News @ M-Media

Author: Ko Lay

  • ဒရုန်းလူနာတင်ယာဉ် မကြာမီလာမည်

    ဒရုန်းလူနာတင်ယာဉ် မကြာမီလာမည်

    ဇန်န၀ါရီ ၇၊ ၂၀၁၇
    M-Media

    drone

    – သိပ်မဝေးတဲ့ အနာဂတ်မှာ တွေ့မြင်ရတော့မယ့် ဒရုန်းလူနာတင်ယာဉ် ဖြစ်ပါတယ်။

    အရေးပေါ်အခြေအနေမျိုးမှာ ဆေးဘက်ဆိုင်ရာ အကူအညီကိုစောင့်ရင်း သေဆုံးသူအရေအတွက်ဟာ ကမ္ဘာတစ်ဝှမ်းမှာ တစ်နှစ်ကို ၁၀၀၀ လောက် ရှိနေပြီး အခု ဒရုန်းလူနာတင်ယာဉ်ကတော့ ဒီလစ်ဟာမှုကို ဖြည့်ဆည်းပေးမှာပါ။

    အချိန်ကုန်သက်သာပြီး နေရာမရွေး ဆင်းသက်နိုင်တဲ့ ဒီလူနာတင်ယာဉ်ကို တက္ကဆက်ပြည်နယ် သြစတင်မြို့အခြေစိုက် နည်းပညာကုမ္ပဏီ Argodesign က ဒီဇိုင်းဆွဲတာ ဖြစ်ပါတယ်။ ဒီယာဉ်မှာ ပန်ကာလေးခု ပါဝင်ပြီး ဂျီပီအက်စ်စနစ်နဲ့ အလိုအလျောက်မောင်းနှင်းတာ ဒါမှမဟုတ် လေယာဉ်မှူးနဲ့ မောင်းနှင်တာမျိုးအပြင် နှစ်မျိုးစလုံးသုံးပြီးလည်း မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။

    အိမ်စီးကားအသေးလောက်သာ အရွယ်အစားရှိပြီး ကားကြပ်တဲ့နေရာတွေမှာလည်း ဆင်းသက်နိုင်မှာပါ။

    Argodesign ကုမ္ပဏီက ပညာရှင်တွေဟာ အလိုအလျောက်မောင်းနှင်တဲ့ လူနာတင်ယာဉ် ထုတ်လုပ်နိုင်ရေး စဉ်းစားရာကနေ ဒီလို ဒရုန်းလူနာတင်ယာဉ် ထုတ်လုပ်ဖို့ စိတ်ကူးရခဲ့တာ ဖြစ်ပါတယ်။

    လက်ရှိအချိန်မှာတော့ နမူနာပုံစံအဆင့်မှာသာရှိနေပြီး တိကျတဲ့မော်ဒယ်တစ်ခုကို မသတ်မှတ်ရသေးပါဘူး။ တကယ်ထုတ်လုပ်တဲ့အခါကျရင် တစ်စီးကို ကန်ဒေါ်လာ တစ်သန်းလောက်ရှိမှာကြောင့် သာမန် လူနာတင်ကားထက် တော်တော်လေးတော့ ဈေးပိုကြီးနေပါလိမ့်မယ်။

    Ref: Dailymail

  • အမေရိကန်စစ်သားများ ဘာသာရေးအရ ၀တ်စား ဆင်ယင် ခွင့်ပြုနိုင်မည့် ဆုံးဖြတ်ချက်သစ် ထွက်လာ

    အမေရိကန်စစ်သားများ ဘာသာရေးအရ ၀တ်စား ဆင်ယင် ခွင့်ပြုနိုင်မည့် ဆုံးဖြတ်ချက်သစ် ထွက်လာ

    ဇန်န၀ါရီ ၇၊ ၂၀၁၇
    M-Media

    sikh

    – တိုင်းပြည်တာဝန်ထမ်းဆောင်နေတဲ့ စစ်သားတွေအနေနဲ့ မိမိတို့ရဲ့ ဘာသာသာနာအသီးသီးက သွန်သင်ထားတဲ့ သတ်မှတ်ချက်အတိုင်း ၀တ်စားဆင်ယင် နေထိုင်ခွင့်ပြုမယ့် ဥပဒေတစ်ခု အမေရိကန် စစ်တပ်က အခုတစ်ပတ်အစောပိုင်းမှာ ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

    ဒီဥပဒေကြောင့် အမေရိကန်စစ်သား စစ်သမီးတွေဟာ ခေါင်းပေါင်း၊ ဟိဂျဘ်ခေါင်းဆောင်းပုဝါနဲ့ မုတ်ဆိတ်ထားခြင်းတို့လို သက်ဆိုင်ရာ ဘာသာရေးသတ်မှတ်ချက်တွေကို ဆောင်ရွက်နိုင်တော့မှာ ဖြစ်ပါတယ်။ အရင်က ဒီလို ဘာသာရေးသတ်မှတ်ချက် လိုက်နာလိုမှုအတွက် တစ်ဆင့်စီ ခွင့်တောင်းရပေမယ့် အခုဥပဒေအသစ်အရ တပ်မှူးအဆင့်ကနေ ခွင့်ပြုပေးနိုင်တော့မှာ ဖြစ်ပါတယ်။

    “လက်ရှိ ဒီလို ဘာသာရေးသတ်မှတ်ချက်တွေကို လိုက်နာပြီး တိုင်းပြည်တာဝန်ထမ်းဆောင်နေတဲ့ စစ်သားတွေ အခက်အခဲမရှိတာကို တွေ့ရတာကြောင့် ဒီလို လိုက်နာဖို့ တောင်းဆိုမှုကို တပ်မှူးအဆင့်မှာပဲ ခွင့်ပြုချက်ပေးနိုင်အောင် ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်” လို့ အမေရိကန်ကြည်းတပ် ကွပ်ကဲရေးမှူး အဲရစ် ဖန်နင်းက ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အခု ဥပဒေကြောင့် စစ်သမီးတွေဟာ လည်ပင်းမှာ အဆောင်လက်ဖွဲ့ ၀င်ဆင်ခြင်း၊ ကျစ်ဆံမီးကျစ်ခြင်းတွေလည်း လုပ်လို့ ရတော့မှာပါ။

    မကြာသေးခင်ကာလအတွင်းမှာ အမေရိကန်ကြည်းတပ်ဟာ တူညီဝတ်စုံသတ်မှတ်ချက်နဲ့ပတ်သက်ပြီး ဖြေလျော့ပေးမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။

    ၂၀၁၆ ခုနှစ် ဧပြီလကလည်း Bronze Star ဆုရ ဆစ်ခ်လူမျိုး ဗိုလ်ကြီး ဆင်မ်ရတ်ပဲလ် ဆင်းက ဘာသာရေးအရ ခေါင်းပေါင်းပေါင်းခွင့်၊ မုတ်ဆိတ်ထားခွင့် မရခြင်းအတွက် ခွဲခြားခံရသည်ဟုဆိုကာ စစ်တပ်ကို တရားစွဲဆိုခဲ့ပြီးတဲ့နောက် သူ့ရဲ့ ဘာသာရေးသတ်မှတ်ချက်ကို လိုက်နာခွင့် ရခဲ့ပါတယ်။

    Ref: Huffingtonpost

  • ဒုက္ခသည်အချို့ကို တူရကီက နိုင်ငံသားပေးမည်

    ဒုက္ခသည်အချို့ကို တူရကီက နိုင်ငံသားပေးမည်

    ဇန်န၀ါရီ ၇၊ ၂၀၁၇
    M-Media

    – ဆီးရီးယားနှင့် အီရတ်တို့မှ ပဋိပက္ခများကြောင့် ထွက်ပြေးလာရသည့် ဒုက္ခသည်အချို့ကို နိုင်ငံသားပေးမည်ဟု တူရကီသမ္မတ အာဒိုဂန်က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    “ကျွန်တော်တို့ ပြည်ထဲရေးဝန်ကြီးဌာနက (နိုင်ငံသားပေးရေး) လုန်းငန်းကို ဆောင်ရွက်နေပြီး ဒီလုပ်ငန်းစဉ်အရ သူတို့ (ဒုက္ခသည်တွေ) ထဲက တစ်ချို့ဟာ လိုအပ်တဲ့ စီစစ်မှုတွေအားလုံးပြီးရင် နိုင်ငံသားရမှာဖြစ်ပါတယ်။ သူတို့ထဲမှာ အင်ဂျင်နီယာတွေ၊ ဥပဒေပညာရှင်တွေ၊ ဆရာဝန်တွေလည်း ပါပါတယ်။ ဒီစွမ်းအားတွေကို အသုံးချကြရမှာပါ။ ဒီမှာ တရားမ၀င် အလုပ်လုပ်နေရမယ့်အစား သူတို့ကို ကျွန်တော်တို့နိုင်ငံ့သားကောင်းအဖြစ် အလုပ်လုပ်ခွင့် ပေးရအောင်” ဟု အာဒိုဂန်က ရုပ်မြင်သံကြားမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

    ပြည်ထဲရေးဝန်ကြီးဌာနက ထိုလုပ်ငန်းကို အကောင်အထည်ဖော်ရန် အဆင်သင့်ရှိနေသည်ဟု အာဒိုဂန်က ပြောကြားခဲ့သော်လည်း အရေအတွက်မည်မျှ နိုင်ငံသားပေးမည်ဆိုသည့် ကိစ္စကဲ့သို့ အသေးစိတ်အချက်အလက်များကို ပြောကြားခဲ့ခြင်း မရှိပေ။

    တူရကီအစိုးရ၏ မှတ်တမ်းများအရ နိုင်ငံအတွင်း ဆီးရီးယားနှင့် အီရတ်မှ ဒုက္ခသည်ပေါင်း ၃ သန်းကျော် ရှိနေသည်ဟု သိရသည်။

    ပြီးခဲ့သည့်နွေရာသီကလည်း အဆိုပါဒုက္ခသည်များကို နိုင်ငံသားပေးရန် အစီအစဉ်အား အာဒိုဂန်က ပြောကြားခဲ့ဖူးသော်လည်း တူရကီပြည်သူအချို့က ကန့်ကွက်ခဲ့ကြသည်။

    Ref: Alarabiya

  • ကမ္ဘာ့ မတည်ငြိမ်မှုဖြစ်လွယ်ဆုံး ၁၀ နိုင်ငံစာရင်းတွင် မြန်မာပါဝင်

    ကမ္ဘာ့ မတည်ငြိမ်မှုဖြစ်လွယ်ဆုံး ၁၀ နိုင်ငံစာရင်းတွင် မြန်မာပါဝင်

    ဇန်န၀ါရီ ၇၊ ၂၀၁၇
    M-Media

    mayan

    – လန်ဒန်အခြေစိုက် တတ်သိပညာရှင်များအဖွဲ့ International Crisis Group မှ ထုတ်ပြန်သော ပဋိပက္ခများဖြစ်နိုင်ချေအတွက် စောင့်ကြည့်ရမည့် ၁၀ နိုင်ငံ စာရင်းတွင် မြန်မာနိုင်ငံ ပါဝင်လာသည်ဟု သိရသည်။

    “ကမ္ဘာ့ မတည်မငြိမ်ဖြစ်လွယ်ဆုံး နိုင်ငံများ” (world’s most volatile flashpoints) ခေါင်းစဉ်နှင့်အတူ အဖွဲ့၏ ဥက္ကနှင့် အမှုဆောင် အကြီးအကဲဖြစ်သူ မစ္စတာ ဂျီယန် မာရီ ဂီဟန်နို၏ မှတ်ချက်များဖြင့် ဇန်န၀ါရီလ ၅ ရက်နေ့တွင် Foreign Policy ၌ ဖော်ပြခဲ့ခြင်းဖြစ်သည်။

    စာရင်းတွင် ဆီးရီးယား၊ အီရတ်၊ တူရကီ၊ ယီမင်တို့က ထိပ်ဆုံးတွင် အစဉ်လိုက်ရှိနေကြသည်။ မြန်မာနိုင်ငံကမူ အာဖဂန်နှင့် ယူကရိန်းတို့ကြား အဆင့် ၈ နေရာတွင် ရှိနေသည်။

    ဂီဟန်နိုကမူ မြန်မာနိုင်ငံ၌ လတ်တလော ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများမှာ နှစ်ပေါင်း ၇၀ နီးပါးကြာမြင့်ခဲ့သည့် လက်နက်ကိုင်ပဋိပက္ခ အဆုံးသတ်ရန် ကြိုးစားမှုများကို ထိခိုက်ပျက်စီးစေခဲ့သည်ဟု မှတ်ချက်ပြုခဲ့ပြီး နိုဝင်ဘာလက မြန်မာနိုင်ငံမြောက်ပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၄ ခုက စုပေါင်း၍ တိုက်ခိုက်မှုများကြောင့် တိုက်ပွဲများ ပြင်းထန်လာခြင်းကို ရည်ညွှန်းပြောကြားခဲ့သည်။

    “ဒါဟာ ဖေဖော်ဝါရီမှာ ပြုလုပ်ဖို့ရှိနေတဲ့ ၂၁ ရာစု ပင်လုံညီလာခံ နောက်တစ်ဆင့်မှာ တိုးတက်မှုတွေ မြင်ရဖို့အတွက် နိမိတ်ကောင်းတော့ မဟုတ်ပါဘူး။ နောက်ပြီး ရိုဟင်ဂျာမွတ်စလင် လူနည်းစုတွေရဲ့ ကံကြမ္မာကလည်း နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေကို အသစ်ပြန်ဖြစ်စေပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေက စစ်သွေးကြွလား၊ အရပ်သားလား ခွဲခြားမှုသိပ်မရှိဘဲ ကြမ်းကြမ်းရမ်းရမ်း တုန့်ပြန်တယ်။ တရားလက်လွတ်သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှု၊ မီးရှို့မှုတွေ ရှိနေတယ်လို့ စွပ်စွဲမှုတွေလည်း ရှိနေပါတယ်”

    ထို့ပြင် ရိုဟင်ဂျာများမှာ အစွန်းရောက်လူ့အဖွဲ့အစည်းတစ်ခု မည်သည့်အချိန်ကမှ မဖြစ်ခဲ့သော်လည်း မြန်မာအစိုးရစစ်တပ်၏ ကြမ်းတမ်းစွာ တုန့်ပြန်မှုများက အကြမ်းဖက်မှု ပြန့်နှံ့ဖြစ်ပွားနိုင်သည့် အန္တရာယ်ကို မြင့်တက်စေကြောင်း၊ ရိုဟင်ဂျာများ၏ နစ်နာဆုံးရှုံးမှုများကို နိုင်ငံဖြတ်ကျော် အကြမ်းဖက်သမားများက ၎င်းတို့၏ ရည်ရွယ်ချက်အတွက် အသုံးချနိုင်ပြီး မြန်မာနိုင်ငံတစ်ဝှမ်း ဘာသာရေးတင်းမာမှုများကို မီးထိုးပေးသကဲ့သို့ ဖြစ်လာမည်ဖြစ်ကြောင်း ဂီဟန်နိုက ထည့်သွင်း ပြောကြားခဲ့သည်။

    မတည်ငြိမ်မှုဖြစ်လွယ်ဆုံး နိုင်ငံ ၁၀ နိုင်ငံစာရင်းတွင် ကွန်ဂိုနှင့် တောင်ဆူဒန်နိုင်ငံများလည်း ပါဝင်သည်။

    Ref: Frontiermyanmar

  • အခွင့်အရေးမမျှတမှုကြောင့် အိုက်ဗရီကို့စ်နိုင်ငံတွင် တပ်တွင်းပုန်ကန်မှုဖြစ်ပွား

    အခွင့်အရေးမမျှတမှုကြောင့် အိုက်ဗရီကို့စ်နိုင်ငံတွင် တပ်တွင်းပုန်ကန်မှုဖြစ်ပွား

    ဇန်န၀ါရီ ၆၊ ၂၀၁၇
    M-Media

    ivory

    – စစ်တပ်အတွင်း အခွင့်အရေးများနည်းပါးမှုကို မကျေနပ်သည့်အတွက် အိုက်ဗရီကို့စ်နိုင်ငံရှိ မြို့သုံးမြို့တွင် စစ်သားဟောင်းများက ပုန်ကန်ခဲ့ကြသည်ဟု သိရသည်။

    ယမန်နေ့က နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ ဘူအာကေးတွင် စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်သည်အထိ ဖြစ်ခဲ့သည်။ အဆိုပါမြို့မှာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအပြီးနောက်ပိုင်း ဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်တွင် သူပုန်များ ကြီးစိုးရာမြို့ ဖြစ်ခဲ့သည်။

    နောက်ပိုင်းတွင် မြို့ငယ်များဖြစ်သော ဒါလိုအာနှင့် ကိုရ်ဟိုဂိုတို့တွင်လည်း စစ်တပ်ကို ပုန်ကန်များ ဖြစ်ပွားခဲ့သည်။ နိုင်ငံအနောက်ပိုင်း ဒါလိုအာမြို့ရှိ စစ်စခန်းတစ်ခုတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

    အိုက်ဗရီကို့စ် ကာကွယ်ရေးဝန်ကြီး အေလာအင် ရစ်ချက် ဒွန်ဝါဟီကမူ ပုန်ကန်သူများမှာ တောင်းဆိုချက်များကို တိတိကျကျ မပြောသေးဘဲ လစာတိုးမြှင့်ရန်နှင့် ဘောက်ဆူးများပေးရန် တောင်းဆိုနေကြသည်ဟု ပြောကြားခဲ့သည်။

    ဘူအာကေးမြို့အား ထိန်းချုပ်နိုင်ရန်အတွက် လက်ရှိတာဝန်ထမ်းဆောင်နေသည့် စစ်သားများကလည်း ပုန်ကန်သည့် စစ်သားဟောင်းများနှင့် သွားရောက်ပူးပေါင်းမှု ရှိနေသည်။ ပုန်ကုန်သူများမှာ ဘူအာကေးရှိ ရဲစခန်းများကို ကြာသာပတေးနေ့က ၀င်ရောက်စီးနင်းကာ လက်နက်များ ရယူခဲ့ပြီး မြို့တွင်းသို့ ၀င်ရောက်သည့် နေရာများတွင် တပ်စွဲထားသည်။

    ပုန်ကန်သည့် စစ်သားဟောင်းများမှာ လိုက်ဘေးရီးယားတွင် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် အိုက်ဗရီကို့စ်ပြည်တွင်းစစ်ကြောင့် နိုင်ငံသို့ပြန်လာကာ တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်ခဲ့သူများ ဖြစ်သည်။ ၎င်းတို့ကမူ တာဝန်ထမ်းဆောင်မှုအတွက် မည်သည့်လခမှ မရဟု ပြောကြားခဲ့ကြသည်။

    Ref: Aljazeera