News @ M-Media

Author: Ko Lay

  • အစွန်းရောက်အမြင်များကို တိုက်ဖျက်မည့် စင်ကာပူမှ လူငယ် အစ္စလာမ့်ဓမ္မပညာရှင်များ

    အစွန်းရောက်အမြင်များကို တိုက်ဖျက်မည့် စင်ကာပူမှ လူငယ် အစ္စလာမ့်ဓမ္မပညာရှင်များ

    နိုဝင်ဘာ ၂၊ ၂၀၁၆
    M-Media

    sing
    အလ်-အဇ်ဟာရ်မှ ဘွဲ့ရ စင်ကာပူလူငယ်များနှင့် စင်ကာပူသမ္မတ

    – ဘာသာရေးအစွန်းရောက်အဖွဲ့များက ဆိုရှယ်မီဒီယာများတွင် လူငယ်များအား ၎င်းတို့နှင့် လာရောက်ပူးပေါင်းရန် သွေးဆောင်ဖျားယောင်းနေကြသည့်အချိန်တွင် အီဂျစ်ရှိ ထင်ရှားသည့် အလ်-အဇ်ဟာရ် အစ္စလာမ့်တက္ကသိုလ်မှ ဘွဲ့ရ စင်ကာပူလူငယ်များကတော့ အဆိုပါအစွန်းရောက်အတွေးအမြင်များကို ဖြေရှင်းရန်၊ မှားယွင်းကြောင်း သက်သေပြန်ရန်အတွက် မိမိတို့မှာ အရေးပါသည့်နေရာတွင် ရှိနေသည်ဟု ရှုမြင်နေကြသည်။

    “အလ်-အဇ်ဟာရ်တက္ကသိုလ်က ဘွဲ့ရတစ်ယောက်အနေနဲ့ အစ္စလာမ်ဟာ အစွန်းရောက်အယူဝါဒ မဟုတ်ဘူးဆိုတာ လူထုကို ပညာပေးဖို့၊ သင်ကြားပေးဖို့ ကျွန်မဟာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေတယ်လို့ ခံစားရသလို၊ တကယ်လည်း ဒီလိုတာဝန် ရှိနေပါတယ်” ဟု အလ်-အဇ်ဟာရ်တက္ကသိုလ်မှ ထူးချွန်စွာအောင်မြင်ခဲ့သူ စင်ကာပူမွတ်စလင်အမျိုးသမီး နူရ် ဒီယာနာ ဇာအစ်က ပြောကြားခဲ့သည်။

    သူမက ကျောင်းပြီးလျှင် ‘လူငယ်များကို အသိပညာပေးရန်၊ အမျိုးသမီးများကို စွမ်းအားမြှင့်တင်ပေးရန်’ အတွက် ပညာရေးနှင့်ပတ်သက်သည့် လမ်းကြောင်းတစ်ခုပေါ်၌ လျှောက်လှမ်းသွားရန် စီစဉ်နေသည်။

    “အစ္စလာမ်ရဲ့ စစ်မှန်တဲ့ သင်ကြားမှုတွေ ဖြန့်ဝေဖို့၊ အစ္စလာမ်ရဲ့ အကောင်းဆုံး အယူအဆကို ပေးအပ်ဖို့နဲ့ ဒီတက္ကသိုလ်မှာ ကျွန်တော် သင်ကြားခဲ့သမျှကို ပြန်လည်မျှဝေဖို့ စိတ်ကူးထားပါတယ်” ဟု အသက် ၂၅ နှစ်အရွယ် အူဖာက ပြောကြားခဲ့သည်။

    အူဖာမှာ အလ်-အဇ်ဟာရ်တွင် ဒဿနိကဗေဒနှင့် အစ္စလာမ့် သီယိုလိုဂျီတို့ကို သင်ယူခဲ့ပြီး စင်ကာပူသို့ ပြန်လည်ရောက်ရှိပါက ပညာသင်ကြားရေးလိုင်းဖက်တွင် ကျင်လည်ရန်လည်း သူက စီစဉ်ထားသည်။

    မစ္စတာအူဖာနှင့် မစ် ဒီယာနာတို့မှာ အင်္ဂါနေ့ညပိုင်းက အလ်-အဇ်ဟာရ်တက္ကသိုလ်မှ ဘွဲ့ရခဲ့ခြင်းဖြစ်ပြီး ဘွဲ့နှင်းသဘင် အခမ်းအနားတွင် အီဂျစ်နိုင်ငံသို့ နိုင်ငံတော်တာဝန်ဖြင့် အလည်အပတ်ရောက်ရှိနေသည့် စင်ကာပူသမ္မတ တိုနီ တန် ကင်ယမ်လည်း အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့သည်။

    အစ္စလာမ့်ဓမ္မရေးရာသင်ကြားမှုတွင် ကမ္ဘာ့အချက်အချာနေရာတစ်ခုဖြစ်သည့် အလ်-အဇ်ဟာရ်တက္ကသိုလ်မှ ယခုနှစ်တွင် ဘွဲ့ရခဲ့သော စင်ကာပူကျောင်းသားအရေအတွက်မှာ ၄၅ ဦး ရှိခဲ့ပြီး အစ္စလာမ့်တရားဥပဒေ၊ အစ္စလာမ့်သီယိုလော်ဂျီ၊ အာရဘီဘာသာစကားနှင့် စာပေတို့ဖြင့် ဘွဲ့ရခဲ့ခြင်းဖြစ်သည်။ အလ်-အဇ်ဟာရ်မှာ ‘အစ္စလာမ့်ရေးရာ အောက်စဖို့ဒ်’ ဟုလည်း အမည်တွင်သည်။

    “ခင်ဗျားတို့အားလုံးဟာ မွတ်စလင်လူ့အဖွဲ့အတွက် မျိုးဆက်သစ်ခေါင်းဆောင်တွေပါပဲ” ဟု သမ္မတ ဒေါက်တာတန်က ဘွဲ့နှင်းသဘင် အခမ်အနားပြီးနောက် အဆိုပါ စင်ကာပူ ကျောင်းသားများကို ပြောကြားခဲ့သည်။ ဘွဲ့နှင်းသဘင် အခမ်းအနားတွင်လည်း သမ္မတက ၎င်းတို့၏ ကြိုးစားအားထုတ်မှုများ အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးခဲ့သည်။

    ထိုကျောင်းသားများအနေဖြင့် ‘စင်ကာပူတွင် လူမျိုးရေးနှင့် ဘာသာရေး သဟဇာတဖြစ်မှုကို ဆက်လက်မြှင်တင့်ပေးမည်’ ဟု မိမိအနေဖြင့် ယုံကြည်ကြောင်း မစ္စတာတန်က ထည့်သွင်း ပြောကြားခဲ့သည်။

    ယခင်နှင့် လက်ရှိ မွဖ်သီများအပါအ၀င် စင်ကာပူရှိ မွတ်စလင်ခေါင်းဆောင်အများစုမှာ အလ်-အဇ်ဟာရ်တက္ကသိုလ်မှ ဘွဲ့ရထားကြသူများဖြစ်သည်။ အဆိုပါတက္ကသိုလ်က စင်ကာပူရှိ မဒ်ရာဆာ (အစ္စလာမ့် အခြေခံ ဘာသာရေးသင်တန်းကျောင်း) ၄ ခုကိုလည်း အသိအမှတ်ပြုလက်မှတ် ထုတ်ပေးထားသည်။

    sing-2

    ထို့ပြင် ပြီးခဲ့သည့် ၁၀ စုနှစ်တစ်ခုအတွင်း စင်ကာပူကျောင်းသားများကို ပညာတော်သင်ဆု ပေးသည်။ အလ်-အဇ်ဟာရ်မှ ဘွဲ့ရခဲ့သူအများစုမှာ နိုင်ငံတွင်းရှိ မဒ်ရာဆာများတွင် ဓမ္မဆရာများ ဖြစ်လာခဲ့ပြီး အစိုးရမဟုတ်သော အဖွဲ့အစည်းများတွင် ၀င်ရောက်လုပ်ကိုင်သူ၊ နိုင်ငံရပ်ခြားသံရုံးများတွင် ဘာသာပြန်အဖြစ် လုပ်ကိုင်သူများလည်း ရှိသည်။

    “သူတို့တွေ (ဘွဲ့ရခဲ့သည့် ကျောင်သားများ) ဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။ သူတို့ဟာ စင်ကာပူမှာ ကျင်လည်ကြမှာဖြစ်ပြီး ကျွန်တော်တို့လူ့အဖွဲ့အစည်းမှာ လေးစားအားထားမှုအဆင့်တစ်ခုကို ရရှိမှာပါ” ဟု စင်ကာပူနိုင်ငံ၏ မွတ်စလင်ရေးရာဝန်ကြီး ယာကွဘ် အီဘရာဟင်က ပြောကြားခဲ့သည်။

    “မတူညီတဲ့လူ့အဖွဲ့အစည်းတွေ အပြည့်အဝေ ပူးပေါင်းပါဝင်တဲ့ လူ့အဖွဲ့အစည်းဖြစ်တည်ရေးဆိုတဲ့ ကျွန်တော်တို့လိုချင်တဲ့ ရလဒ်မျိုး ရရှိဖို့အတွက် လူ့အဖွဲ့အစည်းကို ကူညီဖေးမဖို့ အဲဒီ ကြည်ညိုလေးစားမှုကို သူတို့ ပါးပါးနပ်နပ် အသုံးချရမှာ ဖြစ်ပါတယ်”

    Ref: Channelnewsasia

  • ရခိုင်အရေး ဒေါ်အောင်ဆန်းစုကြည်အပေါ် ဖိအားများလာတာ ဘာကြောင့်လဲ?

    ရခိုင်အရေး ဒေါ်အောင်ဆန်းစုကြည်အပေါ် ဖိအားများလာတာ ဘာကြောင့်လဲ?

    နိုဝင်ဘာ ၁၊ ၂၀၁၆
    M-Media

    jp

    – ရခိုင်ပြည်နယ်မြောက်ပိုင်း မွတ်စလင်အများစုရှိရာ ဒေသတွင် ဖြစ်ပွားနေသည့် အကြပ်အတည်းအား အစိုးရ၏ ကိုင်တွယ်ပုံနှင့်ပတ်သက်၍ မြင့်တက်လာသည့် ဝေဖန်မှုများကို မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရင်ဆိုင်နေရသည်။ ထိုဒေသတွင် စစ်သားများက အကူအညီးပေးရေးလုပ်သားများ ၀င်ရောက်ခွင့်ကို ပိတ်ဆို့ထားပြီး အမျိုးသမီးများကို အဓ္ဓမပြုကျင့်ခြင်း၊ အရပ်သားများကို သတ်ဖြတ်ခြင်းတို့ ပြုလုပ်နေသည်ဟုလည်း စွပ်စွဲခံထားရသည်။

    အဆိုပါစစ်ဆင်ရေးက ဒေါ်အောင်ဆန်းစုကြည်၏ ၆ လသက်တမ်းရှိ အစိုးရနှင့် တိုင်းပြည်ကို ဆယ်စုနှစ်များစွာ အုပ်စိုးခဲ့ပြီး လုံခြုံရေးနှင့်ပတ်သက်၍ တာဝန်ယူရသည့် ၀န်ကြီးဌာနများအပါအ၀င် အရေးပါသော နေရာများကို ယခုအချိန်အထိ ရယူထားသော စစ်တပ်တို့အကြား ရှိနေသည် တင်းမာမှုကိုလည်း ထင်ရှားစေခဲ့သည်။

    စစ်သားများ ဥပဒေပပြုလုပ်သည်ဆိုသော စွပ်စွဲချက်များအတွက် အစိုးရ၏ သတင်းအချက်အလက် တောင်းခံထားမှုကို စစ်ဗိုလ်ချုပ်များက ၁၀ ရက်ကျော်ကြာ အကြောင်းမပြန်ဘဲ မသိကျိုးကျွံပြုနေမှုက အစိုးရအနေဖြင့် လက်နက်ကိုင်တပ်ဖွဲ့များကို ကြီးကျပ်၍ မရခြင်းကို ဖော်ပြနေသည်ဟု အရပ်သားအစိုးရ၏ အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့သည်။

    အောက်တိုဘာ ၉ ရက်နေ့တွင် စစ်သွေးကြွများက နယ်ခြားစောင့်စခန်းများကို တိုက်ခိုက်ပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နှင့်ကပ်နေသည့် ရခိုင်မြောက်ပိုင်းသို့ စစ်တပ်များ ၀င်ရောက်သွားခဲ့သည်။

    ထိုအချိန်မှစ၍ နိုင်ငံမဲ့ ရိုဟင်ဂျာမွတ်စလင်အများစုပါဝင်သည့် လူ ၄၀၀ ၀န်းကျင်ရှိသော အဖွဲ့တစ်ခုနှင့် တိုက်ခိုက်မှုအတွင်း စစ်သား ၅ ဦး သောင်းကျန်းသူ ၃၃ ဦး သေဆုံးခဲ့သည်ဟု အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။

    စစ်တပ်ကရေးဆွဲထားသည့် အခြေခံဥပဒေတွင် လုံခြုံရေးကိစ္စများနှင့်စပ်လျဉ်း၍ စစ်တပ်ကို အပြည့်အ၀ ထိန်းချုပ်ခွင့်ပေးထားသော်လည်း သံတမန်များ၊ အကူအညီပေးရေး လုပ်သားများက ဒေါ်အောင်ဆန်းစုကြည်မှာ ထိုပြဿနာအား ကိုင်တွယ်ဖြေရှင်းရာတွင် ထဲထဲဝင်ဝင်ပါဝင်ခြင်း မရှိသည့်အတွက် စိတ်ပျက်ရသည်ဟု ပြောကြားခဲ့သည်။

    နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရာထူးဖြင့် အစိုးရအား ထိထိရောက်ရောက် ဦးဆောင်နေပြီး နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်း တာဝန်ယူထားသည့် ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံရပ်ခြားခရီးစဉ်များနှင့် မအားမလပ်ဖြစ်နေလေ၏။

    ရခိုင်ပြည်နယ်တွင် တိုက်ခိုက်မှုဖြစ်ချိန်တွင် သူမမှာ အိန္ဒိယသို့ ၄ ရက်တာ အည်အပတ်ခရီး သွားရောက်ခဲ့ရသည်။ အင်္ဂါနေ့တွင်လည်း ဂျပန်သို့ ၅ ရက်ကြာခရီး သွားရအုံးမည်။

    “အခုအချိန်မှာတော့ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်သူက သူတစ်ယောက်တည်းရှိပါတယ်။ သူ နိုင်ငံခြားသွားရင် အလုပ်မပြီးပါဘူး” ဟု နိုင်ငံတကာအရေး လေ့လာစောင့်ကြည့်သူတစ်ဦးက ပြောကြားခဲ့သည်။ ၎င်း၏ ထိုပြောကြားမှုက ဒေါ်အောင်ဆန်းစုကြည်၏ သက်ဦးဆံပိုင်စတိုင် ဆုံးဖြတ်ချက်ချမှတ်မှုအတွက် ယခင်ဝေဖန်မှုများကို ပဲ့တင်ထပ်ခြင်းလည်းဖြစ်သည်။

    စစ်တပ် ကျူးလွန်မှုများရှိသည်ဆိုသော စွပ်စွဲချပ်များအား စုံစမ်းစစ်ဆေးရန်အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့က အစိုးရကို တိုက်တွန်းထားပြီး ကုလလက်အောက်ရှိ အေဂျင်စီများကလည်း ထိုဒေသအတွင်း အကူအညီများပေးအပ်ခွင့်ပြုရန် တောင်းဆိုခဲ့ကြသည်။

    ဒေါ်အောင်ဆန်းစုကြည်က လူ့အခွင့်အရေးစောင့်ကြည့်သူများ၏ ထိုတိုက်တွန်းမှုများ၊ ကြေငြာချက်များနှင့်ပတ်သက်၍ တိုက်ရိုက် မှတ်ချက်ပေးခြင်း မရှိသော်လည်း ဥပဒေနှင့်အညီ ထိန်းသိန်းဆောင်ရွက်ရန်အတွက် စစ်တပ်အား တိုက်တွန်းခဲ့သည်။

    အဖြေမရသော မေးခွန်းများ

    စစ်သားဟောင်းဖြစ်ပြီး၊ စစ်တပ်က ရာထူးသတ်မှတ်ပေးခဲ့သည့် ယခင် အစိုးရလက်ထက်မှ သက်ဆိုးရှည်လာသော သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးထံမှ အများအားဖြင့် ထွက်လာသည့် အစိုးရ၏ လူသိရှင်ကြား မှတ်ချက်များတွင် အောက်တိုဘာ ၉ ရက်နေ့တိုက်ခိုက်မှုအတွက် အပြစ်တင်ခံရသည့် အစ္စလာမ့်မစ်စစ်သွေးကြွများအပါ် စစ်တပ်က ဂရုတစ်စိုက် ပစ်မှတ်ထား၍ ရှင်းလင်းမှုများ ပြုလုပ်နေသည်ဟု စစ်တပ်၏ လုပ်ဆောင်မှုကို ထောက်ခံခဲ့သည်။

    သို့သော်လည်း ထိုဒေသတွင်နေထိုင်သည့် ပြည်သူများနှင့် လူ့အခွင့်အရေးအဖွဲ့များက စစ်သားများမှာ အရပ်သားများအပေါ် သတ်ဖြတ်ခြင်း၊ လုယက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားခြင်း စသည့် ကျူးလွန်မှုများ ရှိနေသည်ဟု ပြောကြားခဲ့သည်။

    ထိုကဲ့သို့ သတ်ဖြတ်ခြင်း၊ လုယက်ခြင်း၊ ဖမ်းဆီးခြင်း၊ နေအိမ်များဖျက်ဆီးခြင်းတို့ ရှိသည်ဆိုသော သတင်းများနှင့်ပတ်သက်၍ အချက်အလက်တောင်းခံသည့်အနေဖြင့် အရပ်သားအစိုးရမှ စစ်တပ်သို့ မေးမြန်းသော မေးခွန်း ၁၃ ခုစာရင်းကိုလည်း Reuters သတင်းဌာနက ရရှိခဲ့ပြီး ထိုအချင်းအရာက ပြဿနာနောက်ကွယ်မှ တင်းမာမှုများကို မီးမောင်းထိုးပြေနေခြင်းဖြစ်သည်။

    “အောက်တိုဘာ ၂၀ ရက်နေ့ကတည်းက ဒီမေးခွန်းစာရင်းကို ကျွန်တော်တို့ ပေးထားတာပါ။ ဒါပေမယ့် အခုထက်ထိ ဘာအသံမှ မကြားရသေးပါဘူး” ဟု မီဒီယာသို့ ထုတ်ပြန်ခြင်းမရှိသည့် အဆိုပါစာရင်းအတွက် ဆွေးနွေးခွင့် မရှိသောကြာင့် အမည်မဖော်လိုသူ အရပ်သားအစိုးရ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    ဒေါ်အောင်ဆန်းစုကြည်နှင့် သူမက ခေါင်းခေါက်ရွေးချယ်ထားသော လူယုံ သမ္မတဦးထင်ကျော်တို့မှာ အောက်တိုဘာ ၁၄ ရက်နေ့က စစ်ဖက် ထိပ်တန်းခေါင်းဆောင်နှင့် တွေ့ဆုံခဲ့ပြီး အောက်တိုဘာ ၉ ရက်တိုက်ုခိုက်မှုကို တုန့်ပြန်ရာတွင် ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။

    ဦးဇော်ဌေးကတော့ အရပ်ဖက် တာဝန်ရှိသူများမှာ ‘ပြဿနာကို အနီးကပ် စီမံခန့်ခွဲနေသည်’ ဟု သောကြာနေ့တွင် Reuters သတင်းဌာနသို့ ပြောကြားခဲ့သည်။

    “ပေါ်လစီပိုင်းနဲ့ပတ်သက်ပြီး သူတို့တွေ သဘောတူထားကြတယ်။ ဒါ့ကြောင့် စစ်တပ်နဲ့ ပြည်ထဲရေးဝန်ကြီးဌာနတို့က မြေပြင်တပ်ဖွဲ့နဲ့ ရဲတပ်ဖွဲ့ကို ရခိုင်မှာ ဥပဒေနဲ့အညီဆောင်ရွက်ဖို့ အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်” ဟု ဦးဇော်ဌေးက ဆိုသည်။

    ယခင်ကုလ တာဝန်ရှိသူဟောင်းဖြစ်ပြီး ရန်ကုန်အခြေစိုက် လေ့လာစောင့်ကြည်သူ ရစ်ချက် ဟော်ဆေးကမူ အာဏာရယူ ပြီးကတည်းက ဒေါ်အောင်ဆန်းစုကြည်အစိုးရမှာ စစ်ဖက်ခေါင်းဆောင်ပိုင်းနှင့် ‘ယုံကြည်မှု၊ ကိုးစားမှု’ တို့ကို တည်ဆောက်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    ရခိုင်ပြည်နယ်တွင် စစ်တပ်၏ ဆောင်ရွက်မှုများနှင့်ပတ်သက်၍ စိုးရိမ်မှုများကို ဖြေရှင်းရန် လိုအပ်သော ‘ထိရောက်ပြီး အလုပ်ဖြစ်မည့် ဆက်ဆံရေး’ ရှိနေလားဆိုသည်ကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဟု ၎င်းက ဆိုသည်။

    လုယက်မှုများ ထပ်တွေ့ရ

    အရပ်သား အာဏာပိုင်များနှင့် ရဲတပ်ဖွဲ့ တာဝန်ရှိသူများက လုံခြုံရေးတပ်ဖွဲ့များ ကျူးလွန်မှုရှိသည်ဆိုသည်မှာ မဖြစ်နိုင်ဟု ပြောကြားခဲ့သည်။

    ကျူးလွန်မှုသတင်းများကို အတည်ပြုနိုင်ရန်အတွက် လေ့လာစောင့်ကြည့်သူများအား ထိုဒေသများသို့ ၀င်ခွင့်ပြုရေး သံတမန်များနှင့် ကုလ တာဝန်ရှိသူများက အလိုရှိနေသည်။ ရိုဟင်ဂျာလူ့အဖွဲ့အစည်း နိုင်ငံသားဖြစ်ခွင့်ငြင်းပယ်ခံရပြီး၊ လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်ကို ကန့်သတ်ခံထားရသည့် အဆိုပါဒေသသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နိုင်ရေးအတွက်လည်း ၎င်းတို့က အစိုးရကို ဖိအားပေးနေသည်။

    ပြီးခဲ့သည့်သီတင်းပတ်က ရိုဟင်ဂျာအမျိုးသမီး ၈ ဦးမှာ ၎င်းတို့အနေဖြင့် စစ်သားများ၏ အဓ္ဓမပြုကျင့်မှု ခံခဲ့ရသည်ဟု ၎င်းတို့ရွာသို့ ရောက်လာခဲ့သည့် Reuters သတင်းထောက်များအား ပြောကြားခဲ့သည်။ ဦးဇော်ဌေးကတော့ ထိုစွပ်စွဲချက်ကို ငြင်းဆိုခဲ့လေသည်။

    ထိုသတင်းထွက်လာပြီးနောက်ပိုင်း စစ်သား ၄၀၀ ခန့်မှာ တနင်္ဂနွေနေ့တွင် ထိုရွာသို့ ထပ်မံလာရောက် ရှာဖွေခဲ့ကြသည်ဟု ဒေသခံတစ်ဦးက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    နောက်ထပ် ထိုကဲ့သို့ကျူးလွန်မှုသတင်းများ ထပ်မကြားတော့သော်လည်း စစ်သားများမှာ ဈေးဆိုင်များ၊ လယ်ယာသုံး ပစ္စည်းများနှင့် ဆိုလာပြားများကို လုယက်ခြင်းတို့ ရှိနေသည်ဟု ထိုဒေသတွင် နေထိုင်သူများနှင့် ထိုဒေသတွင် သတင်းရင်းမြစ်ကွန်ယက်ရှိနေသော စောင့်ကြည့်ရေးအဖွဲ့ Arakan Project မှ ခရစ်လီဝါက ပြောကြားခဲ့သည်။

    နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch ကလည်း အောက်တိုဘာ ၂၂ ရက်နေ့က ရိုက်ကူးခဲ့သည့် ဂြိုဟ်တုဓာတ်ပုံများကို လေ့လာစမ်းစစ်မှုအရ အနည်းဆုံး ရွာသုံးရွာတွင် ‘အဆောက်အဦးများ ဖျက်ဆီးခံထားရသော နေရာအများအပြား’ ကို တွေ့ရှိခဲ့ရသည်ဟု ပြောကြားခဲ့သည်။ ထိုဒေသရှိ ရွာသားများက စစ်တပ်မှာ ၎င်းတို့နေအိမ်များကို မီးရှို့ခဲ့သည်ဟု စောစောပိုင်းက ပြောကြားထားသည်။

    “အစိုးရအနေနဲ့ ဘူးခံငြင်းနေတာ၊ အကူအညီပေးရေး အေဂျင်စီတွေကို ပိတ်ပင်နေတာတွေ အဆုံးသတ်သင့်ပြီး၊ အဲဒီဒေသမှာ နိုင်ငံတကာ စောင့်ကြည့်သူတွေ ဆက်ရှိနေခြင်းအတွက် ဆင်ခြေဆင်လတ်တွေ ပေးနေတာကိုလည်း ရပ်တန်းက ရပ်သင့်ပါပြီ” ဟု Human Rights Watch အဖွဲ့ အာရှဆိုင်ရာ လက်ထောက်ဒါရိုက်တာဖြစ်သူ ဖီးလ်ရောဘတ်ဆန်က ပြောကြားခဲ့သည်။

    Ref: Reuters

    (Reuters သတင်းဌာနမှ ဖော်ပြသော Myanmar’s Suu Kyi under pressure as Rohingya crisis deepens ဆောင်းပါးကို လေးမောင်မှ ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ မူရင်းဆောင်းပါးကို ပြန်ကြာရေးဝန်ကြီးဌာန၏ ၀ဘ်ဆိုက်တွင် ထပ်ဆင့် ဖော်ပြထားသည်။)

  • ဂျာမနီတိုက်စစ်မှူး ကလိုဆေး ဘေလုံးလောကမှ အနားယူပြီ

    ဂျာမနီတိုက်စစ်မှူး ကလိုဆေး ဘေလုံးလောကမှ အနားယူပြီ

    နိုဝင်ဘာ ၁၊ ၂၀၁၆
    M-Media

    klose

    – ဂျာမနီအသင်း၏ ဂန္တ၀င်ကစားသမားဖြစ်ပြီး ကမ္ဘာ့ဖလားနောက်ဆုံးအဆင့်တွင် ဂိုးအများဆုံးသွင်းယူထားသူ တိုက်စစ်မှူး မီရိုဆလက်ဗ် ကလိုဆေးမှာ ဘောလုံးလောကမှ အနားယူသွားပြီဟု သိရသည်။

    ၂၀၁၅-၁၆ ခုနှစ် ဘောလုံးရာသီအပြီး လာဇီယိုအသင်းနှင့် သက်တမ်းကုန်သွားခဲ့သည့် အသက် ၃၈ နှစ်အရွယ် ကလိုဆေးမှာ ပြီးခဲ့သည့်လများအတွင်း အမေရိကန်မေဂျာလိဂ်မှ အသင်းများနှင့် ဆက်သွယ်မှုရှိခဲ့သော်လည်း နောက်ဆုံးတွင် အနားယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

    သို့သော်လည်း ဂျာမနီလက်ရွေးစင်အသင်းတွင် နေရာတစ်နေရာ ယူမည်ဖြစ်ပြီး အနာဂတ်တွင် နည်းပြအဖြစ် ဆောင်ရွက်နိုင်ရေးအတွက် ဂျာမနီလက်ရွေးစင်နည်းပြ ဂျိုအာချင်းလိုနှင့် အားကစားဒါရိုက်တာ ဟန်ဆီ ဖလစ်တို့၏ လက်အောက်တွင် သင်ယူသွားမည်ဖြစ်သည်။

    “နိုင်ငံအသင်းနဲ့ ရရှိခဲ့တဲ့ ကြီးကျယ်တဲ့အောင်မြင်မှုကို ကျွန်တော် ပျော်ရွှင်ကျေနပ်မိပါတယ်။ အဲဒီအချိန်တွေဟာ ကြီးကျယ်ပြီး ကျွန်တော့်အတွက် မေ့လို့မရတဲ့ အချိန်ပါပဲ။ ဒါ့ကြောင့်ပဲ လက်ရွေးစင်အသင်းကို ကျွန်တော် ပျော်ရွှင်စွာ ပြန်သွားခဲ့တာပါ။ ပြီးခဲ့တဲ့ လအနည်းငယ်က နည်းပြလိုမျိုး အခြားနည်းလမ်းတစ်ခုနဲ့ ကွင်းအတွင်းမှာ ဆက်နေဖို့ အတွေးဟာ ကျွန်တော့်စိတ်ထဲ ရောက်လာခဲ့ပါတယ်။ ကျွန်တော်ကစားခဲ့တဲ့အချိန်မှာ နည်းစနစ်ပိုင်းတွေကို တိုးတက်အောင် လုပ်ရတာ၊ ပွဲအတွက်ပြင်ဆင်ရတာ၊ ပွဲဘာဖြစ်မလဲဆိုတာကို သုံးသပ်ရတာတွေကို ကျွန်တော် နှစ်ခြိုက်ခဲ့ပါတယ်” ဟု ကလိုဆေးက ပြောကြားခဲ့သည်။

    ကလိုဆေးမှာ ၎င်း၏ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘ၀ကို ဟွမ်ဘာ့ဂ်အသင်းတွင် စတင်ခဲ့ပြီး ကိုင်ဇာစလော့တန်၊ ၀ါဒါဘရီမင်၊ ဘိုင်ယန်မြူးနစ်နှင့် လာဇီယိုအသင်းတို့တွင် ကစားသမားဘ၀ကို ဖြတ်သန်းခဲ့သည်။ ဘိုင်ယန်ကစားသမားဘ၀မှာ ကလိုဆေး၏ အအောင်မြင်ဆုံးအချိန်ဖြစ်ပြီး ဘွန်ဒစ်လီဂါ ၂ ကြိမ်၊ ဂျာမန်ရှုံးထွက်ဖလား ၂ ကြိမ် ရရှိခဲ့သည်။

    ကလိုဆေးမှာ ၂၀၀၅-၂၀၀၆ ခုနှစ်တွင် ဘွန်ဒစ်လီဂါ ထိပ်တန်းဂိုးသွင်းဘုရင်ဆု ရရှိခဲ့သည်။

    ဂျာမနီလက်ရွေးစင်အသင်းအတွက်မူ ကလိုဆေးမှာ ၁၃၇ ပွဲ ပါဝင်ကစားပေးခဲ့ပြီး လိုသာ မားသက်စ်ပြီးနောက် ဒုတိယ ပွဲအများဆုံး ကစားထားသည့် ကစားသမား ဖြစ်သည်။ ထို့ပြင် နိုင်ငံအသင်းအတွက် ၇၁ ဂိုးသွင်းကာ ဂိုးအများဆုံးသွင်းသူအဖြစ် ရပ်တည်နေသည်။

    ၂၀၁၄ ခုနှစ်တွင် ဂျာမနီနှင့် ကမ္ဘာ့ဖလားကို ရရှိခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် ဒုတိယ ရရှိခဲ့သည်။ ကမ္ဘာ့ဖလားတွင် ၄ ကြိမ်ပါဝင်ကစားခွင့်ရခဲ့သည့် ကလိုဆေးမှာ ၁၆ ဂိုးသွင်းနိုင်ခဲ့ပြီး ကမ္ဘာ့ဖလား နောက်ဆုံးအဆင့်တွင် သမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းထားသူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

    Ref : Goal

  • တရုတ်က ကိုယ်ပျောက်တိုက်လေယာဉ်ကို ပထမဆုံး ထုတ်ပြ

    တရုတ်က ကိုယ်ပျောက်တိုက်လေယာဉ်ကို ပထမဆုံး ထုတ်ပြ

    နိုဝင်ဘာ ၁၊ ၂၀၁၆
    M-Media

    stealth-2

    – တရုတ်နိုင်ငံက ၎င်းတို့၏ ပြည်တွင်းဖြစ် ကိုယ်ပျောက်တိုက်လေယာဉ်ကို ယနေ့တွင် ပထမဆုံးအကြိမ် ထုတ်ဖော်ပြသလိုက်သည်ဟု သိရသည်။

    Chengdu J-20 ဟုအမည်ပေးထားပြီး အင်ဂျင်နှစ်လုံးတပ် အဆိုပါ တိုက်လေယာဉ်ကို နိုင်ငံတောင်ပိုင်း ဇွန်ဟိုင်းမြို့တွင် ယနေ့ပြုလုပ်သည့် တရုတ်လေကြောင်းပြပွဲ Airshow China ဖွင့်ပွဲအခန်းအနားတွင် ၁ မိနစ်ကြာ ပျံသန်းပြသခဲ့ခြင်းဖြစ်သည်။

    “J-20 တိုက်လေယာဉ်ဟာ ကိုယ်ပိုင်မျိုးဆက်သစ် ကိုယ်ပျောက်တိုက်လေယာဉ်ဖြစ်ပြီး အနာဂတ်စစ်မြေပြင် လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင် ဖန်တီးထားတာဖြစ်ပါတယ်” ဟု တရုတ် လေတပ်မှ ပြောရေးဆိုခွင့်ရှိသူ ရှင်ကျီခီက ပြောကြားခဲ့သည်။

    အဆိုပါလေယာဉ်မှာ တရုတ်လေတပ်၏ တိုက်ခိုက်နိုင်စွမ်းကို ပိုမိုအားကောင်းလာစေမည်ဖြစ်ပြီး တိုင်းပြည်၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ပိုင်နက်တို့ကို ထိန်းသိန်းရေး စစ်တပ်၏ တာဝန်အတွက် အကူအညီဖြစ်စေမည်ဟုလည်း ၎င်းက ဆိုသည်။

    J-20 တိုက်လေယာဉ်များမှာ အမေရိကန်က ပစိဖိတ်ဒေသတွင် မကြာမီချထားတော့မည့် F-22 တိုက်လေယာဉ်များကို ယှဉ်ရန်ဖြစ်သည်ဟု ယူဆရသည်။ ကျွမ်းကျင်သူများကမူ အမေရိကန်၏ F-22 ကိုယ်ပျောက်လေယာဉ်နှင့် ယခု တရုတ်၏ J-20 လေယာဉ်တို့အား နှိုင်းယှဉ်ရန် စောလွန်းသည်ဟု ပြောကြားခဲ့သည်။

    ၂၀၁၄ ခုနှစ်ကလည်း ထိုကဲ့သို့ လေကြောင်းပြပွဲတွင် ပြည်ထွင်းထုတ် ရေဒါရှောင်ကွင်းနိုင်သော J-31 တိုက်လေယာဉ်များကို တရုတ်က ထုတ်ဖော်ပြသဖူးသည်။

    Ref: Press TV

  • ရီးယဲလ်အကယ်ဒမီက ဘာကာထက် ဘောလုံးသမားကောင်း ပိုထွက်

    ရီးယဲလ်အကယ်ဒမီက ဘာကာထက် ဘောလုံးသမားကောင်း ပိုထွက်

    နိုဝင်ဘာ ၁၊ ၂၀၁၆
    M-Media

    acadamy

    – လာလီဂါ၏ ခါးသီးသောပြိုင်ဘက်များဖြစ်သည့် ရီးယဲလ်မက်ဒရစ်နှင့် ဘာစီလိုနာတို့၏ ဘောလုံးအကယ်ဒမီးများတွင် ရီးယဲလ်ဘောလုံးအကယ်ဒမီက ဘာစီလိုနာ ဘောလုံးအကယ်ဒမီထက် ကစားသမားကောင်းများကို ပိုမို ထုတ်လုပ်ပေးနိုင်သည်ဟု လေ့လာမှုတစ်ခုအရ သိရသည်။

    အဆိုပါ လေ့လာမှုကို CIES Football Observatory အဖွဲ့က ပြုလုပ်ခြင်းဖြစ်ပြီး ဥရောပထိပ်တန်းလိဂ် ၅ ခုသို့ ကစားသမားများ အများဆုံး ပို့ဆောင်နိုင်မှုကို တွက်ချက်ခဲ့ခြင်းဖြစ်သည်။

    ထိပ်တန်းလိဂ် ၅ ခု၌ လက်ရှိတွင် ကစားနေသည့် ရီးယဲလ်အကယ်ဒမီထွက် ကစားသမားများမှာ ၄၁ ဦး ရှိနေပြီး ဘာစီလိုနာက ၃၇ ဦးရှိကာ၊ မန်ယူအကယ်ဒမီထွက် ကစားသမားက ၃၄ ဦး ရှိနေသည်။

    အဆင့် ၅၀ အတွင်းဝင်သည့် စပိန်အသင်း ၁၁ သင်းရှိပြီး ထိပ်ဆုံး အကယ်ဒမီ ၁၀ ခုတွင် စပိန်ကလပ်များ၏ အကယ်ဒမီက ၄ ခုအထိ ရှိနေသည်။ သို့ရာတွင် စာရင်းတွင်ပါဝင်သည့် ပြင်သစ်ဘောလုံးအသင်းများ၏ အကယ်ဒမီများမှာ ၁၆ ခုအထိ ရှိသည်။

    အင်္ဂလန်ကမူ မန်ယူအပြင် အခြား ၅ သင်းဖြစ်သော အာဆင်နယ်၊ စပါး၊ ဆောက်သက်တမ်၊ ချယ်ဆီးနှင့် မန်းစီးတီးတို့မှ အကယ်ဒမီများ ပါဝင်ခဲ့သည်။

    ဥရောပလိဂ် ၃၁ ခုတွင် ကစားနေသည့် ကစားသမားများစာရင်းကို တွက်ချက်ပါက အေဂျက်ဘောလုံးအကယ်ဒမီမှာ ထိပ်ဆုံးတွင်ရှိနေပြီး ရီးယဲလ်နှင့် ဘာကာတို့မှာ အဆင့် ၅ တွင် ပူးတွဲရှိနေသည်။

    Ref : Goal