မတ် ၈၊ ၂၀၁၇
M-Media

– မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်စလင်တွေအပေါ် ကျူးလွန်မှုတွေ ဆိုးဆိုးဝါးဝါးရှိနေတယ်ဆိုတဲ့ သတင်းတွေဟာ နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC ရဲ့ အာရုံစိုက်မှုကို လိုအပ်နေပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဇိုက် ရာအဒ် အလ် ဟူစိန်က ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။
ဂျီနီဗာက လူ့အခွင့်အရေးကောင်စီမှာ ဒီလိုပြောကြားလိုက်တာဖြစ်ပြီး ကာလရှည် ဆိုးဆိုးဝါးဝါး ညှင်းပမ်းနှိပ်စက်မှုမျိုးဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှု မြောက်နေပြီလို့လည်း ဆိုပါတယ်။ အလ် ဟူစိန်ဟာ နိုင်ငံပေါင်း ၄၀ ကျော်က လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတွေကို ဒီကောင်စီမှာ တင်ပြခဲ့တာဖြစ်ပါတယ်။
ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှု – အထူးသဖြင့် အောက်တိုဘာ ၉ ရက် မောင်တောခရိုင်က နယ်ခြားစောင့်စခန်းတွေ တိုက်ခိုက်ခံရပြီးတဲ့နောက်ပိုင်း အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေက ပြုလုပ်တဲ့ စစ်ဆင်ရေးမှာ ကျူးလွန်မှုတွေအတွက် အနည်းဆုံး ကော်မရှင်ဖွဲ့ စုံစမ်းဖို့လည်း လူ့အခွင့်အရေးကောင်စီကို အလ်-ဟူစိန်က တိုက်တွန်းခဲ့ပါတယ်။
နယ်ခြားစောင့်စခန်းတွေ တိုက်ခိုက်မှုမှာ အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင် ၁၀ ဦး ကျဆုံးခဲ့ပါတယ်။
စစ်တပ်ကလုပ်တဲ့ စစ်ဆင်ရေးအတွင်းမှာ အဓမ္မပြုကျင့်တာတွေ၊ တရားလက်လွတ် သတ်ဖြတ်တာတွေ၊ နေအိမ်မီးရှို့တာတွေရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် မြန်မာအစိုးရနဲ့ ရဲတပ်ဖွဲ့ကတော့ ဒီသတင်းတွေကို ငြင်းဆိုခဲ့ပါတယ်။
စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ၇၄၀၀၀ လောက် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ရသလို၊ ၂၀၀၀၀ ကျော်လောက်ဟာလည်း ပြည်နယ်အတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။
Ref : CNA








