News @ M-Media
Author: Ko Lay
  • စိုက်ပျိုးမွေးမြူးရေး ပြဿနာများအတွက် အစိုးရထံ ဖုန်းဆက် အကူအညီတောင်းနိုင်
    စိုက်ပျိုးမွေးမြူးရေး ပြဿနာများအတွက် အစိုးရထံ ဖုန်းဆက် အကူအညီတောင်းနိုင်
    မတ် ၆၊ ၂၀၁၇
    M-Media
    – လယ်ယာစိုက်ပျိုးရေးနှင့် ဆက်စပ်သည့် ပြဿနာများကို တောင်သူဦးကြီးများ မေးမြန်းအဖြေရှာနိုင်မည့် ဖုန်းလိုင်းတစ်ခုကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက စီစဉ်ပေးထားသည်ဟု သိရသည်။
    မတ်လ ၁ ရက်နေ့က စတင်ဝန်ဆောင်မှုပေးသည့် အဆိုပါဖုန်းလိုင်းမှာ ခေတ်မီစိုက်ပျိုးရေးနှင့် ကုန်ထုတ်လုပ်ရေး နည်းပညာများ၊ ထုတ်ပိုးမှုနည်းလမ်းများ၊ ပို့ဆောင်ရေးနည်းလမ်းများနှင့် ဈေးကွက် သတင်းအချက်အလက်များကို တောင်သူလယ်သမားများအား ထောက်ပံ့ပေးသွားမည်ဖြစ်သည်။
    “စိုက်ပျိုးရေး ဦးစီးဌာနရဲ့ ဒီ call center ဟာ မျိုးစေ့နည်းပညာတွေ၊ ပင်ဖျက်ပိုးပြဿနာတွေ၊ မြေဆီနဲ့ မြေသြဇာအကြောင်းအရာတွေ အပါအ၀င် တောင်သူဦးကြီးတွေ၊ စိုက်ပျိုးရေးလုပ်ကိုင်နေသူတွေ၊ တစ်နိုင်တစ်ပိုင် စွန့်ဦးစီးပွားရေးပညာရှင်တွေ မေးမြန်းလာတဲ့ မေးခွန်းတွေအတွက် အရှင်းလင်းဆုံးနဲ့ အထိရောက်ဆုံး အဖြေတွေ ပေးသွားမှာဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားခဲ့သည်။
    ထို့ပြင် ယခုဆောင်ရွက်မှုမှာ နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်သော၊ ရေရှည်တည်တံ့သော စိုက်ပျိုးရေးနည်းစနစ် ဖွံ့ဖြိုးလာရေး၊ စားနပ်ရိက္ခာ ဖူလှုံစေခြင်းအားဖြင် လူထု၏ လူမှုစီးပွားအခြေအနေကို မြှင့်တင်ပေးရေး အားထုတ်မှုများ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ၎င်းက ထည့်သွင်း ပြောဆိုခဲ့သည်။
    အကူအညီလိုအပ်သူများအနေဖြင့် 01-2399555 နံပါတ်သို့ ရုံးဖွင့်ရက်များတွင် မနက် ၁၀ နာရီမှ ၃ နာရီအထိ မေးမြန်းနိုင်ပြီး Viber မှ အခမဲ့စာတိုများပို့၍လည်း မေးမြန်းနိုင်မည်ဖြစ်သည်။ တောင်သူလယ်သမားများ မေးမြန်းသည့် ပြဿနာများကို ချက်ခြင်း ဖြေကြားမှုမပြုနိုင်ပါက ကျွမ်းကျင်သူများထံ မေးမြန်းကာ ၂၄ နာရီအတွင်း ပြန်လည် ဖြေကြားပေးမည်ဖြစ်သည်။
    Ref : mmtimes
  • အဖမ်းမခံသည့် ဘုန်းကြီး၏ သာသနာရေးဆိုင်ရာ ဘွဲ့များကို ထိုင်းဘုရင် ရုပ်သိမ်း
    အဖမ်းမခံသည့် ဘုန်းကြီး၏ သာသနာရေးဆိုင်ရာ ဘွဲ့များကို ထိုင်းဘုရင် ရုပ်သိမ်း
    မတ် ၆၊ ၂၀၁၇
    M-Media
    အဖမ်းမခံဘဲ ရှောင်တိမ်းနေသည့် ဘုန်းတော်ကြီး Phra Dhammajayo
    – ငွေကြေးမသမာမှုအပါအ၀င် လိမ်လည်မှုများ ရှိနေသည့်အတွက် ဖမ်းဝရမ်းထုတ်ခံထားရသည့် နာမည်ကြီးဘုန်းကြီး Phra Dhammajayo ၏ သာသနာရေးဆိုင်ရာ ဘွဲ့ထူးဂုဏ်ထူးများကို ထိုင်းဘုရင် မဟာ ၀ီဇရလောင်ကွန်က ရုပ်သိမ်းလိုက်သည်ဟု Royal Gazeete က ယမန်နေ့တွင် ဖော်ပြခဲ့သည်။
    ထိုင်းလုံခြုံရေးတပ်ဖွဲ့များမှာ အဆိုပါ ဘုန်းတော်ကြီး သီတင်းသုံးရာ Dhammakaya ကျောင်းတိုက်အား ၂ ပတ်ကျော်ကြာ ၀န်းရံထားပြီး ရှာဖွေမှုများ ပြုလုပ်ခဲ့သော်လည်း မတွေ့ခဲ့သည့်နောက်ပိုင်း ယခုကဲ့သို့ ဘွဲ့ရုပ်သိမ်းမှု ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။
    Royal Gazeete က ဘုန်းတော်ကြီးမှာ ၎င်းအပေါ်တင်ထားသည့် စွဲချက်များကို ဖြေရှင်းမှုမရှိသောကြောင့် ဘွဲ့များရုပ်သိမ်းရန် ထိုင်းအစိုးရ၏ တောင်းဆိုမှုကို ဘုရင်က သဘောတူခဲ့သည်ဟု ဆိုသည်။
    ယခုကဲ့သို့ ဘွဲ့တံဆိပ်များ ရုပ်သိမ်းမှုမှာ Phra Dhammajayo အား ရဟန်းအဖြစ်မှ သိက္ခာချခြင်းမဟုတ်ဘဲ ထိုင်းသံဃာ့ကောင်စီကသာ ရဟန်းအဖြစ်မှ လူဝတ်လဲပေးနိုင်သည်။ သို့သော်လည်း အဆိုပါ ဘုန်းတော်ကြီးမှာ Phra Thepyan Mahamuni Sri Dhamma Kosol ဟူသည့်ဘွဲ့ကို ထပ်မံ၍ အသုံးပြုနိုင်တာ့မည်မဟုတ်ပေ။
    Dhammakaya ကျောင်းတိုက်ကမူ ထိုကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။
    Ref: Bangkokpost
  • PPT ၏ မြန်မာနိုင်ငံဆိုင်ရာ ကြားနာမှု ယနေ့စမည်
    PPT ၏ မြန်မာနိုင်ငံဆိုင်ရာ ကြားနာမှု ယနေ့စမည်
    မတ် ၆၊ ၂၀၁၇
    M-Media
    ကြားနာမှုပြုလုပ်မယ့် Queen Mary တက္ကသိုလ်
    – ရောမအခြေစိုက် ‘နိုင်ငံတကာ အမြဲတမ်း ပြည်သူ့ ခုံသမာဓိရုံး’ (PPT) မှာ မြန်မာနိုင်ငံဆိုင်ရာ ကြားနာမှုကို ယနေ့မှ စတင်ကာ မတ်လ ၈ ရက်နေ့အထိ လန်န်မြို့ရှိ Queen Mary တက္ကသိုလ်တွင် ပြုလုပ်သွားမည်ဟု သိရသည်။
    အဆိုပါ ကြားနာမှုအတွင်း ရိုဟင်ဂျာနှင့် ကချင်လူနည်းစုများအပေါ် လုံခြုံရေးတပ်ဖွဲ့များက ရာဇ၀တ်မှု ကျူးလွန်မှုနှင့် ပတ်သက်၍ အထောက်အထားများကို တင်ပြသွားမည်ဖြစ်ကာ၊ ကျွမ်းကျင်သူများ၏ မှတ်ချက်များကိုလည်း နားထောင်သွားမည်ဖြစ်သည်။
    “ဒီလူမျိုးစု (ရိုဟင်ဂျာနှင့် ကချင်) တွေအပေါ်မှာ မြန်မာနိုင်ငံရဲ့ ဆိုးဆိုးဝါးဝါး ဆက်ဆံမှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်က PPT နှစ်တော်တော်များများ ကျွန်တော်တို့ စိုးရိမ်စရာ ဖြစ်ခဲ့ပါတယ်။ မြန်မာအစိုးရက နိုင်ငံတက ရာဇ၀တ်မှုတွေကို ကျူးလွန်တာမျိုး ရှိနေတယ်ဆိုတဲ့အပေါ် ယုံကြည်စိတ်ချရပြီး သမာသမတ်ကျတဲ့ ခုံးသမာဓိရုံးတစ်ခု ဖြစ်လာဖို့ ကျူးလွန်ခံရသူတွေက တောင်းဆိုမှုကို အပြုသဘောဆောင်စွာ တုန့်ပြန်နိုင်ခဲ့တဲ့အတွက် ကျွန်တော်နဲ့ ကျွန်တော့် လုပ်ဖော်ကိုင်ဖက်တွေက ၀မ်းသာမိပါတယ်” ဟု ခုံသမာဓိရုံး၏ အထွေထွေအတွင်းရေးမှူး ဒေါက်တာ ဂီယန်နီ တော့ဂ်နိုနီက ပြောကြားခဲ့သည်။
    Queen Mary တက္ကသိုလ်၏ State Crime Initiative ဌာန၊ Yale Law School နှင့် Fortify Rights, Human Rights Watch, Burma Task Force တို့ကဲ့သို့ လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ အခြားအသင်းအဖွဲ့များက ထုတ်ပြန်သော အစီရင်ခံစာများအရ လူမျိုးတုန်းသတ်ဖြတ်မှုဟု ပြော၍ရသသည့် အခြေအနေကို ညွှန်ပြနေသော ရာဇ၀တ်မှုများ၊ အခြေခံလူ့အခွင့်အရေး ချိုးဖောက်မှုများကို ရိုဟင်ဂျာမွတ်စလင်များ ခံစားနေရသည်ဟု ဖော်ပြနေသည်။
    မြန်မာအစိုးရ၊ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့ကမူ ထိုစွပ်စွဲမှုအားလုံးကို ငြင်းဆိုထားသည်။
    ကချင်ပြည်သူများမှာလည်း ဆယ်စုနှစ်ပေါင်းများစွာ အစိုးရ၏ ဖိနှိပ်ချုပ်ချယ်မှုကို ခံစားနေရပြီး ရွာလုံးကျွတ် မီးရှို့ခံရမှုများ၊ အိုးအိမ်စွန်ခွာ ထွက်ပြေးကာ ဒုက္ခသည်စခန်းများတွင် ခိုလှုံ နေထိုင်ရမှုများ၊ ဘုရားကျောင်းများ ဖျက်ဆီးခံရမှုများ ရှိနေသည်။
    PPT ၏ ကြားနာမှုအတွင်း ကချင်နှင့် ရိုဟင်ဂျာ လူ့အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက မြန်မာအစိုးရမှာ နိုင်ငံတကာဥပဒေအောက်တွင် ရာဇ၀တ်မှုများ ကျူးလွန်နေသည်ဟု ဂျူရီအဖွဲ့ရှေ့တွင် ထွက်ဆိုရန် ရှိနေသည်။
    Ref: Chicagomonitor
  • အိုဘားမား ဖုန်းကြားဖြတ်နားထောင်သည့်ကိစ္စ စုံစမ်းရန် အိမ်ဖြူတော် တောင်းဆို
    အိုဘားမား ဖုန်းကြားဖြတ်နားထောင်သည့်ကိစ္စ စုံစမ်းရန် အိမ်ဖြူတော် တောင်းဆို
    မတ် ၆၊ ၂၀၁၇
    M-Media
    – ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲ မဲဆွယ်မှုကာလအတွင်း ၎င်း၏ ဖုန်းပြောဆိုမှုကို အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ကြားဖြတ်နားထောင်ခဲ့သည်ဟု လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်၏ စွပ်စွဲပြောကြားမှုကို စုံစမ်းရန် အိမ်ဖြူတော်က အောက်လွှတ်တော်အား ယမန်နေ့တွင် တိုက်တွန်းလိုက်သည်။
    ထရမ့်မှာ သောကြာနေ့က ထိုစွပ်စွဲချက်ကို ၎င်း၏ Twitter စာမျက်နှာတွင် လွှင့်တင်ခဲ့ခြင်းဖြစ်ပြီး သမ္မတအိုဘားမားမှာ အာဏာအလွဲသုံးစားလုပ်ခဲ့သည်ဟု ဆိုသည်။ လက်ယာစွန်း သတင်းဌာနတစ်ခုဖြစ်သော Breitbart News ၏ ရင်းမြစ်မခိုင်မာဘဲ ဖော်ပြသည့် အချက်အလက်ကို အခြေခံ၍ ထရမ့်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
    အိမ်ဖြူတော် ပြန်ကြာရေးတာဝန်ရှိသူ ရှောင် စပိုက်ဆာက အောက်လွှတ်တော်အနေဖြင့် ထိုကိစ္စအား စုံစမ်းစစ်ဆေးပေးရန် အလိုရှိနေသည်ဟု ဆိုသည်။ ထရမ့်၏ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး ဆာရာ ဆန်ဒါးစ်ကလည်း ထိုကိစ္စ အမှန်တကယ် ဖြစ်ပွားပါက အုပ်ချုပ်ရေးပိုင်းတွင် အကြီးကျယ်ဆုံး အာဏာအလွဲသုံးစားပြုမှုနှင့် အကောက်ကြံမှုဖြစ်သည်ဟု ပြောကြားခဲ့သည်။
    အိုဘားမားက ထရမ့်၏ စွပ်စွဲချက်များမှာ လုံးဝ မှားယွင်းမှုဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူမှတစ်ဆင့် ပြောကြားခဲ့သည်။
    အမေရိကန်ဥပဒေအရ သမ္မတအနေဖြင့် ထိုကဲ့သို့ ဖုန်းများကို ကြားဖြတ်နားထောင်ရန် အမိန့်ပေး၍မရဘဲ သံသယဖြစ်စရာ အကျိုးအကြောင်း ခိုင်ခိုင်မာမာ ပြနိုင်မှသာလျှင် ဖက်ဒရယ်တရားသူကြီးတစ်ဦး၏ ခွင့်ပြုချက်ဖြင့် ပြုလုပ်နိုင်သော ကိစ္စဖြစ်သည်။
    ထရမ့်၏ ထိုစွပ်စွဲချက်မှာ မှားယွင်းသည်ဟု ယူဆထားသည့် FBI ဒါရိုက်တာ ဂျိမ်းစ် ကိုမေးက တရားရေးဌာနအနေဖြင့် ထိုစွပ်စွဲချက်ကို လူသိရှင်ကြား ငြင်းဆိုရန် တောင်းဆိုခဲ့သည်ဟု အကြီးတန်း တာဝန်ရှိသူများ၏ ပြောစကားကို ကိုးကား၍ နယူးယောက်တိုင်းမ်စ် သတင်းစာက ယမန်နေ့တွင် ဖော်ပြခဲ့သည်။ သို့သော်လည်း တရားရေးဌာနမှာ ထိုကဲ့သို့ ပြုလုပ်ခဲ့ခြင်း မရှိချေ။
    Ref : CNA
  • မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု ဂျပန်ပိုင်နက်ထဲကျ
    မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု ဂျပန်ပိုင်နက်ထဲကျ
    မတ် ၆၊ ၂၀၁၇
    M-Media
    – မြောက်ကိုရီးယားမှာ ယနေ့မနက် အစောပိုင်းက ဒုံးကျည်း ၄ စင်းကို စမ်းသပ်ပစ်လွှတ်ခဲ့ပြီး ၃ စင်းမှာ ဂျပန်အထူးစီးပွားရေးဇုန်အတွင်းသို့ ကျရောက်ခဲ့သည်ဟု သိရသည်။
    တောင်ကိုရီးယားနှင့် အမေရိကန်တို့ လက်ရှိပြုလုပ်နေသည့် ပူးတွဲစစ်ရေးလေ့ကျင်မှုကို ဆန့်ကျင်သည့်အနေဖြင့် ထိုကဲ့သို့ ပစ်လွှတ်ခြင်းဖြစ်နိုင်ပြီး မြောက်ကိုရီးယားက ထိုစစ်ရေးလေ့ကျင့်မှုများမှာ ၎င်းတို့ကို တိုက်ခိုက်ရန် ပြင်ဆင်ခြင်းဖြစ်သည်ဟု မှတ်ယူထားသည်။
    တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ၀မ်ကီဂျွန်းက ဒုံးကျည်များမှာ ကီလိုမီတာ ၁၀၀၀ (မိုင်ပေါင်း ၆၂၀ အထိ) ပျံသန်းသွားခဲ့သည်ဟု ပြောကြားခဲ့သည်။ နိုင်ငံမြောက်ပိုင်း တွန်ချန်ရီပြည်နယ်မှ ပစ်လွှတ်ခြင်းဖြစ်ပြီး၊ တောင်ကိုရီးယား ယာယီသမ္မတက အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးကို ချက်ခြင်းခေါ်ယူရန် ရှိနေသည်။
    မြောက်ကိုရီးယားမှာ ပစ်လွှတ်လိုက်သည့် အဆိုပါ ဒုံးကျည်လေးစင်းမှာ ဂျပန်ပင်လယ်ပြင်တွင် ကျရောက်ခဲ့ပြီး ထိုအထဲမှ ၃ ခုမှာ ဂျပန် အထူးစီးပွားရေးဇုန်အတွင်းသို့ ရောက်ရှိခဲ့သည်။ မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းဌာနကမူ ထိုပစ်လွှတ်မှုကို ခေါင်းဆောင် ကင်ဂျုံအန်က ကြီးကြပ်ခဲ့သည်ဟု ဖော်ပြခဲ့သည်။
    Ref: CNN