News @ M-Media

Author: Ko Lay

  • ၂ ရက်အတွင်း ချီကာဂို၌ သေနတ်ပစ်ခတ်မှု ၂၇ မှုဖြစ်ပွား

    ၂ ရက်အတွင်း ချီကာဂို၌ သေနတ်ပစ်ခတ်မှု ၂၇ မှုဖြစ်ပွား

    ဒီဇင်ဘာ ၂၇၊ ၂၀၁၆
    M-Media

    chicago

    – ခရစ္စမတ်အားလပ်ရက်ဖြစ်သော ယခုတစ်ပတ် စနေ၊ တနင်္ဂနွေ ၂ ရက်အတွင်းမှာပင် အမေရိကန်ပြည်ထောင်စု ချီကာဂိုမြို့တွင် သေနတ်ပစ်ခတ်မှု ၂၇ မှု ဖြစ်ပွားခဲ့ပြီး ၁၂ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ရဲတပ်ဖွဲ့က ယမန်နေ့တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားသည့် နေရာများမှာ မြို့တောင်ဘက်နှင့် အနောက်ဖက်မှ လူဆိုးဂိုးဏ်အချင်းချင်း ပဋိပက္ခဖြစ်ပွားရာ သမိုင်းကြောင်းရှိသော ဒေသများဖြစ်သည်ဟု ဆိုသည်။

    ဇန်န၀ါရီ ၁ ရက်နေ့မှ ဒီဇင်ဘာ ၂၅ ရက်နေ့အထိ ချီကာဂိုမြို့တွင် လူသတ်မှုပေါင်း ၇၅၃ မှု၊ ပစ်ခတ်မှုပေါင်း ၃၄၉၅ မှု ရှိခဲ့ပြီး ၂၀၁၅ ခုနှစ်နှင့် နှိုင်းယှဉ်ပါက သိသိသာသာ မြင့်တက်လာခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ထည့်သွင်းပြောကြားခဲ့သည်။

    “ပစ်ခတ်မှုတွေဟာ လူဆိုးဂိုဏ်းတစ်ခုက နောက်တစ်ခုကို တမင်ရည်ရွယ်စီစဉ်ပြီး လုပ်တာမျိုးပါ။ ပစ်မှတ်တွေဟာ အားလပ်ရက်အတွင်း အိမ်မှာ မိသားစုနဲ့ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ ရှိနေတယ်ဆိုတာကို ကောင်းကောင်းကြီးသိပြီး တိုက်ခိုက်တာမျိုးပါ။ လက်စားချေတဲ့ ပုံစံမျိုးပါပဲ” ဟု ချီကာဂိုရဲတပ်ဖွဲ့မှ တာဝန်ရှိသူ အက်ဒီ ဂျွန်ဆင်က ပြောကြားခဲ့သည်။

    ပစ်ခတ်မှု ၂၇ မှုအတွင်း သေဆုံးသွားသူများ၏ ၉၀ ရာခိုင်နှုန်းမှာ လူဆိုးဂိုဏ်းနှင့် ပတ်သက်သူများ၊ ရာဇ၀တ်မှတ်တမ်းရှိသူများ၊ ပစ်မှတ်ကျူးလွန်မည် သို့မဟုတ် တစ်ခြားသူများ၏ ပစ်မှတ်ထား ခံရမည်ဟု သတ်မှတ်ခံရသူများဖြစ်ကြောင်း၊ ၂ ရက်အတွင်း သေနတ် ၄၅ လက် သိမ်းဆည်းမိကြောင်း ဂျွန်ဆင်က ထည့်သွင်းပြောကြားခဲ့သည်။

    Ref: CNN

  • အူရဒူဘာသာစကား မြှင့်တင်ပေးမှုအတွက် ရှာရွတ်ခန်း ဒေါက်တာဘွဲ့ချီးမြှင့်ခံရ

    အူရဒူဘာသာစကား မြှင့်တင်ပေးမှုအတွက် ရှာရွတ်ခန်း ဒေါက်တာဘွဲ့ချီးမြှင့်ခံရ

    ဒီဇင်ဘာ ၂၇၊ ၂၀၁၆
    M-Media

    urdu

    – ရုပ်ရှင်ဇာတ်ကားများမှတစ်ဆင့် အူရဒူဘာသာစကားနှင့် ယဉ်ကျေးမှုကို မြှင့်တင်ပေးခဲ့သည့်အတွက် ဘောလီးဝုဒ်အကျော်အမော် မင်းသား ရှာရွတ်ခန်းအား မောင်လာနာ အဇဒ် အမျိုးသား အူရဒူ တက္ကသိုလ် (MANUU) က ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ချီးမြှင့်လိုက်သည်ဟု သိရသည်။

    ယမန်နေ့ကပြုလုပ်သည့် တက္ကသိုလ်၏ ၆ ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် MANUU မှ ပါမောက္ခချုပ် ဇာဖာရ် ဆာရက်ရှ်ဝါလာက ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသားများက သောင်းသောင်းဖျဖျ သြဘာပေးခဲ့ကြသည်။

    ရှာရွတ်ခန်းကမူ မိခင်ဖြစ်သူ၏ ဇာတိရှိ တက္ကသိုလ်မှ ထိုကဲ့သို့ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ရရှိခဲ့သည့်အတွက် မိဘနှစ်ပါးက ပျော်ရွှင်လိမ့်မည်ဟု ၎င်း၏ ကျေးဇူးတင်စကားတွင် ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ၎င်း၏ ဖခင်မှာ မောင်လာနာ အဘူ ကလမ် အဇဒ်၏ နောက်လိုက်တစ်ဦးဖြစ်ပြီး အူရဒူနှင့် ပါရှန်ဘာသာစကားတို့ကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုတတ်သည်ဟု ဆိုသည်။

    “ကျွန်တော် နည်းနည်းပါးပါးပြောတတ်တာ အဖေ့ကြောင့်ပါ။ ပညာရေးပိုင်း၊ အူရဒူနဲ့ ဘာသာစကားပိုင်းမှာ အဖေဟာ တော်တော်လေး တာဝန်ကျေခဲ့ပါတယ်။ မပြောပလောက်ပေမယ့် ကျွန်တော့်ရဲ့ လုပ်ဆောင်ချက်တွေကနေတစ်ဆင့် (အူရဒူဘာသာစကား မြှင့်တင်ရေး) လုပ်နိုင်သမျှ အကောင်းဆုံး လုပ်ဆောင်သွား
    မယ်လို့ ကျွန်တော် ကတိပြုပါတယ်”

    Ref: Twocircles.net

  • အစ္စလာမ်တွင် ခရစ်တော်၏ အရေးပါမှုနှင့်ပတ်သက်၍ သင်မသိသေးသော အချက် ၆ ချက်

    အစ္စလာမ်တွင် ခရစ်တော်၏ အရေးပါမှုနှင့်ပတ်သက်၍ သင်မသိသေးသော အချက် ၆ ချက်

    ဒီဇင်ဘာ ၂၇ ၂၀၁၆
    M-Media

    christ

    – ခရစ္စမတ်လို့ လူတိုင်းသိကြတဲ့ပွဲတော်ဟာ ယေရှုခရစ်တော် ဖွားမြင်မှုကို အထိမ်းအမှတ်ပြုကာ ဆင်နွှဲကြတာဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက ခရစ်ယာန်တွေအတွက် အဓိက ဘာသာရေးပွဲတော်လည်း ဖြစ်ပါတယ်။

    ဒါပေမယ့် လူတော်တော်များများကတော့ ခရစ်တော်ဟာ အစ္စလာမ်သာနသာမှာ အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်ဆိုတာ မသိကြပါဘူး။

    ဒ့ါကြောင့် အစ္စလာမ်သာသနာမှာ ခရစ်တော်နဲ့ မယ်တော်မေရီတို့ရဲ့ အရေးပါမှုနဲ့ပတ်သက်တဲ့ အချက် ၆ ချက်ကို ဖော်ပြလိုက်ပါတယ်။

    ၁။ ခရစ်တော်၊ မယ်တော်မေရီနဲ့ ကောင်းကင်တမန် ဂါဘရီယဲလ်တို့ကို ကုရ်အာန်ကျမ်းတော်မြတ်မှာ ဖော်ပြထားပါတယ်။ (အာဒံ၊ နောဧ၊ အာဗြဟံ၊ မောရှေနဲ့ သမ္မာကျမ်းစာထဲမှာ ပါဝင်တဲ့ ပုဂ္ဂိုလ်မွန်တွေရဲ့ အမည်တွေလည်း ကုရ်အာန်ထဲမှာ ပါဝင်ပါတယ်)

    ၂။ မွတ်စလင်တွေဟာ ခရစ်တော်ကို ဘုရားသခင်ရဲ့ တမန်တော်တစ်ပါး (တမန်တော် အီဆာဟု ခေါ်သည်) အဖြစ် ယုံကြည်ကြပြီး၊ တရားမျှတမှုကို ဆောင်ကျဉ်းပေးဖို့နဲ့ ခရစ်ယာန်တွေက Antichrist လို့သိကြပြီး မွတ်စလင်တွေက အလ်-မစီ အဒ်-ဒက်ဂျာလ်လို့ ခေါ်သူကို နှိမ်နှင်းဖို့အတွက် နောက်ဆုံး ကမ္ဘာ့တရားစီရင်မယ့်နေ့မတိုင်မီ ခရစ်တော် ပြန်ကြွလာမယ်လို့လည်း ယုံကြည်ကြပါတယ်။

    ၃။ မယ်တော်မေရီ (မရ်ယမ်သခင်မ) ရဲ့ အမည်နဲ့ ကုရ်အာန်ကျမ်းတော်မြတ်ထဲမှာ ကဏ္ဍတစ်ခု ပါဝင်ပြီး၊ ကုန်အာန်ထဲမှာ အမျိုးသမီးအမည်နဲ့ဖော်ပြတဲ့ တစ်ခုတည်းသောကဏ္ဍ ဖြစ်ပါတယ်။ ပြီးတော့ မရ်ယမ်သခင်ဟာ ကုန်အာန်ထဲမှာ တစ်ဦးတည်းသီးသန့် အမည်နာမတပ်ပြီး ဖော်ပြခံရတဲ့ အမျိုးသမီးလည်း ဖြစ်ပါတယ်။ အခြားအမျိုးသမီးတွေကိုတော့ တမန်တော်တွေနဲ့ ဆက်နွယ်မှု၊ ရာထူးအဆင့်အတန်းနဲ့ ဆက်နွယ်မှုတို့ကနေတစ်ဆင့် ဖော်ပြတာမျိုးပါ။

    ၄။ တမန်တော်မုဟမ္မဒ်သခင်ရဲ့ အမည်နာမကိုကြားပြီဆိုရင် ‘ငြိမ်းချမ်းသာယာမှု သက်ရောက်ပါစေ’ လို့ မွတ်စလင်တွေက မေတ္တာပို့ ဂါရ၀ပြုကြသလို ခရစ်တော်နဲ့ အခြားသော တမန်တော်ကြီးတွေရဲ့ နာမတော်ကို ကြားရင်လည်း မွတ်စလင်တွေက မေတ္တာပို့ ဂါရ၀ပြုကြရပါတယ်။

    ၅။ ယေရှုခရစ်တော်ဟာ သက်တော်ထင်ရှားရှိနေစဉ်အတွင်းမှာ တန်ခိုး ပြာဋိဟာတွေ ပြသခဲ့တယ်လို့ ခရစ်ယာန်တွေက ယုံကြည်ကြသလို၊ မွတ်စလင်တွေကလည်း ယုံကြည်ကြပါတယ်။ ကုရ်အာန်ကျမ်းတော်မြတ်ထဲမှာလည်း ခရစ်တော်ဟာ မျက်စိအလင်းချို့တဲ့သူကို အလင်းပြန်ရအောင်လုပ်ပေးတာ၊ ကုဌနူနာစွဲ
    သူကို ပြန်ကောင်းစေတာ၊ သေဆုံးသွားသူကို ပြန်လည်ရှင်ပြန်ထမြောက်စေတာ၊ ရွှံ့ရုပ်ငှက်ကို အသက်သွင်းပေးတာ စတဲ့ တန်ခိုးတွေ ပြသခဲ့တယ်လို့ အတိအလင်း ဖော်ပြထားပါတယ်။

    ၆။ နောက်ထပ်တစ်ခုက ခရစ်တော်ဟာ မွေးကတည်းက တန်ခိုးပြဋိဟာ ပြသခဲ့တယ်လို့ ကုရ်အာန်က ဆိုပါတယ်။ ရက်သားလေးဖြစ်တဲ့ ခရစ်တော်ဟာ ပုခက်ထဲကနေ စကားပြောဆိုပြီး ဘုရားသခင်ရဲ့ တမန်တော်ဖြစ်ကြောင်း ကြေငြာခဲ့ပါသတဲ့။

    ခရစ်တော် ဖွားမြင်တော်မူခန်းနဲ့ ပုခက်အတွင်းက တန်ခိုးပြခန်းတို့နဲ့ပတ်သက်ပြီး ကုရ်အာန်ထဲက ကဏ္ဍ ၁၉ (မရ်ယမ်သခင်မကဏ္ဍ) မှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။
    19|1၆| ၎င်းပြင် (အို-နဗီတမန်တော်) အသင်သည်(ဤကုရ်အာန်)ကျမ်းတော်မှ မရ်ယမ်(၏အတ္ထုပ္ပတိ) အကြောင်းကို ဖတ်ကြားပါလေ။ တစ်ရံရောအခါဝယ် ယင်းမရ်ယမ်သည်မိမိအိမ်သူအိမ်သားတို့ထံမှ ခွဲခွာ၍ အရှေ့ဖက်၌ရှိသောအခန်းတစ်ခန်းသို့ သွားခဲ့လေသည်။

    19|17| တစ်ဖန် ယင်းမရ်ယမ်သည် ထိုအိမ်သူအိမ်သားတို့ (မမြင်နိုင်ရန်)ကန့်လန့်ကာတစ်ခု ချခဲ့လေသည်။ ထို့နောက်ငါအရှင်မြတ်သည် ယင်းမရ်ယမ်၏ထံသို့ မိမိ၏ အထူးကောင်းကင်တမန်ကို စေလွှတ်တော်မူခဲ့လေသည်။ ထိုအခါ ယင်းကောင်းကင်တမန်သည် ထိုမရ်ယမ်၏အရှေ့ဝယ် ပကတိလူသားတစ်ယောက်၏အသွင်ဖြင့် ကိုယ်ထင်ပြခဲ့၏။

    19|18| ထိုအခါ ယင်းမရ်ယမ်က (ထိုကောင်းကင်တမန်အား အကယ်စင်စစ် လူထင်မှတ်၍ဤသို့)ပြောကြား ခဲ့သည်မှာအကယ်၍ အသင်သည် သူတော်စင်တစ်ဦး ဖြစ်ခဲ့မူ ကျွန်ုပ်သည်အသင်(၏ဘေးအန္တရယ်)မှ(လွတ်ကင်းအံ့သောငှာ)ရဟ်မာန်အနန္တကရုဏာတော်ရှင်ထံတော်၌ အကာအကွယ်ယူပါ၏။

    19|19| (ထိုအခါ) ယင်းကောင်းကင်တမန်က (အိုမရ်ယမ်) ကျွန်ုပ်သည် အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ စေတမန်သာလျှင်ဖြစ်ပေသည်။ ကျွန်ုပ်သည် အသင့်အား စင်ကြယ်သန့်ရှင်း အပြစ်ကင်းသော သားရတနာတစ်ပါးကိုပေးရန် သာလျှင် (လာရခြင်း)ဖြစ်သည်ဟုပြောကြားခဲ့လေသည်။

    19|20| ထိုအခါ ယင်းမရ်ယမ်က (အို-ကောင်းကင်တမန်)စင်စစ် ကျွန်ုပ်အား မည်သည့်လူသားတစ်ဦးတစ်ယောက်မျှပင် ထိတွေ့ခဲ့ဖူးသည်လည်း မရှိပါဘဲလျက်လည်းကောင်း၊ ကျွန်ုပ်သည် အကျင့်မကောင်းသူ တစ်ဦးလည်း မဖြစ်ပါဘဲလျက်လည်းကောင်း၊ အသို့လျှင် ကျွန်ုပ်မှာ သားရတနာထွန်းကားနိုင်အံ့နည်းဟု ပြန်ပြောခဲ့လေသည်။

    19|21| ကောင်းကင်တမန်က(အို-မရ်ယမ်) ဤအတိုင်းပင်ဖြစ်ပေမည်။ အသင့်အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်က ဤသည်ကား ငါအရှင်မြတ်၌ အလွန်လွယ်ကူလှကြောင်း၊ ထိုမှတစ်ပါး ငါအရှင်မြတ်သည် ယင်းသား ရတနာအား လူတို့အဖို့ သက်သေလက္ခဏာတစ်ရပ် အဖြစ်လည်းကောင်း၊ ငါအရှင်မြတ် အထံတော်မှ ကရုဏာတော်အဖြစ်လည်းကောင်း၊ ပြုလိုတော်မူကြောင်း၊ ဤသည်စီရင်ဆုံးဖြတ်ပြီးဖြစ်သောကိစ္စတစ်ရပ်ပင်ဖြစ်ကြောင်း၊ မိန့်ကြားတော်မူလေသတည်း။

    19|22| ထို့နောက် မရ်ယမ်သည် ထိုသားရတနာကို ကိုယ်ဝန်ဆောင်ခဲ့လေသည်။ ထိုအခါ ယင်းမရ်ယမ်သည် ထိုကိုယ်ဝန်နှင့်အတူ ဝေးလံသောနေရာတစ်ခုသို့ ရှောင်သွားခဲ့လေသည်။

    19|23| ထို့နောက် သားဖွားခြင်း၏ဝေဒနာသည် ထိုမရ်ယမ်အား စွန်ပလွံပင်(တစ်ပင်)ရှိရာသို့ ဆောင်ကြဉ်း သွားခဲ့လေသည်။ ထိုအခါ ယင်းမရ်ယမ်ကဪ-ဖြစ်ရလေခြင်း၊ငါသည် ဤသို့(ဖမဲ့သားကို)မဖွားမီသေဆုံးခဲ့ပြီး လုံးဝမေ့ပျောက်စွန့်ပစ်ထားပြီးဖြစ်ခဲ့ပါလျှင် ကောင်းလေစွတကား ဟု ညည်းညူမြည်တမ်းခဲ့လေသည်။

    19|24| ထိုအခါ ယင်းမရ်ယမ်အား ၎င်းရှိရာ အောက်နားမှ (ထိုစွန်ပလွံပင်အောက်မှ) ကောင်းကင်တမန်က (ဤသို့)ပြောကြားခဲ့လေသည်။ (အို-မရ်ယမ်) အသင်မသည် စိတ်မပူလေနှင့်။ ဧကန်စင်စစ် အသင်မအား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်သည် အသင်မ၏အောက်၌ပင် ချောင်းတစ်ခုကို ဖြစ်ပေါ်စေတော်မူလေပြီ။

    19|25| ထိုမှတစ်ပါး အသင်မသည် စွန်ပလွံပင်၏ ပင်မကို မိမိဖက်သို့(ဆွဲ၍)လှုပ်ပါလျှင် စိမ်းစိုလတ်ဆတ်သေစွန်ပလွံသီးများသည် အသင်မ၏ရှေ့ဝယ် ကေကျလာပါလိမ့်မည်။

    19|26| ထိုအခါ အသင်မသည် (ထိုစွန်ပလွံသီးများကို)စားသုံး၍(ထိုချောင်းမှရေကို)သောက်သုံးပါလေ။ ၎င်းပြင် မျက်စိကို ကြည်လင်စေပါလေ။ တစ်ဖန် အကယ်၍ အသင်သည်လူသားတစ်ဦးတစ်ယောက်ကို တွေ့ခဲ့ပါမူ ဧကန်အမှန် ကျွန်မသည် ရဟ်မာန်အနန္တကရုဏာတော်ရှင်အား ရည်စူး၍ ဥပုသ်သီလဆောက်တည်ရန် အဓိဋ္ဌာန်ပြုထားပြီးဖြစ်ရာ ကျွန်မသည်ယနေ့ မည်သည့် လူသားတစ်ဦးတစ်ယောက်နှင့်မျှ အလျှင်းစကားပြောဆိုမည် မဟုတ်ကြောင်း၊ ပြောကြားပါလေ။

    19|27| ၎င်းနောက် ထိုမရ်ယမ်သည် ယင်းသားရတနာကို(မိမိရင်ခွင်ဝယ်)ပွေ့ချီလျက် မိမိအမျိုးသားတို့ထံ လာခဲ့လေ၏။ (ထိုအခါ)ယင်းအမျိုးသားတို့က(ဤသို့) ပြောကြားခဲ့ကြကုန်၏။ အို-မရ်ယမ် အသင်မ သည် အလွန်ဆိုးဝါးလှသောပြစ်မှုကိုကျူးလွန်ခဲ့သည် တကား။

    19|28| အို-ဟာရူန်၏နှမ၊ အသင်မ၏ ဖခင်မှာလည်းအကျင့်မကောင်းသူ မဟုတ်ခဲ့ပေ။ အသင်မ၏ မိခင်မှာလည်းအကျင့်ပျက်သူတစ်ဦး မဟုတ်ခဲ့ချေတကား။

    19|29| ထိုအခါ ထိုမရ်ယမ်သည် ထိုသားရတနာကို ညွှန်ပြခဲ့လေရာ၊ ယင်းအမျိုးသားတို့က (အို-မရ်ယမ်) အကျွန်ုပ်တို့သည် ပုခက်တွင်းဝယ် ကလေး(ဘဝ၌)ပင်ရှိနေသေးသောသူငယ်နှင့်အသို့လျှင် စကားပြောဆိုကြ ရအံ့နည်းဟု ပြောဆိုခဲ့ကြလေသည်။

    19|30| (ထိုအခါ)၊ ယင်း(ပုခက်တွင်းမှ)ကလေးသူငယ်(အီစာ)က (ဤသို့စကား)ပြောဆို(ဖြေကြား)ခဲ့လေ၏။ ဧကန်မလွဲ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ကျွန်သာလျှင် ဖြစ်ပေသည်။ ထိုအရှင်မြတ်သည် ကျွန်ုပ်အား [အင်(န်)ဂျီလ်)]ကျမ်းဂန်ကို ချီးမြှင့်ပေးသနားတော်မူခဲ့လေသည်။ ၎င်းပြင် ထိုအရှင်မြတ်သည် ကျွန်ုပ်အား နဗီတမန်တော်အဖြစ်လည်း ချီးမြှောက်တော်မူခဲ့ပေသည်။

    19|31| ၎င်းပြင် ထိုအရှင်မြတ်သည် ကျွန်ုပ်အား မည်သည့်နေရာ၌မဆကျွန်ုပ်ရှိနေစေကာမူ ဗရ်ကတ်မင်္ဂလာ နှင့်ပြည့်စုံသူ ပြုလုပ်တော်မူခဲ့ပေသည်။ ထိုမှတစ်ပါး ထိုအရှင်မြတ်သည် ကျွန်ုပ်အား အသက်ထင်ရှား ရှိနေသမျှကာလပတ်လုံးဆွလာတ်ဝတ်ပြုရန်လည်းကောင်း၊ ဇကာတ်ပေးဆောင်ရန်လည်းကောင်း၊ အမိန့်ပေးတော် မူခဲ့လေသည်။

    19|32| ထိုမှတစ်ပါး (ထိုအရှင်မြတ်သည် ကျွန်ုပ်အား)ကျွန်ုပ်၏မိခင်ကို ကောင်းစွာပြုစု ကျေးဇူးပြုတတ်သူလည်း(ဖြစ်စေတော်မူခဲ့၏၊) ၎င်းပြင် ထိုအရှင်မြတ်သည် ကျွန်ုပ်အားမာန်မာနထောင်လွှားသူ၊ အကြောင်းမလှသူအဖြစ်လည်း ပြုလုပ်တော်မမူခဲ့ချေ။

    19|33| ထို့ပြင် ကျွန်ုပ်၏အပေါ်၌ ကျွန်ုပ်မွေးဖွားခဲ့သည့်နေ့၌လည်းကောင်း၊ ကျွန်ုပ်သေဆုံးမည့်နေ့၌ လည်းကောင်း၊ကျွန်ုပ်ရှင်ပြန်ထစေခြင်း ခံရမည့်နေ့၌လည်းကောင်း၊ (အလ္လာဟ်အရှင်မြတ်အထံတော်မှ) ငြိမ်းချမ်းသာယာမှုသည် ကျရောက်ပါစေသတည်း။

    19|34| ဤသည်ကား မရ်ယမ်၏သားတော် အကြင်အီစာပင်။ ယင်းမှန်ကန်သောစကားကိုပြောဆိုခဲ့လေသည်။

    Ref: VOX

  • ဗာဒီ၏ပြစ်ဒဏ်အား ဆန့်ကျင်ရေး လက်စတာက မျက်နှာဖုံးလှုပ်ရှားမှု ပြုလုပ်

    ဗာဒီ၏ပြစ်ဒဏ်အား ဆန့်ကျင်ရေး လက်စတာက မျက်နှာဖုံးလှုပ်ရှားမှု ပြုလုပ်

    ဒီဇင်ဘာ ၂၆၊ ၂၀၁၆
    M-Media

    vardy

    – အသင်း၏ တိုက်စစ်မှူးဗာဒီ ပွဲပယ်ခံရမှုကို ဆန့်ကျင်ရန်အတွက် လက်စတာအသင်းက ဗာဒီ၏ မျက်နှာဖုံးအား ပရိတ်သတ်များကို ဝေငှမည်ဟု သိရသည်။

    ဗာဒီမှာ ဒီဇင်ဘာအစောပိုင်းက စတုတ်စီးတီးအသင်းနှင့် ၂ ဂိုးစီသရေကျသည့်ပွဲတွင် ပွဲပြီးကာနီး ဘီရမ် ဒီအုဖ်နှင့် အချင်းများခဲ့ပြီးနောက် အနီကဒ်ဖြင့် ထုတ်ပယ်ခံခဲ့ရသည်။ ထိုအဖြစ်အပျက်မတိုင်ခင် ဗာဒီမှာ ဂလင်းဂျွန်ဆင်နှင့်လည်း အချင်းများခဲ့သည်။

    FA က ထိုအနီကဒ်ပြစ်ဒဏ်အတွက် ဗာဒီကို ၃ ပွဲပယ်ခဲ့ပြီး လက်စတာနည်းပြ ရာနီယေးရီကမူ ဘောလုံးလောကအတွက် ၀မ်းနည်းဖွယ်ရာ ဆုံးဖြတ်ချက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ထိုပွဲပယ်ပြစ်ဒဏ်ကို ဆန့်ကျင်သည့်အနေဖြင့် ယနေ့ကစားမည့် အဲဗာတန်အသင်းနှင့်ပွဲတွင် လက်စတာစီးတီးမှာ ဗာဒီ၏ မျက်နှာဖုံးများကို ပရိတ်သတ်များထံ ဝေငှကာ ၀တ်ဆင်စေမည်ဖြစ်သည်။

    လက်ရှိပရီးမီးယားလိဂ်ချန်ပီယံ လက်စတာစီးတီးအသင်းမှာ ယခုရာသီတွင် ခြေစွမ်းကောင်းများကို မပြသနိုင်ဘဲ ၁၇ ပွဲကစား ၁၇ မှတ်ဖြင့် အဆင့် ၁၅ နေရာတွင် ရှိနေသည်။

    Ref: Goal

  • အမေရိကန်လူမည်းတစ်ဦး လူဖြူအမျိုးသားရေးအစွန်းရောက် ၂၀၀ ခန့်ကို အစွဲချွတ်နိုင်ခဲ့

    အမေရိကန်လူမည်းတစ်ဦး လူဖြူအမျိုးသားရေးအစွန်းရောက် ၂၀၀ ခန့်ကို အစွဲချွတ်နိုင်ခဲ့

    ဒီဇင်ဘာ ၂၆၊ ၂၀၁၆
    M-Media

    balck-4
    လူဖြူအမျိုးသားရေးအစွန်းရောက် ၂၀၀ ခန့်ကို အစွဲချွတ်နိုင်ခဲ့သူ ဒါရိုင်း ဒေးဗစ်

    – အမေရိကန်က ကေသုံးလုံး (KKK) အစွန်းရောက်အဖွဲ့ကို လူတိုင်း ကြားဖူးကြမှာပါ။

    နိုင်ငံရဲ့ သက်တမ်းအရင့်ဆုံး အဲဒီ လူဖြူအစွန်းရောက် အမျိုးသားရေးဝါဒီအဖွဲ့ဟာ လူမည်းတွေအပါအ၀င် ခြားလူနည်းစုတွေအပေါ် မုန်းတီးရေးဝါဒဖြန့်သလို၊ ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းပေါင်းစုံနဲ့ သတ်ဖြတ်မှုတွေပြုလုပ်တဲ့ လက်မရွံ့လူသတ်သမားတွေလည်း ဖြစ်ပါတယ်။

    ဒါပေမယ့် ချီကာဂိုက လူမည်း အဆိုတော်တစ်ယောက်ကတော့ ဒီ ဆိုးသွမ်းဂိုဏ်းက လူ ၂၀၀ လောက်ရဲ့ လူမျိုးရေးမုန်းတီမှုအစွဲတွေကို ချွတ်ပစ်နိုင်ခဲ့ပါတယ်။

    အသက် ၅၈ နှစ်အရွယ်ရှိတဲ့ ဒါရိုင်း ဒေးဗစ်ဆိုသူဖြစ်ပြီး လူဖြူအစွန်းရောက်တွေရဲ့ အတွင်းစည်းအထိ ထိုးဖောက်ဝင်ရောက်ကာ အမုန်းတရားကင်းစင်ရေးဆောင်ရွက်မှုကို နှစ်ပေါင်း ၃၀ လောက် လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။

    သူ့ရဲ့ ဒီကြိုးပမ်းမှုတွေကိုတော့ Klan-destine Relationships: A Black Man’s Odyssey in the Ku Klux Klan ဆိုတဲ့ ခေါင်းစဉ်နဲ့ မှတ်တမ်းတင်ခဲ့ပါတယ်။

    မေရီလန်းပြည်နယ်က ရော်ဂျာ ကယ်လီလို့ခေါ်တဲ့ KKK အကြီးတန်းတာဝန်ရှိသူတစ်ဦးနဲ့ တွေ့ဆုံခဲ့ပုံကို သူက ဒီလို ဖွင့်ဟခဲ့ပါတယ်။

    “သူ့ကိုတွေ့ရင် ကျွန်တော် ပြောရမှာတွေနဲ့ပတ်သက်ပြီး သေသေချာချာ ပြင်ဆင်ထားခဲ့ပါတယ်။ ကေသုံးလုံးက ရေးတဲ့စာအုပ်တွေ အားလုံးနီးပါး ကျွန်တော့်မှာရှိနေပြီး အားလုံးကိုလည်း ဖတ်ထားပါတယ်။ တကယ်တော့ ကေသုံးလုံးအဖွဲ့ဝင် အများစုထက်ကို ဒီအဖွဲ့အကြောင်း ကျွန်တော်က ပိုသိပါတယ်”

    နောက်ပြီး ရန်သူ ဒါမှမဟုတ် ကိုယ်နဲ့ အမြင်မတူတဲ့သူတွေနဲ့ ရင်ဆိုင်ရာမှာ လေ့လာမှု၊ သတင်းအချက်အလက်၊ ဇ၀နဉာဏ်နဲ့ ဒါတွေကို လိုအပ်တဲ့အချိန်မှာ လိုအပ်သလို အသုံးချနိုင်ခြင်းက အကြမ်းဖက်မှု ဒါမှမဟုတ် သေစေနိုင်တဲ့လက်နက်တွေထက် ပိုပြီး အစွမ်းထက်တယ်လို့ ဒေးဗစ်က ပြောကြားခဲ့ပါတယ်။

    black-3
    မေရီလန်းပြည်နယ်မှ ကေသုံးလုံးအကြီးတန်းအဖွဲ့ဝင် ရော်ဂျာ ကယ်လီနှင့် တွေ့ဆုံစဉ်

    “ကျွန်တော့က ဒီအရည်းအချင်းတွေကို ပြည့်နေအောင်ဖြည့်တယ်။ ရော်ဂျာ ကယ်လီက ကျွန်တော့်ကို သတ်လိမ့်မယ်လို့ သူ့မိတ်ဆွေတစ်ဦးက ကျွန်တော့်ကို ပြောပါတယ်။ လက်နက်မပါဘဲနဲ့ လုပ်နိုင်မယ်လို့ ယုံကြည်ခဲ့ပြီး ဒီယုံကြည်မှု မှန်ကန်ကြောင်း ကျွန်တော် သက်သေပြနိုင်ခဲ့ပါတယ်” လို့ ဒေးဗစ်က ဆိုပါတယ်။

    နောက်ပိုင်းမှာတော့ မေရီလန်းက လူဖြူအမျိုးသားရေးအစွန်းရောက် ၄ ဦးလောက်က ဒေးဗစ်နဲ့ ဆက်သွယ်တွေ့ဆုံခဲ့ပါတယ်။

    “ခြိမ်းခြောက်ခံရတာမျိုး ရှိသလို၊ နှစ်ကြိမ်လောက် ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံရတာလည်း ရှိပါတယ်။ အဲဒီ နှစ်ကြိမ်စလုံးမှာ ကံကောင်းပြီး ကျွန်တော် နိုင်ခဲ့ပါတယ်။ ဒါမျိုးက အချိန်တိုင်း ဖြစ်နေတာပါ။ ဒါကိုတော့ မျှော်လင့်ထားရမယ်။ ကိုယ့်ကိုမုန်းနေတဲ့သူတွေ၊ အသားအရောင်မတူတာကြောင့် ကိုယ့်ကို အမှုန့်ချေချင်တဲ့လူတွေနဲ့ တွေ့ရတာလေ။ တစ်ချို့လူတွေဆို တော်တော်ဆိုးတာဗျ။ လူမည်းတစ်ယောက်ကိုတွေ့တာနဲ့ ရိုက်ချင် နှက်ချင်ကြတာ”

    လူဖြူအစွန်းရောက်တွေဟာ သူတို့ ဘယ်လောက် မြင့်မြတ်ကြောင်းကို တစ်ကွေ့မဟုတ် တစ်ကွေ့မှာ ပြောတတ်ကြပြီး ကိုယ့်ဂုဏ်ကိုယ်ဖော်ဖို့ တစ်ဖက်သားကို နှိမ့်ချပြောဆိုတယ်လို့လည်း ဒေးဗစ်က ဆိုပါတယ်။

    ဒါပေမယ့် ပေးဆပ်မှုက ရရှိတဲ့ရလဒ်နဲ့ဆိုရင် ထိုက်တန်ပါသတဲ့။

    “သူတို့ရဲ့ တွေးခေါ်ဉာဏ် ပွင့်လာတာ၊ ဖုန်းခေါ်ပြီး ဒီအဖွဲ့က ထွက်တော့မယ်လို့ ပြောလာတာတွေကို မြင်ရတဲ့အခါ သိပ်ကြည်နူးစရာကောင်းပါတယ်။ ကျွန်တော်ကတော့ သူတို့ဝါဒကို စွန့်လွှတ်ဖို့ ဘယ်တော့မှ စမပြောပါဘူး။ ‘ခင်ဗျား ကျွန်တော့်ကို မသိဘဲနဲ့များ ဘာ့ကြောင့် မုန်းနေရတာလဲဗျာ’ ဆိုတဲ့ မေးခွန်းအတွက် အဖြေရဖို့ကိုသာ လမ်းကြောင်းပေးခဲ့တာပါပဲ” လို့ ဒေးဗစ်က ပြောကြားခဲ့ပါတယ်။

    balck-2
    မစ်ဇူရီပြည်နယ်မှ လူဖြူအစွန်းရောက်များနှင့်

    Ref: Metro