News @ M-Media

Author: Ko Lay

  • ဂမ်ဘီယာအာဏာရှင် ရာထူးစွန့်၍ တိုင်းပြည်မှထွက်ခွာ

    ဂမ်ဘီယာအာဏာရှင် ရာထူးစွန့်၍ တိုင်းပြည်မှထွက်ခွာ

    ဇန်န၀ါရီ ၂၂၊ ၂၀၁၇
    M-Media

    လေဆိပ်တွင်တွေ့ရသည့် ယဟ်ယာ ဂျာမေဟ်

    – ၁၉၉၄ ခုနှစ်က အာဏာသိမ်းပြီးနောက် ဂမ်ဘီယာနိုင်ငံဟား ၂၂ နှစ်ကြာ အုပ်စိုးခဲ့သည့် အာဏာရှင် ယဟ်ယာ ဂျာမေဟ်မှာ ယမန်နေ့ ရာထူးမှဆင်းပေးကာ နိုင်ငံအတွင်းမှ ထွက်ခွာသွားခဲ့ပြီဟု သိရသည်။

    မြို့တော်ဘန်ဂျူလ်ရှိ လေဆိပ်သို့ ဆွေးနွေးညှိနှိုင်းပေးသူ အလ်ဖာ ကွန်ဒီနှင့်အတူ ရောက်ရှိလာသည့် ဂျာမေဟ်ကို ဂုဏ်သရေရှိ ပုဂ္ဂိုလ်များ၊ စစ်သားများက နှုတ်ဆက်ခဲ့ကြပြီး အမည်မဖော်ပြထားသည့် လေယာဉ်ဖြင့်၊ အမည်မသိနေရာသို့ ထွက်ခွာသွားခြင်းဖြစ်သည်။

    ဒီဇင်ဘာ ၁ ရက်နေ့က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် ဂျာမေဟ်မှာ ပြိုင်ဘက် အဒါမာဘာရိုးအား ရှုံးနိမ့်ခဲ့သော်လည်း ရာထူးမှဆင်းပေးရန် ငြင်းဆိုခဲ့သည်။ ထို့ကြောင့် အနောက်အာဖရိကနိုင်ငံများ အဖွဲ့ဖြစ်သော ECOWAS က စစ်ရေးဖြင့် ကြားဝင်ရန် ပြင်ဆင်ခဲ့ပြီး၊ ၎င်းတို့၏ နောက်ဆုံး ရာဇသံပေးမှုကို ဂျာမေဟ်က လက်ခံခဲ့သည်။ ဂျာမေဟ်မှာ ဂီနီနိုင်ငံတွင် ခိုလှုံဖွယ်ရှိနေသည်။

    ကြာသာပတေးနေ့က ဆီနီဂေါနိုင်ငံရှိ ဂမ်ဘီယာသံရုံးတွင် သမ္မတသစ်အဖြစ် ကျမ်းကျိန်ခဲ့သည့် ဘာရိုးက မိမိအနေဖြင့် ဂျာမေ၏ ရာဇ၀တ်မှုများကို စုံစမ်းစစ်ဆေးရန် အမှန်တရားနှင့် ပြန်လည်ရင်ကြားစေ့ရေး ကော်မရှင်ကို ဖွဲ့စည်းသွားမည်ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း ဂျာမေဟ်အား ဖမ်းဆီးရန်နှင့် ခိုလှုံခွင့်မပေးရန် အွန်လိုင်းမှ စာရေးသားတောင်းဆိုမှုများကိုမူ သတိပြုရန် တိုက်တွန်းခဲ့သည်။

    လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက အတိုက်အခံများအား နှိပ်စက်ညှင်းပမ်းခြင်းနှင့် ထိန်းသိမ်းခြင်းတို့အပါဝင် ဂျာမေဟ်ကျူးလွန်ခဲ့သည်ဆိုသည့် ရာဇ၀တ်မှုများအတွက် ၎င်းအား တာဝန်ယူစေရန် တောင်းဆိုခဲ့သည်။

    ဘာရိုးကမူ ဂျာမေဟ်ထွက်သွားပြီးနောက် လုံခြုံရေးအရ ဆောင်ရွက်မှုများ ပြီးစီးသွားသည့်အချိန်တွင် ဂမ်ဘီယာသို့ ပြန်သွားမည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

     

  • လက်ယာစွန်းရောက် ပါတီများ၏ ဆွေးနွေးပွဲကို ဂျာမန်ပြည်သူများ ဆန္ဒပြ

    လက်ယာစွန်းရောက် ပါတီများ၏ ဆွေးနွေးပွဲကို ဂျာမန်ပြည်သူများ ဆန္ဒပြ

    ဇန်န၀ါရီ ၂၁၊ ၂၀၁၇
    M-Media

    – လက်ယာစွန်းရောက် ပါတီများ၏ ဆွေးနွေးပွဲကို ဆန့်ကျင်သည့်အနေဖြင့် ဂျာမနီနိုင်ငံ ကိုဘလန့်ဇ်မြို့၌ ယနေ့တွင် လူထောင်ပေါင်းများစွာ ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    ဂျာမနီ၊ ပြင်သစ်၊ အီတလီနှင့် အခြားသောနိုင်ငံများမှ လက်ယာစွန်းရောက် ပါတီခေါင်းဆောင်များမှာ ယနေ့တွင် ကိုဘလန့်ဇ်မြို့၌ စုဝေးကာ ညီလာခံ ကျင်းပးခြင်းဖြစ်သည်။

    ၎င်းတို့အား ဆန့်ကျင်ဆန္ဒပြသူများမှာ ၃၀၀ ခန့်ရှိပြီး အချို့မှာ အစည်းအဝေးပွဲပြုလုပ်မည့် အဆောက်အဦးအရှေ့တွင် ထိုင်သပိတ် ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် ‘နယ်စည်းမရှိ၊ နိုင်ငံမရှိ၊ နှင်ထုတ်မှုရပ်’ စသည့် ကြွေးကြော်သံများကိုလည်း ကြွေးကြော်ခဲ့ကြသည်။

    ဆန္ဒပြမှုမပြုလုပ်ခင် မြို့တွင်၌ ရဲတပ်ဖွဲ့ဝင်ပေါင်း ၁၀၀၀ ကျော်ကို တပ်ဖြန့်ချထားခဲ့သည်။

    AVAAZ တက်ကြွလှုပ်ရှားမှုအဖွဲ့မှ ဆန္ဒပြသူများက ကိုင်ဇာဝီလီယံ၏ ရုပ်ထုရှေ့တွင် အဒေါ့ဖ် ဟစ်တလာ၊ ဘီနီတို မူဆိုလီနီ၊ ဂျိုးဆက်ဖ်စတာလင်တို့နှင့် အခြားသော ကမ္ဘာ့အာဏာရှင်များ၏ ရုပ်ထုများကို သွားရောက် ချထားခဲ့ကြသည်။

    အဖွဲ့မှ ဦးဆောင်စီစဉ်သူ ပါစကယ် ဗိုလန်ဝိုင်းဒါးက အာဏာရှင်များ၏ အဆိုပါ ရုပ်ထုများမှာ ‘ကမ္ဘာ့နိုင်ငံသားများက ၎င်းတို့၏ အန္တရာယ်ရှိသော အယူအဆဟောင်းများအား ဆန့်ကျင်သည်ဆိုသည်ကို အမျိုးသားရေး နိုင်ငံရေးသမားများအား’ ခိုင်ခိုင်မာမာ သတင်းပေးခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ဆန္ဒပြမှုတွင် ဂျာမနီ ဆိုရှယ် ဒီမိုကရက်တစ်ပါတီ (SPD) မှ ခေါင်းဆောင် ဆစ်ဂ်မာ ဂါဘရီယဲလ်လည်း ပါဝင်ခဲ့သည်။ ဂျာမနီ ဂရင်းပါတီ၏ ဒုတိယဥက္ကဌဖြစ်သူ အမျိုးသမီး ဂျီယန် အက်ဆဲလ် ဘွန်းလည်း ဆန္ဒပြပွဲတွင် ပါဝင်ရန် စီစဉ်ထားသည်ဟု သတင်းများက ဖော်ပြကြသည်။

    Ref: Aljazeera

  • ၂၀၁၆ ခုနှစ်တွင် အထင်ကရဖြစ်ခဲ့သော မွတ်စ်လင်မ်အမျိုးသား ၉ ဦး

    ၂၀၁၆ ခုနှစ်တွင် အထင်ကရဖြစ်ခဲ့သော မွတ်စ်လင်မ်အမျိုးသား ၉ ဦး

    ဇန်န၀ါရီ ၂၁၊ ၂၀၁၇
    M-Media

    ၂၀၁၆ ခုနှစ်က ကြမ်းတမ်းစွာကျော်ဖြတ်ရတဲ့နှစ်ဆိုတာ ကျွန်တော်တို့ အားလုံး လက်ခံကြမှာပါ။ ဒါပေမယ့် မွတ်စ်လင်မ်တွေအဖို့ ပိုပြီး အားစိုက်ခဲ့ကြရပါတယ်။ ဒီနှစ်အတွင်း ကျွန်တော်တို့ရဲ့ စိတ်အာရုံကို နှိုးဆွနိုင်ခဲ့တဲ့ အမျိုးသားတွေကို ဒီလိုစာရင်းပြုစုတင်ပြလိုက်ပါရစေ။

    ၁။ ရိဇ် အဟ်မဒ် – Riz Ahmed

    ရိဇ် အဟ်မဒ်ဟာ ဗြိတိသျှ ရုပ်ရှင်သရုပ်ဆောင်နဲ့ ရက်ပါ တစ်ဦးဖြစ်ပါတယ်။ The Four Lions နဲ့ The Road to Guantanamo လို အရောင်ဆိုးမှုကင်းရှင်းတဲ့ ရုပ်ရှင်များမှာ ၀င်ရောက်ရိုက်ကူးခြင်းမပြုမီက သူဟာ အော့စ်ဖို့ဒ် တက္ကသိုလ်ကနေ နိုင်ငံရေး၊ ဒဿနိကနဲ့ စီးပွားရေးဘွဲ့များကို ရယူထားခဲ့တယ်။ မကြားသေးမီက သူ့ကို နောက်ဆုံး စတားဝါးရုပ်ရှင်ကားဖြစ်တဲ့ Rogue One မှာ တွေ့မြင်ကြရပါလိမ့်မယ်။ အဲ့ဒီမှာ သူက ဘိုဒီရော့ အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဘိုဒီရော့ ဆိုတာ ဂါလင်ရဲ့သြဇာခံ သူပုန်များကို ဆန့်ကျင်စွန်ခွာခဲ့တဲ့ အင်ပီရီယယ်ကုန်တင်ယာဉ် ပိုင်းလော့ဟောင်းတစ်ဦးဖြစ်တယ်။ လူထုပရိသတ်ရှေ့ရောက်ရှိလာတဲ့ သူဟာ လူနည်းစုဝင် သရုပ်ဆောင်တစ်ဦးအနေနဲ့ သူ့အတွေ့အကြုံတွေ၊ လေဆိပ်တွေမှာ လူမျိုးရေးဘာသာရေးခေါင်းစဉ်တပ်ခံနေရမှုအကြောင်းကို ပြောထုတ်နိုင်စေတဲ့ အခွင့်အရေး ရသွားစေပါတယ်။

    ၂။ ရမီ အန်းနစ္စ – Rami Anis


    သူဟာ ၂၀၁၆ နွေရာသီအိုလံပစ်အားကစားပွဲတော်ရဲ့ Rio de Janeiro မှာ ဒုက္ခသည်များအသင်းငယ်လေးကို ကိုယ်စားပြုဝင်ရောက်ပြိုင်ဆိုင်ခဲ့သူ ဆီးရီးယားအမျိုးသား ရေကူးသမားတစ်ဦးဖြစ်ပါတယ်။ မီတာ ၁၀၀ အလွတ်တန်းရေကူးပြိုင်ပွဲမှာ သူ့ကိုယ်ပိုင်စံချိန်ကို ပြန်ချိုးနိုင်ခဲ့သူပါ။ သူဟာ ရေကူးအားကစားသမားကောင်းတစ်ဦးဖြစ်ပြီး ၂၀၁၂ မှာ ဆီးရီးယားအသင်းအတွက် ရွေးချယ်စာရင်းဝင်ခဲ့တယ်။ သို့သော် ပြည်တွင်းစစ် အရှိန်မြင့်လာတာကြောင့် သူဟာ အလက်ပို ကနေ တူရကီကို ထွက်ခွာလာပြီး အစ်ကိုဖြစ်သူနဲ့အတူ နေထိုင်ခဲ့တယ်။ အိတ်ငယ်လေးတစ်လုံးထဲ ရက်သတ္တပတ်အနည်းငယ်စာ အ၀တ်အစားလေးထည့်ပြီးထွက်လာလိုက်တာ ဘယ်တော့မှ ပြည်တော်မပြန်နိုင်တော့မယ့်အကြောင်း အဲ့ဒီအချိန်က သူ မသိခဲ့ဘူး။ တူရကီမှာ လေးနှစ်နေထိုင်ဖြစ်ပြီးနောက် ဘယ်လ်ဂျီယံမှာ ခိုလှုံနေထိုင်ခွင့် ရယူခဲ့ပါတယ်။ “လာမယ့် ၂၀၂၀ အိုလံပစ်မှာ ကျွန်တော့်အမိမြေနိုင်ငံတော်အလံအောက်က ကိုယ်စားပြုဝင်ပြိုင်နိုင်ဖို့ မျှော်လင့်နေပါတယ်” လို့ သူက ပြောကြားထားပါတယ်။

    ၃။ ခမောက်ဖြူများ – White Helmets

    ဆီးရီးယားအရပ်ဖက်ကာကွယ်ရေး လို့လည်း ကျော်ကြားတဲ့ ခမောက်ဖြူအဖွဲ့သားများကတော့ ကိုယ်ထူကိုယ်ထ စေတနာ့ဝန်ထမ်းတွေ ဖြစ်ကြပါတယ်။ ဆီးရီးယားပြည်တွင်းစစ်ပွဲကာလအတွင်း သူပုန်တွေ ထိန်းချု့ပ်ထားတဲ့ နယ်မြေများထဲ လှည့်လည်လုပ်ကိုင်နေခဲ့ကြသူတွေပါ။ သူတို့ဟာ မိမိတို့အသက်ကို ပဓာနမထားပဲ ထောင်ပေါင်းများစွာသော အရပ်သားလူထုတွေကို အပျက်အစီးပုံများအကြားက ဆွဲထုတ်ပြီး လုံခြုံဘေးကင်းအောင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြပါတယ်။ ပြည်သူလူထုတွေကို ကူညီတဲ့အတွက် သူတို့ဟာ မကြာခဏ ပစ်မှတ်ထားခံရပြီး၊ မြောက်များစွာသော အဖွဲ့ဝင်များဟာလည်း ကယ်ဆယ်ရေးလုပ်ငန်းခွင်များမှာ အသက်ဆုံးရှုံးခဲ့ကြရပါတယ်။

    ၄။ အဗ်ဒုလ္လာဟ် ဟမ်မူးဒ် – Abdullah Hammoud


    အဗ်ဒုလ္လာဟ် ဟမ်မူးဒ်ဟာ ယခုနှစ် မီရှီဂန်ပြည်နယ် ဒဲဘွန်းက ပြည်နယ်လွှတ်တော်အမတ်များအနက် ပထမဦးဆုံးသော အာရဗ်-အမေရိကန် မွတ်စ်လင်မ်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ စဦးပိုင်းအဆင့်များမှာ မွတ်စ်လင်မ်ဖြစ်ခြင်းကြောင့် လူ့အသိုင်းအ၀ိုင်းရဲ့ ခွဲခြားဆက်ခံမှု အများအပြား ခံစားခဲ့ရတယ်။ ပထမဆုံး မဲဆွယ်ကမ်ပိန်းအတွက် ကိုယ်စာလှယ်လောင်းများစာရင်း ထုတ်ပြန်လိုက်ချိန် “အာရဗ်များ အလိုမရှိ၊ မွတ်စ်လင်မ်များ အလိုမရှိ၊ ကိုယ့်နိုင်ငံ ကိုယ်ပြန်သွား” စတဲ့ မှတ်ချက်တွေနဲ့ သူ့အီးမေးလ်ထဲ တဖွဲဖွဲ ၀င်ရောက်လာကြတယ်။ မည်သို့ပင်ဆိုစေ သူ့ရဲ့ ၂၆ နှစ်တာသက်တမ်းရှိ ကျန်းမာရေးစောင့်ရှောက်မှု၊ သဘာ၀၀န်းကျင်၊ ပညာရေး၊ သယ်ယူပို့ဆောင်ရေး ဆိုင်ရာ အပြင်းအထန်ဆောင်ရွက်လှုပ်ရှားချက်များကြောင့် အဲ့ဒီနေရာကို ထိုက်တန်စွာ ရရှိသွားခဲ့ပါတယ်။

    ၅။ ဆဒီးက် ခန်း – Sadiq Khan


    ဒီနှစ်ဦးပိုင်းမှာ ဆဒီးက် ခန်းက လန်ဒန်မြို့ရဲ့ ပထမဆုံးသော မွတ်စ်လင်မ်မြို့တော်ဝန် ဖြစ်လာခဲ့တယ်။ သူဟာ စုပေါင်းအိမ်ရာတစ်ခုမှာ အခြေခံလူတန်းစားမိသားစုနဲ့အတူ ကြီးပြင်းလာခဲ့သူပါ။ သူ့ဖခင်က ၂၅ နှစ်လုံးလုံး ဘတ်စ်ကားမောင်းသမားအဖြစ်၊ မိခင်က အပ်ချုပ်သမအဖြစ် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတဲ့အကြောင်းကို သူက မကြာခဏ ပြန်ပြောင်းပြောဆိုတတ်ပါတယ်။ တက္ကသိုလ်မှာ သူက ဥပဒေပညာကို သင်ယူခဲ့ပြီး လူ့အခွင့်အရေးဆိုင်ရာ အဓိကထားအရေးဆိုသူအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ပါတယ်။

    ၁၉၉၄ ခုနှစ်မှာ လေဘာပါတီကို ၀င်ရောက်ပြီး London Borough of Wansworth ရဲ့ အတိုင်ပင်ခံအဖြစ် ဆောင်ရွက်တယ်။ နောက်ဆုံးမှာတော့ ၂၀၀၅ ခုနှစ်မှာ ရွေးချယ်ခံအမတ်တစ်ယောက် ဖြစ်လာတယ်။ ခန်းဟာ လန်ဒန်မြို့တော်ရဲ့ ပထမဆုံးသော လူနည်းစုဝင်ထဲက မြို့တော်ဝန်ဖြစ်သွားတယ်။ လန်ဒန်ရဲ့ အများပြည်သူ သယ်ယူပို့ဆောင်ရေးစားရိတ်ကန့်သတ်ရေး ပြုပြင်ပြောင်းလဲမှုများကိုလည်း ထိတွေ့စေနိုင်ခဲ့တဲ့အပြင် မြို့တော်က မတူကွဲပြားလူ့အဖွဲ့အစည်းတွေ စုစည်းညီညွတ်ရေးအပေါ် ဦးတည်ဆောင်ရွက်ပေးခဲ့သူလည်းဖြစ်ပါတယ်။

    ၆။ မို(မုဟမ္မဒ်) ဖာရဟ် – Mo Farah

    ဆာ မုဟမ္မဒ် မုခ်သာရ် ဂျမား ဖာရဟ် ဟာ ကမ္ဘာ့ဂုဏ်ပြုတံဆိပ် ၉ ဆုရှင်ဖြစ်ယုံသာမက ခေတ်သစ် အိုလံပစ်ကစားသမိုင်းမှာ အအောင်မြင်ဆုံးသော ဗြိတိသျှ ပြေးခုန်ပစ်အားကစားသမား ဖြစ်ပါတယ်။ ၂၀၁၂ နဲ့ ၂၀၁၆ ခုနှစ်မှာ မီတာ ၅၀၀၀ နဲ့ မီတာ ၁၀၀၀၀ အတွက် ရွှေတံဆိပ်ဆုကို ဆွတ်ခူးခဲ့တယ်။ ဖာရဟ်ရဲ့အကောင်းဆုံးအမှတ်တရကတော့ မီတာတစ်သောင်းပြိုင်ပွဲမှာ အနိုင်ရရှိပြီး ၂၇ မိနစ်နဲ့ ၅ စက္ကန့် စံချိန်ကို ထိန်းထားနိုင်ခြင်းပါပဲ။ ဖာရဟ်ဟာ ဘုရင်မကြီးရဲ့ နှစ်သစ်ဂုဏ်ပြုစာရင်းထဲ ပါဝင်ခဲ့ပြီး အားကစားသူရဲကောင်းဘွဲ့တံဆိပ်ကို ချီးမြှင့်ခံခဲ့ရပါတယ်။

    ၇။ ဟမ်ဒီ အူလူးကယာ – Hamdi Ulukaya

    ဟမ်ဒီ အူလူးကယာက စီးပွားရေးလုပ်ငန်းရှင်တစ်ဦးပါ။ အမေရိကန်ရဲ့ နံပါတ်တစ် ရှေးဟောင်းဂရိစတိုင် ဒိန်ချဉ်ရောင်းချမှုလုပ်ငန်း Chobani ကို တည်ထောင်သူဖြစ်ပါတယ်။ နယူးယော့ခ်မြောက်ပိုင်း နို့ထွက်ပစ္စည်းလုပ်ငန်းနဲ့ ကျော်ကြားတဲ့ဒေသက ခေတ်မမှီတော့တဲ့ ဒိန်ချဉ်စက်ရုံတစ်ခုကို စွန့်စွန့်စားစား ၀ယ်ယူခဲ့တယ်။ သူဟာ ဒီလုပ်ငန်းနဲ့ပတ်သက်ပြီး အတွေ့အကြုံမရှိပေမယ့်လည်း ပြည်နယ်များစွာမှာ စက်ရုံတွေတည်ပြီး ဒိန်ချဉ်နယ်ပယ်သစ်ကြီးတစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်။ စတင်ထူထောင်ပြီး ငါးနှစ်မကျော်ချိန်မှာပဲ နှစ်စဉ် အရောင်းတန်ဖိုး ဒေါ်လာ ၁ ဘီလီယံထိ ရောက်ရှိလာတယ်။ ၂၀၁၆ ခုနှစ်မှာတော့ မိမိရဲ့ဝန်ထမ်းတွေကို ကုမ္ပဏီရဲ့ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို ခွဲပေးမယ်လို့ အူလူးကယာက ကြေငြာခဲ့ပါတယ်။

    ၈။ မဟ်ဒီ ဟစန် – Mehdi Hasan


    မဟ်ဒီ ဟစန် က ဗြိတိသျှ နိုင်ငံရေး ဂျာနယ်လစ်၊ အစီအစဉ်ကြေငြာသူနဲ့ စာရေးဆရာ အလုပ်လုပ်ကိုင်သူဖြစ်ပါတယ်။ သူ့ကို အလ်ဂျဇီးရားရဲ့ အင်္ဂလိပ်အစီအစဉ်ပိုင်းတင်ဆက်သူအဖြစ် လူသိများကြတယ်။ Huffington Post ရဲ့ ဗြိတိန်နိုင်ငံရေးအာဘော် အယ်ဒီတာတစ်ဦးဖြစ်သလို Ed Miliband အတ္ထုပ္ပတ္ထိကို တွဲဖက်ရေးသားသူလည်း ဖြစ်တယ်။ မိမိတို့ရဲ့ယုံကြည်ချက်ကြောင့် မွတ်စ်လင်မ်တွေ ပစ်မှတ်ထားခံနေရတဲ့ ယခုနှစ် အမေရိကန်ရွေးကောက်ပွဲကာလအတွင်း မဟ်ဒီက လူမျိုးခြားကြောက်တလွဲအဆိုများအပေါ် ကိုင်တွယ်ဖြေရှင်းမှုမှာ အထောက်အကူပြုပေးခဲ့တယ်။

    ၉။ ဒေ့ဗ် ချက်ပလီ – Dave Chappelle

    ဒေ့ဗ် ချက်ပလီဟာ အာဖရိကန်-အမေရိကန် မွတ်စ်လင်မ်တစ်ဦးဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့် ရွေးချယ်ခံရပြီးနောက် စနေနေ့ညတိုက်ရိုက်ရုပ်သံထုတ်လွှင့်မှု ပထမဆုံးအစီအစဉ်ကို စီစဉ်သူဖြစ်ပါတယ်။ ထရမ့်ရဲ့အောင်ပွဲနဲ့ပတ်သက်ပြီး အရေးပါတဲ့ မိန့်ခွန်းတစ်ရပ်ကို ဒီလို ပြောကြားခဲ့တယ် “ကျွန်တော် သူ့ကို အခွင့်အရေးတစ်ခု ပေးသွားပါမယ်။ ပြီးတော့ သမိုင်းတစ်လျှောက် မဲပေးခွင့်မရခဲ့တဲ့ ကျွန်တော်တို့ကိုလည်း အခွင့်အရေးတစ်ရပ်ပေးဖို့ ကျွန်တော်တို့ သူ့ကို တောင်းဆိုသွားမှာဖြစ်ပါတယ်”။ ဒါ့အပြင် “နောက်ဆုံးမှာတော့ အမေရိကန်နိုင်ငံက အင်တာနက်ရုပ်ပြောင်တစ်ဦးကို သမ္မတအဖြစ် ရွေးချယ်လိုက်ပါတယ်” လို့ ရွတ်နောက်နောက် ဆိုခဲ့ပါသေးတယ်။ ထရမ့်ဟာ အောင်ပွဲခံနိုင်လင့်ကစား အမေရိကန်ပြည်သူများက အယူသည်းမှုနဲ့ လိင်အသားပေးဝါဒအတွက် သူ့ကို လွှတ်မထားဘူးဆိုတာ သူက ထင်ရှားအောင် ပြဆိုသွားနိုင်ခဲ့ပါတယ်။

    (လန်ဒန်မြို့မှ ပြုပြင်ရေးစာပေရေးသားသူ Diyora Shadijanova ရေးသားသော 9 Inspiring Muslim Men Who Ruled 2016 ကို မင်းထွဋ်ခေါင် မှ ဆီလျော်အောင် ပြန်ဆိုသည်။)

     

  • မြန်မာနိုင်ငံတစ်ဝှမ်း အစိုးရစစ်တပ်၏ လုပ်ရပ်များကို ကုလအထူးကိုယ်စားလှယ် ရှုတ်ချ

    မြန်မာနိုင်ငံတစ်ဝှမ်း အစိုးရစစ်တပ်၏ လုပ်ရပ်များကို ကုလအထူးကိုယ်စားလှယ် ရှုတ်ချ

    ဇန်န၀ါရီ ၂၁၊ ၂၀၁၇
    M-Media

    – နိုင်ငံမြောက်ပိုင်းရှိ ကချင်ပြည်နယ်တွင် တိုက်ခိုက်နေမှုများ၊ နိုင်ငံမြောက်ပိုင်းမှ ရိုဟင်ဂျာမွတ်စလင်များအပေါ် ညှင်းပမ်းမှုများ အပါအ၀င် နိုင်ငံ၏ ပြဿနာများတွင် အစိုးရက လွန်လွန်ကျူးကျူးတုန့်ပြန်မှုများအတွက် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီက ရှုတ်ချလိုက်သည်။

    “ဒီပြဿနာအားလုံးကို အစိုးရရဲ့ လက်ရှိတုန့်ပြန်မှုက ကာကွယ်မယ်၊ ပယ်ချမယ်၊ ခံငြင်းမယ် ဆိုတဲ့ ပုံစံပါပဲ။ ဒီလို တုန့်ပြန်မှုဟာ ဆန့်ကျင်ဖက်ရလဒ် ထွက်စေတာသာမက မြန်မာနိုင်ငံက ရရှိထားတဲ့ မျှော်လင့်ချက်ကိုလည်း ပျောက်ကွယ်သွားစေမှာပါ” ဟု ယန်ဟီးလီက ပြောကြားခဲ့ပြီး အဆိုပါလားရာကို ပြန်လည်တည့်မတ်ရန် အလွန်နောက်မကျသေးဟုလည်း ဆိုသည်။

    ယန်းဟီးလီ၏ ၁၂ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်မှာ သောကြာနေ့က အဆုံးသတ်ခဲ့ပြီး ထိုခရီးစဉ်အတွင်း ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့သော်လည်း တိုက်ပွဲများဖြစ်ပွားရာ ကချင်ပြည်နယ်သို့ သွားရောက်ခွင့် မရခဲ့ပေ။ လီကမူ ကချင်ပြည်နယ်တွင် အခြေအနေ ဆိုးရွားလာသည်ကို ထင်ထင်ရှားရှား မြင်နေရပြီး ထိုဒေသတွင် နေထိုင်သည့် ပြည်သူများကလည်း အခြေအနေမှာ ပြီးခဲ့သည့်နှစ်များကထက် ပိုမိုဆိုးရွားလာခဲ့ကြောင်း ပြောကြားမှုရှိခဲ့သည်ဟု ဆိုသည်။

    သူမမှာ ရခိုင်ပြည်နယ်တွင် အစိုးရစစ်တပ်၏ လုပ်ရပ်များကိုလည်း ဝေဖန်ခဲ့ပြီး၊ စစ်တပ်က ဆောင်ရွက်နေသည့် စစ်ဆင်ရေးများတွင် ရိုဟင်ဂျာများ၏ အခွင့်အရေးများနှင့် ဂုဏ်သိက္ခာတို့ကို အလေးထားပုံမရဟုလည်း ပြောကြားခဲ့သည်။ ရခိုင်မြောက်ပိုင်းတွင် အစိုးရစစ်တပ်က ပြုလုပ်နေသော စစ်ဆင်ရေးများကြောင့် ရိုဟင်ဂျာပြည်သူ ၆၅၀၀၀ ခန့်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဖြတ်ကျော်ထွက်ပြေးရသည်ဟု သတင်းများက ဖော်ပြကြသည်။

    လူ့အခွင့်အရေးအဖွဲ့များနှင့် ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူများက ရိုဟင်ဂျာများ၏ နေအိမ်ပေါင်း ၁၀၀၀ ကျော်မှာ မီးရှို့ ဖျက်ဆီးခြင်း ခံခဲ့ရသည်ဟု စွပ်စွဲပြောကြားထားသည်။ ထိုကဲ့သို့ မီးလောင်မှုမှာ ယိုင်နဲ့နဲ့အိမ်များနေရာတွင် ပိုမိုကောင်းမွန်သည့်အိမ်များ ဆောက်လုပ်ရန် နိုင်ငံတကာ၏ အကူအညီကို မျှော်ကိုး၍ ရိုဟင်ဂျာဒေသခံများမှာ ၎င်းတို့၏ အိမ်ကို ၎င်းတို့ကိုယ်တိုင် မီးရှို့ခြင်းဖြစ်သည်ဟု အစိုးရက မိမိကို ပြောကြားခဲ့ကြောင်း လီက ဖွင့်ဟခဲ့သည်။

    “ဒီပြောကြားမှုအတွက် အာဏာပိုင်တွေက အထောက်အထား ဘာမှ မပေးပါဘူး။ ဒီစောဒကဟာ ယုံကြည်လောက်စရာ မရှိဘူးဆိုတာကို ကျွန်မ တွေ့ခဲ့ရပါတယ်” ဟု ကုလအထူးကိုယ်စားလှယ်က ပြောကြားခဲ့သည်။

    အစိုးရအနေဖြင့် ရခိုင်ပြည်နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့များအား တိုက်ခိုက်မှုများကို အကြောင်းပြ၍မရဘဲ ထိုတိုက်ခိုက်မှုများမှာ ‘ရိုဟင်ဂျာလူ့အဖွဲ့အစည်းအပေါ် ဆယ်စုနှစ်များစွာ စနစ်ကျနှင့် အခြေခံကျကျ ခွဲခြားဆက်ဆံမှု အကြောင်းအရင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ မျှော်လင့်ချက်ကင်းမဲ့နေသူများအနေဖြင့် မျှော်လင့်ချက်မဲ့သော အလုပ်များကို လုပ်ခြင်းဖြစ်ကြောင်း’ လီက ထပ်လောင်း ပြောကြားခဲ့သည်။

    ယန်းဟီးလီမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အခြားသော ၀န်ကြီးများနှင့် တွေ့ဆုံခဲ့ပြီး၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တွေ့ဆုံရန် ငြင်းဆန်ခဲ့သည်။

    ၎င်းနှင့် စကားပြောခဲ့သူ၊ ပြောချင်သူ အရပ်သားများ လက်တုန့်ပြန်ခြင်းခံရနိုင်သည်ဆိုသည့် စိုးရိမ်မှုများ မိမိတွင်ရှိနေပြီး၊ ရိုးရိုးသားသား၊ မှန်မှန်ကန်ကန် ပြောခဲ့သူများ လက်တုန့်ပြန်မခံရစေရန် ဆောင်ရွက်ရေး အာဏာပိုင်းများအား တိုက်တွန်းခဲ့သည်ဟု ကုလအထူးကိုယ်စားလှယ်က ပြောကြားခဲ့သည်။

    “စိတ်ပူတာက ‘ဒီတွေ့ဆုံမှုပြီးရင် ကျွန်တော် ဘာဖြစ်မလဲမသိဘူး’ လို့ ကျွန်မနဲ့ တွေ့တဲ့သူတွေ တော်တော်များများက ပြောကြတာပါ။ တစ်ကြိမ်မှာ လူတစ်ယောက်က ဒီစကားပြောဆိုမှုပြီးရင် သူတို့ အဖမ်းခံရမယ်လို့ထင်တယ်လို့ ကျွန်မကို ဒဲ့ပဲပြောပါတယ်။ လူ့အဖွဲ့အစည်းနှစ်ခု တစ်ဖက်စီ သီးခြားနေထိုင်တဲ့ နောက်တစ်ရွာမှာဆိုရင် ကျွန်မက ကျွန်မနဲ့စကားပြောတဲ့သူတွေအဆင်ပြေပါ့မလားလို့ မေးခဲ့ပါတယ်။ အဲဒီအချိန်မှာ ‘ကျွန်တော်ကြောက်တယ်။ အမှန်ပြောလို့ရမှာမဟုတ်ဘူး’ လို့ ပြန်ဖြေတာ ကြားခဲ့ရပါတယ်”

    Ref: New York Times

  • ကချင်ကျောင်းဆရာမနှစ်ဦး အသတ်ခံရမှု ၂ နှစ်ကြာသည်အထိ အမှုမှန် မပေါ်သေး

    ကချင်ကျောင်းဆရာမနှစ်ဦး အသတ်ခံရမှု ၂ နှစ်ကြာသည်အထိ အမှုမှန် မပေါ်သေး

    ဇန်န၀ါရီ ၂၁၊ ၂၀၁၇
    M-Media

    – ၂၀၁၅ ခုနှစ် ဇန်န၀ါရီလက အဓမ္မပြုကျင့် အသတ်ခံခဲ့ရသည့် ကချင် စေတနာ့ဝန်ထမ်း ကျောင်းဆရာမနှစ်ဦး၏ အမှုမှာ ၂ နှစ်တာကြာမြင့်ခဲ့သော်လည်း အမှုမှန် မပေါ်ပေါက်သေးသည့်အတွက် စိတ်ပျက်ရသည်ဟု တက်ကြွလှုပ်ရှားသူများက ပြောကြားလိုက်သည်။

    ၂ နှစ်ပြည့် ၀တ်ပြုဆုတောင်းမှုမျာကို ရန်ကုန်၊ မူဆယ်နှင့် မြစ်ကြီးနားတို့တွင် ဇန်န၀ါရီ ၁၉ ရက်နေ့က ပြုလုပ်ခဲ့ကြပြီး အရပ်ဖက်အဖွဲ့အစည်းများ၊ လူ့အဖွဲ့အစည်းခေါင်းဆောင်များက ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

    “NLD အစိုးရအနေနဲ့ အခြေအနေကို တိုးတက်အောင် မဆောင်ရွက်နိုင်မှုကြောင့် ကျွန်တော်တို့အနေနဲ့ ယုံကြည်မှု ပျောက်ဆုံးသွားပါပြီ။ လူသတ်သမားတွေကို ဖော်ထုတ်ဖို့အတွက် အာဏာပိုင်တွေက ဘာ့ကြောင့် ကြောက်ရွံ့နေလဲဆိုတာ ကျွန်တော် နားမလည်ပါဘူး။ ဘယ်သူတွေ ကျူးလွန်တယ်ဆိုတာ လူတိုင်းက သိနေပါတယ်” ဟု ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) မှ အထွေထွေအတွင်းရေးမှူး သိက္ခာတော်ရဆရာတော် Samson Hkalam က ပြောကြားခဲ့သည်။

    သေဆုံးသွားခဲ့သည့် အသက် ၂၀ အရွယ် Maran Lu Ra နှင့် အသက် ၂၁ နှစ်အရွယ် Tangbau Hkwan Nan Tsin တို့မှာ KBC မှ စေတနာ့ဝန်ထမ်း ကျောင်းဆရာမနှစ်ဦးဖြစ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကောင်းခါးကျေးရွာတွင် တာဝန်ထမ်းဆောင်နေစဉ် ဇန်န၀ါရီ ၁၉ ရက်နေ့က အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။

    အခင်းဖြစ်ပွားသည့်အချိန်တွင် အဆိုပါဒေသမှာ မြန်မာအစိုးရစစ်တပ်၏ ထိန်းချုပ်မှုအောင်တွင် ရှိနေသည်ဟု ဒေသခံများက ပြောကြားခဲ့ကြသည်။ ထိုအမှုအတွက် တရားဝင်စုံစမ်းစစ်ဆးမှုများမှာ လက်ရှိတွင် ရပ်တန့်နေပြီး အာဏာပိုင်များကလည်း စိတ်ဝင်စားမှုမရှိချေ။

    ပြီးခဲ့သည့်နှစ်အတွင်း KBC က သမ္မတဦးထင်ကျော်၊ မြန်မာနိုင်ငံမှ လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ယန်ဟီးလီတို့အား ထိုကိစ္စနှင့်ပတ်သက်၍ တင်ပြခဲ့သော်လည်း မည်သည့်တုန့်ပြန်မှုမှ မရခဲ့ပေ။

    မူဆယ်မြို့နယ် ရဲတပ်ဖွဲ့က ပြုလုပ်ခဲ့သည့် စုံစမ်းစစ်ဆေးမှုတွင် မျိုးတင့်နှင့် မပါဆိုသည့် ဒေသခံဇနီးမောင်နှံနှစ်ဦးအား အဓိက သံသယရှိသူအဖြစ် သတ်မှတ်ခဲ့သော်လည်း ဒေသတွင်း အန်ဂျီအိုအဖွဲ့များက ၎င်းတို့နှစ်ဦးမှာ ဓားစားခံများသာဖြစ်သည်ဟု ယုံကြည်နေကြသည်။

    အခင်းဖြစ်ပွားသည့်ရွာနှင့် ကီလိုမီတာ ၁၀၀ (ပေ ၃၃၀) အကွာတွင် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အောက်ရှိ အမှတ် ၅၀၃ ခြေမြန်တပ်ရင်းတစ်ခုက ယာယီစခန်းချ တပ်စွဲထားပြီး၊ အခင်းမဖြစ်ပွားခင် ၂ ရက်အရင်က အခင်းဖြစ်ပွားရာနေရာတွင် စစ်တပ်သုံး ခါးပတ်တစ်ခုနှင့် စစ်ဖိနပ်ရာများ တွေ့ခဲ့ရသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

    အခင်းဖြစ်ရာနေရာမှ ရရှိခဲ့သည့် ပစ္စည်းများ၏ DNA စစ်ချက်မှာ စစ်သား ၂၈ ဦးနှင့် ရွာသား ၃၈ ဦးတို့ထံမှ ရယူထားသည့် DNA နမူနာများနှင့် တူညီမှုရှိ၊ မရှိကိုလည်း လူသိရှင်ကြား ကြေငြာခြင်း မရှိပေ။ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဆောင်ရွက်သွားမည်ဟု NLD နှင့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က ပြောကြားခဲ့သော်လည်း ရလဒ်ကို မမြင်ရသေးပေ။

    Ref: mmtimes