ဒီဇင်ဘာ ၂၁၊ ၂၀၁၆
M-Media

– မွတ်စလင်များကို X-ray ဓာတ်ရောင်ခြည်ဖြင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်ရန် ကြံစည်သူ လူဖြူ ခရစ်ယာန်အစွန်းရောက်တစ်ဦးကို အမေရိကန်တရားရုံးက ထောင်ဒဏ် နှစ် ၃၀ ချမှတ်လိုက်သည်ဟု သိရသည်။
နယူးယောက်မှ KKK အဖွဲ့ဝင် ဂလန်ဒန် စကော့ ကရောဖို့ဒ်ဆိုသူဖြစ်ပြီး လူကိုသေစေနိုင်သည့် ဓာတ်ရောက်ခြည်ထုတ်လွှတ်ပေးသော စက်ရုံသုံး X-ray စက်ကို တည်ဆောက်ရန် စီစဉ်ထားသူဖြစ်သည်။
၎င်းက ထိုစက်ကို ထရပ်ကား သို့မဟုတ် ဗန်ကားပေါ်တင်ကာ မွတ်စလင်များသော အဆောက်အဦးများအနီး ထားရှိ၍ အဝေးမှ ဓာတ်ရောင်ခြည်လွှတ်ကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ရန် အကြံအစည်ရှိနေခြင်းဖြစ်သည်။
၂၀၁၂ ခုနှစ်တွင် ကရောဖို့ဒ်မှာ ၎င်း၏ ထိုအစီအစဉ်အတွက် ငွေကြေးအကူအညီရရန် ဂျူးအဖွဲ့အစည်း ၂ ခုထံ ချဉ်းကပ်ခဲ့ပြီး၊ ဂျူးအဖွဲ့အစည်းမှ လူတစ်ဦးက သတင်းပေးမှုကြောင့် ရဲတပ်ဖွဲ့က စုံစမ်းနိုင်ခဲ့ကာ ၁၄ လအကြာတွင် တရားစွဲဆိုနိုင်ခဲ့သည်။
ဓာတ်ရောက်ခြည်ထုတ်လွှတ်နိုင်မည့်စက် ရရှိရန် ကူညီပေးနိုင်မည့်သူကိုလည်း ကရောဖို့ဒ်က ရှာဖွေခဲ့ပြီး၊ ၂၀၁၃ ခုနှစ်တွင် ၎င်း၏ လူသတ်စက်အတွက် ဒီဇိုင်းဆွဲခြင်း၊ လိုအပ်သည့်အစိတ်အပိုင်းများ ၀ယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ စမ်းသပ်ခြင်းတို့ကို ပြုလုပ်ခဲ့သည်။
၎င်းမှာ နယူးယောက်ရှိ အလ်ဘနီ ရပ်ကွက်၊ ရှန်နက်တဒီရပ်ကွက်တို့ရှိ ဗလီများကို လေ့လာခဲ့ပြီး အုပ်ချု ပ်ရေးမှူးနေအိမ်၊ အစ္စလာမ့်ပရဟိတစင်တာနှင့် စာသင်ကျောင်းများကို ပစ်မှတ်အဖြစ် သတ်မှတ်ထားခဲ့သည်ဟု အမေရိကန် ရှေ့နေချုပ်ရုံးက ပြောကြားခဲ့သည်။
ကရောဖို့ဒ်အား ဖမ်းဆီးမှုတွင် ရဲတပ်ဖွဲ့မှာ ၎င်းနှင့် ရင်းနှီးအောင်လုပ်ခြင်း၊ အလုပ်တွဲလုပ်ခြင်းတို့ကဲ့သို့ အသွင်ယူ စုံစမ်းထောက်လှမ်းမှုများ ပြုလုပ်ခဲ့သည်။ တရားစွဲဆိုပြီးနောက် ၂၀၁၅ ခုနှစ် သြဂုတ်လတွင် အပြစ်ရှိကြောင်း နယူးယောက် ခရိုင်တရားရုံးက ဆုံးဖြတ်ခဲ့ပြီး၊ ဒီဇင်ဘာ ၁၉ ရက် တနင်္လာနေ့တွင် ထောင်ဒဏ် နှစ် ၃၀ ချမှတ်ခဲ့ခြင်းဖြစ်သည်။
ကရောဖို့ဒ်အား ပစ္စည်းများ ထောက်ပံ့ပေးသူ အဲရစ် ဖိုက်ဆိုသူကိုလည်း တရားရုံးက ၂၀၁၅ ခုနှစ် ဒီဇင်ဘာတွင် ထောင်ဒဏ် ၈ နှစ်ကျော် ချမှတ်ခဲ့သည်။
Ref: Washingtonpost