News @ M-Media

Author: Ko Lay

  • ကိုးမားဖြစ်နေရာမှ ၎င်းကြောင့် သတိပြန်ရသည့် ပရိသတ်တစ်ဦးနှင့် ရော်နယ်ဒို တွေ့ဆုံ

    ကိုးမားဖြစ်နေရာမှ ၎င်းကြောင့် သတိပြန်ရသည့် ပရိသတ်တစ်ဦးနှင့် ရော်နယ်ဒို တွေ့ဆုံ

    နိုဝင်ဘာ ၂၊ ၂၀၁၆
    M-Media

    rnd

    – ကိုးမားဖြစ်နေရာမှ ရော်နယ်ဒို ဂိုးသွင်းယူသည့်အသံကိုကြား၍ ပြန်သတိလည်လာခဲ့သူ ပရိသတ်တစ်ဦးကို ရော်နယ်ဒိုက ယနေ့တွင် သွားရောက်တွေ့ဆုံခဲ့သည်ဟု သိရသည်။

    အဆိုပါ ပရိတ်သတ်မှာ ပိုလန်နိုင်ငံမှ ဒေးဗစ် ပေါ်လက်ဇီဆိုသူဖြစ်ပြီး ယနေ့တွင် ရီးယဲလ်မက်ဒရစ်အသင်း တည်းခိုရာ ၀ါဆောမြို့ရှိ ဟိုတယ်တွင် ရော်နယ်ဒိုနှင့် သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ရီးယဲလ်မှာ ယနေ့ညတွင် ချန်ပီယံလိဂ်ပွဲအဖြစ် ပိုလန်ကလပ် လီဂီယာနှင့် ကစားရမည်ဖြစ်သည်။

    ၂၀၁၃ ခုနှစ် သြဂုတ်လက ဒေးဗစ်မှာ စက်ဘီးစီးနေစဉ် ကားဖြင့်အတိုက်ခံရသောသောကြာင့် ကိုးမားဖြစ်ကာ သတိမေ့နေခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ဆရာဝန်၏ အကြံပေးမှုကြောင့် ပေါ်တူဂီက ဆွီဒင်အား အနိုင်ရခဲ့သည့် ကမ္ဘာ့ဖလား play-off ပွဲစဉ်းကို ၎င်းအနီးတွင် ပြန်လည်ဖွင့်ပြစဉ် ရော်နယ်ဒိုက ၎င်း၏ တတိယမြောက်ဂိုး သွင်းယူခဲ့သည့်အချိန်၌ ဒေးဗစ်မှာ သတိပြန်လည်လာခဲ့သည်။

    ထိုစဉ်က ဒေးဗစ်၏သတင်းမှာ ဟိုးလေးတစ်ကျော်ကျော်ဖြစ်ခဲ့ပြီး ရီးယဲလ်မက်ဒရစ်က ဒေးဗစ်အား ဆန်တီယာဂိုဘာနေဗျူးသို့ ဖိတ်ခေါ်ကာ ချန်ပီယံလိဂ်ပွဲတစ်ပွဲကို VIP နေရာမှ ကြည့်ရှုစေခဲ့သည်။

    ရီးယဲလ်မက်ဒရစ်ကမူ ယနေ့တွင် ဒေးဗစ်ပါအ၀င် ၎င်းမိသားစုနှင့် ရော်နယ်ဒိုတို့၏ တွေ့ဆုံမှုဓာတ်ပုံကို လွှင့်တင်ခဲ့သည်။ ၎င်းတို့မိသားစုမှာ ၀ါဆောသို့ ရောက်ရှိရန်အတွက် ၆ နာရီကြာ ကားမောင်းလာခဲ့ရခြင်းဖြစ်သည်။

    Ref: Goal

  • လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့ ဘာရိန်းနှင့် ဂျော်ဒန်ဆွေးနွေး

    လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့ ဘာရိန်းနှင့် ဂျော်ဒန်ဆွေးနွေး

    နိုဝင်ဘာ ၂၊ ၂၀၁၆
    M-Media

    br-jd

    – ဒေသတွင်း လုံခြုံရေး၊ ဖွံ့ဖြိုးရေးနှင့် နှစ်နိုင်ငံဆက်ဆံရေး ပူးပေါင်းဆောင်ရွက်နိုင်ရန် အတွက် ဂျော်ဒန်ဘုရင် အဗ္ဗဒူလာ ၂ နှင့် ဘာရိန်းပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ရှိခ် ရာရှစ် ဘင် အဗ္ဗဒူလာ အလ်ခလီဖာတို့မှာ တနင်္လာနေ့က ဂျော်ဒန်မြို့တော် အမ်မမ်တွင် ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

    ဘာရိန်းပြည်ထဲရေးဝန်ကြီးမှာ ဂျော်ဒန်သို့ ရောက်ရှိနေပြီး အိမ်နီးချင်းဖြစ်သော ၎င်းတို့နှစ်နိုင်ငံမှာ ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်ရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရာတွင် အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ခြင်း၏ အရေးပါမှုကို အဓိကထား ဆွေးနွေးခဲ့သည်ဟု ဂျော်ဒန်နန်းတော်မှ ထုတ်ပြန်ခဲ့သည့် ကြေငြာချက်တွင် ဖော်ပြခဲ့သည်။

    ထို့ပြင် အလ်-ခါလီဖာမှာ ဂျော်ဒန်ပြည်ထဲရေးဝန်ကြီး ဆလ်မာဟာမက်နှင့် နှစ်နိုင်ငံကြား အထူးသဖြင့် လုံခြုံရေးကဏ္ဍ၊ ရာဇ၀တ်မှု၊ အကြမ်းဖက်မှု၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတို့တွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။

    ဆလ်မာဟာမက်ကမူ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရန်နှင့် ၎င်းတို့၏ ရင်းမြစ်များကို ပိတ်ဆို့ရေး နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု၊ ညှိနှိုင်းဆောင်ရွက်မှုတို့ကို ပိုမိုဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

    Ref : IINA

  • တောင်တရုတ်ပင်လယ်တွင် သြဇီနှင့် အင်ဒိုတို့ ပူးတွဲကင်းလှည့်မည်

    တောင်တရုတ်ပင်လယ်တွင် သြဇီနှင့် အင်ဒိုတို့ ပူးတွဲကင်းလှည့်မည်

    နိုဝင်ဘာ ၂၊ ၂၀၁၆
    M-Media

    indo

    – မိမိတို့အနေဖြင့် အင်ဒိုနီးရှားနိုင်ငံနှင့်အတူ အငြင်းပွားတောင်တရုတ်ပင်လယ်ပြင်တွင် ပူးတွဲရေကြောင်းကင်းလှည့်မှုပြုလုပ်ရန် စီစဉ်နေသည်ဟု သြစတေးလျနိုင်ငံခြားရေးဝန်ကြီး ဂျူလီဘစ်ရှော့က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်သီတင်းပတ်က ဘာလီမြို့တွင် ပြုလုပ်ခဲ့သည့် နှစ်နိုင်ငံအစည်းအဝေးတွင် အင်ဒိုနီးရှားက ထိုကဲ့သို့ ပူးတွဲကင်းလှည့်မှုပြုလုပ်ရန် တင်ပြခဲ့ခြင်းဖြစ်ပြီး ဘစ်ရှော့က ထိုတင်ပြချက်မှာ မိမိတို့ကျင့်သုံးနေသည့် လွတ်လပ်စွာ ရေကြောင်းသွားလာခွင့် ပေါ်လစီနှင့် ကိုက်ညီသည်ဟု ဆိုသည်။

    အမေရိကန်၏ ခိုင်မာသော မဟာမိတ်ဖြစ်သည့် သြစတေးလျမှာ ယခင်က တောင်တရုတ်ပင်လယ်အနီးတွင် ၎င်း၏ လေယာဉ်များ ပျံသန်းမှုရှိခဲ့ပြီး တရုတ်ကမူ ဝေဖန်ရှုတ်ချမှု ပြုလုပ်ခဲ့သည်။ အမေရိကန်ကမူ လွတ်လပ်စွာရေကြောင်းသွားလာခွင့်ကို ကျင့်သုံးခြင်းသာဖြစ်သည်ဟု သြဇီအား ထောက်ခံခဲ့သည်။

    တရုတ်နိုင်ငံမှာ တောင်တရုတ်ပင်လယ်၏ အစိတ်အပိုင်းအများစုကို ပိုင်ဆိုင်ကြောင်း ပြောကြားထားပြီး ဘရူးနိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ ဗီယက်နမ်တို့ကလည်း တောင်တရုတ်ပင်လယ်၏ အစိတ်အပိုင်းအချို့မှာ ၎င်းတို့၏ ပိုင်နက်အတွင်းရှိသည်ဟု ဆိုသည်။

    အင်ဒိုနှင့် သြစတေးလျတို့မှာ တီမောပင်လယ်တွင် ပူးတွဲ ပင်လယ်ပြင် ကင်းလှည့်မှုများ ပြုလုပ်ခဲ့ပြီး လူကုန်ကူးသူများ၊ တရားမ၀င်ငါးဖမ်းသူများအား တွန်းလှန်ရန် ကြိုးပမ်းမှု အစိတ်အပိုင်းလည်းဖြစ်သည်။

    ဘစ်ရှော့ကမူ တောင်တရုတ်ပင်လယ်တွင် ကင်းလှည့်မှု ပြုလုပ်ပါက မိမိတို့အနေဖြင့် ဒေသတွင်းနိုင်ငံများကို အသိပေးသွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref : Channelnewsasia

  • အာဖဂန်အတွင် အမေရိစစ်တပ်၏ ရာဇ၀တ်မှုများအတွက် ICC စုံစမ်းမည်

    အာဖဂန်အတွင် အမေရိစစ်တပ်၏ ရာဇ၀တ်မှုများအတွက် ICC စုံစမ်းမည်

    နိုဝင်ဘာ ၂၊ ၂၀၁၆
    M-Media

    us

    – အမေရိကန်၏ အာဖဂန်စစ်ပွဲအတွင်း လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှု၊ စစ်ရာဇ၀တ်မှုများနှင့်ပတ်၍ စုံစမ်းစစ်ဆေးမှုတစ်ခုကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ICC က လာမည့် ရက်သတ္တပတ်များအတွင်း ပြုလုပ်သွားမည်ဟု Foreign Policy မဂ္ဂဇင်းတွင် ဖော်ပြထားသည်။

    ယုံကြည်ရလောက်သည့် ရင်းမြစ်များ၏ ပြောကြားမှုကို ကိုးကား၍ ဖော်ပြခဲ့ခြင်းဖြစ်ပြီး အမေရိကန်စစ်သားများ၊ တာလီဘန် သောင်းကျန်းသူများအပြင်၊ အာဖဂန်အစိုးရနှင့်ပါ ဆက်နွယ်နိုင်သည့် စစ်ပွဲအတွင်း ဥပဒေချိုးဖောက်မှုများအတွက် ပြည့်ဝပြီး ခြွင်းချင်းကင်းသော စုံစမ်း စစ်ဆေးမှုတစ်ခု စတင်ရန် သီတင်းပတ်အနည်းငယ်သာလိုတော့ကြောင်း ICC ရှေ့နေချုပ်က ပြောကြားခဲ့သည်ဟု ဆိုသည်။

    အကယ်၍ အဆိုပါ စုံစမ်းစစ်ဆေးမှုကို ဆောင်ရွက်မည်ဆိုပါက ယင်းသို့စစ်ဆေးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်မည်ဖြစ်ပြီး ICC မှာ ယခင်က အာဖဂန်တွင် အမေရိကန်စစ်သားများက ကျူးလွန်သည့် ရာဇ၀တ်မှုများအတွက် အရေးယူမှုပြုလုပ်ရန် မစဉ်းစားခဲ့ဖူးချေ။

    အဆိုပါ စုံစမ်းစစ်ဆေးမှုကို ယခုနှစ်နှောင်းပိုင်းတွင် စတင်မည်ဟု ခန့်မှန်းရပြီး၊ အမေရိကန်အစိုးရကိုယ်စားလှယ်အဖွဲ့မှာ မကြာသေးမီက ICC ရုံးစိုက်ရာ The Hague မြို့သို့ သွားရောက်ခဲ့ကာ စုံစမ်းစစ်ဆေးမှု၏ ဖြစ်နိုင်ချေကို သိရှိရန်ဖြစ်နိုင်သည်ဟု Foreign Policy က ထည့်သွင်းဖော်ပြခဲ့သည်။

    Ref : RT

  • နောက်တစ်ဆင့်တက်မယ့် ၄ သင်း ပေါ်ထွက်လာတဲ့ ဗုဒ္ဓဟူးနေ့မနက် ချန်ပီယံလိဂ်ပွဲများ

    နောက်တစ်ဆင့်တက်မယ့် ၄ သင်း ပေါ်ထွက်လာတဲ့ ဗုဒ္ဓဟူးနေ့မနက် ချန်ပီယံလိဂ်ပွဲများ

    နိုဝင်ဘာ ၂၊ ၂၀၁၆
    M-Media

    chm-1

    – ဒီနေ့မနက်ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၄ အပြီးမှာတော့ အာဆင်နယ်၊ ပီအက်စ်ဂျီ၊ အက်သလက်တီကိုနဲ့ ဘိုင်ယန်တို့ နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပြီး မန်စီးတီးကလည်း အိမ်ကွင်းမှာ ဘာစီလိုနာကို ပထမအကျော့ရှုံးကြွေး ပြန်ဆပ်နိုင်ခဲ့ပါတယ်။

    အုပ်စု A
    ———
    အာဆင်နယ် ၃-၂ လူဒိုဂိုးရက်စ်
    ဘေဆယ် ၁-၂ ပီအက်စ်ဂျီ

    အဝေးကွင်းမှာရခဲ့တဲ့ ဒီအနိုင်ဟာ အာဆင်နယ်တို့အတွက် ခက်ခဲတဲ့အနိုင်ပါပဲ။ ပထမပိုင်း ၁၅ မိနစ်တွင် ၃ မိနစ်အတွင်း ပေးလိုက်ရတဲ့ ၂ ဂိုးနဲ့အတူ အနောက်က အသည်းအသန် ပြန်လိုက်ကစားခဲ့ရတာဖြစ်ပြီး မိနစ် ၂၀ မှာ ဇာကာက ပထမ ချေပဂိုး ၄၂ မိနစ်မှာ ဂျရူးက ဒုတိယ ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ အာဆင်နယ်အတွက် အနိုင်ဂိုးကိုတော့ ၈၈ မိနစ်မှာ အိုဇေးလ်က လူဒိုးရက်စ် ဂိုးသမားနဲ့ နောက်ခံလူ ၂ ဦး စုစုပေါင်း ၃ ဦးကို လှလှပပ လိမ်ခေါက်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒီအနိုင်ကြောင့် အာဆင်နယ်ဟာ ၄ ပွဲကစား ၁၀ မှတ်နဲ့ နောက်တစ်ဆင့်ကို တက်ရောက်ဆင့်ကို တက်ရောက်သွားပါပြီ။

    ပီအက်စ်ဂျီကတော့ အသာရခဲ့ပေမယ့် နောက်ဆုံးမိနစ်မှာမှ အနိုင် ၃ မှတ်သေချာခဲ့တာဖြစ်ပါတယ်။ ၄၃ မိနစ်မှာ မာတူဒီရဲ့ ဦးဆောင်ဂိုးကို ၇၆ မိနစ်မှာ ဘေဆယ်က ဇူဖီက ချေပခဲ့ပါတယ်။ ဧည့်သည်အသင်းအတွက် အနိုင်ဂိုးကိုတော့ မိနစ် ၉၀ မှာ သောမက်စ်မူနီယာက သွင်းပေးခဲ့ပြီး အာဆင်နယ်နဲ့အတူ နောက်တစ်ဆင့် တက်နိုင်ခဲ့ပါတယ်။

    အုပ်စု B
    ———
    ဘင်ဖီကာ ၁-၀ ဒိုင်နမိုကိဗ်
    ဘက်ခီတက် ၁-၁ နာပိုလီ

    ဒိုင်နမိုကိဗ်တို့ အနည်းဆုံး သရေရသင့်တဲ့ပွဲပါ။ ၄၅ မိနစ်မှာ ပင်နယ်တီကနေ ဦးဆောင်ဂိုး ပေးလိုက်ရပြီး ၆၈ မိနစ်မှာ ပင်နယ်တီပြန်ရခဲ့မေယ့် ဂျူနီယာ မိုရေးစ်က ၀င်အောင် မကန်သွင်းနိုင်ခဲ့တာကြောင့် ၁ မှတ်ရမယ့်အခွင့်အရေး ဆုံးရှုံးခဲ့ပါတယ်။

    နာပိုလီတို့ ဂိုးသွင်းခွင့်ပိုရခဲ့ပမယ့် ၈၂ မိနစ်မှာ အမ် ဟမ်မစ်ရဲ့ နောက်ကျဂိုးကြောင့်သာ ၁ မှတ်ရခဲ့တာပါ။ ဘက်ခီတက်အတွက် ဦးဆောင်ဂိုးကိုတော့ ၇၈ မိနစ်မှာ ရီကာဒို ကွာရက်စ်မာက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

    chm-2

    အုပ်စု C
    ———
    မန်စီးတီး ၃-၁ ဘာစီလိုနာ
    မိုချန်ဂလာဘတ်ခ်ျ ၁-၁ ဆဲလ်တစ်

    ပထမကျော့က ၄ ဂိုးပြတ်ရှုံးကြွေးကို မန်စီးတီ ပြန်ဆပ်နိုင်ခဲ့ပေမယ့် ဘာစီလိုနာကို အသာရခဲ့တာ မဟုတ်ဘဲ ၂၁ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေတစ်ဆင့် မက်ဆီရဲ့ ဦးဆောင်ဂိုးကိုတောင် ခွင့်ပြုခဲ့ရပါတယ်။ ဒါပေမယ့် ၃၉ မိနစ်မှာ ဂွန်ဒိုဂန်က ချေပဂိုး ပြန်သွင်းနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ အရှိန်မြှင့်ကစားခဲ့တဲ့ အိမ်ရှင်တို့ နောက်ထပ် ၂ ဂိုး ထပ်ရခဲ့ပါတယ်။ ဒီဂိုးတွေကိုတော့ ၅၁ မိနစ်မှာ ဒီ ဘရူနီနဲ့ ၇၄ မိနစ်မှာ ဂွန်ဒိုဂန်တို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

    ၇၆ မိနစ် ဒမ်ဘီလီရဲ့ ချေပဂိုးနဲ့ သရေတစ်မှတ်ရခဲ့တဲ့ ဆဲလ်တစ်ကတော့ နောက်တစ်ဆင့်တက်ရေး မျှော်လင့်ချက်ရေးရေးကို ဆက်လက်ဆုပ်ကိုင်ထားနိုင်ခဲ့ပါတယ်။ ၃၂ မိနစ်မှာ ဦးဆောင်ဂိုးရခဲ့တဲ့ အိမ်ရှင်တို့ နောက်ပိုင်းမှာ အနိုင်ရမယ့် အခွင့်အရေးတွေ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ပါဘူး။

    အုပ်စု D
    ———
    အက်သလက်တီကို ၂-၁ ရို့စ်တော့ဗ်
    ပီအက်စ်ဗီ ၁-၂ ဘိုင်ယန်မြူးနစ်

    ခြေအသာရခဲ့တဲ့ အက်သလက်တီကိုတို့ ၃ မှတ်ကိုတော့ ကံကောင်းထောက်မစွာ ရခဲ့တာပါ။ ၂၉ ဂိုးနစ်မှာ ဦးဆောင်ဂိုး သွင်းပေးခဲ့တဲ့ ဂရစ်ဇမန်းရဲ့ မိနစ် ၉၀ ဒုတိယ ဦးဆောင်ဂိုးက လူကျွံအနေအထားကနေ သွင်းယူခဲ့တာဖြစ်ပါတယ်။

    ၁၄ မိနစ်မှာ ပီအက်စ်ဗီတို့ ဦးဆောင်ဂိုးရခဲ့ပေမယ့် ဘိုင်ယန်ကို နောက်ပိုင်းမှာ လုံးဝ မယှဉ်နိုင်ခဲ့ပါဘူး။ ဘိုင်ယန်အတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကိုတော့ လီဝန်ဒေါ့စကီးက ၃၄ မိနစ်မှာ ပင်နယ်တီနဲ့တစ်ဂိုး၊ ၇၄ မိနစ်မှာ အနီးကပ်ပိတ်သွင်းမှုနဲ့တစ်ဂိုး သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အုပ်စု D ရဲ့ ပွဲစဉ် ၄ ပွဲ အပြီးမှာတော့ အက်သလက်တီကိုနဲ့ ဘိုင်ယန်မြူးနစ်တို့က နောက်တစ်ဆင့်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။