News @ M-Media

Author: Ko Lay

  • တောင်ပိုင်းလက်နက်ကိုင်ကိစ္စ ဖက်ဒရယ်နည်းလမ်းဖြင့် ဖိလစ်ပိုင် အဖြေရှာမည်

    တောင်ပိုင်းလက်နက်ကိုင်ကိစ္စ ဖက်ဒရယ်နည်းလမ်းဖြင့် ဖိလစ်ပိုင် အဖြေရှာမည်

    နိုဝင်ဘာ ၂၆၊ ၂၀၁၆
    M-Media

    duterte

    – ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းမှ စစ်သွေးကြွအဖွဲ့ အဘူ ဆေယက်ဖ်နှင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ပြုလုပ်သွားမည်ဟု ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတေးက ပြောကြားလိုက်ပြီး ဖက်ဒရယ်စနစ်မှာ ဖြစ်နိုင်ဖွယ်ရာရှိသည့် အဖြေဟု ဆိုသည်။

    “ဒီကပြည်သူတွေကို အမြဲတမ်း ဆေးကုနေရတာမျိုး၊ ဒဏ်ရာရနေတာမျိုး ဖြစ်လို့ မရပါဘူး။ ဆွေးနွေးကြရအောင်။ ကျွန်တော်တို့ ပြည်သူတွေကို အခွင့်အရေးတစ်ခု ပေးကြရအောင်” ဟု နိုင်ငံတောင်ပိုင်း ဇမ်ဘိုအန်ဂါ ဆိပ်ကမ်းမြို့ရှိ စစ်ဆေးရုံတွင် ယမန်နေ့ကပြုလုပ်သည့် မိန့်ခွန်း၌ ဒူတာတေးက ပြောကြားခဲ့သည်။

    ဖိလစ်ပိုင်အစိုးရမှာ နိုင်ငံ၏ အကြီးဆုံး မွတ်စလင်ပျောက်ကြားအဖွဲ့ဖြစ်သော မိုရို အစ္စလာမ့်မစ်လွတ်မြောက်ရေးတပ်ဦးနှင့် အပစ်ရပ်ထားသည်။ ယခုနှစ် အစောပိုင်းက အဘူဆေယက်ဖ်အဖွဲ့မှာ အယူအဆကို အခြေမခံသည့် အဖွဲ့ဖြစ်သောကြောင့် ငြိမ်းချမ်းရေးဆွေးနွေးမှု ပြုလုပ်မည်မဟုတ်ဟု ဒူတာတေးက ပြောကြားခဲ့သည်။

    လေ့လာဆန်းစစ်သူ အများစုကမူ အဘူဆေယက်ဖ်အဖွဲ့မှာ ဘာသာရေးအယူအဆထက် ပြန်ပေးဆွဲခြင်းလုပ်ငန်း လုပ်ကိုင်မှုအပေါ်သာ အဓိက အာရုံစိုက်သည်ဟု မှတ်ချက်ပေးထားသည်။

    ယမန်နေ့တွင် ဒူတာတေးက မိမိအနေဖြင့် စစ်ရေးအရ တိုက်ခိုက်မှု ပြုလုပ်နိုင်သော်လည်း စစ်သွေးကြွများ ထိန်းချုပ်ထားသည့်နေရာတွင်ရှိသော ပြည်သူလူထုအား မထိုခိုက်စေချင်ကြောင်း ပြောကြားခဲ့သည်။

    “ကျွန်တာ် ကြိုက်သလောက်ဗုံးကြဲလို့ရတယ်ဗျ။ ဒါပေမယ့် နောက်ဆုံးမှာ ဖိလစ်ပိုင်ပြည်သူတွေကို ကျွန်တော် ဘာပြောရမှာလဲ။ ကျွန်တော်တို့ညီအစ်ကိုတွေဖြစ်တဲ့ ယာကန်၊ ဆာမာနဲ့ တူဆွဂ် (မွတ်စလင်တိုင်းရင်းသားမျိုးနွယ်စုများ) တွေ အားလုံးကို ကျွန်တော်တို့ ရှင်းလိုက်ပြီလို့ ပြောရမှာလား။ သူတို့တွေက အကြမ်းဖက်မှုနဲ့ မပတ်သက်သူတွေဗျ”

    ထို့ပြင် မိုရို (ဖိလစ်ပိုင်မွတ်စလင်)များ ကိုယ်ပိုင်အုပ်ချုပ်ခွင့် သို့မဟုတ် ဖက်ဒရယ်လိုချင်ပါက မိမိအနေဖြင့် အသင့်ရှိနေကြာင်း သမ္မတက ထည့်သွင်းပြောကြားခဲ့သည်။

    ၁၉၉၀ ပြည့်နှစ်များက အလ်ကိုင်းဒါးအကူအညီဖြင့် ဖွဲ့စည်းခဲ့သည့် အဘူဆေယက်ဖ်အဖွဲ့ကို အမေရိကန်က နိုင်ငံခြား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေငြာခဲ့သည်။ ၎င်းတို့အဖွဲ့မှာ နိုင်ငံခြားသာများအား ပြန်ပေးဆွဲခြင်း အကြမ်းဖက်တိုက်ခိုက်ခြင်းတို့ကို ပြုလုပ်လေ့ရှိသည်။

    Ref: Bangkokpost

  • သမ္မတနှုတ်ထွက်ရန် အကြီးမားဆုံး ဆန္ဒပြမှုကို တောင်ကိုရီးယားပြည်သူများ ပြုလုပ်

    သမ္မတနှုတ်ထွက်ရန် အကြီးမားဆုံး ဆန္ဒပြမှုကို တောင်ကိုရီးယားပြည်သူများ ပြုလုပ်

    နိုဝင်ဘာ ၂၆၊ ၂၀၁၆
    M-Media

    south

    – ခြစားမှုရှိသည်ဆိုသော စွပ်စွဲချက်များနှင့် ရင်ဆိုင်နေရသည့် သမ္မတ ပတ်ဂျုံဟေး နှုတ်ထွက်ပေးရန်အတွက် ၁.၃ သန်းသော တောင်ကိုရီးယားပြည်သူများမှာ ယနေ့တွင် အေးခဲနေသော အပူချိန်ကို အန်တုကာ အကြီးအကျယ် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    အဆိုပါ ဆန္ဒပြမှုကို မြို့တော်ဆိုးလ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပါဝင်သူများမှာ ဖယောင်းတိုင်များကိုင်၍ “ပတ်ဂျုံဟေးကို ဖမ်းပေး” “ပက်ကို ထောင်ချ” စသည့် ကျွေးကြော်သံများကို ဟစ်အော်ကာ သီချင်းသီဆိုမှု၊ ကပြမှုများလည်း ပြုလုပ်ခဲ့ကြသည်။ ထို့နောက် ၎င်းတို့၏ စုရပ်မှ သမ္မတအိမ်တော်သို့ ချီတက်ခဲ့ကြသည်။

    ပတ်ဂျုံဟေးနှင့်ပတ်သက်သည့် မကောင်းသတင်းများ ထွက်လာခဲ့သည့် ပြီးခဲ့သည့် တစ်လအရင်ကတည်းက တောင်ကိုရီးယားပြည်သူများမှာ ဆန္ဒပြမှုများ တောက်လျှောက်ပြုလုပ်လာခဲ့ပြီး ယနေ့ပြုလုပ်သည့် ဆန္ဒပြမှုမှာ အကြီးဆုံးဖြစ်သည်။

    ယခုဆန္ဒပြပွဲတွင် မိဘများ၊ ကလေးငယ်များ တက္ကသိုလ်ကျောင်းသားများ၊ ဘုန်းကြီးများ ပါဝင်ခဲ့ပြီး ရဲတပ်ဖွဲ့ကမူ စုစုပေါင်း ၂၆၀၀၀၀ ခန့် ရှိမည်ဟု ခန့်မှန်းခဲ့သည်။ သို့သော်လည်း ဆန္ဒပြမှုကို စီစဉ်သူများကမူ ၁.၃ သန်းအထိ ရှိသည်ဟု ဆိုသည်။

    Ref: Channelewsasia

  • အကောင်းဆုံးခြေစွမ်းနဲ့ ဆီမီးဖိုင်နယ်တက်တဲ့ မြန်မာ

    အကောင်းဆုံးခြေစွမ်းနဲ့ ဆီမီးဖိုင်နယ်တက်တဲ့ မြန်မာ

    နိုဝင်ဘာ ၂၆၊ ၂၀၁၆
    M-Media

    mya

    – ဆူဇူကီးဖလား အုပ်စု ဒုတိယ နောက်ဆုံးပွဲစဉ်အဖြစ် အိမ်ရှင်မြန်မာနဲ့ မလေးရှားတို့ရဲ့ ပွဲမှာတော့ မြန်မာအသင်းက အကောင်းဆုံး ခြေစွမ်းနဲ့ ထိုက်တန်တဲ့အနိုင် ရရှိခဲ့ပါတယ်။

    ပွဲအစမှာ နည်းနည်းအထနှေးခဲ့ပေမယ့် ၈ မိနစ်ကျော်လောက်ကတည်းက မြန်မာဟာ မလေးရှားဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပြီး ၉ မိနစ်ကျော်ကျော်မှာပဲ ဂိုးရဖို့အခွင့်အရေး ရရှိခဲ့ပါတယ်။ မလေးဂိုးစီးထိပ်ကရတဲ့ ပြစ်ဒဏ်ဘောကနေ အောင်သူရဲ့ ကန်သွင်းချက်ကို မလေးရှားဂိုးသမား ကာကွယ်နိုင်ခဲ့ပြီး မကြာခင်မှာ မြန်မာတို့ ပင်နယ်တီ ရခဲ့ပေမယ့် အောင်သူရဲ့ကစ်ချက်ကို မလေးဂိုးသမား ကာကွယ်သွားနိုင်ခဲ့ပါတယ်။

    နောက်ပိုင်းမှာလည်း မြန်မာကပဲ ဂိုးပေါက်ကို ပိုမိုခြိမ်းခြောက်နိုင်ခဲ့ပြီး တိုက်စစ်မှူးတွေရဲ့ သွင်းဂိုးတွေ ဘားထိထွက်တာ ဂိုးသမား ကာကွယ်သွားနိုင်တာတွေကြောင့် ဂိုးမရခဲ့ပါဘူး။ မလေးရှားကတော့ ၂ ကြိမ်လောက်သာ မြန်မာဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပြီး ဂိုးမသွင်းနိုင်ခဲ့ပါဘူး။

    ဒုတိယပိုင်းမှာတော့ မြန်မာအသင်းက တိုက်စစ် ပိုဆင်နိုင်ခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်မှု တော်တော်များများ လုပ်နိုင်ခဲ့ပေမယ့် ဂိုးကံခေခဲ့ကာ ၈၈ မိနစ်မှာမှ ကွင်းလယ်ကစားသမား ဒေးဗစ်ထန်ရဲ့ တစ်ကိုယ်တော်ခြေစွမ်းနဲ့ လိမ်ခေါက်ကာ အဝေးကန်ချက်နဲ့ သွင်းယူနိုင်ခဲ့တာကြောင့် တစ်လုံးတည်းသော အနိုင်ဂိုးကို ရရှိခဲ့ပါတယ်။

    တစ်ဖက်က ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားတို့ပွဲမှာ ဗီယက်နမ်က ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတာကြောင့် ရမှတ် ၉ မှတ် အုပ်စုပထမနဲ့ နောက်တစ်ဆင့်တက်နိုင်ခဲ့ပြီး၊ မြန်မာကတော့ ရမှတ် ၆ မှတ် ဒုတိယနဲ့ နောက်တစ်ဆင့်တက်နိုင်ခဲ့ပါတယ်။ ဆီးမီးဖိုင်နယ်မှာ မြန်မာက ထိုင်းနဲ့ တွေ့ရမှာဖြစ်ပြီး ဗီယက်နမ်ကတော့ အင်ဒိုနီးရှားနဲ့ ကစားရမှာ ဖြစ်ပါတယ်။

    mya-2

  • ဘိုကိုဟရမ်ကြောင့် လူ ၁ သန်းခန့် အကူအညီပြတ်တောက်

    ဘိုကိုဟရမ်ကြောင့် လူ ၁ သန်းခန့် အကူအညီပြတ်တောက်

    နိုဝင်ဘာ ၂၆၊ ၂၀၁၆
    M-Media

    boko

    – အနောက်အာဖရိကရှိ နာမည်ကြီးရေကန် Lake Chad ပတ်ဝန်းကျင်ဒေသတွင် လူပေါင်း ၁ သန်းခန့်ကို ဘိုကိုဟရမ် အကြမ်းဖက်အဖွဲ့က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဖြတ်တောက်ထားသည်ဟု ကုလက ယခုတစ်ပတ် အစောပိုင်းတွင် ပြောကြားခဲ့သည်။

    ချဒ်၊ ကင်မရွန်း၊ နိုင်ဂျာနှင့် နိုက်ဂျီးရီးယား နယ်နမိတ်များဆုံရာ အဆိုပါ Lake Chad ဒေသတွင် ဘိုကိုဟရမ်အဖွဲ့ကြောင့် လူပေါင်း ၁ သိန်းကျော်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အခြား လူသိန်းပေါင်းမျာစွာမှာလည်း အတိဒုက္ခ ရောက်ခဲ့ရသည်။

    လုံခြုံရေးတာဝန်ရှိသူများကမူ ဒေသတွင်းစစ်ဆင်ရေးတပ်ဖွဲ့မှာ အဆိုပါဒေသကို ပြန်လည်ရရှိရန် ကြိုးစားတိုက်ခိုက်နေကြပြီး၊ ပြီးခဲ့သည့်လအနည်းငယ်အတွင်း စစ်သွေးကြွ ရာပေါင်းများစွာမှာ လာရောက်အဖမ်းခံခဲ့ရသည်ဟု ဆိုသည်။

    ဆာဟီလ်ဒေသဆိုင်ရာ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး တိုဘီ လန်ဇာကမူ မတည်ငြိမှုများကြောင့် ဒေသအများအပြားတွင် အကူအညီပေးရန် မဖြစ်နိုင်ဟု ပြောကြားခဲ့သည်။

    “အကူအညီမရောက်နိုင်တဲ့ ဒေသနဲ့ ရွာတွေမှာ စုစုပေါင်း လူ ၁ သန်းလောက်အထိ ရှိမယ်လို့ ယုံကြည်ပါတယ်”

    Ref : IINA

  • ချိုတဲ့မိသားစုများကို အမေရိကန်မွတ်စလင်များ အဟာရဒါနပြု

    ချိုတဲ့မိသားစုများကို အမေရိကန်မွတ်စလင်များ အဟာရဒါနပြု

    နိုဝင်ဘာ ၂၆၊ ၂၀၁၆
    M-Media

    turkey-3

    – အမေရိကန်ပြည်ထောင်စု ချီကာဂိုပြည်နယ် အနောက်မြောက်ဖက်ရှိ ချို့တဲ့မိသားစုများကို အမေရိကန်မွတ်စလင် ပရဟိတအဖွဲ့တစ်ခုက ပြီးခဲ့သည့် ရက်အနည်းအတွင်း ကြက်ဆင်သားများ ဝေငှကာ အဟာရဒါန ပြုခဲ့သည်ဟု သိရသည်။

    Sabeel Food Pantry ဟု အမည်ရသည့် ပရဟိတအဖွဲ့က ဆောင်ရွက်ခြင်းဖြစ်ပြီး ထိုလှုပ်ရှားမှုမှာ ၎င်းတို့ နှစ်စဉ်ပြုလုပ်နေသည့် လှုပ်ရှားမှုလည်းဖြစ်ကာ ယခုနှစ်တွင် ၃ ဆပို၍ ဒါနပြုခဲ့သည်။

    ကြက်ဆင်များကို စာသင်ကျောင်းများမှတစ်ဆင့် ချို့တဲ့သည့် မိသားစုများကို ဝေငှခဲ့ခြင်းဖြစ်ပြီး အဆိုပါလှုပ်ရှားမှုကို စီစဉ်ခဲ့သည့် ဒေါက်တာ ဆိုဖီယာ ရှာကီရ်ကမူ ယခုကဲ့သို့ ဒါနပြုခွင့်ရသည့်အတွက် ကျေနပ်မိသည်ဟု ပြောကြားခဲ့သည်။

    Woodlawn မြို့ ဒေသကျောင်းကောင်စီဥက္ကဌဖြစ်သူ ဗစ်တိုးရီးယား ဘိုဝင်က “ခွဲခြားမှုတွေဟာ ကျွန်မတို့ဆီက လာတာမဟုတ်ပါဘူး၊ ခွဲခြားဆက်ဆံတာမျိုးဟာ ဘယ်လိုခံစားရလဲဆိုတာ ကျွန်မတို့ နားလည်ပါတယ်။ အဲဒီအစား ကံမကောင်း အကြောင်းမလှသူတွေကို ကူညီဖို့အတွက် သူတို့လေးတွေကို ပြုစုပျိုးထောင်နိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။

    အဆိုပါ ဒါနပြုမှုတွင် ပါဝင်ခဲ့သည့် စာသင်ကျောင်းများမှ ဆရာများနှင့် ကျောင်းအုပ်များက ထိုလှုပ်ရှားမှုကို ချီးကျူးခဲ့ကြပြီး အချို့ကျောင်းများက ၎င်းအစီအစဉ်ကို ကျောင်းသားမိဘများ ပါဝင်နိုင်သည့် လှုပ်ရှားမှုမျိုးဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ရှကီးရ်၏ ခင်ပွန်းဖြစ်သူ ဒေါက်တာ ရှိုရှာရာက ထိုလှုပ်ရှားမှုမှာ ချို့တဲ့သူများကို ကူညီရမည်ဟူသည့် အစ္စလာမ့်သွန်သင်ချက်များကို အကောင်အထည်ဖော်သည့် ကြိုးပမ်းမှုဖြစ်ကြောင်း၊ ဆာလောင်မွတ်သိပ်သူများကို ကျွေးမွေးခြင်းထက် ပိုပြီး မိဘများအနေဖြင့် သားသမီးများအတွက် ဂရုစိုက်မှု နည်းလမ်းတစ်ခုကို ဖန်တီးပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

    Ref : IINA