News @ M-Media

Author: Ko Lay

  • ဒုံးကျည်ရန်မှ ပြည်သူများကို ကယ်ဆယ်ရေးလေ့ကျင့်မှု ဂျပန် ပထမဆုံး ပြုလုပ်

    ဒုံးကျည်ရန်မှ ပြည်သူများကို ကယ်ဆယ်ရေးလေ့ကျင့်မှု ဂျပန် ပထမဆုံး ပြုလုပ်

    မတ် ၁၇၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှု အများအပြား ပြုလုပ်ခဲ့ပြီး ဂျပန်နိုင်ငံမှာ ပြည်သူများကို ဒုံးကျည်ရန်မှ ကယ်ဆယ်ရေး ပထမဆုံး လေ့ကျင့်မှုကို ယနေ့တွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။

    လွန်ခဲ့သည့် တစ်ပတ်ကျော်က မြောက်ကိုရီးယားမှ ပစ်လွှတ်စမ်းသပ်ခဲ့သည့် တိုက်ချင်းပစ်ဒုံးကျည် ၄ စင်းမှာ ဂျပန်အနောက်မြောက်ဖက် ကမ်းရိုးတန်းသို့ ကျရောက်ခဲ့ပြီး ထိုအထဲမှ တစ်ခုမှာ အိုဂါမြို့နှင့် ကီလိုမီတာ ၂၀၀ ခန့်အကွာသို့ ရောက်ရှိခဲ့သည်။

    ယနေ့ပြုလုပ်သည့် ကယ်ဆယ်ရေးလေ့ကျင့်ခန်းမှာ မြောက်ကိုရီးယားက ဂျပန်ကျွန်းများအပေါ် တိုက်ချင်းပစ် ဒုံးကျည်များ ပစ်လွှတ်တိုက်ခိုက်မှုကို အခြေခံ၍ လေ့ကျင့်ခြင်းဖြစ်သည်။

    “ဒုံးကျည်ဟာ အိုဂါကျွန်းဆွယ်အနောက်ဖက် ကီလိုမီတာ ၂၀ အတွင်း ကျရောက်တယ်လို့ ယူဆရပါတယ်။ အစိုးရဟာ လက်ရှိမှာ အပျက်အဆီးကို ဆန်းစစ်နေပါတယ်” ဟု လေ့ကျင့်နေစဉ်အတွင်း ပြည်သူများအား အသိပေးသည့် စပီကာများမှ ပြောကြားခဲ့သည်။

    လေ့ကျင့်မှုအတွင်း ပြည်သူများမှာ အရေးပေါ်ပစ္စည်းများ၊ ကာကွယ်ရေး ၀တ်စုံများ ထားရှိပေးထားသည့် သတ်မှတ် ကယ်ဆယ်ရေးစင်တာများသို့ သွားရောက်ခဲ့ရသည်။ ထိုလေ့ကျင့်မှုတွင် ကျောင်းသားများအား ကယ်ထုတ်ရေး အစီအစဉ်လည်း ပါဝင်ခဲ့သည်။

    ဂျပန်အစိုးရ တာဝန်ရှိသူများကမူ ဒေသတွင်း လုံခြုံရေးဆိုင်ရာ အခြေအနေတွင် စိုးရိမ်မှု မြင့်တက်လာခြင်းကြောင့် ပြုလုပ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ဒီရက်တွေမှာ ဘာမဆို ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံတွေရဲ့ အပြုအမူကို မှန်းဆလို့မရဘူးလို့ပြောရင် ပိုမှန်ပါလိမ့်မယ်” ဟု အိုဂါမြို့တည်ရှိရာ အကီတာပြည်နယ်မှ လုံခြုံရေးဆိုင်ရာ အကြီးအကဲ အိုဆာမူ ဆိုင်တိုက ပြောကြားခဲ့သည်။

    Ref: CNA

  • နယ်ကျော်လာသည့် အစ္စရေးတိုက်လေယာဉ်များမှ တစ်စီးကို ပစ်ချခဲ့သည်ဟု ဆီးရီးယားပြော

    မတ် ၁၇၊ ၂၀၁၇
    M-Media

    – အစ္စရေး တိုက်လေယာဉ် ၄ စင်းမှာ မိမိတို့၏ လေပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်လာသည့်အတွက် မိမိတို့က ပစ်ချခဲ့ပြီး တစ်စီးပျက်ကျကာ အခြားတစ်စီးမှာလည်း ကျည်ထိမှန်သွားခဲ့သည်ဟု ဆီးရီးယားစစ်တပ်က ပြောကြားလိုက်သည်။

    မတ်လ ၁၇ ရက်နေ့ ဒေသစံတော်ချိန် မနက် ၂ နာရီ မိနစ် ၄၀ တွင် အစ္စရေးတိုက်လေယာဉ်များမှာ လက်ဘနွန်ပိုင်နက်မှတစ်ဆင့် ဆီးရီးယားသို့ ၀င်ရောက်လာခဲ့ပြီး ပါလ်မိုင်ရာမြို့သွားရာလမ်းရှိ စစ်စခန်းတစ်ခုကို ပစ်ခတ်ခဲ့သည်ဟု ဆီးရီးယားနိုင်ငံပိုင်သတင်းဌာန SANA က စစ်တပ်မှထုတ်ပြန်သည့် ကြေငြာချက်ကို ဖော်ပြခဲ့သ
    ည်။

    “ကျွန်တော်တို့ရဲ့ ကာကွယ်ရေးစနစ်ဟာ သူတို့နဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး သူတို့ သိမ်းပိုက်ထားတဲ့ ပိုင်နက်ပေါ်မှာ တစ်စီးကို ပစ်ချခဲ့ကာ နောက်တစ်စီးကတော့ ကျည်ဆံမှန်ခဲ့ပါတယ်။ ကျန်တဲ့လေယာဉ်တွေက ထွက်ပြေးသွားပါတယ်” ဟု အစ္စရေးက ကျူးကျော်သိမ်းပိုက်ထားသော ဆီးရီးယားပိုင် ဂိုလန်ကုန်းမြင့်ကို ရည်ညွှန်း၍ ကြေငြာချက်တွင် ဖော်ပြထားသည်။

    ထို့ပြင် အစ္စရေး၏ ထိုတိုက်ခိုက်မှုမှာ ရန်စမှုလုပ်ရန်ဖြစ်ပြီး IS အကြမ်းဖက်အဖွဲ့ကို ကူညီရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု ဆီးရီးယားစစ်တပ်က ထည့်သွင်းပြောကြားခဲ့သည်။

    ဆီးရီးယားအစိုးရတပ်မှာ ပါလ်မိုင်ရာ ရှေးဟောင်းမြို့ကို IS အကြမ်းဖက်သမားများလက်မှ မတ်လ ၂ ရက်နေ့တွင် ပြန်လည်သိမ်းပိုက်ခဲ့သည်။

    ဇန်န၀ါရီလကလည်း ဒမတ်စကတ်မြို့အနီးရှိ မာဇီဟ် လေတပ်စခန်းကို အစ္စရးက ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆီးရီးယားစစ်တပ်က ပြောကြားခဲ့သည်။ အစ္စရေးမှာ ယခင်ကလည်း ဆီးရီးယားပိုက်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ကာ ဆီးရီးစစ်တပ် ပစ်မှတ်များကို မကြာခဏ တိုက်ခိုက်ခဲ့သည်။

    Ref: Press TV

  • သြဇီ အင်္ဂလိကန်အသင်းတော်မှ ဘုန်းကြီးများ ကလေးများအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားသည်ဟု တိုင်ကြားခံရ

    သြဇီ အင်္ဂလိကန်အသင်းတော်မှ ဘုန်းကြီးများ ကလေးများအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားသည်ဟု တိုင်ကြားခံရ

    မတ် ၁၇၊ ၂၀၁၇
    M-Media

    – သြစတေးလျ အင်္ဂလိဂန်အသင်းတော်မှ ဘုန်းကြီများ၊ တာဝန်ရှိသူများမှာ ကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာစော်ကားမှုပြုလုပ်သည်ဆိုသည့် တိုင်ကြားမှု စုစုပေါင်း ၁၁၀၀ ကျော် ရှိသည်ဟု တော်ဝင် စုံစမ်းစစ်ဆေးရေးကော်မရှင်က ပြောကြားလိုက်သည်။

    ကျူးလွန်သည်ဆိုသည့် အဖြစ်အပျက်များမှာ ၁၉၈၀ မှ ၂၀၁၅ ခုနှစ်အကြား အချိန်ကာလတွင်ဖြစ်ပြီး ရဟန်းဝတ်ထားသည့် ဘုန်းကြီး ၂၄၇ ဦးအပါအ၀င် အသင်းတော်တွင် တာဝန်ထမ်းဆောင်နေသူ ၅၆၉ ဦးအပေါ် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

    အင်္ဂလိကန်အသင်းတော်ကလည်း ၎င်းတို့၏ ဂုဏ်သိက္ခာကို ကာကွယ်ရန် ကျူးလွန်ခံရသူများ တိုင်ကြားမှုမရှိစေရေး ကြိုးစားခဲ့သည်ဟု ၀န်ခံခဲ့သည်။

    ဂိုးဏ်ချုပ်ဘုန်းတော်ကြီး ဖိလစ် ဖရေအာကမူ အသင်းတော်၏ တုန့်ပြန်မှုအတွက် အလွန် ရှက်မိသည်ဟု ပြောကြားခဲ့သည်။

    ကလေးငယ်များ လိင်ပိုင်းဆိုင်ရာစော်ကားခံရမှု တုန့်ပြန်ရေး တော်ဝင်ကော်မရှင်မှာ အခြားသော ဘာသာရေးအဖွဲ့စည်းနှင့် ဘာသာရေးမဟုတ်သော အဖွဲ့အစည်းများအပေါ် ရှိနေသည့် စွပ်စွဲချက်များကိုလည်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။

    ပြီးခဲ့သည့်လက လူပေါင်း ၄၄၀၀ မှာ ၎င်းတို့အနေဖြင့် နှစ်ပေါင်း ၃၅ နှစ်အတွင်း သြစတေးလျ ကက်သလစ်အသင်းတော်မှ တာဝန်ရှိသူများ၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံခဲ့ရသည်ဟု တိုင်ကြားခဲ့ကြသည်။

    Ref : CNN

  • အိန္ဒိယမွတ်စလင် သမီးငယ်တစ်ဦး ဟိန္ဒူကျမ်းစာ အလွတ်ရွတ်ပြိုင်ပွဲတွင် ဗိုလ်စွဲ

    အိန္ဒိယမွတ်စလင် သမီးငယ်တစ်ဦး ဟိန္ဒူကျမ်းစာ အလွတ်ရွတ်ပြိုင်ပွဲတွင် ဗိုလ်စွဲ

    မတ် ၁၇၊ ၂၀၁၇
    M-Media

    မိခင်နှင့်အတူတွေ့ရသည့် ဖီရ်ဒေါက်စ်

    – အိန္ဒိယက အသက် ၆ နှစ်အရွယ် မွတ်စလင်သမီးငယ်လေးတစ်ဦးရဲ့ ဟိန္ဒူဘာသာရေးကျမ်းဖြစ်တဲ့ စီရ်မဒ် ဘဂ၀ဒ် ဂီတာကျမ်း (Srimad Bhagavad Gita) ပြည်နယ်အဆင့် အလွတ်ရွတ်ဆိုမှု ပြိုင်ပွဲမှာ ပထမ ရခဲ့တယ်လို့ သိရပါတယ်။

    အိုဒီရှာပြည်နယ် ကန်ဒါရာပါရာခရိုင်က ဖီရ်ဒေါက်စ်ဆိုတဲ့ သမီးငယ်လေးဖြစ်ပြီး ကန်ဒါရာပါရာက ဟိန္ဒူဘုရားကျောင်းတစ်ခုမှာ ဒီတစ်ပတ်ပြုလုပ်ခဲ့တဲ့ အငယ်တန်းပြိုင်ပွဲအတွင်း ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့တာဖြစ်ပါတယ်။

    “စီရ်မဒ် ဘဂ၀ဒ် ဂီတာကျမ်း ရွတ်ဆိုပြိုင်မှာ မွတ်စလင်မိန်းကလေးတစ်ယောက် ၀င်ရောက်ယှဉ်ပြိုင်မယ်ဆိုတဲ့သတင်းကို ကြားတဲ့အခါမှာ လူနည်းစုအဖွဲ့အစည်းမှာ ဖြစ်ပေါ်လာနိုင်တဲ့ ဝေဖန်မှုကို တွေးတောကာ စိတ်ထဲမှာတော့ ဒီလို အထိအခိုက်မခံတဲ့ ကိစ္စအတွက် ကြိုတင်ပြင်ဆင်မှုတွေကို တွေးထားပါတယ်။ မိဘတွေဆီက ခွင့်ပြုချက်တောင်းတယ်။ ပိုပြီး အံ့သြသွားတာက ဖီရ်ဒေါက်စ်ရဲ့မိခင်ဟာ ခွင့်ပြုချက်ပေးရုံသာမက ပြိုင်ပွဲတစ်လျှောက်လုံး ဘေးနားမှာ ရှိနေတာပါ” လို့ အကဲဖြတ်ဒိုင် ၃ ဦးထဲက တစ်ဦးဖြစ်တဲ့ အက်ရှာယာ ပါနီက ပြောကြားခဲ့ပါတယ်။

    စီရ်မဒ် ဘဂ၀ဒ် ဂီတာ ရွတ်ဖတ်မှုပြိုင်ပွဲ အငယ်တန်းအဆင့်မှာ ကလေးငယ် ၄၆ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဒိုင်လူကြီးတွေက သူတို့ရဲ့ အာဂုံဆောင်နိုင်မှု၊ ဖတ်ပြနိုင်မှု၊ ပရိတ်သတ်ကြိုက်နှစ်သက်မှု၊ အသံအနေအသံထားနဲ့ စိတ်ပါဝင်စားမှုတွေကိုကြည့်ပြီး အမှတ်ပေးဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

    “ဖီရ်ဒေါက်စ်ဟာ ပြိုင်ပွဲကပေးတဲ့ အမှတ် ၁၀၀ မှာ ၉၇.၅ မှတ် ရရှိခဲ့ပါတယ်” လို့ ပါနီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    ဖီရ်ဒေါက်စ်ဟာ ကန်ဒါရာပါရာမြို့က စာသင်ကျောင်းမှာ ပညာသင်ကြားနေပြီး စီရ်မဒ် ဘဂ၀ဒ် ဂီတာ ကျမ်းကို ဖတ်ရွတ်မှုဟာ ၀တ်ပြုချိန်ရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ကျောင်းရဲ့ ကျောင်းအုပ်ဆရာမကြီး အူရ်မီလာ ကားရ်က ဖီရ်ဒေါက်စ်ဟာ အင်မတန် ထက်မြက်တဲ့ကလေးဖြစ်တယ်လို့ ဆိုပါတယ်။

    “သူဟာ အဆင့် ၁ ကျောင်းသူတစ်ဦးပါ။ ကျမ်းစာတွေကို မဖတ်တတ်ပေမယ့် ကျွန်မတို့ဟာ နှုတ်တိုက် ကျက်မှတ်မှုကို အဓိကထားတာကြောင့် ၀တ်ပြုချိန်မှာဆိုတဲ့ ကျမ်းစာတွေကို သူက အလွတ်ကျက်မှတ်ထားတာပါ” လို့ ကျောင်းအုပ်ဆရာမကြီးက ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Ref: The Hindu

  • အိုဘားမား ဖုန်းကြားဖြတ်နားထောင်သည်ဟု ထရမ့်၏စွပ်စွဲမှု အထက်လွှတ်တော် ပယ်ချ

    အိုဘားမား ဖုန်းကြားဖြတ်နားထောင်သည်ဟု ထရမ့်၏စွပ်စွဲမှု အထက်လွှတ်တော် ပယ်ချ

    မတ် ၁၇၊ ၂၀၁၇
    M-Media

    – သမ္မတဟောင်း အိုဘားမားမှာ မိမိ၏ ဖုန်းပြောဆိုမှုများကို ကြားဖြတ်နားထောင်သည်ဆိုသည့် လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်၏ စွပ်စွဲချက်များကို အထက်လွှတ်တော် စုံစမ်းစစ်ဆေးရေးကော်မရှင်က ပယ်ချလိုက်သည်ဟု သိရသည်။

    ရီပက်ဘလစ်ကန် အထက်လွှတ်တော်အမတ် ရစ်ချက် ဘားရ်က ထုတ်ပြန်သောကြေငြာချက်တွင် Trump Tower မှာ ရွေးကောက်ပွဲမတိုင်ခင်နှင့် ရွေးကောက်ပြီးနောက်ပိုင်းတွင် စောင့်ကြည့်ခံရသည်ဆိုသော ‘မည်သည့်အထောက်အထားမှ မရှိ’ ဟု ပြောကြားခဲ့သည်။

    ထရမ့်က အိုဘားမားမှာ ဒီဇင်ဘာရွေးကောက်ပွဲအတွက် မဲဆွယ်မှုပြုလုပ်နေစဉ်အတွင်း မိမိ၏ဖုန်းများကို ကြားဖြတ်နားထောင်ခဲ့သည်ဟု Fox News ၏ အတည်မပြုနိုင်သော ဖော်ပြချက်ကို ကိုးကား၍ စွပ်စွဲခဲ့သည်။ Fox News က အိုဘားမားမှာ ဗြိတိန်ရှိ GCHQ အီလက်ထရောနစ် စောင့်ကြည့်ထောက်လှမ်းရေး အေဂျင်စီကို အကူအညီတောင်းက ထရမ့်၏ လှုပ်ရှားမှုများကို စောင့်ကြည့်ခဲ့သည်ဟု ဖော်ပြခဲ့သည်။ သို့သော်လည်း ထိုစွပ်စွဲမှုမှာ လုံးဝ အဓိပ္ပါယ်မရှိဟု GCHQ က ပြန်လည်တုန့်ပြန်ခဲ့သည်။

    ယခုကဲ့သို အထက်လွှတ်တော်ကော်မတီက စွပ်စွဲချက်များကို ပယ်ချခဲ့သော်လည်း ထရမ့်မှာ ၎င်း၏ ပြောကြားမှုဖက်မှ ဆက်လက်ရပ်တည်သွားမည်ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ရှောင် စပိုက်စာက ပြောကြားခဲ့ပြီး၊ အထက်လွှတ်တော်ကော်မတီက မည်သည့်အထောက်အထားမှ မတွေ့ဆိုသည့် ပြောကြားမှုကို လက်မခံဟုလည်း ဆိုသည်။

    “ကျွန်တော်တို့ရရှိတဲ့အချက်အလက်ကို အခြေခံပြီးပြောရရင် Trump Tower ကို ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲနေ့ မတိုင်ခင်ရော၊ ရွေးကောက်ပွဲအပြီးနောက်ပိုင်း အမေရိကန်အစိုးရရဲ့ အစိတ်အပိုင်းတစ်ခုခုက စောင့်ကြည့်ခဲ့တယ်ဆိုတဲ့ ဘယ်လိုအခြေအနေမျိုးကိုမှ မတွေ့ရပါဘူး” ဟု စုံစမ်းစစ်ဆေးရေးကော်မရှင် ဒုတိယဥက္ကဌ မာ့ခ် ၀ါနာနှင့် ပူးတွဲထုတ်ပြန်သော ကြေငြာချက်တွင် ဘားရ်က ထည့်သွင်းပြောကြားခဲ့သည်။

    ကြာသာပတေးနေ့အစောပိုင်းကလည်း အောက်လွှတ်တော်ဥက္ကဌ ပေါလ် ရိုင်ယန်က ထိုကဲ့သို့ ဖုန်းကြားဖြတ်နားထောင်ခြင်းမျိုး မရှိခဲ့ဟု ပြောကြားခဲ့သည်။

    Ref: BBC