News @ M-Media

Author: Ko Lay

  • အီဂျစ်သမ္မတဟောင်းမော်စီ၏ သေဒဏ်ပြစ်ဒဏ်အား တရားရုံးချုပ် ပယ်ဖျက်

    အီဂျစ်သမ္မတဟောင်းမော်စီ၏ သေဒဏ်ပြစ်ဒဏ်အား တရားရုံးချုပ် ပယ်ဖျက်

    နိုဝင်ဘာ ၁၅၊ ၂၀၁၆
    M-Media

    morsi

    – ၂၀၁၃ ခုနှစ်က စစ်တပ်၏ အာဏာသိမ်း ဖြုတ်ချခြင်းကို ခံခဲ့ရသည့် သမ္မတမော်စီအပေါ် ချမှတ်ထားသော သေဒဏ်အား အီဂျစ်တရားရုံးချုပ်က ယနေ့တွင် ပယ်ဖျက်လိုက်ပြီဟု Reuters သတင်းဌာနက ဖော်ပြခဲ့သည်။

    သေဒဏ်ပယ်ဖျက်ပြီးနောက် အမှုအား ပြန်လည်ကြားနာရန်လည်း တရားရုံးက အမိန့်ပေးခဲ့သည်။

    အီဂျစ်နိုင်ငံ၏ ပထမဆုံး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံခဲ့ရသည့် သမ္မတမော်စီမှာ ၎င်း၏ ၄ နှစ်တာ သမ္မတတာဝန်တွင် ၁ နှစ်သာ ထမ်းဆောင်ခဲ့ရပြီး ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် စစ်တပ်၏အာဏာသိမ်းမှုကို ခံခဲ့ရသည်။

    ထိုအချိန်မှစ၍ အာဏာသိမ်းအစိုးရမှာ ၎င်း၏ ပါတီဖြစ်သော မွတ်စလင်ဘရာသားဟုဒ်ပါတီကို တရားမ၀င်အသင်းအဖြစ် ကြေငြာခဲ့ပြီး ပါတီခါင်းဆောင်နှင့် ပါတီဝင်ထောင်ပေါင်းများစွာကို ဖမ်းဆီးခဲ့ကာ အစုလိုက်အပြုံလိုက် ရုံးတင်ခဲ့သည်။

    မော်စီအပါအ၀င် ပါတီ၏ ထိပ်တန်းခေါင်းဆောင်များမှာလည်း သေဒဏ်ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။

    Ref: Aljazeera

  • မိမိတို့နှင့်ပူးပေါင်းခြင်းက ကန်အတွက် တစ်ခုတည်းသော ရွေးချယ်ခွင့်ဟု တရုတ်သမ္မတ ပြော

    မိမိတို့နှင့်ပူးပေါင်းခြင်းက ကန်အတွက် တစ်ခုတည်းသော ရွေးချယ်ခွင့်ဟု တရုတ်သမ္မတ ပြော

    နိုဝင်ဘာ ၁၅၊ ၂၀၁၆
    M-Media

    china-2

    – ကမ္ဘာ့အကြီးဆုံး စီးပွားရေးရှိသည့် နိုင်ငံကြီးနှစ်ခုဖြစ်သည့် တရုတ်နှင့် အမေရိကန်အနေဖြင့် နှစ်နိုင်ငံကြားဆက်ဆံရေးကို ထိန်းသိမ်းရန်အတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေးသာ နောက်ဆုံးနည်းလမ်းဖြစ်သည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်ကို အကြံပြုပြောကြားလိုက်သည်။

    “တရုတ်နဲ့ အမေရိကန်အတွက် တစ်ခုတည်းသော ရွေးချယ်စရာနည်းလမ်းက ပူးပေါင်းဆောင်ရွက်ရေးသာ ဖြစ်တဲ့အကြောင်းကို အချက်အလက်တွေက သက်သေပြနေပါတယ်” ဟု ဖုန်းဖြင့် စကားပြောဆိုမှုအတွင်း ရှီက ထရမ့်အား ပြောကြားခဲ့သည်ဟု CCTV သတင်းဌာနမှ ဖော်ပြခဲ့သည်။

    ထို့ပြင် ပိုမိုကောင်းမွန်သည့် တရုတ်-အမေရိကန်ဆက်ဆံရေး ဖြစ်လာရန်အတွက် မိမိတို့နှစ်ဖက်စလုံးမှာ ကြိုးပမ်းအားထုတ်ရန်၊ နှစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့ကို တိုးမြှင့်ရန် လိုအပ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ထရမ့်၏ ရွေးကောက်ပွဲအနိုင်ရမှုအတွက် ချီးကျူးသည့်အနေဖြင့် ပြုလုပ်သည့် အဆိုပါ ဖုန်းခေါ်ဆိုမှုတွင် ရှီက မိမိတို့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုမှာ ကမ္ဘာကြီးနှင့် ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးကို မြှင်တင်ပေးခဲ့သည်ဟု ဆိုသည်။

    ခေါင်းဆောင်နှစ်ဦးမှာ နီးကပ်သည့် ဆက်ဆံရးကို ထိန်းသိမ်းရး သဘောတူညီခဲ့ပြီး မကြာမီ တွေ့ဆုံရန်လည်း ရှိနေသည်။

    Ref : Presstv

  • ဂျပန်နိုင်ငံမှ မြင့်တက်လာသည့် ဟာလာလ်အစားအသောက် ၀န်ဆောင်မှုများ

    ဂျပန်နိုင်ငံမှ မြင့်တက်လာသည့် ဟာလာလ်အစားအသောက် ၀န်ဆောင်မှုများ

    နိုဝင်ဘာ ၁၅၊ ၂၀၁၆
    M-Media

    halal

    – မြိုတော်တိုကျိုမှ မြောက်ဖက် ၂ နာရီခန့်သွားရသည့်နေရာတွင်ရှိပြီး နှစ်ပေါင်း ၇၀ သက်တမ်းရှိပြီဖြစ်သည့် သာမန်စားသောက်ဆိုင်လေးတစ်ခုတွင် ဆိုင်ရှင်က ဂျပန်ရိုးရာ ရာမန်ဆန်ပြုတ်ပန်းကန်များနှင့် ယိုဇာအစာသွတ်မုန့်များကို စားသုံးသူများအား ချပးနေသည်။

    ကြက်သား၊ အချဉ်ရည်နှင့် ဟင်းသီးဟင်းရွက်များဖြင့် ပြုလုပ်ရသည့် ရာမန်ဆန်ပြုတ်ကို ဟာလာလ်အသားနှင့် ချက်ပြုထားခြင်းဖြစ်ပြီး ယိုဇာအစာသွတ်မုန်တွင့်လည်း ယခင်ကပြုလုပ်သကဲ့သို့ ၀က်သားမပါတော့။

    ဆာနိုမြို့တွင်ရှိပြီး Nikkoken ဟု အမည်ရသည့် အဆိုပါစားသောက်ဆိုင်လေး၏ ပိုင်ရှင်မှာ အသက် ၄၀ အရွယ် မစ္စတာ ဂိုကာဖြစ်သည်။ ထိုဆိုင်၏ တတိယမျိုးဆက်ဖြစ်သော မစ္စတာ ဂိုကာက ဟာလာလ်အစားအသောက်များကို ၂၀၀၀ ခုနှစ်ကတည်းက စတင် ရောင်းချခဲ့ခြင်းဖြစ်သည်။

    “ဒီမြို့မှာ ဂီနီနိုင်ငံကလာတဲ့ အာဖရိက ဒရမ်သမားတစ်ယောက်နဲ့ ကျွန်တော် တွေ့တယ်။ မွတ်စလင်တွေအတွက် စားစရာ ဒီမှာဘာရှိလဲလို့ ကျွန်တော့်ကို သူက မေးပါတယ်။ ဒီမေးခွန်းက နိုင်ငံခြား ယဉ်ကျေးမှု၊ ဘာသာတရားနဲ့ပတ်သက်လို့ ကျွန်တော့်ကို စိတ်ဝင်စားစေပါတယ်” ဟု မစ္စတာဂိုကာက ပြောကြားခဲ့သည်။

    လက်ရှိ ၎င်းဆိုင်တွင် အစားအသောက် ၂ မျိုးရောင်းချပြီး တစ်မျိုးက ပုံမှန်ဂျပန်စာဖြစ်ကာ နောက်တစ်မျိုးက မွတ်စလင်များနှင့် သင့်တော်သည့် အစားသောက်များဖြစ်သည်။ ထိုအစားအသောက်နှစ်မျိုးအတွက် ပန်းကန်ခွက်ယောက်၊ ကိရိယာတန်ဆာပလာများကို သတ်သတ်ထားပြီး ဟာလာလ် အစားအသောက်ကို သီးသန့် ရောင်းချခြင်းဖြစ်သည်။

    တစ်နှစ်လျှင် အနည်းဆုံး မွတ်စလင်တစ်ထောင်ခန့် ၎င်း၏ ဆိုင်တွင် လာရောက်စားသုံးပြီး အင်ဒိုနီးရှား၊ ပါကစ္စတန်နှင့် ဆော်ဒီတို့ကဲ့သို့ နိုင်ငံများမှ မွတ်စလင်များဖြစ်သည်။ ၎င်းတို့က စားသောက်ပြီးသည့်အခါ မစ္စတာဂိုကာ၏ စားသောက်ဆိုင်အတွင်းရှိ ၀ှိုက်ဘုတ်တွင် မှတ်ချက်များ ရေးပေးသွားကြသည်။

    ထိုစားသောက်ဆိုင်က မစ္စတာဂိုကာ၏ လုပ်ငန်းများထဲမှ တစ်ခုဖြစ်ပြီး ၎င်းမှာ ဂျပန်နိုင်ငံ၏ ကျေးလက်ဒေသတစ်ဝှမ်းတွင် ဟိုတယ်နှင့် ကာရာအိုကေဆိုင်များလည်း ပိုင်ဆိုင်သည်။ ဂျပန်နိုင်ငံတွင် နေထိုင်သူ၊ လာရောက်လည်ပတ်သူများ မြင့်တက်လာခြင်းကြောင့် ၎င်း၏အခြားလုပ်ငန်းများတွင်လည်း မွတ်စလင်များအတွက် ၀န်ဆောင်မှုပေးလေသည်။

    ဂျပန်နိုင်ငံတွင် မွတ်စလင် ၁ သိန်းခန့်ရှိပြီး ၂၀၂၀ အိုလံပစ်ပြိုင်ပွဲ ကျင်းပသည့်အချိန်တွင် မွတ်စလင်ခရီးသွားများမှာ ၁ သန်းအထိ မြင့်တက်လာမည်ဟု မျှော်မှန်းထားသည်။

    ဂျပန်အမျိုးသား ခရီးသွားလာရေးအသင်းမှ နောက်ဆုံးထုတ်ပြန်ထားသည့် အချက်အလက်အရ မွတ်စလင်အများစုရှိရာ နိုင်ငံများမှ ခရီးသွားများလာရောက်မှုမှာ သိသိသာသာ မြင့်တက်လာသည်ကို တွေ့ရသည်။

    ၂၀၁၆ ခုနှစ် ပထမ ၉ လအတွင်းမှာပင် မလေးရှားမှ လာရောက်လည်ပတ်သူပေါင်း ၂၄၉၈၀၀ ရှိနေပြီး ပြီးခဲ့သည့်နှစ် ထိုအချိန်ကထက် ၃၃.၄ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်သည်။ အင်ဒိုနီးရှားမှ လာရောက်လည်ပတ်သူကတော့ ၂၇.၇ ရာခိုင်နှုန်း တက်လာပြီး ၁၈၄၉၀၀ ရှိနေသည်။

    မွတ်စလင်များအတွက် ၀င်ဆောင်မှုပေးသည့် Syariah Hotel Fujisan ဟိုတယ်ကို ယခုနှစ် ဇူလိုင်လတွင် ဖူဂျီတောင်ခြေရှိ ကာဝါဂူချီရေကန်အနီးတွင် ဖွင့်လှစ်ခဲ့ပြီး ၀တ်ပြုခန်းတစ်ခန်းပါဝင်ကာ ဟာလာလ်အစားအသောက်များကိုလည်း ရရှိနိုင်သည်။

    ဇွန်လကတည်းက ဂျပန်လေကြောင်းလိုင်းများမှာ ပြည်ပခရီးစဉ်များတွင် ဟာလာလ်အသိအမှတ်ပြုလက်မှတ် ရထားသော အစားသောက်များကို ကျွေးမွေးကြသည်။

    ကိုဘေးတက္ကသိုလ်နှင့် နာဂိုယာတက္ကသိုလ်တို့ကဲ့သို့ ပညာရေးအသင်းအဖွဲ့များမှာလည်း ကန်တင်းများတွင် ဟာလာလ်အစားအသောက်ရောင်းချသော ဆိုင်များကို ထားပေးထားသည်။

    မွတ်စလင်များအတွက် ၀န်ဆောင်မှုပေးသော လုပ်ငန်းများကို ဖော်ပြထားသည့် မြေပုံများကိုလည်း ဆက်ပိုရို၊ ကျိုတိုနှင့် အိုဆာကာကဲ့သို့ မြို့ကြီးများအတွက် ထုတ်ဝေပေးထားပြီး တိုကျိုအတွက်လည်း ပါဝင်သည်။

    အဆာကူဆာဒေသရှိ Sekai ကဖေးမှာ ၂၀၁၄ ခုနှစ်မှစ၍ မွတ်စလင်စားသုံးသူများအား ၀န်ဆောင်မှုပေးခဲ့ပြီး အသက် ၃၃ နှစ်အရွယ်ရှိ ဆိုင်မန်နေဂျာ နိုရီတာကာ ရှီဘာယာမာက အစားအသောက်စာရင်းတွင် အတိုးအလျှော့ ပြုလုပ်နိုင်ရန်အတွက် စားသုံးသူများနှင့် နီးနီးကပ်ကပ် ဆက်ဆံ၍ အကြံအဉာဏ်များတောင်းသည်ဟု ဆိုသည်။

    ကဖေး၏ ထောင့်တစ်နေရာတွင် မွတ်စလင်များ ဘုရားဝတ်ပြုနိုင်ရန် အခင်းတစ်ခုကိုလည်း ၎င်းက ချထားပေးသည်။

    ထိုကဲ့သို့ပင် ကာရာအိုကေဆိုင်များကို ဖွင့်လှစ်သော Manekineko လုပ်ငန်းက နိုင်ငံတစ်ဝှမ်း ၎င်း၏ ဆိုင်ခွဲပေါင်း ၄၀၀ ကျော်တွင် ၈ ခု၌ ဘုရားဝတ်ပြုရန် အခင်းများ ထားပေးထားပြီး တိုကျို ရှင်ဂျူကူ ရပ်ကွက်ရှိ Yotsuya-sanchome ဆိုင်လည်း အပါအ၀င်ဖြစ်သည်။

    Manekineko လုပ်ငန်း၏ အရောင်းမြှင့်တင်ရေးတာဝန်ခံ အသက် ၃၄ နှစ်အရွယ် ဒိုက်ကီ ယာမာတာနီက ဂျပန်နိုင်ငံတွင် မွတ်စလင်ခရီးသွားများ၊ ကျောင်းသား မြင့်တက်လာမှုနှင့်အတူ ဈေးကွက်လိုအပ်ချက်ကို သူက မြင်ခဲ့သည်ဟု ဆိုသည်။

    Yotsuya-sanchome ကာရာအိုကေဆိုင်မှ ဟာလာလ်အစားအသောက်များကို ပထမဆုံး ၀န်ဆောင်မှုပေးသည့်ဆိုင်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်စာဖိုမှူးဖြင့် ဟာလာလ်အစားအသောက်များကို ချက်ပြုတ်ပေးသည်။ ထို့ပြင် အစာသွတ်မုန့်ပွဲကဲ့သို့ လစဉ် အစားအသောက်နှင့်ပတ်သက်သည့် အခမ်းအနားများကိုလည်း ကျင်းပပေးသည်။

    အစပထမတွင် ယုံမှားသံသယများ ရှိခဲ့သည်ဟု ယာမာတာနီက ၀န်ခံသည်။

    “အကြမ်းဖက်ဝါဒကြောင့် ကြောက်ရွံ့မှုတွေတော့ ရှိတာပေါ့လေ။ ဒါပေမယ့် အခုအချိန်မှာတော့ မွတ်စလင်ခရီးသွားတွေ မြင့်တက်လာတာနဲ့အတူ ဘာသာတရားနဲ့ပတ်သက်ပြီး အသိပညာပေးမှုတွေ၊ သိလိုစိတ်တွေ မြင့်တက်လာပါပြီ” ဟု ယာမာတာနီက ပြောကြားခဲ့သည်။

    ခရီးသွားများ မြင့်တက်လာသည့် အကြောင်းအရင်းကြောင့်ပင် မစ္စတာ ရှင်ယာ ယိုကိုယာမာက Hala Media Japan လှုပ်ရှားမှုကို စတင်ခဲ့ပြီး ဂျန်ပန်နိုင်ငံသို့ လာရောက်သည့် မွတ်စလင်များ အခက်အခဲဖြစ်ရသည့်ဟူသော အခြေအနေကို ဖြေရှင်းရန်အတွက် မွတ်စလင်နှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များကို ပေးအပ်နေလေသည်။

    ၎င်း၏ အစားသောက်စာရင်းတွင် ဟာလာလ်လက်မှတ်ရထားသော စားသောက်ဆိုင်များ၊ ဟာလာလ်ဟင်းလျာများ ၀န်ဆောင်မှုပေးသော်လည်း အရက်ရောင်းသည့် စားသောက်ဆိုင်များ၊ မွတ်စလင်ပိုင်ရှင် သို့မဟုတ် စာဖိုးမှူးရှိသည့် စားသောက်ဆိုင်များ စသဖြင့် ခွဲခြားဖော်ပြထားလေသည်။

    “ဂျပန်နိုင်ငံရဲ့ ဟလာလ်လှုပ်ရှားမှုဟာ အစပဲ ရှိပါသေးတယ်။ ကျွန်တော်တို့ဟာ မွတ်စလင်တွေကို ကြိုဆိုပါတယ်” ဟု ယိုကိုယာမာက ပြောကြားခဲ့လေသည်။

    Ref : Staitstimes

  • အာဏာရပြီးရင် ထရမ့် ဘာတွေလုပ်မလဲ

    အာဏာရပြီးရင် ထရမ့် ဘာတွေလုပ်မလဲ

    နိုဝင်ဘာ ၁၄၊ ၂၀၁၆
    M-Media

    trump-2

    – ပြီးခဲ့တဲ့ အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်သမ္မတလောင်း ဟီလာရီကလင်တန်ကို အနိုင်ယူကာ ကမ္ဘာကို အံ့သြစေခဲ့တဲ့ ဒေါ်နယ်ထရမ့်ဟာ မနေ့က CBS သတင်းဌာနနဲ့ ပထမဆုံး အင်တာဗျူး ပြုလုပ်ခဲ့ပါတယ်။

    မိနစ် ၆၀ ကြာမြင့်ခဲ့တဲ့ အဲဒီအင်တာဗျူးမှာ ထရမ့်က သူမဲ့ဆွယ်စဉ်က ပြောခဲ့တဲ့ နယ်စပ်တံတိုင်းကာရေး၊ လိင်တူလက်ထပ်မှုနဲ့ ကလေးဖျက်ချတဲ့ကိစ္စ၊ အခွန်ကိစ္စ၊ သူ့ကိုဆန့်ကျင်တဲ့ ကိစ္စ၊ အရှေ့အလယ်ပိုင်းမှာ စစ်ပွဲတွေ အဆုံးသတ်ရေး စတာတွေနဲ့ပတ်သက်ပြီး သူ့ရဲ့ ပေါ်လစီတွေကို ထပ်လောင်း ပြောကြားခဲ့ပါတယ်။

    ပထမဆုံးအနေနဲ့ သူအနိုင်ရမှုဟာ ပြည်တွင်းကို အာရုံစိုက်ရမယ့်အစား ပြည်ပကိုသာ ပစ်မှတ်ထားနေတဲ့ အမေရိကန်ရဲ နိုင်ငံခြားရေးပေါ်လစီအပေါ် ပြည်သူတွေရဲ့ စိတ်ပျက်မှု၊ ဒေါသထွက်မှုတွေက တစ်စိတ်တစ်ပိုင်း ပါဝင်တယ်လို့ ဆိုပါတယ်။

    “အခုအချိန်ဟာ နိုင်ငံရေးသမားတွေက ပြည်သူတွေကို အလေးမထားတဲ့အချိန်ပါ။ အလုပ်အကိုင်ကိစ္စတွေမှာ အလေးမထားဘူး။ စစ်ရေးမှာလည်း သူတို့က ပြည်သူတွေကို အလေးမထားပါဘူး။ ကျွန်တော်တို့ ဒီစစ်ပွဲကို တိုက်နေရတာ ၁၅ နှစ်ရှိပြီဗျ။ အရှေ့အလယ်ပိုင်း စစ်ပွဲတွေမှာ ကျွန်တော်တို့ ကန်ဒေါ်လာ ၆ ထရီလီယံလောက် ကုန်ခဲ့တယ်။ ၆ ထရီလီယံဗျ။ အဲဒီ ပိုက်ဆံနဲ့ ကျွန်တော်တို့တိုင်းပြည်ကို ၂ ဆ ပျံနေအောင် လုပ်လို့ရတယ်။ ကျွန်တော်တို့ဆီကလမ်းတွေ၊ တံတားတွေ၊ လှိုဏ်ခေါင်းတွေနဲ့ လေဆိပ်တွေကို ကြည့်ပါ။ ဟောင်းနွမ်းဆွေးမြေ့နေပါပြီ” လို့ ထရမ့်က စစ်ပွဲတွေနဲ့ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။

    နိုင်ငံအတွင်းမှာ ပြန်လည်တည်ဆောက်ရေးတွေ လုပ်လိုပေမယ့် မိမိရဲ့ ဦးစားပေးအလုပ်က နိုင်ငံကို ကာကွယ်ဖို့ဖြစ်တယ်လို့ ထရမ့်က ဆိုပါတယ်။

    “(မက္ကဆီကိုနယ်စပ်က) အချို့နေရာတွေမှာ ကျွန်တော် ခြံစည်းရိုးခတ်သွားမယ်။ ဒါပေမယ့် တစ်ချို့နေရာတွေကတော့ တံတိုင်းကာတာ ပိုကောင်းပါတယ်။ ကျွန်တော် ဒီလုပ်ငန်းမှာ သိပ်တော်ပါတယ်။ ဒါကို ဆောက်လုပ်ရေးလို့ ခေါ်ပါတယ်”

    ဒါက မက္ကဆီကိုနယ်စပ်မှာ တံတိုင်းကာရေးအတွက် ထရမ့်ရဲ့ ပြောကြားမှုဖြစ်ပြီး ဒီကိစ္စဟာ မဲဆွယ်ပွဲ တစ်လျှောက်လုံးမှာ ထရမ့် ပြောလာခဲ့တဲ့ စကားလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကိစ္စကို မက္ကဆီကိုသမ္မတနဲ့ ပုပ်ရဟန်းမင်းကြီးအပါအ၀င် တော်တော်များများက ဝေဖန်ခဲ့ကြပြီး ထရမ့်ကတော့ ဒီဝေဖန်သူတွေဟာ ကျက်သရေမရှိသူတွေလို့ တံဆိပ်ကပ်ခဲ့ပါတယ်။

    တရားမ၀င် ၀င်ရောက်လာသူတွေအတွက် ထရမ့်ဆောင်ရွက်မယ့် ကိစ္စကတော့ တော်တော်လေး ပြင်းပါတယ်။

    “ရာဇ၀တ်ကောင်တွေ၊ ရာဇ၀တ်မှတ်တမ်းရှိသူတွေ၊ လူဆိုးဂိုဏ်းဝင်တွေ၊ မူးယစ်ကုန်သည်တွေဟာ ၂ သန်းလောက်ကနေ ၃ သန်းအထိရှိနေပြီး သူတို့ကို ကျွန်တော်တို့တိုင်းပြည်က နှင်ထုတ်တာမျိုး၊ ဖမ်းဆီးထိန်းသိမ်းထားတာမျိုး လုပ်ဆောင်သွားမှာပါ”

    အခြားသော ရွှေ့ပြောင်းအခြေချသူတွေနဲ့ ပတ်သက်လို့တော့ ထရမ့်မှာ ရေရာတဲ့အစီအစဉ်မျိုး မရှိသေးပါဘူး။

    “နယ်စပ်ကလည်း လုံခြုံသွားပြီ၊ အားလုံးလည်း ပုံမှန်ဖြစ်သွားပြီဆိုရင် ခင်ဗျားပြောတဲ့ ဘယ်သူတွေဟာ ကြောက်စရာကောင်းလဲဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် ချမှတ်သွားမှာပါ။ ဒါဟာ သိပ် အရေးကြီးပါတယ်။ ကျွန်တော်တို့ရဲ့နယ်စပ်ကို လုံခြုံချင်ပါတယ်”

    နောက်ပြီး ကလေးဖျက်ချမှုဆန့်ကျင်ရေးကို သူက လုပ်ဆောင်သွားမှာဖြစ်ပြီး ‘အသက်ရှင်သန်မှုလိုလားတဲ့ တရားသူကြီးတွေ’ ခန့်အပ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    အင်တာဗျူးသူ လက်စ်လီ စတာလ်က အကယ်၍များ သူ့အနေနဲ့ ကြီးမားတဲ့ တာဝန်တွေကြောင့် စိုးရိမ်တုန်လှုပ်မှုရှိလားလို့ မေးမြန်းရာမှာ ထရမ့်က “အလုပ်တာဝန်ကို လေးစားမှာဖြစ်ပေမယ့် ကျွန်တော် ကြောက်နေမှာ မဟုတ်ဘူး” လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

    နောက်ပြီး လက်တလောမှာ အားလပ်ရက်ခရီးထွက်မှာ မဟုတ်သေးဘဲ သမ္မတလစာကိုလည်း ယူမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

    ဆိုရှယ်မီဒီယာတွေမှာ ပေါက်ကရရေးတတ်တာနဲ့ ပတ်သက်လို့တော့ ထရမ့်က ရှောင်ရှားမှာဖြစ်တယ်လို့ဆိုပြီး ဆိုရှယ်မီဒီယာရဲ့ ပြန့်နှံ့နိုင်မှုကိုလည်း အလေးထား ပြောကြားခဲ့ပါတယ်။

    “Facebook၊ Twitter နဲ့ Instagram မှာ ကျွန်တော့်ပရိတ်သတ် ၂၈ သန်း ရှိပါတယ်။ ဒါဟာ ကောင်းမွတ်တဲ့ ဆက်သွယ်ရေးပုံစံ တစ်ခုပါပဲ။ အခုအချိန်မှာ ကျွန်တော်က ဒါကို လုံးဝ စွန့်လွှတ်လိုက်ပြီ၊ မသုံးတော့ဘူးလို့ ပြောရမှာလား။ ဒါဟာ တော်တော်ကြီးမားတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတစ်ခုပါ။ ပရိတ်သတ်တွေက ထပ်တိုးနေတယ်။ မနေ့ကလည်း ၁ သိန်း ထပ်တိုးပါတယ်။ ကျွန်တော် ဒါကို စုံမက်တယ်လို့တော့ မပြောပါဘူး။ ဒါပေမယ့် ကျွန်တော့်စကားကို လူတွေသိစေတယ်လေ။ ကျွန်တော် ပြန်ပြီး တုန့်ပြန်ပြောဆိုနိုင်တဲ့ လမ်းကြောင်းတစ်ခုပေါ့”

    ထရမ့်က သူ့အနေနဲ့ နိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်ရင်း အမေရိကန်ရဲ့ အားကိုးရတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်အောင် လုပ်နိုင်တဲ့စွမ်းရည် ရှိတယ်လို့လည်း ပြောကြးခဲ့ပါတယ်။

    “ကျွန်တော်က တည်ကြည်လေးနက်သူတစ်ယောက်ပါ။ မီဒီယာက ကျွန်တော်နဲ့ပတ်သက်ပြီး ခင်ဗျားတို့ကို နည်းနည်းထူးခြားနေအောင် လုပ်တယ်လို့ ထင်ပါတယ်။ နည်းနည်းရိုင်းတဲ့လူမျိုးပေါ့ဗျာ။ ဒါပေမယ့် ဒီလိုမဟုတ်ပါဘူး။ ကျွန်တော်ဟာ ဒီလိုလူမျိုး လုံးဝ မဟုတ်ပါဘူး။ ကျွန်တော်ဟာ အင်မတန် တည်ကြည်လေးနက်တဲ့ လူတစ်ဦးပါ”

    နောက်ပြီး ထရမ့်က သူ့အနေနဲ့ ကောင်းမွန်တဲ့ပုံစံနဲ့ ပြောဆိုဆက်ဆံတပ်ပေမယ့် အခြေအနေပေါ်မှာ မူတည်ကြောင်း တစ်ခါတစ်ရံမှာ တင်းမာရမှာဖြစ်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ကမ္ဘာကြီးကိုကြည့်ရင်အခြားတိုင်းပြည်တွေကို ကျွန်တော်တို့ တိုင်းပြည်အပေါ် အမြတ်ထုတ်ကြတယ်ဗျ။ ကျွန်တော် ရဲရဲဝံ့ဝံ့ ကျွေးကြော်ချင်ကာက ‘အမေရိကန်သာ ပထမဦးစားပေး’ ဖြစ်တယ်ဆိုတာပါပဲ။ အခုလုပ်နေတာမျိုး မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ ဒီတိုင်းပြည်ကို ဆုံးရှုံးနေပါပြီ။ ဒါ့ကြောင့်ပဲ ကျွန်တော် ဒီရွေးကောက်ပွဲမှာ နိုင်တာပါ။ အလွယ်တကူ နိုင်ခဲ့တာပေါ့ဗျာ”

    Ref: RT

  • သမိုင်းဝင်မြို့တစ်ခုကို IS လက်မှ အီရတ် ပြန်သိမ်းနိုင်

    သမိုင်းဝင်မြို့တစ်ခုကို IS လက်မှ အီရတ် ပြန်သိမ်းနိုင်

    နိုဝင်ဘာ ၁၄၊ ၂၀၁၆
    M-Media

    iraq-4

    – လွန်ခဲ့သည့် ၂ နှစ်က IS အကြမ်းဖက်အဖွဲ့မှ သိမ်းပိုက်ထားသည့် ရှေးဟောင်းသမိုင်းတွင် အက်ဆီရီယန်မြို့ တည်ရှိရာ နီမရုဒ်မြို့ကို အီရတ်စစ်တပ်က ပြန်လည်သိမ်းယူနိုင်ခဲ့သည်ဟု သိရသည်။

    နှစ် ၃၀၀၀ သက်တမ်းရှိ အက်ဆီရီယန်မြို့တည်ရှိရာနေရာမှ အနောက်ဖက် ၁ ကီလိုမီတာကွာဝေးသည့် နေရာတွင်ရှိသော အဆိုပါ နီမရုဒ်မြို့အား သိမ်းယူနိုင်မှုကို ယမန်နေ့က အီရတ်စစ်တပ်မှ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

    အီဂျစ်နိုင်ငံမှ ယနေ့ အီရတ်နှင့် တူရကီ၏ အစိတ်အပိုင်းတစ်ချို့ထိ ကျယ်ပြန့်ခဲ့သော အက်ဆီးရီးယန် အင်ပါယာ၏ တစ်ချိန်က မြို့တော်တည်ရှိရာဖြစ်ခဲ့သော အဆိုပါမြို့စွန်မှ နူမာနီယာ ရွာကိုလည်း ပြန်လည်သိမ်းယူနိုင်ခဲ့သည်။

    IS မှာ ပြီးခဲ့သည့်နှစ်က အဆိုပါ နီမရုဒ်မြို့ရှိ သမိုင်းဝင်အထိမ်းအမှတ်နေရာများကို ဖောက်ခွဲဖျက်ဆီးခဲ့သည်။

    Ref : Aljazeera