News @ M-Media

Author: Ko Lay

  • အိန္ဒိယမွတ်စလင်လုပ်ငန်းရှင်တစ်ဦး အမိမြေတွင် ခေါင်းဆောင်ကောင်းများထွက်ပေါ်လာရေး ကြိုးပမ်း

    အိန္ဒိယမွတ်စလင်လုပ်ငန်းရှင်တစ်ဦး အမိမြေတွင် ခေါင်းဆောင်ကောင်းများထွက်ပေါ်လာရေး ကြိုးပမ်း

    မတ် ၇၊ ၂၀၁၇
    M-Media

    အိန္ဒိယ-အမေရိကန် မွတ်စလင် စီးပွားရေးနှင့် ပရဟိတသမား ဖရန့် အစ္စလာမ်

    – အိန္ဒိယနိုင်ငံတွင် ခေါင်းဆောင်ကောင်းများ ပေါ်ထွက်လာရန် ရည်ရွယ်၍ အိန္ဒိယ-အမေရိကန် မွတ်စလင် စီးပွားရေးနှင့် ပရဟိတသမား ဖရန့် အစ္စလာမ်မှာ အိန္ဒိယနိုင်ငံတွင် ကန်ဒေါ်လာ ၂ သန်းခန့် ကုန်ကျမည့် စီမံခန့်ခွဲမှုဆိုင်ရာ ကျောင်းတစ်ကျောင်းကို ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

    The Frank and Debbie Islam Management Complex ဟု အမည်ပေးထားသည့် အဆိုပါ ကျောင်းကို ‘အလီဂါဟ် မွတ်စလင် တက္ကသိုလ် (AMU)’ တွင် ဖွင့်လှစ်ထားသည်။

    “ဒီကျောင်းကနေပြီး အိန္ဒိယနဲ့ ကမ္ဘာကြီးကို ပိုကောင်းတဲ့နေရာအဖြစ် ပြုလုပ်ပေးမယ့် ခေါင်းဆောင်းတွေ ထွက်လာမှာပါ။ ဒါ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ပါ။ သတင်းအချက်အလက်မျှဝေရာ၊ အသိပညာ ဖလှယ်ရာ၊ ဖွံ့ဖြိုးတိုးတက်စေတဲ့ နေရာတစ်ခုအဖြစ်လည်း ကျွန်တော် မျှော်လင့်ထားပါတယ်။ တီထွင်ဆန်းသစ်တဲ့ စီမံကိန်းတွေကို ၀န်ထမ်းတွေနဲ့ ကျောင်းသားတွေ ပူးပေါင်းဆောင်ရွက်နိုင်မယ့်နေရာ ဖြစ်လာမှာဖြစ်ပြီး၊ ပညာရေးဆိုင်ရာ စွမ်းအားမြှင့်တင်ရေးဇုန်လည်း ဖြစ်ပါလိမ့်မ
    ယ်” ဟု ဖရန့်အစ္စလာမ်က ၎င်း၏ စီမံကိန်းနှင့် ပတ်သက်၍ ဖေဖော်ဝါရီလတွင် ပြောကြားခဲ့သည်။

    အမေရိကန်နှင့် အိန္ဒိယတို့အကြား ပြည်သူအချင်းချင်း ဆက်သွယ်ဆောင်ရွက်ရေးနှင့် ပတ်သက်၍ အစ္စလာမ်က လူနည်းစုများနှင့် ဇာတ်နိမ့်များ၏ ပညာရေးဆိုင်ရာ လိုအပ်ချက်များကို ဖြေရှင်းရေး အာရုံပိုစိုက်နိုင်ရန်အတွက် အားကောင်းသော အသိပညာပေးမှု ပြုလုပ်ရန် မျှော်လင့်သည်ဟုလည်း ဆိုသည်။

    “စွန့်ဦးလုပ်ငန်းရှင်တွေ တိုးတက်ဖို့၊ သူတို့ကို ထောက်ပံ့ပေးဖို့အတွက်၊ အမေရိကန်စီးပွားရေးတွေ၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့ စီးပွားရေးအသစ်စလုပ်ဖို့ စိတ်ဝင်စားသူတွေအကြား ဆက်သွယ်ပေးဖို့အတွက် ကျွန်တော်ရဲ့ အချိန်နဲ့ ရည်ရွယ်ချက်ကိုလည်း အာရုံစိုက်သွားမှာပါ” ဟု အစ္စလာမ်က ပြောကြားခဲ့သည်။

    အစ္စလာမ်မှာ လက်ရှိတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ FI Investment Group ကို ဦးဆောင်နေသည်။ ၎င်းမှာ ၁၉၉၄ ခုနှစ်တွင် နည်းပညာကုမ္ပဏီတစ်ခုဖြစ်သော QSS Group ကို တည်ထောင်ခဲ့ပြီး အလုပ်သမားတစ်ဦးတည်းမှ ၂၀၀၀ ကျော် များပြားလာသည်အထိ အောင်မြင်ခဲ့သည်။ အမြတ်အစွန်း ကန်ဒေါ်လာ သန်း ၃၀၀ ကျော် ရခဲ့သည့် အဆိုပါ ကုမ္ပဏီကို ၂၀၀၇ ခုနှစ်တွင် ရောင်းချခဲ့သည်။

    Ref: Two Cricles

  • မလေးရှားနိုင်ငံသားများ တိုင်းပြည်မှ ထွက်ခွာမှုကို မြောက်ကိုရီးယား ပိတ်ပင်

    မလေးရှားနိုင်ငံသားများ တိုင်းပြည်မှ ထွက်ခွာမှုကို မြောက်ကိုရီးယား ပိတ်ပင်

    မတ် ၇၊ ၂၀၁၇
    M-Media

    မလေးရှားလေဆိပ်တွင် လုပ်ကြံခံရသည့် ကင်ဂျုံနမ်

    – ကွာလာလမ်ပူတွင် ကင်ဂျုံနမ် လုပ်ကြံခံရမှုကြောင့် မြောက်ကိုရီးယားနှင့် မလေးရှားတို့၏ တင်းမာမှု မြင့်တက်နေစဉ် မြောက်ကိုရီးယားက ၎င်းတို့နိုင်ငံအတွင်းရှိ မလေးရှားနိုင်ငံသားများ တိုင်းပြည်မှ ထွက်ခွာမှုကို ပိတ်ပင်လိုက်ပြီး ဓားစာခံများအဖြစ် ပြုလုပ်လိုက်ခြင်းလည်း ဖြစ်သည်။

    မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာန KCNA က ယနေ့တွင် ကြေငြာခဲ့ခြင်းဖြစ်ပြီး မလေးရှားတွင် ဖြစ်ပွားနေသည့်ပြဿနာ ကျေကျေလည်လည် ဖြေရှင်းပြီးသည်အထိ ပိတ်ပင်ခြင်းဖြစ်သည်ဟု ဆိုသည်။

    မလေးရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီးက လက်ရှိတွင် မြောက်ကိုရီးယားနိုင်ငံ၌ မလေးရှားနိုင်ငံသား ၁၁ ဦး ရှိနေပြီး ၎င်းတို့ထဲမှ ၃ ဦးမှာ သံရုံးဝန်ထမ်းများဖြစ်သည်ဟု ပြောကြားခဲ့သည်။

    မြောက်ကိုရီးယား၏ ထိုလုပ်ရပ်ကို တုန့်ပြန်သောအနေဖြင့် မြောက်ကိုရီးယား သံရုံးမှ ၀န်ထမ်းအားလုံးနှင့် သံတမန်များကို မလေးရှားက ထွက်ခွာခွင့် ပိတ်ပင်လိုက်ပြီဟု မလေးရှား နိုင်ငံခြားရေးဝန်ကြီး အဟ်မဒ် ဇာဟ်စ် ဟာမီဒီက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်၏ အဖေတူ အမေကွဲအစ်ကိုဖြစ်သူ ကင်ဂျုံနမ် အသတ်ခံရမှုမှာ မြောက်ကိုရီးယား အစိုးရလက်ချက်ဖြစ်သည်ဟု တောင်ကိုရီးယားက စွပ်စွဲထားသည်။ မြောက်ကိုရီးယားက ကင်ဂျုံနမ်၏ အလောင်းကို ပြန်လိုချင်သော်လည်း မလေးရှားက ပြန်မပေးဘဲ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ကာ မြောက်ကိုရီးယားနိုင်ငံသားများကိုလည်း သံသယရှိသူများအဖြစ် ကြေငြာခဲ့သောကြောင့် နှစ်နိုင်ငံ တင်းမာမှု မြင့်တက်လာခြင်းဖြစ်သည်။

    ပြီးခဲ့သည့်တစ်ပတ်က မလေးရှားမှာ မြောက်ကိုရီးယားသံအမတ်ကို နှင်ထုတ်ခဲ့ပြီး သောကြာနေ့နှောင်းပိုင်းကလည်း မြောက်ကိုရီးယားက မလေးရှားသံအမတ်ကို နှင်ထုတ်ခဲ့သည်။

    Ref: CNA

  • ဂျပန်ရှိ အမေရိကန်စစ်စခန်းကို ပစ်မှတ်ထားနေသည်ဟု မြောက်ကိုရီးယား ကြေငြာ

    ဂျပန်ရှိ အမေရိကန်စစ်စခန်းကို ပစ်မှတ်ထားနေသည်ဟု မြောက်ကိုရီးယား ကြေငြာ

    မတ် ၇၊ ၂၀၁၇
    M-Media

    – တနင်္လာနေ့က ဂျပန်ဘက်သို့ ဒုံးကျည်ပစ်လွှတ်စမ်းသပ်မှုမှာ ဂျပန်နိုင်ငံရှိ အမေရိကန် စစ်အခြေစိုက်စခန်းကို ပစ်မှတ်ထားသော လေ့ကျင်မှု အစိတ်အပိုင်းတစ်ခုဖြစ်သည်ဟု မြောက်ကိုရီးယားက ပြောကြားလိုက်သည်။

    ဂျပန်ပင်လယ်ပြင်သို့ ဒုံးကျည် ၄ လုံး ပစ်ခတ်ရာတွင် ၃ လုံးမှာ ဂျပန်အထူးစီးပွားရေးဇုန်အတွင်းသို့ ကျရောက်ခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာန KCNA က အဆိုပါ ပစ်လွှတ်မှုမှာ ဂျပန်ရှိ အမေရိကန် စစ်အခြေစိုက်စခန်းများကို တိုက်ခိုက်ရန် တာဝန်ပေးခံထားရသည့် ကြည်းတပ်အဖွဲ့တစ်ခုက ပစ်လွှတ်ခြင်းဖြစ်သည်ဟု ဆိုသည်။

    “လေ့ကျင့်မှုမှာ ပါဝင်တာက KPA မဟာဗျူဟာတပ်ဖွဲ့ရဲ့ Hwasong လက်နက်ကြီးတပ်ဖြစ်ပြီး ဂျပန်က အမေရိကန် နယ်ချဲ့ကျူးကျော်သူရဲ့ အခြေစိုက် စခန်းတွေကို တိုက်ခိုက်နိုင်ချေအတွက် စမ်းသပ်တာဖြစ်ပါတယ်။ လက်နက်ကြီး တပ်သားတွေရဲ့ နှလုံးသားထဲမှာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ဆက်လက်လုပ်ဆောင်နေတဲ့ စစ်လိုလားသူတွေကို အညှာတာမဲ့ လက်စားချေချင်တဲ့ ဆန္ဒတွေ ပြင်းပြနေပါတယ်” ဟု KCNA က ကြေငြာခဲ့သည်။

    အဆိုပါ ပစ်လွှတ်မှုမှာ အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တုန့်ပြန်ခြင်း ဖြစ်နိုင်ပြီး ထိုကဲ့သို့ စစ်ရေးလေ့ကျင်မှုမှာ ၎င်းတို့အား တိုက်ခိုက်ရန် ပြင်ဆင်ခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားက ယူဆထားသည်။

    အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ရှောင် စပိုက်ဆာက ထိုကဲ့သို့ ဒုံးကျည်ပစ်လွှတ်မှုမှာ မြောက်ကိုရီးယား၏ မပြောင်းလဲသော ရန်စမှုလုပ်ရပ်ဖြစ်သည်ဟု ပြောကြားခဲ့ပြီး၊ တောင်ကိုရီးယားတွင် အမေရိကန်၏ THAAD ဒုံးခွင်းစနစ်ကို ချသွားမည်ဟု ဆိုသည်။

    Ref: RT

  • နိုင်ငံတကာ အမျိုးသမီးများနေ့အကြို အမျိုးသမီးများ၏ စွမ်းရည်ကို ထုတ်ဖော်လိုက်တဲ့ Emirate လေကြောင်းလိုင်း

    နိုင်ငံတကာ အမျိုးသမီးများနေ့အကြို အမျိုးသမီးများ၏ စွမ်းရည်ကို ထုတ်ဖော်လိုက်တဲ့ Emirate လေကြောင်းလိုင်း

    မေ ၇၊ ၂၀၁၇
    M-Media

    – မတ်လ ၈ ရက်နေ့မှာ ကျရောက်မယ့် ‘နိုင်ငံတကာအမျိုးသမီးများနေ့’ ကို ဂုဏ်ပြုတဲ့အနေနဲ့ Emirate လေကြောင်းလိုင်းဟာ ကမ္ဘာ့အကြီးဆုံးလေယာဉ် Airbus A380 ကို အာရပ် အမျိုးသမီး လေယာဉ်မှူးနှစ်ဦးက မောင်းနှင်နေတဲ့ ဗီဒီယိုကို မတ်လ ၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

    ယူအေအီးကနေ ဗီယင်နာကို ပျံသန်းတဲ့ ဒီလေယာဉ်ကို အီဂျစ်နိုင်ငံသူ လေယာဉ်မှူး နီဗင် ဒါဝစ်ရှ်နဲ့ ယူအေအီးနိုင်ငံသူ အလီယာ အလ်-မူဟိုင်ရီတို့က ကိုင်တွယ်မောင်းနှင်တာဖြစ်ပါတယ်။ ဒါဝစ်ရှစ်ဟာ A380 ကို ကိုယ်တွယ်မောင်းနှင်တဲ့ ပထမဆုံး အာရပ်အမျိုးသမီးအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး၊ အလ်-မူဟိုင်ရီက ယူအေအီးရဲ့ အသက်အငယ်ဆုံး အမျိုးသမီး လေယာဉ်မှူးပါ။

    Emirate လေကြောင်းလိုင်းရဲ့ ၀န်ထမ်းပေါင်း ၂၉၀၀၀ မှာ ၄၄ ရာခိုင်နှုန်းနီးပါးဟာ အမျိုးသမီးတွေဖြစ်ပါတယ်။ ၀န်ထမ်းအားလုံးထဲက ၁၈၀၀၀ ဟာ လေယာဉ်အမှူးထမ်းအဖြစ် အလုပ်လုပ်ကြပြီး ၂.၅ ရာခိုင်နှုန်းနီးပါးက စီမံခန့်ခွဲရေး တာဝန်တွေကို ယူထားကြပါတယ်။

    အမျိုးသမီး လေယာဉ်အမှုထမ်းတွေဟာ နိုင်ငံပေါင်း ၂၄ နိုင်ငံကဖြစ်ပြီး အသက် ၂၀ ကနေ ၅၉ နှစ်အကြားမှာ ရှိနေပါတယ်။

    Emirate လေကြောင်းလိုင်း တိုးတက်လာမှုနဲ့အတူ အမျိုးသမီးအမှုထမ်းအရေအတွက်ဟာလည်း မြင့်တက်လာခဲ့ပြီး ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်းမှာ အမျိုးသမီးဝန်ထမ်းဟာ ၆ ရာခိုင်နှုန်းလောက် တိုးတက်လာတယ်လို့ ဆိုပါတယ်။

    Ref: The National, Gulf News

  • မွတ်စလင်နိုင်ငံအချို့ ဗီဇာပိတ်သည့် အမိန့်ကို ထရမ့်က ထပ်မံထုတ်ပြန်

    မွတ်စလင်နိုင်ငံအချို့ ဗီဇာပိတ်သည့် အမိန့်ကို ထရမ့်က ထပ်မံထုတ်ပြန်

    မတ် ၇၊ ၂၀၁၇
    M-Media

    – မွတ်စလင်နိုင်ငံတစ်ချို့မှ နိုင်ငံသားများကို ယာယီ ဗီဇာပိတ်ပင်မှု အမိန့်အား အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယမန်နေ့တွင် ထပ်မံ ထုတ်ပြန်လိုက်ပြီး ယခုအမိန့်တွင် အီရတ်နိုင်ငံ မပါဝင်တော့ဘဲ အချို့ ပြောင်းလဲမှုများလည်း ပြုလုပ်ထားသည်ဟု သိရသည်။

    နိုင်ငံ ၇ နိုင်ငံပါဝင်သော ယခင် ဗီဇာပိတ်သည့်အမိန့်ကို ဖက်ဒရယ်တရားသူကြီးက ဆိုင်းငံ့ထားသောကြောင့် ထရမ့်က ယခုကဲ့သို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ယခုအမိန့်တွင် အီရန်၊ လစ်ဗျား၊ ဆီးရီးယား၊ ဆိုမာလီယာ၊ ဆူဒန်၊ ယီမင်တို့သာ ပါတော့ပြီး အီရတ်နိုင်ငံမှာ ပြုတ်သွားခဲ့သည်။

    ထို့ပြင် မတ်လ ၁၆ ရက်နေ့ ညသန်းခေါင်ယံအချိန်တွင် စတင် အာဏာသက်ရောက်ကာ ရက်ပေါင်း ၉၀ ကြာမြင့်မည့် ယခုအမိန့်မတိုင်ခင် ဗီဇာ ရရှိထားသူများအနေဖြင့် နိုင်ငံအတွင်း ၀င်ရောက်ခွင့်ပေးရန်၊ အမြဲတမ်းနေထိုင်ခွင့်ပေးသည့် Green Card ကိုင်ဆောင်ထားသူများ ယခုအမိန့် သက်ရောက်ခြင်းမရှိရန် စသည့် အချက်များလည်း ပါဝင်လာခဲ့သည်။

    သို့သော်လည်း American Civil Liberties Union (ACLU) အဖွဲ့အပါအ၀င် လူ့အခွင့်အရေးအဖွဲ့များက ယခု အမိန့်အသစ်မှာလည်း ယခင်မှားယွင်းမှုမျိုးကိုပင် ပြန်လည် ဖော်ဆောင်ခြင်းဖြစ်သည်ဟု ဝေဖန်ထားသည်။

    “မွတ်စလင်တွေကို ပိတ်ပင်တဲ့အမိန့်အတွက် အမှန်တကယ် ပြင်ဆင်ရမယ့်နည်းလမ်းက ဒီလိုပိတ်ပင်မှုမျိုး လုပ်ကို မလုပ်ရမှာပါ။ အဲဒီအစား သမ္မတထရမ့်က ဘာသာရေးခွဲခြားမှုကို ထပ်မံကျူးလွန်လိုက်ပြီး တရားရုံးတွေနဲ့ ပြည်သူတွေရဲ့ လက်မခံမှုကိုသာ မျှော်လင့်ရတော့မှာပါ” ဟု ACLU က ထုတ်ပြန်သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    ယခင်အမိန့်တွင် အဆိုပါနိုင်ငံများမှာ ဘာသာရေးလူနည်းစုများကို ဦးစားပေးမည်ဆိုသည့်အချက် ပါဝင်သော်လည်း ယခုအမိန့်တွင် ပါဝင်လာခြင်းမရှိတော့ပေ။

    Ref: Aljazeera