News @ M-Media

Author: Ko Lay

  • အစ္စရေး၏လုပ်ရပ်များ ကုလသို့တင်ပြသူကို အမြင့်ဆုံးဂုဏ်ဆောင်ဘွဲ့ ပါလက်စတိုင်း ချီးမြှင့်

    အစ္စရေး၏လုပ်ရပ်များ ကုလသို့တင်ပြသူကို အမြင့်ဆုံးဂုဏ်ဆောင်ဘွဲ့ ပါလက်စတိုင်း ချီးမြှင့်

    မတ် ၂၀၊ ၂၀၁၇
    M-Media

    – အစ္စရေးမှာ ပါလက်စတိုင်းပြည်သူများအပေါ် ခွဲခြားသည့်စနစ်များ ကျင့်သုံးနေသည်ဟု စွပ်စွဲထားသော အစီရင်ခံစာကို တင်သွင်းခဲ့သည့် ကုလသမဂ္ဂ လက်ထောက်အထွေထွေအတွင်းရေးမှူး ရီမာ ခါလက်ဖ်ကို ပါလက်စတိုင်းက အမြင့်ဆုံး ဂုဏ်ထူးဆောင်ဆု ချီးမြှင့်လိုက်သည်ဟု သိရသည်။

    ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်မှာ ခါလက်ဖ်အား ဖုန်းဖြန့် ဆက်သွယ်ခဲ့ကာ ပါလက်စတိုင်းပြည်သူများအတွက် သူမ၏ ‘ရဲရင့်ပြတ်သားမှုနှင့် ထောက်ပံ့ကူညီမှုကို’ အသိအမှတ်ပြုသည့်အနေဖြင့် ဂုဏ်ထူးဆောင်ဆုတံဆိပ် ချီးမြှင့်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ယမန်နေ့က ထုတ်ပြန်သော ကြေငြာချက်တွင် အဘတ်စ်က ‘မိမိတို့ပြည်သူများမှာ ဒေါက်တာ ခါလက်ဖ်၏ လူသားချင်းစာနာထောက်ထားမှုနှင့် အမျိုးသားရေးရပ်တည်ချက်’ ကို ချီးကျူးသည်ဟု ထည့်သွင်းဖော်ပြထားသည်။

    ကုလ၏ လက်ထောက် အထွေထွေအတွင်းရေးမှူးဖြစ်ပြီး အနောက်အာရှ စီးပွားရေးနှင့် လူမှုရေးကော်မရှင် (ECSWA) အမှုဆောင်အတွင်းရေးမှူးဖြစ်သည့် ခါလက်ဖ်၏ အဆိုပါအစီရင်ခံစာတွင် အစ္စရေးက ပါလက်စတိုင်းများကို ဖိနှိပ်ချုပ်ချယ်ကာ ခွဲခြားသည့်နစ်စများ ကျင့်သုံးနေသည်ဟု စွပ်စွဲထားပြီး ပါလက်စတိုင်းပိုင်နက်များ
    တွင် တည်ထောင်ထားသော အစ္စရေးလုပ်ငန်းများအား ဆန့်ကျင်သည့် BDS လှုပ်ရှားမှုကိုလည်း နိုင်ငံတကာအစိုးရများက ထောက်ခံရန် တိုက်တွန်းခဲ့သည်။

    ထိုအစီရင်ခံစာကြောင့် အစ္စရေးနှင့် မဟာမိတ်နိုင်ငံများက ခါလက်ဖ်ကို ဖိအားပေးခဲ့ပြီး သူမမှာ သောကြာနေ့က ရာထူးမှ နှုတ်ထွက်ခဲ့ရသည်။

    ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ (PLO) မှ အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သော ဟာနန် အက်ရှ်ရာဝီက အစီရင်ခံစာမှာ မှန်ကန်သည့်လမ်းကြောင်းဖြစ်ပြီး ပြန်လည်လက်ခံသင့်သည်ဟု ဆိုသည်။

    ခါလက်ဖ်ကမူ သူမအနေဖြင့် ဖိအားပေးမှုကို မျှော်လင့်ထားပြီးသားဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ကုလ အထွေထွေအတွင်းရေးမှူးကို အစီရင်ခံစာနဲ့ ဝေေးဝေးနေအောင် အစ္စရေးနဲ့ သူ့ရဲ့ မဟာမိတ်တွေက ဖိအားပေးကြမယ်ဆိုတာကို မျှော်လင့်ထားပြီးသားပါ။ ဒီအစီရင်ခံစာကို ပယ်ချဖို့ သူတို့ သူ့ကို တောင်းဆိုမှာပါ”

    ကုလပြောရေးဆိုခွင့်ရှိသူ တစ်ဦးကမူ ခါလက်ဖ်၏ ပြဿနာမှာ အစီရင်ခံစာတွင် ပါဝင်သော အကြောင်းအရာကြောင့်မဟုတ်ဘဲ အစီရင်ခံစာ မထုတ်ပြန်ခင် လိုအပ်သော လုပ်နည်းလုပ်ဟန်များ မရှိခြင်းကြောင့်ဟု ပြောကြားခဲ့သည်။

    အစီရင်ခံစာမှာ နာဇီလက်ထက် ၀ါဒဖြန့်မှုနှင့် တူညီနေသည်ဟု အစ္စရေးက ပြောကြားခဲ့ပြီး၊ အမေရိကန်ကလည်း အစီရင်ခံစာကို ပယ်ချရန် တောင်းဆိုခဲ့သည်။

    မဟ်မူးဒ်အဘတ်စ်က ခါလက်ဖ်အား အမြင့်ဆုံး ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်မှုမှာ ‘အစ္စရေးအပေါ် သံတမန်စစ်ပွဲ ဆင်နွှဲခြင်းဖြစ်သည်’ ဟု အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၏ ပြောရေးဆိုခွင့်ရှိသူ အိုဖီရ် ဂျန်ဒဲလ်န်က ပြောကြားခဲ့ကာ ‘မှန်ကန်မှုမရှိသည့် မှားယွင်းသော’ အစီရင်ခံစာဟု မှတ်ချက်ပြုခဲ့သည်။

    Ref: Aljazeera

  • မြောက်ကိုရီးယားခေါင်းဆောင်ကို ထရမ့် တိုက်ရိုက်ဝေဖန်

    မြောက်ကိုရီးယားခေါင်းဆောင်ကို ထရမ့် တိုက်ရိုက်ဝေဖန်

    မတ် ၂၀၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်မှာ အင်မတန့် အင်မတန် ဆိုးရွားစွာ ပြုလုပ်နေသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဝေဖန်ပြောကြားလိုက်ပြီး မြောက်ကိုရီးယားက ဒုံးကျည်အင်ဂျင်သစ်ကို စမ်းသပ်မှုအပြီး နာရီအနည်းငယ်တွင် ထိုမှတ်ချက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

    ဖလော်ရီဒါရှိ Mar-a-Lago အဖန်းဖြေစခန်းတွင် ယမန်နေ့က သတင်းထောက်များအား ထရမ့်က ထိုကဲ့သို့ပြောကြားလိုက်ခြင်းဖြစ်ပြီး မြောက်ကိုရီးယားနှင့်ပတ်သက်၍ အုပ်ချုပ်ရေးတာဝန်ရှိသူများမှာ ယခုသီတင်းပတ်အတွင်း ဆွေးနွေးခဲ့ကြသည်ဟုလည်း ဆိုသည်။

    “မြောက်ကိုရီးယားနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။ သူက တော်တော်လေး ဆိုးဆိုးဝါးဝါး လုပ်နေတာပါ။ ထပ်ပြောပါ့မယ်။ သူက ဆိုးဆိုးဝါးဝါးကို ပြုမူနေတာပါ” ဟု ထရမ့်က ပြောကြားခဲ့သည်။

    မြောက်ကိုရီး နိုင်ငံပိုင်သတင်းဌာန KCNA က ကင်ဂျုံအန်မှာ ဆိုဟေး ဂြိုဟ်တု လွှတ်တင်ရေးစခန်းတွင် စွမ်းအားမြင့်မားသော ဒုံးကျည်အင်ဂျင်တစ်ခု စမ်းသပ်မှုအား ကြီးကြပ်ခဲ့ကြောင်း၊ ကမ္ဘာကြီးမှာ သိပ်မကြာမီတွင် သိသာသော အောင်မြင်မှုကြီးကို တွေ့မြင်ရတော့မည်ဟု ပြောကြားခဲ့ကြောင်း ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    ကင်မှာ ယခုနှစ် အစောပိုင်းကလည်း မိမိတို့စစ်တပ်မှာ တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်မှုတစ်ခု ပြုလုပ်ရန် စီစဉ်နေသည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဟာလာလ်ဈေးကွက်မှ ရွှေတွင်းကြီးကို အစွမ်းကုန်တူးဖော်လာသည့် ထိုင်းနိုင်ငံ

    ဟာလာလ်ဈေးကွက်မှ ရွှေတွင်းကြီးကို အစွမ်းကုန်တူးဖော်လာသည့် ထိုင်းနိုင်ငံ

    မတ် ၂၀၊ ၂၀၁၇
    M-Media

    ဘန်ကောက်မြို့ဆင်ခြေဖုံး မွတ်စလင်ရပ်ကွက်ရှိ ကြယ်ငါးပွင့် Al Meroz ဟာလာလ်ဟိုတယ်တွင် ပြုလုပ်သည့် မင်္ဂလာဆောင်တစ်ခု

    – ဟိုတယ်များတွင် သီးခြားရေကူးကန်များထားပေးခြင်း၊ ဂျယ်လီများကို ၀က်၏ အရိုးများအစား ပင်လယ်ကျောက်ပွင့်များနှင့် ပြုလုပ်ခြင်းတို့ဖြင့် မွတ်စလင်ခရီးသွားများကို ကြိုဆိုသည်၊ အလေးထားသည်ဆိုသည်ကို အစ္စလာမ်ကမ္ဘာက သိရှိအောင်လုပ်ကာ ဗုဒ္ဓဘာသာဝင်အများစုရှိရာ ထိုင်းနိုင်ငံမှာ ဟာလာလ်ဈေးကွက်နောက်မှ
    ရွှေတွင်းကြီးကို ရသမျှ တူးဖော်နေသည်။

    ဘန်ကောက်မြို့ဆင်ခြေဖုံး မွတ်စလင်ရပ်ကွက်တွင် ကြယ်ငါးပွင့် Al Meroz ဟိုတယ်ရှိ အလွန်ကြီးမားကျယ်ပြန့်သော ထမင်းစားခန်းအတွင်း မုတ်ဆိတ်မွှေးပါးပါးနှင့် အဖိုးအိုတစ်ဦးမှာ ကုရ်အာန်ကျမ်းတော်မြတ်မှ ပါဒတော်များကို ရွတ်ဖတ်နေပြီး၊ စိတ်စောနေပုံရသည့် သတို့သားကတော့ သတို့သမီးအလာကို စောင့်ဆိုင်းနေသည်။

    ခေါင်းဆောင်ပုဝါနှင့်တွဲ၍ အလွန်တင့်တယ်သည့် အဖြူရောင်ဝတ်စုံ ၀တ်ထားသော ဇနီးလောင်းကို မြင်တွေ့လိုက်သည့်အခါတွင်တော့ သတို့သား၏ မျက်နှာတွင် အပြုံးပန်းတစ်ပွင် ဖူးပွင့်လာခဲ့သည်။

    အဆိုပါ မင်္ဂလာဆောင်အခမ်းအနားမှာ ဘန်ကောက်မြို့၏ ပထမဆုံး ဟာလာလ်ဟိုတယ်ဖြစ်သော Al Meroz တွင် ပြီးခဲ့သည့်လများအတွင်း ကျင်းပခဲ့သည့် ဒါဇင်နှင့်ချီသော မင်္ဂလာပွဲများမှ တစ်ခုလည်းဖြစ်သည်။

    ထိုင်းနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွားများ၊ ဘ၀ကို ပျော်ရွှင်စွာ ဖြတ်သန်းကြသူများအတွက် စွဲဆောင်မှုရှိရာ နေရာတစ်ခု ဖြစ်နေသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး ပါတီပွဲများ၊ လိင်ဖျော်ဖြေရေးရပ်ကွက်များ၊ အသောက်အစားနှင့် ကမ်းခြေများကြောင့်လည်း ကမ္ဘာ့လှည့်ခရီးသွားများအကြားတွင် ကျော်ကြားသည်။

    သို့သော်လည်း မွတ်စလင်နိုင်ငံများမှ ခရီးသွားများ ပြုံကြလာသည်ကို တွေ့မြင်ရသည့်အခါတွင်တော့ မတူကွဲပြားသော ခရီးသည်များအား စိတ်ကျေနပ်မှုပေးရန် ထိုင်းနိုင်ငံက ဖြေးဖြေးနှင့် မှန်မှန်ဆောင်ရွက်လာလေသည်။

    “ကမ္ဘာပေါ်မှာ မွတ်စလင် ၁.၅ ဘီလီယံလောက် ရှိတယ်ဆိုတာကို တွေးလိုက်ရင် ဒါဟာ အလွန်ကောင်းမွန်တဲ့ ဈေးကွက်လို့ ကျွန်တော့်ခေါင်းထဲ ၀င်ဝင်လာပါတယ်” ဟု ဟိုတယ်မန်နေဂျာ ဆန်ယာ ဆာအန်ဘွန်က ပြောကြားခဲ့သည်။ ဟိုတယ်လုပ်ငန်းမှာ များပြားလာသာ မွတ်စလင်ခရီးသွားများအတွက် ၀န်ဆောင်မှုပေးရာတွင် ဖွံ့ဖြိုးလာသည့် စီးပွားရေးလုပ်ငန်းများထဲမှ တစ်ခုလည်းဖြစ်သည်။

    Al Meroz ကို ပြီးခဲ့သည့်နှစ်က ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဟိုတယ်၏ ၀န်ဆောင်မှုတိုင်းကို အစ္စလာမ့်နည်းကျ စီမံခဲ့သည်။

    အရက်မရောင်းခြင်းမှ ခေါင်းမိုးပေါ်ရှိ ရေကူးကန်ကို အမျိုးသား၊ အမျိုးသမီးအားလုံး အသုံးပြုနိုင်ရန် တစ်ချိန်စီခွဲထားခြင်းတို့ ပါသည်။

    ဟိုတယ်ထဲတွင် ဆောင်ရွက်ပေးထားသည့် အရာတိုင်းမှာ အစ္စလာမ်သာသနာကို လက်တွေ့ကျင့်သုံးသော မွတ်စလင်များအတွက် အဆင်ပြေစေရန် ရည်ရွယ်ပြီး တစ်ကိုယ်ရေသန့်ရှင်းမှုအတွက် အသုံးပြုမည့် ပစ္စည်းများတွင် အရက်နှင့် တိရစ္ဆာန်အဆီများကင်းသည့် အရာများကို ထားရှိပေးထားကာ နေ့စဉ်သုံး ပစ္စည်းများကို ဘာသာရေးအရ ခွင့်ပြုထားသည့်အရာများဖြစ်အောင် ဖန်တီးပေးခြင်းဖြစ်သည်။

    ခြေလှမ်းသစ်

    နိုင်ငံရေးမတည်ငြိမ်မှု ဆယ်စုနှစ်ချီ၍ ဖြစ်ပေါ်ခဲ့သော်လည်း ထိုင်းနိုင်ငံမှာ ခရီးသွားလုပ်ငန်းတွင် အောင်မြင်နေဆဲဖြစ်ပြီး ၂၀၀၆ ခုနှစ်တွင် ကမ္ဘာလှည့်ခရီးသွားပေါင်း ၁၃.၈ သန်း လာရောက်ခဲ့ကာ ပြီးခဲ့သည့်နှစ်တွင်တော့ ၂၃.၅ သန်းဖြင့် စံချိန်တင်ခဲ့သည်။

    အနောက်နိုင်ငံများမှ လာရောက်သည့် ခရီးသည်အရေအတွက်မှာ ပြောင်းလဲမှု သိပ်မရှိခဲ့။ လာရောက်လည်ပတ်မှု သိသိသာသာ မြင့်တက်လာသည့်နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်ပြီး လွန်ခဲ့သည့် ၁၀ နှစ်က ၉၄၉,၀၀၀ ရှိရာမှ ၂၀၁၆ ခုနှစ်တွင် ၈.၇ သန်းအထိ ရှိလာခဲ့သည်။

    သို့သော်လည်း မွတ်စလင်နိုင်ငံများမှ ခရီးသွားများမှာလည်း မြင့်တက်လာခဲ့သည်။

    ထိုင်းအစိုးရမှ ထုတ်ပြန်သော အချက်အလက်များကို AFP က ခွဲခြမ်းစိတ်ဖြာမှုတွင် ၂၀၀၆ ခုနှစ်တွင် အရှေ့အလယ်ပိုင်းနှင့် အာရှရှိ မွတ်စလင်နိုင်များမှ ခရီးသွားများမှာ ၂.၆၃ သန်းသာ ရှိခဲ့သော်လည်း ပြီးခဲ့သည့်နှစ်တွင် ၆.၀၃ သန်းအထိ တိုးတက်လာခဲ့သည်ဟု ဆိုသည်။

    “ထိုင်းနိုင်ငံဟာ ခြေလှမ်းသစ်အစကို ရောက်နေပါပြီ” ဟု စင်ကာပူအခြေစိုက် Crescent Rating အဖွဲ့ တည်ထောင်သူ ဖာဇာလ် ဘာဟာဒန်က ဆိုသည်။ ၎င်း၏အဖွဲ့မှာ မွတ်စလင်ခရီးသွားများအား အကြိုဆိုဆုံးနိုင်ငံများကို လေ့လာကာ အဆင့်သတ်မှတ်သည့် အဖွဲ့လည်းဖြစ်သည်။

    Crescent Rating ၏ နှစ်ပတ်လည် ဟာလာလ်ခရီးသွားစစ်တမ်းကောက်ယူမှုတွင် ထိုင်းနိုင်ငံမှာ မွတ်စလင် ခရီးသွားဈေးကွက်အတွက် စင်ကာပူနှင့်အတူ ထိပ်ဆုံး၌ ရပ်တည်နေသည့် နိုင်ငံဖြစ်နေသည်။

    “မွတ်စလင်ခရီးသွားဈေးကွက်ဟာ ၀င်ရောက်လုပ်ကိုင်ဖို့ ထိုက်တယ်ဆိုတာကို သူတို့တွေ အမှန်တကယ် သိရှိနားလည်ခဲ့ပါတယ်” ဟု ဘာဟာဒန်က ဆိုပြီး ဆေးကုသရန်၊ ဈေးဝယ်ရန်ကောင်းမွန်မှုနှင့် အဆင့်မြင့်ဟိုတယ်များက အဓိက ဆွဲဆောင်သည့်အရာများဖြစ်သည်ဟုလည်း ထည့်သွင်းပြောဆိုခဲ့သည်။

    လေယာဉ်လက်မှတ်များ ဈေးသက်သာလာခြင်း၊ မွတ်စလင်တိုင်းပြည်များတွင် အလယ်အလတ်လူတန်းစားများ စီးပွားရေးတောင့်တင်းလာခြင်းတို့ကြောင့် အစ္စလာမ့်နည်းကျ ခရီးသွားဈေးကွက်မှာ ကမ္ဘာပေါ်တွင် တိုးတက်မှုအမြန်ဆုံး ဈေးကွက်များမှ တစ်ခုဖြစ်လာသည်ဟုလည်း ဘာဟာတန်က ဆိုသည်။

    ၂၀၀၀ ခုနှစ်တွင် မွတ်စလင် ခရီးသွားအရေအတွက်မှာ ၂၅ သန်းသာ ရှိရာမှ ၂၀၁၆ ခုနှစ်တွင် ၁၁၇ သန်း ရှိလာခဲ့သည်ဟုလည်း သူက တွက်ချက်ထားသည်။

    ဟာလာလ် အစားအသောက်များ

    ကြက်သား၊ ပင်လယ်စာမှသည် ဆန်နှင့် သစ်သီးစည်သွပ်ဗူးများအထိ ထိုင်းနိုင်ငံမှာ ဟာလာလ်စားသောက်ကုန်များကို တင်ပို့ရောင်းချသည့် အကြီးဆုံးတိုင်းပြည် ဖြစ်နေသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။

    ယခုတွင် များပြားလာသော အစားအသောက်ကုမ္ပဏီများက စားသုံးသူနယ်ပယ်ကို ချဲ့ထွင်ရန် ဟာလာလ် အစားအသောက်ဘက် လှည့်လာကြသည်။

    ဗုဒ္ဓဘာသာဝင် လုပ်ငန်းရှင်တစ်ဦးဖြစ်သည့် လာလာနာ သီရာနူဆွန်ကစ်ဂ်ျက KCG Corporation လက်အောက်တွင် သူမ၏ စက်ရုံ ၃ ခုကို အင်ဒိုနီးရှား၊ မလေးရှားနှင့် ပင်လယ်ကွေ့နိုင်ငံရှိ ဟာလာလ်ဈေးကွက်များသို့ မည်သို့မည်ပုံ တင်ပို့ခွင့်ရလာမှုကို ထောပတ်စက်များ၏ တ၀ီဝီမြည်နေသောအသံကိုပင် မမှုပဲ ရှင်းပြခဲ့သည်။

    သို့သော်လည်း ဟာလာလ်ဈေးကွက်သို့ ၀င်ရောက်ခြင်း၌ တစ်ခါတစ်ရံတွင် ပါးနပ်သည့် နည်းလမ်းများလည်း လိုအပ်သည်။ ဥပမာအားဖြင့် ဂျယ်လီပြုလုပ်ရာတွင် တိရစ္ဆာန်အခြေပြု ဂျဲလ်တင်များ အသုံးပြုခြင်းကို ရှောင်ရှားခြင်းဖြစ်သည်။

    “အရင်က ၀က်ရဲ့ ဂျဲလ်တင်ကို ကျွန်မတို့ အသုံးပြုပါတယ်။ ဒါပေမယ့် အခုတော့ ဂျဲလ်တင်ထုတ်လုပ်တဲ့ ရင်းမြစ်ကို ၀က်ကနေ ကျောက်ပွင့်ဘက်ကို ပြောင်းလိုက်ပါတယ်” ဟု သူမက ပြောကြားခဲ့သည်။

    ၂၀၂၀ ခုနှစ်အရောက်တွင် ဟာလာလ်ထုတ်ကုန်တင်ပို့သည့် ကမ္ဘာ့ ထိပ်တန်း ၅ နိုင်ငံတွင် ပါဝင်ရန် ထိုင်းအစိုးရက ရည်မှန်းထားသည်။

    ဗုဒ္ဓဘာသာဝင်အများစုရှိရာ နိုင်ငံတစ်ခုက ဟာလာလ်ဈေးကွက် လက်ခံကျင့်သုံးနေမှုကို အပြင်လူများ မြင်တွေ့ရသည်မှာ ထူးဆန်းကောင်း ထူးဆန်းနေပေလိ့မ်မည်။

    သို့သော်လည်း ဘန်ကောက်မြိုကရှိ ချူလာလောင်ကွန်တက္ကသိုလ်တွင် Halal Science Centre ကို တည်ထောင်ထားသူ ဒေါက်တာ ၀ီနိုင် ဒဟ်လန်က ထိုင်းနိုင်ငံမှာ အပြောင်းအလဲကို ကောင်းကောင်းလုပ်နိုင်သည်ဟု ပြောကြားခဲ့သည်။

    ထိုင်းနိုင်ငံ၏ လူဦးရေ ၅ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာဝင်များဖြစ်ကြပြီး နိုင်ငံတောင်ပိုင်းမှ လက်နက်ကိုင်အုပ်စုမှလွဲ၍ ကျန်သူများမှာ ဗုဒ္ဓဘာသာဝင်လူ့အဖွဲ့အစည်းနှင့် တစ်သားတည်းဖြစ်နေသည်။

    တားမြစ်ပိတ်ပင်ထားသည့် ပစ္စည်းများကို အသုံးပြုနေသော စီးပွားရေးလုပ်ငန်းများကို ဖော်ထုတ်အရေးယူနိုင်မည့် ဟာလာလ်ဆန်းစစ်မှုစင်တာတစ်ခု တည်ထောင်ရန် တောင်းဆိုခဲ့သူများမှာလည်း ထိုင်းမွတ်စလင်များဖြစ်ပြီး၊ နောက်ပိုင်းတွင် ထိုလုပ်ငန်းမှာ တွင်ကျယ်လာခဲ့သည်။

    “လွန်ခဲ့တဲ့ ၁၅ နှစ်က ဟာလာလ် လက်မှတ်ရတဲ့ စက်ရုံက ၅၀၀ လောက်ပဲ ရှိပါတယ်။ အခုဆိုရင်တော့ ၆၀၀၀ ရှိလာပါပြီ” ဟု ၀ီနိုင်က AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။ သူမမှာ အစားအသောက် ထုတ်ကုန်များတွင်ဝက်၏ DNA ပါဝင်ခြင်း ရှိ၊ မရှိကို စစ်ဆေးရသည့် ကျွမ်းကျင်သူအမျိုးသမီးလည်း ဖြစ်သည်။

    ထို ၁၅ နှစ်အတွင်း ထိုင်းနိုင်ငံမှ ထုတ်လုပ်သည့် ဟာလာလ်ထုတ်ကုန်အရေအတွက်မှာ ၁၀,၀၀၀ မှ ၁၆၀,၀၀၀ အထိ မြင့်တက်လာခဲ့သည်။ ဟာလာလ်လုပ်ငန်းက ၀င်ငွေကောင်းသည့် လုပ်ငန်းလည်းဖြစ်သည်။ အစိုးရက ဟာလာလ် စားသောက်ကုန်ထုတ်လုပ်ရေးလုပ်ငန်းမှ တစ်နှစ်လျင် ကန်ဒေါ်လာ ၆ ဘီလီယံ ရရှိနေသည်။

    ဟာလာလ်ဈေးကွက်၏ နောက်ကွယ်တွင် ရွှေတွင်းကြီးရှိနေသည်ဆိုသည်ကို ထိုင်းနိုင်ငံက အလျင်အမြန်ပင် သိရှိနားလည်ခဲ့လေသည်။

    Ref:
    coconuts bangkok

  • အမေရိကန်ပါဝင်မည့် ပင်လယ်ကွေ့ စစ်ရေးလေ့ကျင်မှုကို ကူဝိတ်တွင် ယနေ့စတင်

    အမေရိကန်ပါဝင်မည့် ပင်လယ်ကွေ့ စစ်ရေးလေ့ကျင်မှုကို ကူဝိတ်တွင် ယနေ့စတင်

    မတ် ၁၉၊ ၂၀၁၇
    M-Media

    – ကူဝိတ်နိုင်ငံတွင် အမေရိကန်နှင့် ပင်လယ်ကွေ့နိုင်ငံများပါဝင်သည့် စစ်ရေးလေ့ကျင်မှုတစ်ခုကို ယနေ့တွင် စတင်လိုက်သည်ဟု သိရသည်။

    ဆော်ဒီနှင့် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများမှ စစ်တပ်များ ပါဝင်ပြီး Hasm al-Uqban ဟု အမည်ပေးထားသည့် အဆိုပါ ကြည်း၊ ရေ၊ လေ စစ်ရေးလေ့ကျင့်မှုမှာ အရှေ့အလယ်ပိုင်း ဒေသနှင့် နိုင်ငံတကာအဆင့်တွင် အကြီးဆုံး စစ်ရေးလေ့ကျင့်မှုများထဲမှ တစ်ခုလည်းဖြစ်သည်။

    ကူဝိတ်စစ်တပ်မှ ထုတ်ပြန်သော ကြေငြာချက်တွင် ယခု စစ်ရေးလေ့ကျင်မှုမှာ ပြဿနာများကို ကိုယ်တွယ်နေရသည့် အစိုးရအသင်းအဖွဲ့များအကြား ညှိနှိုင်းဆောင်ရွက်မှုကို တိုးတက်စေရန်၊ စစ်ဖက်နှင့် လုံခြုံရေးဆိုင်ရာလုပ်ငန်းများကို ထောက်ပံ့ရာတွင် အဆိုပါအသင်းအဖွဲ့များ၏ အခန်းကဏ္ဍကို အသက်ဝင်စေရန်၊ လေ့ကျင့်မှု
    တွင်ပါဝင်သော နိုင်ငံများ ဒေသတွင်းနှင့် ပြည်တွင်း ခြိမ်းခြောက်မှုများကို ဟန့်တားရာတွင် ပူးပေါင်းဆောင်ရွက်ရေး အားကောင်းစေရန် ဖြစ်သည်ဟု ဖော်ပြထားသည်။

    လေ့ကျင့်မှုတွင် စစ်ဆင်ရေး စီမံမှုများ၊ ကွပ်ကဲရေးဌာနချုပ်များ လေ့ကျင့်ခြင်း၊ လက်တွေ့ တိုက်ခိုက်မှုများ၊ တပ်မှူးများအကြား နှီးနှောဖလှယ်မှုများ ပါဝင်မည်ဖြစ်သည်။

    ဧပြီလ ၆ ရက်နေ့တွင် ပြီးဆုံးသည့် ထိုစစ်ရေးလေ့ကျင့်မှုမှာ ၁၄ ကြိမ်မြောက်ဖြစ်ပြီး ပထမဆုံးအကြိမ်ကို ၁၉၉၉ခုနှစ်တွင် ပြုလုပ်ခဲ့သည်။

    Ref: Alarabiya

  • ဆီးရီးယားသူပုန်များ မြို့တော်ကို အံ့အားသင့်ဖွယ် ထိုးစစ်ဆင်

    ဆီးရီးယားသူပုန်များ မြို့တော်ကို အံ့အားသင့်ဖွယ် ထိုးစစ်ဆင်

    မတ် ၁၉၊ ၂၀၁၇
    M-Media

    – ဆီးရီးယားမှ သူပုန်များမှာ အစိုးရက ထိန်းချုပ်ထားရာ မြို့တော် ဒမတ်စကတ် အရှေ့ပိုင်း ခရိုင်များ၌ ယနေ့တွင် အံ့အားသင့်ဖွယ် ထိုးစစ်များဆင်နွှဲခဲ့ပြီး အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

    ယခင်က အလ်-ကိုင်းဒါးအဖွဲ့ကို သစ္စာခံသော ဖာတာ အလ်-ရှမ်တပ်ဦးနှင့်အတူ ပူးပေါင်းထိုးစစ်ဆင်ခြင်းဖြစ်ပြီး အစိုးရပစ်မှတ်များကို ကားဗုံးများ၊ အသေခံဗုံခွဲမှုများ ပြုလုပ်၍ တိုက်ခိုက်ခဲ့သည်ဟု ဆီးရီးယား လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်အဖွဲ့ အကြီးအကဲ ရာမီ အဘ်ဒဲလ် ရဟ်မန်က ပြောကြားခဲ့သည်။

    ဂျိုဘာရ်ခရိုင်မှ စတင်တိုက်ခိုက်ခဲ့ပြီးနောက် သူပုန်များမှာ အဘ္ဘာစစ်ရင်ပြင်တစ်ဝိုက်ကို ရောက်ရှိလာခဲ့ပြီး အဆောက်အဦးများစွာကို သိမ်းပိုက်နိုင်ခဲ့ကာ ဒမတ်စကတ်ပတ်ဝန်းကျင်ကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သည်။

    အစိုရစစ်တပ်ကလည်း လေကြောင်းတိုက်ခိုက်မှုများဖြင့် ပြန်လည်တုန့်ပြန်ခဲ့သည်။ ဂျိုဘာရ်ခရိုင်မှာ ၂ နှစ်ကျော်ခန့် စစ်မြေပြင်ဖြစ်ခဲ့ပြီး သူပုန်များနှင့် အစိုးရတပ်များ အပြန်အလှန် တိုက်ခိုက်ခဲ့ကြသည်။ ထို့ပြင် ထိုနေရာမှာ မြို့တော် ဒမတ်စတ် ပိုက်နက်အတွင်း သူပုန်များက သိမ်းပိုက်ထားသော နေရာ ၃ ခုမှ တစ်ခုလည်းဖြစ်သည်။

    ဆီးရီးယား နိုင်ငံပိုင်သတင်းဌာနကမူ အစိုးရတပ်များမှာ အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုများကို တွန်းလှန်နေပြီး၊ လက်နက်ကြီးများလည်း အသုံးပြုနေကာ ဒေသခံများကို မိမိအိမ်တွင်သာ နေထိုင်ရန် အမိန့်ပေးထားသည်ဟု ဖော်ပြခဲ့သည်။

    Ref: Aljazeera