News @ M-Media

Author: Ko Lay

  • မွတ်စလင်များအား အစုလိုက်အပြုံလိုက် သတ်ရန်ကြံစည်သူ လူဖြူအစွန်းရောက်ကို အမေရိကန်က ထောင် နှစ် ၃၀ ချ

    မွတ်စလင်များအား အစုလိုက်အပြုံလိုက် သတ်ရန်ကြံစည်သူ လူဖြူအစွန်းရောက်ကို အမေရိကန်က ထောင် နှစ် ၃၀ ချ

    ဒီဇင်ဘာ ၂၁၊ ၂၀၁၆
    M-Media

    craw
    မွတ်စလင်များအား ဓာတ်ရောင်ခြည်စက်ဖြင့် အစုလိုက်အပြုံလိုက်သတ်ရန်ကြံစည်ခဲ့သူ ကရောဖို့ဒ်

    – မွတ်စလင်များကို X-ray ဓာတ်ရောင်ခြည်ဖြင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်ရန် ကြံစည်သူ လူဖြူ ခရစ်ယာန်အစွန်းရောက်တစ်ဦးကို အမေရိကန်တရားရုံးက ထောင်ဒဏ် နှစ် ၃၀ ချမှတ်လိုက်သည်ဟု သိရသည်။

    နယူးယောက်မှ KKK အဖွဲ့ဝင် ဂလန်ဒန် စကော့ ကရောဖို့ဒ်ဆိုသူဖြစ်ပြီး လူကိုသေစေနိုင်သည့် ဓာတ်ရောက်ခြည်ထုတ်လွှတ်ပေးသော စက်ရုံသုံး X-ray စက်ကို တည်ဆောက်ရန် စီစဉ်ထားသူဖြစ်သည်။

    ၎င်းက ထိုစက်ကို ထရပ်ကား သို့မဟုတ် ဗန်ကားပေါ်တင်ကာ မွတ်စလင်များသော အဆောက်အဦးများအနီး ထားရှိ၍ အဝေးမှ ဓာတ်ရောင်ခြည်လွှတ်ကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ရန် အကြံအစည်ရှိနေခြင်းဖြစ်သည်။

    ၂၀၁၂ ခုနှစ်တွင် ကရောဖို့ဒ်မှာ ၎င်း၏ ထိုအစီအစဉ်အတွက် ငွေကြေးအကူအညီရရန် ဂျူးအဖွဲ့အစည်း ၂ ခုထံ ချဉ်းကပ်ခဲ့ပြီး၊ ဂျူးအဖွဲ့အစည်းမှ လူတစ်ဦးက သတင်းပေးမှုကြောင့် ရဲတပ်ဖွဲ့က စုံစမ်းနိုင်ခဲ့ကာ ၁၄ လအကြာတွင် တရားစွဲဆိုနိုင်ခဲ့သည်။

    ဓာတ်ရောက်ခြည်ထုတ်လွှတ်နိုင်မည့်စက် ရရှိရန် ကူညီပေးနိုင်မည့်သူကိုလည်း ကရောဖို့ဒ်က ရှာဖွေခဲ့ပြီး၊ ၂၀၁၃ ခုနှစ်တွင် ၎င်း၏ လူသတ်စက်အတွက် ဒီဇိုင်းဆွဲခြင်း၊ လိုအပ်သည့်အစိတ်အပိုင်းများ ၀ယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ စမ်းသပ်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။

    ၎င်းမှာ နယူးယောက်ရှိ အလ်ဘနီ ရပ်ကွက်၊ ရှန်နက်တဒီရပ်ကွက်တို့ရှိ ဗလီများကို လေ့လာခဲ့ပြီး အုပ်ချု ပ်ရေးမှူးနေအိမ်၊ အစ္စလာမ့်ပရဟိတစင်တာနှင့် စာသင်ကျောင်းများကို ပစ်မှတ်အဖြစ် သတ်မှတ်ထားခဲ့သည်ဟု အမေရိကန် ရှေ့နေချုပ်ရုံးက ပြောကြားခဲ့သည်။

    ကရောဖို့ဒ်အား ဖမ်းဆီးမှုတွင် ရဲတပ်ဖွဲ့မှာ ၎င်းနှင့် ရင်းနှီးအောင်လုပ်ခြင်း၊ အလုပ်တွဲလုပ်ခြင်းတို့ကဲ့သို့ အသွင်ယူ စုံစမ်းထောက်လှမ်းမှုများ ပြုလုပ်ခဲ့သည်။ တရားစွဲဆိုပြီးနောက် ၂၀၁၅ ခုနှစ် သြဂုတ်လတွင် အပြစ်ရှိကြောင်း နယူးယောက် ခရိုင်တရားရုံးက ဆုံးဖြတ်ခဲ့ပြီး၊ ဒီဇင်ဘာ ၁၉ ရက် တနင်္လာနေ့တွင် ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခဲ့ခြင်းဖြစ်သည်။

    ကရောဖို့ဒ်အား ပစ္စည်းများ ထောက်ပံ့ပေးသူ အဲရစ် ဖိုက်ဆိုသူကိုလည်း တရားရုံးက ၂၀၁၅ ခုနှစ် ဒီဇင်ဘာတွင် ထောင်ဒဏ် ၈ နှစ်ကျော် ချမှတ်ခဲ့သည်။

    Ref: Washingtonpost

  • မဲရှုံးသော်လည်း ရာထူးမှဆင်းမပေးဟု ဂမ်ဘီယာအာဏာရှင် ထပ်ပြော

    မဲရှုံးသော်လည်း ရာထူးမှဆင်းမပေးဟု ဂမ်ဘီယာအာဏာရှင် ထပ်ပြော

    ဒီဇင်ဘာ ၂၁၊ ၂၀၁၆
    M-Media

    %e1%80%ab%e1%80%b1%e1%80%ac%e1%80%98%e1%80%84%e1%80%b1
    ဂမ်ဘီယာအာဏာရှင် ယဟ်ယာ ဂျာမေဟ်

    – ရွေးကောက်ပွဲပြန်လုပ်ရန် မိမိတောင်းဆိုမှုကို ဆောင်ရွက်မပေးပါက ရာထူးမှ ဆင်းပေးမည်မဟုတ်ဟု ဂမ်ဘီယာအာဏာရှင် ယဟ်ယာ ဂျာမေဟ်က ထပ်မံပြောကြားလိုက်သည်။

    နိုင်ငံအား ၂၂ နှစ်ကြာ အုပ်စိုးခဲ့သည့် ယဟ်ယာမှာ ဒီဇင်ဘာ ၁ ရက်နေ့ ရွေးကောက်ပွဲတွင် ပြိုင်ဘက် အဒမ် ဘာရိုးကို ရှုံးနိမ့်ခဲ့ပြီး ၎င်းကိုယ်တိုင်ကလည်း ထိုနေ့တွင် ရှုံးနိမ့်ကြောင်း ၀န်ခံခဲ့သည်။ သို့သော်လည်း တစ်ပတ်ကြာပြီးနောက် မဲမသာမှုရှိသည်ဟုဆိုကာ ရွေးကောက်ပွဲ အသစ်ပြန်လုပ်ရန် ရွေးကောက်ပွဲ ကော်မရှင်ကို တောင်းဆိုခဲ့သည်။

    ထို့ပြင် ၎င်း၏ပါတီမှာ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ပေးရန်အတွက်လည်း တရားရုံးချုပ်ကို တိုင်ကြားထားသည်။

    “တရားရုံးချုပ်က မဖြေရှင်းပေးသ၍ ဇန်နပါရီ ၁၉ ရက်နေ့မှာ သမ္မတအသစ်တက်ပွဲ ဖြစ်လာမှာ မဟုတ်ပါဘူး” ဟု ယဟ်ယာက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ယာဟ်ယာမှာ စစ်တပ်ကို ကြိုးကိုင်ထားသူဖြစ်ပြီး ဂမ်ဘီယာစစ်တပ်မှာ ပြီးခဲ့သည့်တစ်ပတ်က မြို့တော် ဘန်ဂျူလ်ရှိ ရွေးကောက်ပွဲကော်မရှင်ရုံးခန်းကို ၀င်ရောက်စီးနင်းကာ ဥက္ကဌကို ရုံးခန်းမှ နှင်ထုတ်ခဲ့သည်။ ထို့ပြင် ၀န်ထမ်းများကိုလည်း ၀င်ရောက်ခွင့်မပေးခဲ့ပေ။

    ရွေးကောက်ပွဲအနိုင်ရရှိခဲ့သူ အဒမ်ဘာရိုးက ၎င်းအနေဖြင့် ဇန်န၀ါရီ ၁၈ ရက်နေ့တွင် အာဏာလွှဲပြောင်းယူရန် အဆင့်သင့်ဖြစ်နေသည်ဟု တနင်္လာနေ့က ပြောကြားခဲ့ပြီးနောက် ယဟ်ယာက အင်္ဂါနေ့တွင် ရာထူးမှ ဆင်းပေးမည်မဟုတ်ကြောင်း တရားဝင်ပြောခဲ့ခြင်းဖြစ်သည်။

    အာဖရိက ခေါင်းဆောင်များနှင့် အနောက်နိုင်ငံများက အဒမ်ဘာရိုးအား အာဏာလွှဲပြောင်းပေးရန် တောင်းဆိုမှုများရှိနေပြီး၊ ယဟ်ယာကမူ အာဖရိကနိုင်ငံများမှာ ဂမ်ဘီယာ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်နေသည်ဟု ပြန်လည် တုန့်ပြန်ခဲ့သည်။

    Ref : Aljazeera

  • ခရစ္စမတ်တွင် ခရစ်ယာန်ဘုရားကျောင်းများကို အင်ဒိုမွတ်စလင်လူငယ်များ ကာကွယ်ပေးမည်

    ခရစ္စမတ်တွင် ခရစ်ယာန်ဘုရားကျောင်းများကို အင်ဒိုမွတ်စလင်လူငယ်များ ကာကွယ်ပေးမည်

    ဒီဇင်ဘာ ၂၁၊ ၂၀၁၆
    M-Media

    ch

    – နိုင်ငံအတွင်းမှာ ဖြစ်နေတဲ့ ဘာသာရေးအရ သည်းမခံနိုင်မှုတွေဟာ လူနည်းစုရဲ့ စနက်ဖြစ်တယ်ဆိုတာ ပြသဖို့နဲ့ အင်ဒိုပြည်သူတွေဟာ ဘာသာလူမျိုး မခွဲခြားဘဲ လူနည်းစုတွေကို ကာကွယ်စောင့်ရှောက်ပေးတဲ့ အစဉ်အလာကို ထိန်းသိမ်းဖို့အတွက် မွတ်စလင်လူငယ်အဖွဲ့ဟာ ခရစ္စမတ်ပွဲတော် ကာလအတွင်းမှာ ခရစ်ယာန်ဘုရားကျောင်းတွေကို ကာကွယ်စောင့်ရှောက်ဖို့ စီစဉ်နေကြတယ်လို့ သိရပါတယ်။

    ကမ္ဘာပေါ်က လွတ်လပ်တဲ့ အကြီးဆုံး အစ္စလာမ်ဘာသာရေးအဖွဲ့အစည်း Nahdlatul Ulama (NU) ရဲ့ လူငယ်အဖွဲ့က Banser က စီစဉ်တာဖြစ်ပြီး ခရစ္စမတ်အကြိုနဲ့ ခရစ္စမတ်နေ့တွေမှာ နိုင်ငံတစ်ဝှမ်းက ခရစ်ယာန်ဘုရားကျောင်းတွေတစ်ဝိုက် တပ်ဖြန့်ချထားကာ ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။

    လူနည်းစုကို ကာကွယ်ပေးမယ့် အဲဒီလှုပ်ရှားမှုမှာ အင်ဒိုမွတ်စလင် သောင်းနဲ့ချီ ပါဝင်မှာဖြစ်ပြီး NU ရဲ့ အရှေ့ဂျာဗားအဖွဲ့ခွဲကတော့ မွတ်စလင်လူငယ်ပေါင်း ၄၁၀၀ ဟာ ခရစ်ယာန်ဘုရားကျောင်းတွေကို ကာကွယ်ပေးဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “အရှေ့ဂျာဗား ၃၈ မြို့က ဌာခွဲ ၄၁ ခုမှာ တစ်ဖွဲ့ကို ၁၀၀ လောက်က သူတို့ဒေသတစ်ဝိုက် စောင့်ရှောက်ပေးကြမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ရဲတပ်ဖွဲ့နဲ့ ဘုရားကျောင်း လုံခြုံရေးကို ကူညီပေးဖို့ စုစုပေါင်း ၄၁၀၀ လောက် ရှိနေပါတယ်။ သူတို့အားလုံး စေတနာ့ဝန်ထမ်းတွေပါ။ ငွေကြေးလုံးဝမပေးရပါဘူး” လို့ NU အဖွဲ့က တာဝန်ရှိသူ ရူဒီ ထရီ ၀ါဟစ်က ပြောကြားခဲ့ပါတယ်။

    ခရစ်ယာန်တွေရဲ့ ပွဲတော်အချိန်မှာ တိုင်းပြည်က ခရစ်ယာန်လူနည်းစုတွေကို ကာကွယ်စောင့်ရှောက်ပေးတဲ့ ဒီလူပ်ရှားမှုကို NU က နှစ်စဉ်နှစ်တိုင်း ဆောင်ရွက်တာ ဖြစ်ပါတယ်။

    အခုနှစ်မှာလည်း အရှေ့ဂျာဗားအပြင် နိုင်ငံတစ်ဝှမ်းက NU ဌာနခွဲတွေက ဒီလို ကာကွယ်ပေးဖို့ ကတိပြုခဲ့ပါတယ်။

    အရှေ့ကလီမန်တန် NU ဌာနခွဲကတော့ ခရစ်ယာန်ညီအစ်ကိုတွေကို ကာကွယ်ပေးရေး လှုပ်ရှားမှုမှာ အဖွဲ့ဝင်ပေါင်း ၅၀၀၀ လောက် ပါဝင်မယ်လို့ ကြေငြာခဲ့ပါတယ်။

    “ဒါဟာ ဘာသာရေးအရ သည်းခံမှုတစ်မျိုးပါ။ ကျွန်တော်တို့ရဲ့ ညီအစ်ကိုတွေ ဘုရားဝတ်ပြုချိန်မှာ လုံခြုံမှု၊ သက်တောင့်သက်သာဖြစ်မှုကို ခံစားရစေဖို့လည်း ဖြစ်ပါတယ်။ ဘုရားကျောင်းတွေကို စောင့်ရှောက်ပေးတာဟာ ကျွန်တော်တို့ နှစ်စဉ်လုပ်နေကြအလုပ်ပါ” လို့ အရှေ့ ကလီမန်တန် Benser ဌာနခွဲက အတွင်းရေးမှူး ဟာရ်မန် အေ ဟာဆန်က ပြောကြားခဲ့ပါတယ်။

    အင်ဒိုမွတ်စလင်တွေရဲ့ ဒီလို ကာကွယ်ပေးမှုအတွင်းမှာ အသက်စတေးခဲ့ရတဲ့ အဖြစ်အပျက်တွေလည်း ရှိခဲ့ပါတယ်။

    ၂၀၀၀ ခုနှစ် ခရစ္စမတ်အကြိုညမှာ အရှေ့ဂျာဗား Eben Haezar ဘုရားကျောင်းကို စောင့်ကြပ်နေတဲ့ မွတ်စလင်လူငယ်အဖွဲ့ထဲက အသက် ၂၅ နှစ်အရွယ် ရီယန်တိုဟာ ဘုရားကျောင်းရှေ့က မသင်္ကာတဲ့ အထုပ်တစ်ထုပ်ကို တွေ့ရှိခဲ့ပြီးနောက် သွားရောက်ကြည့်ရှုခဲ့ပြီး ဗုံးဖြစ်နေတာကို တွေ့တဲ့အချိန် ၀တ်ပြုသူတွေကို အချိန်မီ သတိပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူကတော့ ဒီဗုံးကွဲမှုကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။

    အင်ဒိုလုံခြုံရေးတပ်ဖွဲ့တွေကလည်း ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလတွေမှာ ဘုရားကျောင်းတွေ၊ အကြမ်းဖက်သမားတွေက ပစ်မှတ်ထားနိုင်တဲ့နေရာတွေမှာ လုံခြုံရေးတိုးမြှင့်ဖို့ ဆောင်ရွက်နေပါတယ်။

    Rref : Jakarta.coconuts

  • ခရစ်ယာန်စာရေးဆရာအား သတ်သူကို အကြမ်းဖက်ပြစ်မှုဖြင့် ဂျော်ဒန်က သေဒဏ်ချ

    ခရစ်ယာန်စာရေးဆရာအား သတ်သူကို အကြမ်းဖက်ပြစ်မှုဖြင့် ဂျော်ဒန်က သေဒဏ်ချ

    ဒီဇင်ဘာ ၂၁၊ ၂၀၁၆
    M-Media

    attar
    အသတ်ခံရသူ ခရစ်ယာန်စာရေးဆရာ နဟဒ်အတ္တာရ်၏ ဗီနိုင်း

    – သာသနာညှိုးနွှမ်းစေမှုဖြင့် တရားစွဲဆိုခံထားရသည့် ခရစ်ယာန်စာရေးဆရာ နဟဒ် အတ္တာရ်ကို သတ်ဖြတ်ခဲ့သူတစ်ဦးအား ဂျော်ဒန် တရားရုံးက ယမန်နေ့တွင် သေဒဏ်ချမှတ်လိုက်သည်ဟု သိရသည်။

    သေဒဏ်ချမှတ်ခံရသူမှာ ရီယဒ် အစ္စမေးလ်ဆိုသူဖြစ်ပြီး စက်တင်ဘာ ၂၅ ရက်နေ့က အမ်နန်မြို့ တရားရုံးရှေ့တွင် အတ္တာရ်ကို အနီးကပ်ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

    အသက် ၅၆ နှစ်အရွယ် အတ္တာရ်မှာ ဆိုရှယ်မီဒီယာတွင် ကာတွန်းတစ်ခုကို မျှဝေမှုအတွက် ဂျော်ဒန်ရှိ မွတ်စလင်များက ထိုကာတွန်းမှာ အစ္စလာမ်ကို စော်ကားခြင်းဖြစ်သည်ဟု မှတ်ယူသောကြောင့် သာသနာ ညှိုးနွမ်းစေမှုဖြင့် တရားစွဲဆို ခံရခြင်းဖြစ်သည်။

    သို့သော်လည်း အတ္တာရ်က ၎င်းအနေဖြင့် အကြမ်းဖက်သမားများ အစ္စလာမ်သာသနာအား အလွဲသုံးစားလုပ်မှုကို သိရှိစေရန် အဆိုပါကာတွန်းအား မျှဝေခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    အတ္တာရ်အား သတ်ဖြတ်ခဲ့သူ အစ္စမေးလ်မှာ ကွန်ပျူတာအင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာနတွင် အလုပ်လုပ်သူဖြစ်သည်။ ၎င်းအား အခင်းဖြစ်ပွားရာနေရာတွင်ပင် ဖမ်းဆီးနိုင်ခဲ့က တမင်စီစဉ်လူသတ်မှု၊ အကြမ်းဖက်မှု၊ တရားမ၀င် လက်နက်ကိုင်ဆာင်မှုတို့ဖြင့် တရားစွဲဆိုခဲ့သည်။

    ယမန်နေ့ ကြားနာမှုအတွင်း တရားသူကြီး ဇီယဒ် အလ်-အဒ်ဝမ်က အစ္စမေးလ်မှာ အကြမ်းဖက်လုပ်ရပ်ကို ကျူးလွန်ခဲ့မှုအတွက် သေဒဏ်ချမှတ်လိုက်သည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် ၎င်းအား သေနတ်ရောင်းသူ၊ သေနတ်ရောင်းသူထံ သွားရောက်မိတ်ဆက်ပေးခဲ့သူ နှစ်ဦးကိုလည်း တရားရုံးက ထောင်ဒဏ် တစ်နှစ်စီ အသီးသီး ချမှတ်ခဲ့သည်။

    အတ္တာရ်အသတ်ခံရမှုကို ဂျော်ဒန်ဘုရင် အဘ်ဒူလာက စက်ဆုပ်ဖွယ်ရာ ရာဇ၀တ်မှုအဖြစ် ကင်ပွန်းတပ်ခဲ့ပြီး၊ ဂျော်ဒန်ပြည်သူများကလည်း အစိုးရအား နှုတ်ထွက်ရန် ဆန္ဒပြခဲ့ကြသည်။

    Ref : Aljazeera

  • ဆွစ်ဇ်ဇာလန်ရှိ ဗလီတစ်လုံးတွင် သေနတ်သမားတစ်ဦး ၀င်ရောက်ပစ်ခတ်

    ဆွစ်ဇ်ဇာလန်ရှိ ဗလီတစ်လုံးတွင် သေနတ်သမားတစ်ဦး ၀င်ရောက်ပစ်ခတ်

    ဒီဇင်ဘာ ၂၀၊ ၂၀၁၆
    M-Media

    mosque
    သေနတ်သမားက ၀င်ရောက်ပစ်ခတ်သွားသည့် ဇူးရစ်ခ်ျမှ ဗလီ

    – ဆွစ်ဇ်ဇာလန်နိုင်ငံ ဇူးရစ်ခ်ျမြို့ရှိ ဗလီဝတ်ကျောင်းတော် တစ်လုံးအတွင်းသို့ ယမန်နေ့က လူတစ်ယောက် ၀င်ရောက်၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ၀တ်ပြုသူများ ဒဏ်ရာရရိခဲ့သည်ဟု သိရသည်။

    ဒေသစံတော်ချိန် ညနေပိုင်း ၅ နာရီ ခွဲတွင် အမည်မသိ တိုက်ခိုက်သူတစ်ဦးက ၀င်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ၀တ်ပြုရန် ရောက်ရှိနေသူများထဲမှ အသက် ၃၀၊ ၃၅ နှင့် ၅၆ နှစ်အရွယ် အမျိုးသား ၃ ဦး ဒဏ်ရာရရှိခဲ့ကာ ၂ ဦးမှာ အခြေအနေဆိုးရွားသည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    မျက်မြင်သက်သေများကမူ သေနတ်ဖြင့် ပစ်ခတ်သူမှာ အသက် ၃၀ အရွယ်ခန့်ရှိပြီး အနက်ရောင် ၀တ်စုံနှင့် အနက်ရောင်ဦးထုတ် ဆောင်းထားသည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ တစ်ခါမှ ပြဿနာ မရှိခဲ့ဖူးဗျ။ ဒီကိုလာပြီး ခင်ဗျားတို့ ဒီမှာ ဘာလုပ်နေတာလဲလို့ မေးတာမျိုးတောင် တစ်ခါမှ ရှိခဲ့တာမဟုတ်ဘူး” ဟု အဆိုပါ ဗလီဝတ်ကျောင်းသို့ ၀တ်ပြုရန် ပုံမှန်လာရောက်နေသူ ဆိုမာလီနွယ်ဖွား အဘူကာရ် အဘ်ရှီရိုးက ပြောကြားခဲ့သည်။

    အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ရှာဖွေမှုများပြုလုပ်ရာ အခင်းဖြစ်ပွားသည့်နေရာမှာ မီတာ ၃၀၀ ခန့် အကွာတွင် သေဆုံးနေသည့် အလောင်းတစ်လောင်းကို တွေ့ရှိခဲ့ရပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကာ သေဆုံးသူမှာ ဗလီဝတ်ကျောင်းတော်အား တိုက်ခိုက်သူဖြစ်သည်ဟု ရဲတပ်ဖွဲ့က ယနေ့တွင် အတည်ပြုခဲ့သည်။

    သို့သော်လည်း တိုက်ခိုက်မှုနောက်ကွယ်မှ အကြောင်းအရင်းအပါအ၀င် အသေးစိတ်ကို ထုတ်ပြန်ခဲ့ခြင်းမရှိချေ။

    လူဦးရေ ၈ သန်းခန့်ရှိသည့် ဆွစ်ဇာလန်နိုင်ငံတွင် အစ္စလာမ်ဘာသာဝင်အရေအတွက်မှာ ၄၅၀,၀၀၀ ခန့် ရှိနေသည်။

    Ref: Reuters, CNBC