News @ M-Media

Author: Ko Lay

  • အီဂျစ်တွင် နှစ် ၇၀၀၀ သက်တမ်းရှိ ရှေးဟောင်းမြို့ တွေ့ရှိ

    အီဂျစ်တွင် နှစ် ၇၀၀၀ သက်တမ်းရှိ ရှေးဟောင်းမြို့ တွေ့ရှိ

    နိုဝင်ဘာ ၂၈၊ ၂၀၁၆
    M-Media

    egypt

    – နိုင်ငံတောင်ပိုင်း ဆိုဟဂ်ပြည်နယ်တွင် နှစ် ၇၀၀၀ ကျော် သက်တမ်းရှိ မြို့ဟောင်းတစ်ခုနှင့် အီဂျစ်၏ ပထမဆုံးမင်းဆက် လက်ထက်မှ သုဿာန်တစ်ခုကို တူးဖော်နိုင်ခဲ့သည်ဟု အီဂျစ် ရှေးဟောင်း သုတေသနဆိုင်ရာ ၀န်ကြီးဌာနက ပြီးခဲ့သည့် သီတင်းပတ်တွင် ပြောကြားလိုက်သည်။

    အဆိုပါတွေ့ရှိမှုမှာ ၂၀၁၁ ခုနှစ်တွင် သမ္မတ ဟိုစနီမူဘာရက်ကို ဖြုတ်ချနိုင်ခဲ့သည့် မတည်ငြိမ်မှုနောက်ပိုင်း နောက်ပြန်ရောက်ခဲ့သော တိုင်းပြည်၏ ခရီးသွားလုပ်ငန်း ပြန်လည် ဦးမော့လာစေရန်အတွက် အခွင့်အလမ်းတစ်ခု ဖြစ်လာမည်ဖြစ်သည်။

    အဆိုပါ ရှေးဟောင်းမြို့တော်သည် အဆင့်မြင့် အာဏာပိုင်ပုဂ္ဂိုလ်များနှင့် သင်္ချိုင်းဂူတူးသူများ နေထိုင်ရာမြို့ ဖြစ်ဖွယ်ရှိပြီး ထိုရှာဖွေတွေ့ရှိမှုက အီဂျစ်သမိုင်းတွင် သက်တမ်းအရင့်ဆုံး မြို့များမှ တစ်ခုဖြစ်သော အဘီဒို့စ်မြို့အကြောင်း ပိုမို အတွင်းကျကျသိနိုင်ရေး အကျိုးရှိစေမည်ဟုလည်း ၀န်ကြီးဌာနမှထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    ပညာရှင်များက အဘီဒို့စ်မြို့တော်သည် အီဂျစ်တွင် ဘုရင်စနစ် မထွန်းကားသည့်ကာလ အဆုံးနှင့် ပထမ မင်းဆက် ၄ ဆက် အုပ်စိုးစဉ်အတွင်း အီဂျစ်နိုင်ငံ၏မြို့တော် ဖြစ်ခဲ့သည်ဟု ပြောကြားခဲ့သည်။ အဆိုပါ ရှေးဟောင်းမြို့ကို နိုင်းမြစ်ပေါ်ရှိ Seti I ဘုရားကျောင်းမှ မီတာ ၄၀၀ အဝေးတွင် တွေ့ရှိခဲ့ရခြင်းဖြစ်သည်။

    ရှေးဟောင်း သုတေသနပညာရှင်များမှာ တဲများ၊ အိုးခွက်အစိတ်အပိုင်းများ၊ သံထည်ပစ္စည်းများနှင့် ကြီးမားသည့် ဂူဗိမာန် ၅ ခုတို့ကို တွေ့ရှိခဲ့ကြသည်။

    “သုဿာန်မှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ဒီ ဂူကြီတွေရဲ့ အရွယ်အစားဟာ အဘီဒို့စ်မင်းဆက်လက်ထက်က နမူနာရှိထားတဲ့ ဂူတွေထက် ပိုကြီးပါတယ်။ ဒါဟာ အဲဒီမှာမြှုပ်နှံထားတဲ့သူတွေက ပိုအရေးပါတယ်။ အီဂျစ်သမိုင်းရဲ့ ဒီအစောပိုင်းကာလက သူတို့ရဲ့ သြဇာဟာ တော်တော်ကြီးတယ်ဆိုတာကို ပြသနေတာဖြစ်ပါတယ်”

    အီဂျစ်တွင် ၂၀၁၀ ခုနှစ်က ကမ္ဘာ့လှည့်ခရီးသည် ၁၄.၇ သန်းကျော် လာရောက်လည်ပတ်ခဲ့ပြီး ၂၀၁၁ တွင် ၉.၈ သန်းအထိ လျော့ကျသွားခဲ့သည်။ ၂၀၁၆ ပထမလေးလပတ်တွင် အီဂျစ်သို့ လည်ပတ်သူ ၁.၂ သန်းခန့်ရှိကာ ၂၀၁၅ တွင်မူ ၂.၂ သန်း ရှိခဲ့သည်။

    Ref : IINA

  • အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို ဥရောပနှင့် လက်တင်အမေရိက ပြည်သူများ​ ရှုတ်ချ

    အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို ဥရောပနှင့် လက်တင်အမေရိက ပြည်သူများ​ ရှုတ်ချ

    နိုဝင်ဘာ ၂၇၊ ၂၀၁၆
    M-Media

    woman

    – ဥရောပတွင် မြင့်တက်လာသည့် အမျိုးသမီးအပေါ် အကြမ်းဖက်မှုများကို ရှုတ်ချသည့် ဆန္ဒပြပွဲကို စပိန်နိုင်ငံ မက်ဒရစ်မြို့တွင် သောကြာနေ့က ပြုလုပ်ခဲ့ပြီး ပြင်သစ်နှင့် လက်တင်အမေရိက နိုင်ငံများတွင်ပါ ထိုကဲ့သို့ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြသည်။

    မက်ဒရစ်ရှိ Opera ရင်ပြင်တွင် စုဝေးကာ ပြုလုပ်သည့် ဆန္ဒပြမှုတွင် လူထောင်ချီ ပါဝင်ခဲ့ပြီး အမျိုးသမီးများကို အနိုင်ကျင့်မှုများ ရပ်တန့်စေရေး ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့ကာ၊ အမျိုးသမီးများအပေါ် ပစ်မှတ်ထား ပြုလုပ်သည့် အကြမ်းဖက်မှုများ မြင့်တက်လာခြင်းကို ဆန့်ကျင်သည့် ကျွေးကြော်သံများလည်း ကျွေးကြော်ခဲ့ကြသည်။

    ထို့ပြင် နိုင်ငံတွင်း၌ အမျိုးသမီးများအား အကြမ်းဖက်သတ်ဖြတ်သူတို့၏ နာမည်၊ နေရပ်၊ ပြုလုပ်သည့်ရက်စွဲတို့ပါဝင်သော ဆိုင်းဘုတ်များကိုလည်း ကိုင်ဆောင်ခဲ့ကြသည်။

    အကြမ်းဖက်ခံရသူ အမျိုးသမီးများအား ဂါရ၀ပြုသည့်အနေဖြင့် ဆန္ဒပြသူများနှင့် အာဏာပိုင်များမှာ တစ်မိနစ်ခန့် ငြိမ်သက်ခဲ့ကြသည်။ လိင်ကိုအခြေခံသည့် ညှင်းပန်းနှိပ်စက်မှုများနှင့် ခွဲခြားဆက်ဆံမှုများကို ဆန့်ကျင်သောအားဖြင့် အလားတူ ဆန္ဒပြချီတက်ပွဲများကို စပိန်နိုင်ငံရှိ အခြားမြို့များတွင်လည်း ပြုလုပ်ခဲ့သည်။

    အမျိုးသမီးများအား အကြမ်းဖက်မှုကို ဆန့်ကျင်သည့်အနေဖြင့် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ ဆန္ဒပြမှုတွင် လူရာချီ ပါဝင်ခဲ့ပြီး Place de la astille မှ Place de la Republique သို့ ငြိမ်းချမ်းစွာ ချီတက်ခဲ့ကြသည်။

    အမျိုးသမီးများ ရက်စက်စွာအသတ်ခံရမှုမှာ ကပ်ရောဂါတစ်ခုကဲ့သို့ ဖြစ်နေသော လက်တင်အမေရိကရှိ မက္ကဆီကို၊ အာဂျင်တီးနား၊ ချီလီ၊ ဥရုဂွေး၊ ကိုလံဘီယာ၊ ဗင်နီဇွဲလားနှင့် ဂွါတီမာလာတို့တွင်လည်း လူပေါင်း ရာထောင်ချီ စုဝေးကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများကို ရှုတ်ချခဲ့ကြသည်။

    ထိုကဲ့သို့ ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည့် နိုဝင်ဘာ ၂၅ ရက်နေ့မှာ နိုင်ငံတကာ အမျိုသမီးများအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေးနေ့လည်း ဖြစ်သည်။

    Ref : Presstv

  • မြန်မာနိုင်ငံမှ လက်နက်ကိုင်ပဋိပက္ခတွင် လိုအပ်နေသော တရုတ်နိုင်ငံ၏အခန်းကဏ္ဍ

    မြန်မာနိုင်ငံမှ လက်နက်ကိုင်ပဋိပက္ခတွင် လိုအပ်နေသော တရုတ်နိုင်ငံ၏အခန်းကဏ္ဍ

    နိုဝင်ဘာ ၂၇၊ ၂၀၁၆
    M-Media

    china

    – လက်ရှိရက်ပိုင်းအတွင်း မြန်မာနိုင်ငံမြောက်ပိုင်း၌ တိုက်ပွဲများ ပြန်လည်ဖြစ်ပေါ်လာသည်။ မြန်မာအစိုးရတပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများအကြား ပြင်းထန်သောတိုက်ပွဲများကြောင့် တရုတ်နယ်စပ်ထဲသို့ မြန်မာပြည်သူထောင်ပေါင်းများစွာတအုံတကျင်း ဖြတ်ကျော်ဝင်ရောက်လျက်ရှိ၏။ နယ်စပ်ဒေသရှိ တရုတ်နိုင်ငံသားများ၏ အလုပ်အကိုင်နှင့် ဘ၀အခြေအနေအတွက်လည်း ပြင်းထန်စွာ ဂယက်ရိုက်ခံနေရ၏။

    သမိုင်း၌ အရှည်ကြာဆုံးပြည်တွင်းစစ်တစ်ခုဖြစ်သော မြန်မာအစိုးရတပ်ဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများအကြားရှိ ပဋိပက္ခကိုကြည့်လျှင် စစ်မှန်သည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ဟူ၍ မည်သည့်အခါမျှ မတွေ့ကြရ။ ထို့ကြောင့် တရုတ်နယ်စပ်ဒေသများ၏ လုံခြုံရေးနှင့် ဖွံ့ဖြိုးရေးမှာ အကြီးအကျယ် ထိခိုက်ရသည်။ အလားတူစွာပင် တရုတ်ဖက်မှ အစပြုထားသည့် ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ စီးပွားရေးစကြံ င်္န် နှင့် ပေါင်းကူးခြေလှမ်းအစီအစဉ်အတွက် အကန့်အသတ်များစွာ ဖြစ်လာသည်။ တရုတ်ပြည်အတွက် အပစ်အခတ်ရပ်စဲရေးကို ပိုမိုထိရောက်သောနည်းလမ်းဖြင့် ချဉ်းကပ်အကောင်အထည်ဖော်ရန် အလေးအနက် စဉ်းစားသုံးသပ်ရတော့မည့် အရေးပေါ်အချိန်ကာလသို့ ရောက်လာပြီဖြစ်သည်။

    မြန်မာပြည်မြောက်ပိုင်းတွင် အောင်မြင်သော ငြိမ်းချမ်းရေးရရန် တစ်ခုတည်းသောနည်းလမ်းမှာ အကန့်အသတ်မဲ့ လုံးဝဥဿုံစစ်မက်ရပ်စဲခြင်းဖြစ်လာအောင် ငြိမ်းချမ်းရေးဆိုင်ရာ ကြားဝင်စေ့စပ်မှုအားဖြင့် သဘောတူညီချက်ကို တတ်နိုင်သမျှ ကြိုးပမ်းရပေမည်။ ၎င်းပြင် ရေရှည်ငြိမ်းချမ်းရေးကို စိတ်ချလုံခြုံစွာ ထိန်းသိမ်းနိုင်မည့် အခြေခံမူဘောင်တစ်ရပ်ကို အခိုင်အခံ့တည်ဆောက်ရမည် ဖြစ်ပေသည်။

    ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော NLD အစိုးရက အခြေအနေအချိန်အခါအရ အလုံးစုံပါဝင်သည့် ငြိမ်းချမ်းရေးခြေလှမ်းကို စတင်ထားပြီးဖြစ်သည်။ မြန်မာ့တပ်မတော်ဖက်မှလည်း NLD အစိုးရနှင့်လက်တွဲ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း နိုးကြားစွာ ပါဝင်အပ်ပေသည်။ လက်နက်ကိုင်တိုင်းရင်းသားအင်အားစုများကို အကျဉ်းအကြပ်ဖြစ်အောင် ပြုလုပ်မည့်အစား တပ်မတော်အနေဖြင့် လူနည်းစုဝင်တိုင်းရင်းသားတို့၏ ယုံကြည်မှုကို ရရှိရန် ပိုမိုအပြုသဘောဆောင်သော ရပ်တည်ချက်ဖြင့် ခံယူကျင့်သုံးခြင်း၊ မြန်မာပြည်မြောက်ပိုင်း၌ အေးချမ်းတည်ငြိမ်စေခြင်းများကို ဆောင်ရွက်သင့်သည်။

    လက်နက်ကိုင်တိုင်းရင်းသားအင်အားစုများဖက်ကလည်း ကိုယ်ပိုင်စစ်တပ် တောင်းဆိုခြင်း၊ ကိုယ်စားပြုအာဏာ အစရှိသည့် လက်တွေ့မကျသော ကြိုးပမ်းချက်တို့ကို စွန့်လွှတ်၍ မိမိတို့၏ရပ်တည်ချက်အား ပြန်လည်သုံးသပ်သင့်၏။ မိမိတို့ ရသင့်ရထိုက်သည့် တရားဝင်အခွင့်အရေးများအား အာမခံချက်ပေးမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲ လက်တွဲပါဝင်ခြင်းဖြင့်၊ တိုင်းပြည်လူထုတစ်ရပ်လုံး၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအပေါ် အသိအမြင်ထားရှိခြင်းဖြင့်သာ ပိုမိုအားကောင်းသော အခွင့်အလမ်းများကို ရရှိနိုင်ပါသည်။

    သို့သော် အချို့လက်နက်ကိုင်အင်အားစုများအကြား လက်တွေ့မကျသော စိတ်ကူးပုံရိပ်များ ရှိနေကြ၏။ သူတို့က အရှုပ်တော်ပုံထဲ တရုတ်ပြည်ကို ဆွဲသွင်းလျက် မြန်မာအစိုးရနှင့်စစ်တပ်အပေါ် ဖိအားပေးစေသည်။ ဤသည်မှာ လက်တွေ့မဆန်သည့်အပြင် အန္တရာယ်ကြီးမားလှ၏။ ၎င်းက တရုတ်ပြည်၏အကျိုးစီးပွားကို ထိခိုက်လျော့ပါးစေပြီး၊ မြန်မာအစိုးရ မြန်မာစစ်တပ်နှင့် လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့အကြားမှ ထိပ်တိုက်တွေ့မှုအား ပိုမိုပြင်းထန်စေပါသည်။ မြန်မာနိုင်ငံမြောက်ပိုင်းရှိ လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့များအနေနှင့် ၎င်းမှာ အဆုံးသတ်မကောင်းနိုင်ကြောင်း အရှိတရားကို လက်ခံပြီး နိုးထရန် လိုအပ်နေလေပြီ။ ၎င်းအပေါ် တရုတ်ကလည်း လက်ဝင်လျှိုနိုင်မည် မဟုတ်ပေ။

    မြန်မာနိုင်ငံမြောက်ပိုင်းရှိ အချို့ လက်နက်ကိုင်တိုင်းရင်းသားအင်အားစုတို့ကလည်း တင်းခံလျက်ရှိပြီး ဆက်လက် တိုက်ပွဲဝင်ရန် ဘေးကြပ်နံကြပ် ဖြစ်နေသည်။ ၂၀၁၅ ခုနှစ် ကိုးကန့်တို့၏ လက်နက်ကိုင်ပဋိပက္ခက မြန်မာလူထုအား ဒုက္ခနွံထဲ ရောက်သွားစေခဲ့သည်။ ယခုလည်း လက်နက်ကိုင်တိုင်းရင်းသားအင်အားစုများက မိမိတို့၏လမ်းကြောင်းဟောင်းအပေါ်သို့ တက်ရောက်လာပြန်သည်။ မူဆယ်နှင့် ၁၀၅ မိုင်နယ်စပ်ဂိတ်များ ကဲ့သို့ တရုတ်-မြန်မာဆက်ဆံရေးအဓိကကျရာနေရာများကို တိုက်ခိုက်ခြင်းက လူထု၏ ထောက်ခံမှု ယုတ်လျော့စေပါသည်။

    အချို့တပ်ဖွဲ့များက တရုတ်၏ရင်းနှီးမြှုပ်နှံမှု မြစ်ဆုံဆည်အား ဒုက္ခပေးရန် ကြိုးစားသည်။ အခြားအဖွဲ့များက တရုတ်ပိုင်နက်ရှိ မျိုးတူလူမျိုးစုတို့ကို ခေါ်ယူ၍ နယ်စပ်ဖြတ်ကျော်ပြီး တိုက်ပွဲထဲတွင် ပူးပေါင်းပါဝင်စေသည်။ တရုတ်ပြည်ဖက်က ယင်းသို့ အပြုအမူမျိုးကို သည်းခံဖွယ် မရှိချေ။

    မြန်မာနိုင်ငံမြောက်ပိုင်းတွင် ကသောင်းကနင်းဖြစ်နေမှုများက တရုတ်၏အမျိုးသားအကျိုးအမြတ်ကို ထိခိုက်စေသည်သာမက ဒေသတွင်း ငြိမ်းချမ်းရေးဖွံ့ဖြိုးမှုကို ဖျက်ဆီးရာရောက်သည့်အပြင် တရုတ်ပြည်၏ပုံရိပ်ကိုလည်း ညှိုးနွမ်းစေသည်။ တင်းမာမှုဆက်ထုံးအားလုံးကို ဖျန်ဖြေဖော်ဆောင်ပေးနိုင်မည့် အစုအဖွဲ့အား မြန်မာပြည်၌ ဖန်တီးရန် မလွယ်ကူလှချေ။ ကမ္ဘာ့ဒေသအနှံ့အပြားရှိ ငြိမ်းချမ်းရေးစကားဝိုင်းများ၏ အတိတ်အတွေ့အကြုံအရ ကာယကံရှင်များမပါဝင်သော တတိယအုပ်စု၏ ပူးပေါင်းဆောင်ရွက်မှုက အဖြေရှာဖွေနိုင်ကြောင်း တွေ့ရသည်။ လတ်တလောတွင် မြန်မာအစိုးရ၊ တပ်မတော်နှင့် လက်နက်ကိုင်တိုင်းရင်းသားအုပ်စု အားလုံးက တရုတ်ပြည်အနေနှင့် အရေးကြီးဆုံး အခန်းကဏ္ဍမှ ပါဝင်လာနိုင်ရန် မျှော်လင့်နေကြ၏။

    တရုတ်ပြည်မှာ ၎င်းသက်ဆိုင်ရာအုပ်စုအားလုံးနှင့် ဆက်ဆံပတ်သက်နေသော အိမ်နီးချင်နိုင်ငံတစ်ခုဖြစ်သည်နှင့်အညီ ၎င်းတို့၏ ဆုံးဖြတ်များအပေါ် သြဇာသက်ရောက်နိုင်စွမ်း ရှိ၏။ သို့ဖြစ်ရာ ခေတ္တကြားဝင်အုပ်ထိန်းမှုကို တာဝန်ယူသင့်ပေသည်။ လက်ရှိနှစ်များအတွင်း ငြိမ်းချမ်းရေးစကားဝိုင်းများနှင့်ပတ်သက်၍ တရုတ်ပြည်က ကြားနေအဖြစ် ရပ်တည်ထားခဲ့သည်။ ၎င်းအပြင် ယူနန်ပြည်နယ် Ruili တွင် မြန်မာအစိုးရနှင့် လက်နက်ကိုင်တိုင်းရင်းသားအင်အားစုတို့အကြား ငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးပွဲကိုလည်း နေရာပေး ကျင်းပစေခဲ့ပြီးလည်းဖြစ်သည်။ တရုတ်၏ဖျန်ဖြေမှုကို အဖွဲ့တိုင်းက လက်ခံသည်။ ၎င်းသာလျှင် ငြိမ်းချမ်းရေးစကားဝိုင်းကို ထိရောက်စွာ တွန်းအားပေး ဖော်ဆောင်နိုင်ပါလိမ့်မည်။

    ဆယ်စုနှစ်များစွာ ကြာညောင်းလာခဲ့သော ပဋိပက္ခကို အဆုံးသတ်စေမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား တရုတ်နိုင်ငံအနေဖြင့် လမ်းကြောင်းပေးနိုင်ပါသည်။ ဤသည်မှာ တရုတ်နိုင်ငံအတွက် မိမိ၏အသိုင်းအ၀ိုင်းအတွင်းရှိ ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးမှုဖြစ်စဉ်အပေါ် အချိုးတကျဖြစ်စေရန်၊ ပိုမိုသြဇာကြီးမားလာနိုင်ရန် အရေးပါသော ခြေလှမ်းတစ်ရပ်ပင် ဖြစ်သည်။

    Ref : The Global Times

  • ရခိုင်ပြည်နယ်ရှိ မွတ်စလင်များအပေါ် ငြှင်းပမ်းမှု ဘင်္ဂလားဒေ့ရှ် ဗုဒ္ဓဘာသာအဖွဲ့ ရှုတ်ချ

    ရခိုင်ပြည်နယ်ရှိ မွတ်စလင်များအပေါ် ငြှင်းပမ်းမှု ဘင်္ဂလားဒေ့ရှ် ဗုဒ္ဓဘာသာအဖွဲ့ ရှုတ်ချ

    နိုဝင်ဘာ ၂၇၊ ၂၀၁၆
    M-Media

    leader
    ဘင်္ဂလားဒေ့ရှ်ဗုဒ္ဓဘာသာအဖွဲ့ချုပ် ( Bangladesh Buddhist Federation) မှ ခေါင်းဆောင်များ

    – ရခိုင်ပြည်နယ်အတွင်းရှိ မွတ်စလင်များအပေါ် ပြုလုပ်နေသည့် ရက်စက်ကြမ်းကြုတ်မှုများကို ဆန့်ကျင်သည့်အနေဖြင့် ဘင်္ဂလားဒေ့ရှ်ဗုဒ္ဓဘာသာအဖွဲ့ချုပ် ( Bangladesh Buddhist Federation) မှ ခေါင်းဆောင်များမှာ လက်ရှိဖြစ်ပွားနေသည့် ဖိနှိပ်မှုများကို ရှုတ်ချသည်ဟု ယနေ့တွင် ပြောကြားလိုက်သည်။

    ထို့ပြင် အဆိုပါပြဿနာကို ချက်ခြင်းဖြေရှင်းရန်လည်း မြန်မာအစိုးရနှင့် သက်ဆိုင်ရာ အာဏာပိုင်များကို တောင်းဆိုခဲ့သည်။

    “ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်ချုပ်ချယ်မှုဟာ ဘာသာရေးတရားအပေါ် ကျူးလွန်တယ်ဆိုတာထက် လူသားထုအပေါ် ကျူးလွန်တဲ့ ဖိနှိပ်ချုပ်ချယ်မှုလို့ ကျွန်တော်တို့ ယူဆပါတယ်။ ဒီလိုအခြေအနေမျိုး၊ လုပ်ရပ်မျိုးတွေကို ကျွန်တော်တို့ မနှစ်မြို့ပါဘူး။ မြန်မာနိုင်ငံမှာ ငြှမ်းပမ်းနှိပ်စက်ခံနေရတဲ့ ရိုဟင်ဂျာတွေနဲ့အတူ ရပ်တည်ပေးဖို့အတွက် ကမ္ဘာ့နိုင်ငံတွေကို ကျွန်တော်တို့ တောင်းဆိုပါတယ်” ဟု ဘင်္ဂလားဒေ့ရှ်ဗုဒ္ဓဘာသာအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး အေရွှတ် ဘာရူအာက ပြောကြားခဲ့သည်။

    အဆိုပါ ရိုဟင်ဂျာပြဿနာကို ဦးတည်၍ ဘင်္ဂလားဒေ့ရှ်တွင် ၀ရုန်းသုန်းကား အခြေအနေမျိုး ဖြစ်ကောင်းဖြစ်လာနိုင်သည်ဆိုသည့် စိုးရိမ်မှုများလည်း ရှိနေသည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ရခိုင်ပြည်နယ် မောင်တောမြို့နှင့် ရသေ့တောင်မြို့များရှိ နယ်ခြားစောင့်စခန်းများ တိုက်ခိုက်ခံရပြီးနောက်ပိုင်းတွင် ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးတွင် အစိုးရစစ်တပ်မှာ ရိုဟင်ဂျာအရပ်သားများအပေါ် တရားလက်လွတ်သတ်ဖြတ်ခြင်း၊ အမျိုးသမီးများအား အဓမ္မပြုကျင့်ခြင်း စသည်တို့ ရှိခဲ့သည်ဟု စွပ်စွဲချက်များ ထွက်ပေါ်ခဲ့သည်။ သို့သော်လည်း မြန်မာအစိုးရက ထိုသတင်းများ မဟုတ်မှတ်ကြောင်း ငြင်းဆိုခဲ့သည်။

    ယမန်နေ့ကလည်း ဘင်္ဂလားဒေ့ရှ်ရှိ နိုင်ငံရေး၊ ဘာသာရေးနှင့် တိုင်းရင်းသားလူနည်းစု အဖွဲ့များမှာ ရိုဟင်ဂျာမွတ်စလင်များအပေါ် လက်ရှိပြုလုပ်နေသည့် ငြှင်းပမ်းနှိပ်စက်မှုများကို ရှုတ်ချခဲ့ကြသည်။

    Ref: The Daily Star

  • မြေကျွံမှုကြောင့် ပြင်ခဲ့ရသည့် ဂျပန်မှကားလမ်း ပြန်ကျွံမည့်လက္ခဏာကြောင့် ခေတ္တပိတ်ခဲ့ရ

    မြေကျွံမှုကြောင့် ပြင်ခဲ့ရသည့် ဂျပန်မှကားလမ်း ပြန်ကျွံမည့်လက္ခဏာကြောင့် ခေတ္တပိတ်ခဲ့ရ

    နိုဝင်ဘာ ၂၇၊ ၂၀၁၆
    M-Media

    japan

    – ယခုလအစောပိုင်းက ကျွံကျခဲ့သောသောကြာင့် ပြန်လည်ပြင်ဆင်ခဲ့ရသည့် ဂျပန်နိုင်ငံ ဖူကူအိုကာမြို့မှ ကားလမ်းမှာ ယမန်နေ့က ပြန်လည်ကျွံကျမည့် လက္ခဏာများ တွေ့ခဲ့ရသောကြောင့် ခဏပိတ်ခဲ့ရသည်ဟု သိရသည်။

    ယမန်နေ့မနက် ၁ နာရီ ၄၅ မိနစ်ခန့်က မြို့လယ်ကောင် JR Hakata ဘူတာအနီးတွင် အသစ်ခင်းထားသော လမ်းမှာ ၇ စင်တီမီတာခန့် နိမ့်သွားသည်ကို တွေ့ခဲ့ရသောကြောင့် ပိတ်ပစ်ခဲ့ရခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရခြင်း၊ ဓာတ်အားပြတ်တောက်ခြင်းနှင့် ဓာတ်ငွေ့ယိုစိမ့်ခြင်းတို့ မရှိပေ။

    သို့သော်လည်း ကားများနှင့် လမ်းသွားလမ်းလာများအတွက် ခြိမ်းခြောက်မှုမရှိသည်ကို တွေ့ရသောကြောင့် အာဏာပိုင်များက ညနေ ၅ နာရီခွဲတွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။

    အဆိုပါ ကားလမ်းပိုင်းမှာ နိုဝင်ဘာ ၈ ရက်နေ့က ကျွံကျခဲ့ပြီး မီတာ ၃၀ ကျယ်ကာ၊ ၁၅ မီတာနက်သည့် ချောက်ကြီးတစ်ခု ဖြစ်ခဲ့သည်။ ထို့ပြင် မြေအောက်တွင် မြှုပ်ထားသော ဓာတ်အားလိုင်းများ၊ ဆက်သွယ်ရေးလိုင်းများနှင့် ဓာတ်ငွေ့လိုင်းများလည်း ပြတ်တောက်ခဲ့သည်။

    သို့သော်လည်း ဂျပန်အင်ဂျင်နီယာများမှာ အလျင်အမြန် ပြင်ဆင်နိုင်ခဲ့ပြီး ၁ ပတ်အတွင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။

    ယခုကဲ့သို့ မြေပြန်လည်ကျွံမှုမှာ အဆိုပါ အပေါက်ကြီးကို ဖြည့်ရန်အတွက် အသုံးပြုခဲ့သည့် ကွန်ကရစ်များ ကျုံ့သွားခြင်းကြောင့်ဖြစ်သည်ဟု ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    Ref: Channelnewsasia