ဖေဖော်ဝါရီ ၂၁၊ ၂၀၁၇
M-Media
– ယခင်အစိုးရဟောင်းလက်ထက်တွင် အာဏာရှင်စနစ်ကိုဆန့်ကျင်သည့် နာမည်ကျော် အယ်ဒီတာတစ်ဦးအား သတ်ဖြတ်မှု၊ ဂျာနယ်လစ်များနှင့် သဘောထားကွဲလွဲသူများအား တိုက်ခိုက်မှုများတွင် ပါဝင်သည်ဆိုသော သံသယဖြင့် စစ်ထောက်လှမ်းရေးအရာရှိများကို သီရိလင်္ကာရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်ဟု သိရသည်။
သမ္မတဟောင်း မာဟင်ဒါ ရာဂျာပက်ဆီကို ပြင်းပြင်းထန်ထန်ဝေဖန်သူ လာဆန်သာ ၀စ်ကရီမာတွန်ဂီမှာ Sunday Leader သတင်းစာ၏ အယ်ဒီတာတစ်ဦးဖြစ်ပြီး ၂၀၀၉ ခုနှစ် ဇန်န၀ါရီလက မြို့တော်ကိုလံဘိုတွင် အလုပ်ကို ကားဖြင့်အသွား အမည်မသိ သေနတ်သမားများ၏ ပစ်ခတ်လုပ်ကြံမှုကို ခံခဲ့ရခြင်း ဖြစ်သည်။
၎င်းသေဆုံးမှုအတွက် နိုင်ငံတကာမှ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပြီး သီရိလင်္ကာတွင် စာနယ်ဇင်းသမားများအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်၍ မီးမောင်းထိုးပြခဲ့ခြင်းလည်း ဖြစ်သည်။
စုံစမ်းစစ်ဆေးမှုများအရ ယမန်နေ့တွင် စစ်ထောက်လှမ်းရေး ၅ ဦးကို ဖမ်းဆီးခဲ့ပြီး စစ်ခေါင်းဆောင်များကို ဝေဖန်ခဲ့သည့် ဂျာနယ်လစ် ကိသ် နိုယာရ်အား ၂၀၀၈ ခုနှစ်တွင် ပြန်ပေးဆွဲမှုနှင့် ပတ်သက်သည့်အတွက်ကြောင့်ဟု စုံစမ်းစစ်ဆေးမှုနှင့် နီးစပ်သည့် ရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။
“နိုယာရ်ကို ပြန်ပေးဆွဲတဲ့အုပ်စုဟာ Sunday Leader အယ်ဒီတာ လာဆန်သာ ၀စ်ကရီမာတွန်ဂီကို လုပ်ကြံမှုနဲ့ အခြားတိုက်ခိုက်မှုများစွာမှာ ပါဝင်နေတယ်ဆိုတာ စုံထောက်တွေက တွေ့ခဲ့ရပါတယ်” ဟု အမည်မဖော်လိုသူတစ်ဦးက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။
စုံထောက်များက အဆိုပါဖမ်းဆီးထားသူ ၅ ဦးမှာ ထိပ်တန်း အရာရှိတစ်ဦး ဦးဆောင်သော ချေမှုန်းရေးအဖွဲ့တွင် ပါဝင်ခဲ့သည်ဟု တရားသူကြီးအား ပြောကြားခဲ့ပြီး၊ ခေါင်းဆောင်၏အမည်ကို ပြောကြားခဲ့ခြင်း မရှိချေ။ လာမည့်လများတွင် ရာထူးပိုမြင့်သူများကို ဖမ်းဆီးရန်ရှိနေသည်ဟု အဆိုပါရင်းမြစ်က ပြောကြားခဲ့သည်။
သီရိလင်္ကာရှိ ဗုဒ္ဓဘာသာ အစွန်းရောက်အဖွဲ့ BBS ကို အားပေးထောက်ခံသည့် သမ္မတဟောင်း ရာဂျာပက်ဆီနှင့် ၎င်း၏ မိသားစုဝင် အများအပြား ရာဂျာပက်ဆီ၏ သမ္မတသက်တမ်း ၁၀ နှစ်တာကာလအတွင်း ငွေကြေးလိမ်လည်မှုများ၊ သတ်ဖြတ်မှုများဖြင့် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများကို ခံနေရသည်။ အဆိုပါ ၁၀ နှစ်တာကာလအတွင်း အစိုးရကို ဝေဖန်သူ ဂျာနယ်လစ်နှင့် မီဒီယာဝန်ထမ်း ၁၇ ဦး အသတ်ခံခဲ့ရသည်။
Ref: Aljazeera