News @ M-Media
Author: Ko Lay
  • အီရတ်၏ မူဆိုးလ်ထိုးစစ် မြို့တွင်းသို့ရောက်လာ
    အီရတ်၏ မူဆိုးလ်ထိုးစစ် မြို့တွင်းသို့ရောက်လာ
    နိုဝင်ဘာ ၁၊ ၂၀၁၆
    M-Media
    ira
    – အီရတ်စစ်တပ်မှာ မူဆိုးလ်မြို့ မြို့တွင်းပိုင်းသို့ တိုက်ရိုက် တိုက်ခိုက်မှုများ ပြုလုပ်လာပြီး ၀န်ကြီးချုပ် ဟိုင်ဒါ အလ်-အာဘာဒီကမူ IS အား လက်နက်ချရန် တိုက်တွန်းထားသည်ဟု သိရသည်။
    “သူတို့မှာ ရွေးချယ်စရာမရှိပါဘူး။ လက်နက်ချရင်ချ။ မချရ အသေပါပဲ” ဟု ၀န်ကြီးချုပ်က ယမန်နေ့တွင် နိုင်ငံပိုင် ရုပ်သံမှ သတိပေးခဲ့သည်။
    နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော မူဆိုးလ်အား ပြန်လည်သိမ်းပိုက်နိုင်ရေး အီရတ်စစ်တပ်၏ ထိုးစစ်ဆင်မှုမှာ ၂ ပတ် ကျော်လာခဲ့ပြီဖြစ်ပြီး လက်ရှိတွင် မူဆိုးလ်မြို့တွင်းပိုင်းမှ ဂေါ့ဂ်ဂျာလီဒေသကို ပြန်လည်ရရှိရေးအတွက် တိုက်ခိုက်မှုများ ပြုလုပ်နေသည်။
    IS ကလည်း ပဲ့ထိန်းတင့်ဖျက်ဒုံးကျည်များ၊ လက်နက်ငယ်များဖြင့် အပြင်းအထန် ခုခံမှုများ ပြုလုပ်နေပြီး၊ အမေရိကန်ဦးဆောင်သည့် မဟမိတ်တပ်ဖွဲ့များက လေကြောင်းတိုက်ခိုက်မှုများ မပြုလုပ်နိုင်အောင် ရေနံတွင်းများ၊ တာယာများ မီးရှို့ကာ မီးခိုးများဖြင့် မမြင်ရအောင် လုပ်ဆောင်ထားသည်။
    မြို့တောင်ဘက်ပိုင်းတွင် အစိုးရတပ်ဖွဲ့များမှာ ရှေ့ဆက်တိုးနိုင်မှု နှေးကွေးနေပြီး လက်ရှိတွင် မြို့မှ ၃၅ ကီလိုမီတာအကွာတွင် ရှိနေသည်။
    မြောက်ဖက်ပိုင်းတွင်မူ ကာ့ဒ်တပ်ဖွဲ့နှင့် အီရတ်စစ်တပ်တို့က မြို့နားသို့ ကပ်လာနေပြီး၊ ရှီအာ ပြည်သူ့စစ်များကလည်း မြို့နောက်ဖက်ပိုင်းရှိ IS ၏ ထွက်ပြေးရာလမ်းကြောင်းကို ဖြတ်တောက်ပိတ်ဆို့ထားရန် ကြိုးပမ်းနေသည်။
    အမေရိကန်စစ်တပ်ကမူ မူးဆိုးလ်မြို့တွင်း၌ IS တိုက်ခိုက်ရေးသမား ၃၀၀၀ မှ ၅၀၀၀ အထိ ရှိနိုင်ပြီး မြို့ပြင် ခံစစ်ကြောင်းတွင် ၁၅၀၀ မှ ၂၅၀၀ အထိ ရှိနိုင်သည်ဟု ခန့်မှန်းထားသည်။
    Ref: Aljazeera
  • အမေရိကန်က အစ္စရေးကို ထောက်ပံ့ခြင်းမှာ ပါလက်စတိုင်းပြည်သူကို သတ်ခြင်းဟု သံတမန်ဟောင်းပြော
    အမေရိကန်က အစ္စရေးကို ထောက်ပံ့ခြင်းမှာ ပါလက်စတိုင်းပြည်သူကို သတ်ခြင်းဟု သံတမန်ဟောင်းပြော
    နိုဝင်ဘာ ၁၊ ၂၀၁၆
    M-Media
    usaid
    – အမေရိကန်က အစ္စရေးအပေါ် စစ်ရေးအရ ကူညီပေးနေခြင်းမှာ ပါလက်စတိုင်းများအား သတ်ဖြတ်ခြင်းဖြစ်သည်ဟု ပါလက်စတိုင်းအရေး တက်ကြွလှုပ်ရှားသူ ကန်သံတမန်ဟောင်း အန်းရိုက်က ပြောကြားလိုက်သည်။
    အန်းရိုက်မှာ ဂါဇာကမ်းမြောင်အား အစ္စရေးက ပိတ်ဆို့ထားမှုကို ဆန့်ကျင်သည့်အနေဖြင့် ဂါဇာကမ်းမြှောင်သို့ သင်္ဘောဖြင့် သွားရောက်ခဲ့သောကြောင့် တက်ကြွလှုပ်ရှားသူ အမျိုးသမီး ၁၂ ဦးနှင့်အတူ ယခုလ အစောပိုင်းက ဖမ်းဆီးခံခဲ့ရသည်။
    “အမေရိကန်အစိုးရဟာ နောက်ထပ် ၁၀ နှစ်ကျော်အထိ အစ္စရေးကို ဒေါ်လာ ၃၈ ဘီလီယံပေးသွားမယ်လို့ ဆုံးဖြတ်ချက်ချတာဟာ အင်မတန် ဒေါသထွက်စရာကောင်းပါတယ်” ဟု ရိုက်က ပြောကြားခဲ့သည်။
    ရိုက်သည် အငြိမ်းစားအမေရိကန်ဗိုလ်မှူးတစ်ဦးဖြစ်ပြီး၊ သံတမန်ဟောင်းတစ်ဦးလည်းဖြစ်ကာ ယခုအချိန်တွင် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်သည်။
    သူမမှာ အစ္စရေးက ကိုးနှစ်ကြာပိတ်ဆို့ထားသည့် ဂါဇာကမ်းမြောင် ရေလမ်းကြောင်းကို ဖောက်ဝင်ရန် ကြိုးစားသည့် အနေဖြင့် စပိန်နိုင်ငံ ဘာစီလိုနာမြို့မှ တက်ကြွလှုပ်ရှားသူ အမျိုးသမီးများကိုတင်ဆောင်ကာ စက်တင်ဘာ ၁၅ ရက်နေ့က သွားရောက်ခဲ့သည့် Zaytouna-Oliva သင်္ဘောတွင် လိုက်ပါသွားခဲ့သူဖြစ်သည်။
    “အမေရိကန်က အစ္စရေးကို ကောင်းကောင်းပိုက်ဆံထောက်ပံ့နေတာဟာ ပါလက်စတိုင်းတွေကိုသတ်ပစ်ဖို့ ရည်ရွယ်ချက်အတွက်လို့ ပြောလို့ရပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဒါက အစ္စရေးစစ်တပ်က အဓိက လုပ်ဆောင်နေတဲ့ အရာမိုလို့ပါ” ဟု ရိုက်က အပြစ်တင်ခဲ့ပြီး အစ္စရေးစစ်တပ်မှာ ဂါဇာဒေသကို စစ်ရေးလေ့ကျင့်ရာ နေရာတစ်ခုအဖြစ် အသုံးချနေကြောင်း ထပ်လောင်းပြောကြားခဲ့သည်။
    လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီမှုများ ပြုလုပ်ပေးနေသည့် Freedom Flotilla Coalition အဖွဲ့က စီစဉ်သည့် အဆိုပါ Zaytouna-Oliva သင်္ဘောခရီးစဉ်တွင် စားနပ်ရိက္ခာများ၊ ဆေးဝါးများနှင့် ဂါဇာပြည်သူများအတွက် အခြားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပစ္စည်းများ တင်ဆောင်သွားခဲ့ပြီး အောက်တိုဘာ ၅ ရက်နေ့တွင်အစ္စရေးရေတပ်က ကြားဖြတ်ဖမ်းဆီးခဲ့သည်။
    ထို့နောက် ဆိပ်ကမ်းသို့ ဆွဲယူသွားခဲ့ပြီး လိုက်ပါလာသည့် အမျိုးသမီးများကို ၄ ရက်ကြာ ထိန်းသိမ်းခဲ့ကာ နောက်ပိုင်းတွင် နယ်နှင်ဒဏ်ပေးခဲ့သည်။
    ရိုက်ကမူ ၂၀၀၈ ခုနှစ်ကတည်းက ဂါဇာအား အစ္စရေးက ပိတ်ဆို့ထားမှုကို ဆန့်ကျင်ရန်အတွက် Freedom Flotilla Coalition အဖွဲ့မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခရီးစဉ်များစွာကို စီစဉ်ပေးခဲ့ပြီး ယခုကဲ့သို့ အမျိုးသမီးများကိုသာ တင်ဆောင်သွားမှုမှာ နိုင်ငံတကာမှ စိတ်ဝင်စားမှု ပိုရရန်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
    ၂၀၁၀ ခုနှစ်က အဆိုပါအဖွဲ့၏ Mavi Marmara သင်္ဘောဖြင့် ဂါဇာအား သွားရောက်မှုတွင် အစ္စရေး ကွန်မန်ဒိုများက သင်္ဘောအား ၀င်ရောက်စီးနင်းကာ တူရကီအကူအညီပေးရေး စေတနာ့ဝန်ထမ်း ၁၀ ဦးကို သတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်ကိုလည်း ရိုက်က မျက်မြင်ကြုံတွေ့ခဲ့သည်။
    အစ္စရေးကွန်မန်ဒိုများက ၀င်ရောက်စီးနင်းသည့် အချိန်တွင် သင်္ဘောမှာ ဂါဇာကမ်းရိုးတမ်းမှ ၃၄ မိုင်အကွာ၊ အစ္စရေးက တစ်ဖက်သက်ကြေငြာထားသည့် လုံခြုံရေးဇုန်မှ ၁၄ မိုင်အကွာ နိုင်ငံတကာ ရေပိုင်နက်အတွင်း ရှိနေသည်ဟု ရိုက်ကထည့်သွင်းပြောကြားခဲ့သည်။
    Ref : IINA
  • သြဇီဗလီတစ်ခုက အစ္စလာမ့်အကြောင်း အသိပညာပေးလှုပ်ရှားမှု ပြုလုပ်
    သြဇီဗလီတစ်ခုက အစ္စလာမ့်အကြောင်း အသိပညာပေးလှုပ်ရှားမှု ပြုလုပ်
    နိုဝင်ဘာ ၁၊ ၂၀၁၆
    M-Media
    ausi
    – အစ္စလာမ်သာသနာအပေါ် နားလည်မှုလွဲမှားမှုများကို ဖယ်ရှားရန်အတွက် သြစတေးလျနိုင်ငံ ကွင်းစ်လန်းမြို့ရှိ ရော့က်သက်တမ် ဗလီဝတ်ကျောင်းတော်က တံခါးဖွင့်လှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပြီး လူ ၂၀၀ ကျော် တက်ရောက်ခဲ့သည်ဟု သိရသည်။
    တက်ရောက်လာသူများက အစ္စလာမ်နှင့် မွတ်စလင်အကြာင်းတို့ကို မေးမြန်းခဲ့ကြကာ ဗလီတာဝန်ရှိသူများက ပြန်လည်ရှင်းပြခဲ့သည်။ ဗဟိုကွင်းစ်လန်း အစ္စလာမ့်လူမှုအသိုက်အ၀န်းမှ တာဝန်ရှိသူ မွတ်စ်တာဖာ အလ်ကီရှင်ကမူ မိမိတို့ မွတ်စလင်လူ့အဖွဲ့အစည်းမှာ ထိုကဲ့သို့ တုံ့ပြန်မှုရသည့်အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်မိသည်ဟု ပြောကြားခဲ့သည်။
    “အချို့မေးခွန်းတွေက အလွန်ကောင်းပါတယ်၊ အမေးအဖြေလုပ်ပေးတာက အစ္စလာမ်သာသနာနဲ့ပက်သက်ပြီး နားလည်နိုင်ဖို့နဲ့ မဟုတ်မတရား ပြောဆိုမှုတစ်ချို့ကို ဖယ်ရှားဖို့ပဲဖြစ်ပါတယ်။ မထင်မှတ်ထားလောက်အောင် တုံ့ပြန်မှုတွေရခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေက သူတို့ သိချင်၊ ပိုမိုနားလည်ချင်တဲ့မေးခွန်းတွေကို မေးလာလို့ပါပဲ၊ ပြီးတော့ ဒါဟာ ကျွန်တော်တို့ကြားက အဆီးအတားတွေကို ဖြိုချနိုင်ဖို့ အင်မတန်ကြီးမားတဲ့ အခွင့်အရေးတစ်ခုဖြစ်တယ်လို့ ကျွန်တော် ထင်ပါတယ်”
    အဆိုပါ လှုပ်ရှားမှုတွင် ဧည်သည့်တော်အဖြစ် လာရောက်ခဲ့သည့် ဘရစ်ဘိန်းဒေသမှ အီမာမ် မိုဟာမက် အက်ရမ်ကမူ National Mosque Open Day တို့ကဲ့သို့ ဗလီဝတ်ကျောင်းတော် တံခါးဖွင့်လှုပ်ရှားမှုမှာ ငြိမ်းချမ်းမှုရှာဖွေရေးအတွက် လူ့အဖွဲ့အစည်းအား စုစည်းညီညွှတ်စေသည်ဟု ပြောကြားခဲ့သည်။
    “တော်တော်လေးအောင်မြင်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေ၊ ရည်ရွယ်ချက်တွေကို အောင်မြင်ပါတယ်။ နောက်ဆက်တွဲ ဆောင်ရွက်မှုတွေကလည်း အပြုသဘောဆောင်မှုတွေ ရှိမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒီလို တံခါးဖွင့်လှုပ်ရှားမှုရဲ့ အဓိက ရည်ရွယ်ချက်က နားလည်မှုတည်ဆောက်ဖိုနဲ့ အထင်အမြင်လွဲမှားမှုတွေကို ဖြေရှင်းဖို့ဖြစ်ပါတယ်”
    မြို့တော်ကောင်စီဝင်တစ်ဦးဖြစ်သူ ရို့စ် ဆွဒ်ဒလင်းက ထိုလှုပ်ရှားမှုကို တက်ရောက်ခဲ့သူများထံမှ အပြုသဘောဆောင်သည့် တုံ့ပြန်မှုများ ရရှိခဲ့သည်ဟု ပြောကြားခဲ့သည်။
    Ref : IINA
  • မလေးရှား နိုင်ငံဖြတ်ကျော် မီးရထားလမ်းအတွက် တရုတ်ကူညီမည်
    မလေးရှား နိုင်ငံဖြတ်ကျော် မီးရထားလမ်းအတွက် တရုတ်ကူညီမည်
    နိုဝင်ဘာ ၁၊ ၂၀၁၆
    M-Media
    malysia
    – ရင်းဂစ် ၅၅ ဘီလီယံ ကုန်ကျပြီး မလေးရှားကျွန်းဆွယ်ရှိ ပြည်နယ်လေးခုကို ဆက်သွယ်ပေးမည့် အရှေ့ကမ်းရိုးတန်းမီးရထားလမ်း (ECRL) စီမံကိန်းအတွက် တရုတ်နိုင်ငံက ဘဏ္ဍာရေး ထောက်ပံ့ပေးသွားမည်ဟု မလေးရှား ဘဏ္ဍာရေးဝန်ကြီး ဒေါက်တာ အစ်ရ်ဝမ် ဆီရီဂါ အဘ်ဒူလာက ပြောကြားလိုက်သည်။
    အဆိုပါ စီမံကိန်းအတွက် မူဘောင်သဘောတူညီချက်ကို ယနေ့တွင် မြို့တော်ပေကျင်း၌ လက်မှတ်ရေးထိုးသွားမည်ဖြစ်သည်။ မလေးရှား ၀န်ကြီးချုပ်နာဂျစ်ရာဇတ်ဦးဆောင်သည့် မလေးရှားကိုယ်စားလှယ်အဖွဲ့မှာ ၆ ရက်ကြာ ခရီးစဉ်အဖြစ် ပေကျင်းသို့ ရောက်ရှိနေသည်။
    ယခုတည်ဆောက်မည့် အရှေ့ကမ်းရိုးတန်း မီးရထားလမ်းမှာ မလေးရှားကျွန်းဆွယ်၏ အရှေ့ဘက်နှင့် အနောက်ဘက်ကမ်းရိုးတန်းကြား သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်ကို သက်သာစေမည်ဖြစ်ပြီး ကုန်စည်များ၏ တန်ဖိုးကို လျှော့ကျစေကာ အချိန်လည်း ချွေတာနိုင်မည်ဟု အဘ်ဒူလာက ပြောကြားခဲ့သည်။
    “ဒီစီမံကိန်းက မလေးနိုင်ငံသားတွေ အထူးသဖြင့် ကျေးလက်နေပြည်သူတွေအတွက် အလုပ်အကိုင်နဲ့ စီးပွားရေးအခွင့်အလမ်းတွေကို ပိုပြီး ဖန်တီးပေးနိုင်မှာပါ”
    အဆိုပါ စီမံကိန်းအတွက် တရုတ်နိုင်ငံ၏ ငွေကြေးထောက်ပံ့မှုကို မလေးရှားက နှစ် ၂၀ အတွင်း ပြန်ဆပ်ရမည်ဖြစ်သည်။ အဘ်ဒူလာကမူ စီမံကိန်းမှာ နိုင်ငံ၏ သယ်ယူပို့ဆောင်ရေးကဏ္ဍကို ဖွံ့ဖြိုးတိုးတက်စေရန်သာမက ရထားလမ်းတစ်လျှောက်ရှိ မြို့ငယ်လေးများ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ ဖြစ်စေမည်ဟု ထည့်သွင်းပြောဆိုခဲ့သည်။
    စီမံကိန်းကို လာမည့်နှစ်တွင် စတင်ရန် မျှော်မှန်းထားပြီး ၂၀၂၂ ခုနှစ်တွင် အပြီးသတ်ရန် လျာထားသည်။
    Ref; CNA
  • ရမ်ဆေးမှာ လမ်းပတ်ကဲ့သို့ ဖြစ်လာမည်ဟု ၀င်းဂါးပြော
    ရမ်ဆေးမှာ လမ်းပတ်ကဲ့သို့ ဖြစ်လာမည်ဟု ၀င်းဂါးပြော
    အောက်တိုဘာ ၃၁၊ ၂၀၁၆
    M-Media
    ramsay
    – ဒဏ်ရာမှ ပြန်လည်သက်သာလာသည့် အာရွန်ရမ်ဆေးမှာ ဂိုးများပြန်သွင်းနိုင်ကာ အာဆင်နယ်အသင်း၏ လမ်းပတ် ဖြစ်လာမည်ဟု နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။
    ပြီးခဲ့သည့်ရာသီများတွင် အာဆင်နယ်အသင်း၏ အဓိကအားထားရသော ကစားသမားဖြစ်ခဲ့သည့် ရမ်ဆေးမှာ လက်ရှိတွင် ဒဏ်ရာကြောင့် အနားယူနေရပြီး လာမည့်စနေနေ့ ဆန်းဒါးလန်းအသင်းနှင့်ပွဲတွင် ပါဝင်ကစားခွင့်ရဖွယ် ရှိနေသည်။
    “သူက အသင်းကိုမောင်းနှင်ပေးပြီး ရှေ့ဆက်ဖို့လည်း တွန်းအားပေးပါတယ်။ ဒါဟာ ကျွန်တော်တို့ လိုချင်တာပါပဲ။ သူက လမ်းပတ်လိုပါ။ ဂိုးဧရိယာထဲ ၀င်ရတာနဲ့ အဝေးကနေ ကန်သွင်းရတာကို သူ နှစ်သက်ပါတယ်။ သူတို့နှစ်ယောက်စလုံးမှာ တူညီတဲ့ အရည်အသွေးတွေ ရှိပါတယ်” ဟု ၀င်းဂါးက ပြောကြားခဲ့သည်။
    Ref: Goal