယူဂန္တ၀င်နည်းပြဟောင်း ဆာ အဲလက်စ် ဖာဂူဆန်မှာ ဇွန်လတွင်ပြုလုပ်မည့် ကွင်းလယ်လူ မီခေးလ် ကာရစ် နှုတ်ဆက်ပွဲတွင် အသင်းကို ပြန်လည်ကိုင်တွယ်သွားမည်ဟု သိရသည်။

    အသင်းအတွက် ဆုဖလားပေါင်း ၃၈ လုံး ရယူပေးနိုင်ခဲ့သည့် ဖာဂူဆန်မှာ ၂၀၁၃ ခုနှစ်က နည်းပြဘ၀မှ အနားယူခဲ့သော်လည်း မန်ယူအသင်း၏ သံတမန်အခန်းကဏ္ဍတွင် ဆက်လက်ပါဝင်နေပြီး မန်ယူပွဲများကိုလည်း ပုံမှန် လာရောက်ကြည့်ရှုနေသည်။

    လက်ရှိနည်းပြ မော်ရင်ဟိုက မန်ယူအသင်း၏ ပွဲစဉ်များတွင် လိုက်ပါရန်၊ အ၀တ်လဲခန်းအတွင်း ကစာသမားများနှင့် လက်ပွန်းတတီးနေရန် ဖာဂူဆန်ကို တိုက်တွန်းခဲ့ဖူးသည်။

    ကာရစ်အား နှုတ်ဆက်ပွဲကို အိုးထရက်ဖို့တွင် ဇွန်လ ၄ ရက်နေ့၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဖာဂူဆန်ကိုင်တွယ်သည့် မန်ယူအသင်းနှင့် ဟယ်ရီရက်နပ်ကိုင်တွယ်သည့် All Star အသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ ထိုပွဲတွင် ပေါလ်စခိုးလ်၊ ရိုင်ယန်ဂစ်၊ စတီဗင်ဂျရတ်၊ ဖရန့်လမ်းပတ်တို့ကဲ့သို့ နာမည်ကြီးကစားသမားဟောင်းများလည်း ပါဝင်ရန်ရှိနေသည်။

    မန်ယူအသင်းမှ ၂၀၀၉ ခုနှစ်တွင် ထွက်ခွာသွားခဲ့သည့် ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုမှာ ထိုပွဲတွင် ပါဝင်မည်လားဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။

    ကာရစ်နှင့် မန်ယူ၏ သက်တမ်းမှာ ယခုနှစ်နွေရာသီတွင် ကုန်ဆုံးမည်ဖြစ်ပြီး၊ အသင်းအနေဖြင့် စာချုပ်သစ် မကမ်းလှမ်းပါက ရာသီကုန်လျှင် ဘောလုံးလောကမှ အနားယူတော့မည်ဟု အသက် ၃၅ နှစ်ရွယ် ကာရစ်က ပြောကြားထားသည်။

    Ref: Goal