News @ M-Media

Author: Ko Lay

  • ရခိုင်ပြဿနာအတွက် အလွန်စိုးရိမ်သည်ဟု ကိုဖီအန်နန်ပြော

    ရခိုင်ပြဿနာအတွက် အလွန်စိုးရိမ်သည်ဟု ကိုဖီအန်နန်ပြော

    နိုဝင်ဘာ ၁၅၊ ၂၀၁၆
    M-Media

    kofi

    – ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပွားနေသည့် အကြမ်းဖက်တိုက်ခိုက်မှုများအတွက် အလွန်အမင်းစိုးရိမ်မိပြီး လုံခြုံရေးတပ်ဖွဲဝင်များအနေဖြင့် ဥပေဒနှင့်အညီ အပြည့်အဝေဆောင်ရွက်သွားရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအန်နန်က ပြောကြားလိုက်သည်။

    ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများအတွင်း စစ်သွေးကြွ ၆၉ ဦးနှင့် လုံခြုံရေးတက်ဖွဲ့ဝင် ၁၇ ဦး သေဆုံးခဲ့သည်ဟု မြန်မာစစ်တပ်က ယနေ့တွင် ပြောကြားခဲ့ပြီး၊ ထိုအရေအတွက်မှာ နိုင်ငံပိုင် Global New Light of Myanmar နေ့စဉ်သတင်းစာတွင် တနင်္ဂနွေနေ့က ဖော်ပြခဲ့သည့်အရေအတွက်ထက် သိသိသာသာ များပြားနေသည်။

    ပြီးခဲ့သည့်သြဂုတ်လက ဒေါ်အောင်ဆန်းစုကြည် ဖွဲ့စည်းပေးထားသည့် ရခိုင်အရေးအကြံပေးကော်မရှင်၏ ဥက္ကဌဖြစ်သူ မစ္စတာ ကိုဖီအန်နန်ကမူ ထိုအဖြစ်အပျက်များအတွက် စိုးရိမ်မိသည်ဟု ဆိုသည်။

    “ပြည်နယ်ကို ထပ်ပြီး မတည်မငြိမ်ဖြစ်စေကာ၊ ရွှေ့ပြောင်းထွက်ပြေးရမယ့် အခြေအနေ ထပ်ဖြစ်မယ့် ရခိုင်နိုင်ငံမြောက်ပိုင်းက လက်ရှိ အကြမ်းဖက်မှုတွေအပေါ်မှာ အလွန်အမင်းစိုးရိမ်မိတယ်လို့ ပြောချင်ပါတယ်။ အကြမ်းဖက်မှုကို လူ့အဖွဲ့အစည်းတိုင်းက ရှုတ်ချရမှာဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့လည်း ဥပဒေနဲ့အညီ ပြည့်အ၀ ဆောင်ရွက်ဖို့ တိုက်တွန်းလိုပါတယ်” ဟု မစ္စတာ ကိုဖီအန်နန်က ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    အောက်တိုဘာ ၉ ရက်နေ့က နယ်ခြားစောင့်စခန်းများ တိုက်ခိုက်ခံရပြီးနောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည့် မတည်မငြိမ်မှုများကြောင့် အစိုးရဘက်က အကြမ်းဖက်သမားဟု နာမည်တပ်ထားသည့် လူ ၁၀၂ ဦးသေဆုံးကာ လုံခြုံရေးတပ်ဖွဲ့ဝင်များဘက်မှ ၃၂ ဦး ကျဆုံးခဲ့ကြောင်း အစိုးရ၏ တရားဝင်ထုန်ပြန်ချက်များမှ သိရသည်။

    ထိုဒေသတွင် အစိုးရတပ်များမှာ တရားလက်လွတ်သတ်ဖြတ်ခြင်း၊ အဓမ္မပြုကျင့်ခြင်းနှင့် နေအိမ်များ မီးရှို့ခြင်းတို့ ရှိသည်ဟု ဒေသခံများနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက ပြောကြားထာပြီး အစိုးရနှင့် စစ်တပ်ကမူ ထိုစွပ်စွဲချက်များကို ငြင်းပယ်ကာ အကြမ်းဖက်သမားများကသာ နေအိမ်များကို မီးရှို့ခြင်းဖြစ်သည်ဟု တုန့်ပြန်ခဲ့သည်။

    Ref: Ruters

  • အီရန်က​ ရုရှားမှ ၁၀ ဘီလီယံဖိုး လက်နက်ဝယ်မည်

    အီရန်က​ ရုရှားမှ ၁၀ ဘီလီယံဖိုး လက်နက်ဝယ်မည်

    နိုဝင်ဘာ ၁၅၊ ၂၀၁၆
    M-Media

    iran

    – အီရန်နိုင်ငံသို့ ရုရှားက S-300 လေကြောင်းရန်ကာကွယ်ရေးစနစ်ကို အောင်မြင်စွာ ပို့ဆောင်ခဲ့ပြီးနောက်ပိုင်း ၎င်းတို့နှစ်နိုင်ငံမှာ ကန်ဒေါ်လာ ၁၀ ဘီလီယံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းများ ၀ယ်ယူနိုင်ရေး ဆွေးနွေးမှု ပြုလုပ်နေသည်ဟု သိရသည်။

    “ဒီနေ့မှာ တီဟီရန်ရဲ့ လိုအပ်ချက်ကို ဆွေးနွေးခဲ့ပြီး တန်ဖိုးကတော့ ၁၀ ဘီလီယံဖိုး ရှိပါတယ်” ဟု ရုရှားအထက်လွှတ်တော် ကာကွယ်ရေးနှင့် လုံခြုံရေးကော်မတီဥက္ကဌ ဗစ်တာ အိုဇီရော့ဗ်က ယမန်နေ့တွင် အီရန်လွှတ်တော်သို့ လာရောက်လည်ပတ်စဉ် ပြောကြားခဲ့သည်။

    အီရန်က တောင်းဆိုသည့် လက်နက်ပစ္စည်းများတွင် T-90 တင့်ကားများ၊ အမြှောက်များ၊ လေယာဉ်အမျိုးမျိုးတို့ ဖြစ်ကြောင်း၊ လက်နက်တင်ပို့မှုများကို အကြိမ်ကြိမ်ခွဲ၍ ပြုလုပ်မည်ဖြစ်ပြီး ၂၀၂၀ ခုနှစ်မတိုင်မီအထိ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ သဘောတူညီချက်နှင့်အညီ ဆောင်ရွက်မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    နျူအရေး သဘောတူညီချက်ရရှိပြီးနောက် အီရန်နိုင်ငံအပေါ် ပိတ်ဆို့မှုဖယ်ရှားခဲ့ခြင်းကြောင့် ရုရှားမှာ S300 လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ပြီးခဲ့သည့် အောက်တိုဘာလက ပေးပို့နိုင်ခဲ့သည်။

    “ရုရှားနဲ့ အီရန်ကြားက ပူးပေါင်းဆောင်ရွက်ရေးတွေကို ဆက်လက်လုပ်ဆောင်နေပါတယ်၊ ကျွန်တော်တို့လက်နက်ကိုင်တပ်ဖွဲ့တွေက ရုရှားရဲ့ MI-17 ရဟတ်ယာဉ်တွေ ဆက်ဝယ်သွားဖို့ ရှိပါတယ်။ ရုရှားဆီက S-300 စနစ်လည်း ရထားပြီးပါပြီ” ဟု အီရန် နိုင်ငံခြားရေး ပေါ်လစီနှင့် အမျိုးသားလုံခြုံရေးကော်မတီဥက္ကဌ အာလက်ဒင်း ဘူရူဂျာဒီက ပြောကြားခဲ့သည်။

    Ref : RT

  • ပရီးမီးယားလိဂ်တွင် မန်ယူ လမ်းမချော်သေးဟု ကာရစ် ယူဆ

    ပရီးမီးယားလိဂ်တွင် မန်ယူ လမ်းမချော်သေးဟု ကာရစ် ယူဆ

    နိုဝင်ဘာ ၁၅၊ ၂၀၁၆
    M-Media

    karrick

    – ရာသီအစ ထင်သလောက်ခြေစွမ်းမပြနိုင်သော်လည်း မန်ယူအသင်းမှာ ပရီးမီးယားလိဂ်ပြေးလမ်းမှ ထွက်သွားပြီဟု ပြောရန် စောလွန်းနေသေကြောင်း ကွင်းလယ်လူ ကာရစ်က ပြောကြားလိုက်သည်။

    အီဗရာဟီမိုဗစ်နှင့် ပေါ့ဘာတို့ ရောက်ရှိလာခဲ့သော်လည်း မော်ရင်ဟို၏ မန်ယူမှာ ၁၁ ပွဲကစားပြီးချိန်တွင် အဆင့် ၆ နေရာ၌ ရပ်တည်နေပြီး ဇယားကို ဦးဆောင်နေသည့် လီဗာပူးလ်နှင့် ၈ မှတ် ကွာဟနေပြီဖြစ်သည်။ သို့သော် မန်ယူကွင်းလယ်လူ ကာရစ်ကမူ မန်ယူအား မှတ်ချက်ပေးရန် စောလွန်းနေသေးသည်ဟု ဆိုသည်။

    “ကျွန်တော်တို့ဟာ ထိန်တန်းစိန်ခေါ်မှုမျိုးကို လိုချင်တာပါ။ ဖြတ်သန်းရာ လမ်းတစ်လျှောက်မှာ အတက်အကျတစ်ချို့ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ ကျွန်တော်တို့ ဖလားဆွတ်ခူနိုင်မှု ဆိုတာကြီးကို စွန့်လွှတ်လိုက်ပြီလို့တော့ ပြောလို့မရပါဘူး။ ဒါမျိုးပြောဖို့ သိပ်စောလွန်းနေသေးပြီး ကျွန်တော်တို့မှာလည်း စွမ်းရည်အပြည့် ရှိနေပါတယ်။ တော်တ်ာလေးကောင်းမွန်တဲ့ အသင်းဖြစ်ပြီး ဘာမဆိုပေးဆပ်မယ့် အသင်းပါ” ဟု ကာရစ်က ပြောကြားခဲ့သည်။

    မန်ယူမှာ လာမည့်စနေနေ့တွင် အာဆင်နယ်အသင်းနှင့် ကစားရမည်ဖြစ်ပြီး ကာရစ်ကမူ အာဆင်နယ်တွင် ကစားသမားကောင်းများစွာ ရှိနေကာ၊ အလွန်အန္တရာယ်ပေးနိုင်သည့်အသင်းဖြစ်ကြောင်း မည်ကဲ့သို့ အန္တရာယ်ပေးနိုင်သည်ဆိုသည်ကို ရာသီအစတွင် ပြသခဲ့ကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။

    Ref: Goal

  • ကြောက်စရာမြေကျွံမှုကို ၂ ရက်အတွင်း ပိုကောင်းအောင် ပြင်ပြလိုက်တဲ့ ဂျပန်

    ကြောက်စရာမြေကျွံမှုကို ၂ ရက်အတွင်း ပိုကောင်းအောင် ပြင်ပြလိုက်တဲ့ ဂျပန်

    နိုဝင်ဘာ ၁၅၊ ၂၀၁၆
    M-Media

    japan-2

    – ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဖူကူအိုကာမြို့က လူသွားလူလာများတဲ့လမ်းမကြီးမှာ ပြီးခဲ့တဲ့တစ်ပတ်အင်္ဂါနေ့က မြေကျွံမှုတစ်ခုကြောင့် မီတာ ၃၀ လောက်ကျယ်ပြီး ၁၅ မီတာလောက်နက်တဲ့ အပေါက်ကြီး ဖြစ်ပေါ်ခဲ့ပါတယ်။

    မြေအောက်က ဓာတ်အားပေးလိုင်း၊ ဓာတ်ငွေ့လိုင်း၊ ရေဆိုးစွန့်ထုတ်မှုစနစ်၊ ရေပိုင်လိုင်း၊ ဆက်သွယ်ရေးလိုင်းတွေလည်း ဒီမြေပြိုမှုကြောင့် ပျက်ဆီးခဲ့ရပြီး အလွန်ကြီးမားတဲ့ ဒီအပေါက်ကြီးကြောင့် ဘေးနားက တိုက်တွေပါ ပြိုကျမယ့်အခြေအနေမျိုး ဖြစ်နိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေလည်း ရှိခဲ့ပါတယ်။

    ဆိုရှယ်မီဒီယာမှာ အလျင်အမြန်ပြန့်နှံ့သွားတဲ့ ဒီဓာတ်ပုံကြောင့် ကမ္ဘာတစ်ဝှမ်းက ထိတ်လန့် အံ့သြခဲ့ရပါတယ်။ ဒီထက်ပိုပြီး အံ့သြစရာကောင်းတာတစ်ခု ရှိပါသေးတယ်။

    ဒါကတော့ ဒီအပေါက်ကြီးကို ၄၈ နာရီအတွင်းမှာ အရင်ကထက် ပိုမိုတောင့်တင်းအောင် ပြုပြင်နိုင်ခဲ့တယ်ဆိုတဲ့ ဂျပန်အင်ဂျင်နီယာတွေနဲ့ စွမ်ဆောင်နိုင်မှုနဲ့ လုပ်ရည်ကိုင်ရည်ပါပဲ။

    ဒီနေ့မနက်ပိုင်းမှာ ပြန်ဖွင့်နိုင်ခဲ့တဲ့ အဲဒီလမ်းမကြီးဟာ မူလကထက် အဆ ၃၀ လောက် ပိုမို ခိုင်မာတောင့်တင်းတယ်လို့ ဖူကူအိုကာ မြို့တော်ဝန် ဆိုချီရို တာကာရှီမာက ပြောကြားခဲ့ပြီး ဒီလိုမြေကျွံရတဲ့ အကြောင်းအရင်းကို ဖော်ထုတ်ဖို့အတွက် ကျွမ်းကျင်ပညာရှင်တွေပါဝင်တဲ့ အဖွဲ့တစ်ခုကို ဖွဲ့စည်းသွားမယ်လို့လည်း ဆိုပါတယ်။

    ၆၂၀၀ ကုဗမီတာရှိတဲ့ အဲဒီအပေါက်ကြီးကို သဲတွေ၊ ဘိလပ်မြေတွေ မြောက်များစွာသုံးကာ နေ့မအားညမနား ဖာထေးခဲ့တာဖြစ်ပြီး ဒီလို အားထုတ်ခဲ့တဲ့ ဂျပန်အင်ဂျင်နီယာတွေကို ပြည်သူတွေကလည်း ဆိုရှယ်မီဒီယာတွေကနေတစ်ဆင့် ချီးကျူးခဲ့ကြပါတယ်။

    ဂျပန်နိုင်ငံမှာ လမ်းတွေကို ဒီလို အံ့သြလောက်ဖွယ်အမြန်နှုန်းနဲ့ ပြင်ဆင်နိုင်ခဲ့တာဟာ ဒါက ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ၂၀၁၁ ခုနှစ် ၃ ခါဆက်တိုက် ကျရောက်ခဲ့တဲ့ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်ဆီးသွားတဲ့ လမ်းတွေကိုလည်း ဂျန်ပက ဒီလိုလျင်လျင်မြန်မြန်နဲ့ ပြင်ဆင်ခဲ့ပြီး အင်ဂျင်နီယာလောကကို မှင်သက်စေခဲ့ပါတယ်။

    japan-3

    Ref: Theguardian

  • အစ္စရေး၏ ပါလက်စတိုင်းကို သိမ်းပိုက်မှုတစ်ဆင့်တက်

    အစ္စရေး၏ ပါလက်စတိုင်းကို သိမ်းပိုက်မှုတစ်ဆင့်တက်

    နိုဝင်ဘာ ၁၅၊ ၂၀၁၆
    M-Media

    pales-2
    ပါလက်စတိုင်ပိုင် အနောက်ဖက်ကမ်းရှိ အစ္စရေး၏ တရားမ၀င်အခြေချအိမ်ယာမှ ဂျူးကလေးငယ်တစ်ဦး

    – ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ ပါလက်စတိုင်းပြည်သူများပိုင်သော မြေယာများတွင် ဆောက်လုပ်ထားသည့် တရားမ၀င်အခြေချအိမ်ယာများအား ဆက်လက်ထားရှိရန်အတွက် ခွင့်ပြုသော မူကြမ်းကို အစ္စရေးဝန်ကြီးများအဆင့် ကော်မတီက အတည်ပြုလိုက်ပြီး ပါလက်စတိုင်းပိုင်နက်များကို အစ္စရေးကသိမ်းပိုက်မှု တစ်ဆင့်တက်လာခြင်းလည်း ဖြစ်သည်။

    အစ္စရေးရှေ့နေချုပ်က အပြစ်အနာအဆာရှိနေသည်ဟု ပြောကြားထားသည့် အဆိုပါဥပဒေတွင် အစ္စရေးအစိုးရမှ ပါလက်စတိုင်း ပြည်သူများ ပိုင်ဆိုင်သော မြေများကို နစ်နာကြေးပေးကာ သိမ်းယူနိုင်ရန် ပြဌာန်းထားကာ တနင်္လာနေ့က အတည်ပြုခဲ့ခြင်းဖြစ်သည်။

    ထိုဥပဒေမှာ ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းတွင် ဆောက်လုပ်ထားသည့် အစ္စရေး၏ အေမိုနာ တရားမ၀င်အိမ်ယာကို အဓိက ရည်ရွယ်ခြင်းဖြစ်ပြီး ထိုအိမ်ယာတွင် နေထိုင်သူများအနေဖြင့် ဒီဇင်ဘာ ၂၅ ရက်နေ့ နောက်ဆုံးထား၍ ပြောင်းရွှေ့ရန် တရားရုံးချုပ်က အမိန့်ပေးထားခြင်းဖြစ်သည်။

    ပါလက်စတိုင်းပြည်သူများ ပိုင်ဆိုင်သည့် မြေပေါ်တွင် ဆောက်လုပ်ထားသည့် အဆိုပါ တရားမင်ဝင်အိမ်ယာတွင် မိသားစု  ၄၀ ခန့် နေထိုင်ကြသည်။

    “ဒီကိစ္စဟာ ရှက်စရာပါပဲ။ ကျူးကျော်အိမ်ယာတွေတည်ဆောက်ဖို့ ပါလက်စတိုင်းပြည်သူတွေပိုင်ဆိုင်တဲ့မြေတွေကို သိမ်းယူခွင့်ပြုမယ့် ဥပဒေတစ်ရပ်ကို အစ္စရေးအစိုးရက ထောက်ခံနေတာပါ” ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ခေါင်းဆောင်များအနက်မှ တစ်ဦးဖြစ်သူ ဟာဂျစ် အွတ်ဖရန်က ပြောကြားခဲ့သည်။

    အဆိုပါ ဥပဒေမူကြမ်းမှာ ပါလီမန်တွင် ဖတ်ကြားပြီးနောက် ဗဟိုတရားရုံးချုပ်က အတည်ပြုရမည်ဖြစ်သည်။

    အစ္စရေးရှေ့နေချုပ်ကမူ ယင်းဥပဒေကို အတည်ပြုခဲ့သော ကော်မတီသည် တစ်ဦးချင်းစီနှင့်ဆိုင်သည့် ပြဿနာများတွင် တရားရေးဌာန၏ ဆုံးဖြတ်ချက်ကို လေးစားရမည်ဆိုသည့် ပြဌာန်းချက်နှင့် ဆန့်ကျင်ကာ တရားဥပဒေစိုးမိုးရေးကို မထီမဲ့မြင်ပြုလုပ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref : RT