News @ M-Media

Author: Ko Lay

  • ကနေဒါမှ ဖျက်ဆီးခံရသည့်ဗလီ တံခါးဖွင့်လှုပ်ရှားမှု လုပ်မည်

    ကနေဒါမှ ဖျက်ဆီးခံရသည့်ဗလီ တံခါးဖွင့်လှုပ်ရှားမှု လုပ်မည်

    အောက်တိုဘာ ၁၈၊ ၂၀၁၆
    M-Media

    canada-mosque

    – မကြာသေးမီက ဖျက်ဆီးခံခဲ့ရသည့် ကနေဒါနိုင်ငံ ကယ်ဂါရီမြို့မှ ဗလီဝတ်ကျောင်းတော်တစ်လုံးမှာ အစ္စလာမ်နှင့်ပတ်သက်၍ အသိပညာ တိုးစေရန်အတွက် တံခါးဖွင့်လှုပ်ရှားမှုတစ်ခုကို မကြာမီ ပြုလုပ်သွားမည်ဟု သိရသည်။

    ‘Our House is Your House’ (ကျွန်ုပ်အိမ်သည် သင့်အိမ်ဖြစ်သည်) ဆိုသည့် ခေါင်းစဉ်ဖြင့် နိုဝင်ဘာ ၁၃ ရက်နေ့တွင် ပြုလုပ်မည့် အဆိုပါလှုပ်ရှားမှုကို ကယ်ဂါရီ မွတ်စလင်ကောင်စီမှ စီစဉ်ခြင်းဖြစ်ပြီး မြို့အတွင်းရှိ လူ့အဖွဲ့အစည်းအားလုံးကို တက်ရောက်ရန် ဖိတ်ခေါ်ထားသည်။

    NW Calgary အစ္စလာမ့်ရေးရာအသင်းက အဆိုပါအခမ်းအနားတွင် ဆွေးနွေးမှုကို အထောက်အကူဖြစ်စေရန် ကမ္ဘာတစ်ဝှမ်း ယဉ်ကျေးမှုပေါင်းစုံမှ အစားအစာများဖြင့် ဧည့်ခံမည်ဖြစ်ပြီး၊ မွတ်စလင်မဟုတ်သူများအား ဗလီဝတ်ကျောင်းတော်များတွင် ဆောင်ရွက်နေသည့် ဘာသာရေးဆိုင်ရာ ကိစ္စများအကြောင်းကိုလည်း ရှင်းလင်းသွားမည်ဖြစ်သည်။

    အဆိုပါ ဗလီဝတ်ကျောင်းတော်အား ဖျက်ဆီးထားသည်ကို စနေနေ့ မနက်ပိုင်းက တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ကယ်ဂါရီ၌ မွတ်စလင်များအား ပစ်မှတ်ထားသော ၃ ကြိမ်မြောက် တိုက်ခိုက်မှုလည်း ဖြစ်သည်။

    “ဒီက ကျွန်တော်တို့လူ့အဖွဲ့အစည်းဟာ တက်ကြွပြီး၊ အများနဲ့ ပူးပေါင်းပါဝင်တဲ့ လူ့အဖွဲ့အစည်း ဖြစ်တာကြောင့် ဒီလို လုပ်ရပ်ကို ကျွန်တော်တို့ မျှော်လင့်မထားပါဘူး” ဟု ကယ်ဂါရီ မွတ်စလင်ကောင်စီမှ ဒါရိုက်တာဖြစ်သူ ဆယဒ် မိုဟစ်ဒင်က ပြောကြားခဲ့သည်။

    ထို့ပြင် အဆိုပါ ဗလီဝတ်ကျောင်းတော်မှာ စတင်ဖွင့်လှစ်ပြီးနောက်ပိုင်း လူမှုရေးလုပ်ငန်းများဖြင့် လူ့အဖွဲ့အစည်းကို ကူညီပေးခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။

    ရဲတပ်ဖွဲ့ကမူ ဖြစ်ပွားခဲ့သည့် မွတ်စလင်ဆန့်ကျင်ရေး တိုက်ခိုက်မှုများအတွက် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသည်။

    “နောက်ဆုံးမှာတော့ လိုအပ်တာက ကျွန်တော်တို့အားလုံး ဆွေးနွေးကြဖို့နဲ့ အတူတကွနေထိုင်ကြဖို့ပဲ ဖြစ်ပါတယ်။ ဒီမှာ အမုန်းတရားအတွက် နေရာမရှိပါဘူး” ဟု ကယ်ဂါရီ မွတ်စလင်ကောင်စီ၏ အခြားဒါရိုက်တာတစ်ဦးဖြစ်သူ မန်ဆူရ် ရှုအ်မန်က ပြောကြားခဲ့သည်။

    Ref : IINA

  • ဟစ်တလာမွေးဖွားခဲ့သည့် နေအိမ်အား သြစတြီးယားအစိုးရ ဖြိုချမည်

    ဟစ်တလာမွေးဖွားခဲ့သည့် နေအိမ်အား သြစတြီးယားအစိုးရ ဖြိုချမည်

    အောက်တိုဘာ ၁၈၊ ၂၀၁၆
    M-Media

    nazi

    – နာဇီလက်သစ်များ ဦးတိုက်ရာနေရာ ဖြစ်လာနိုင်မှုကို တားဆီးရန်အတွက် နာဇီခေါင်းဆောင် အဒေါ့ဖ်ဟစ်တလာမွေးဖွားခဲ့သော သြစတြီးယားမှ နေအိမ်ကို ဖြိုချမည်ဟု သိရသည်။

    ထိုနေအိမ်အား ဖြိုချရမည်လား၊ သို့မဟုတ် အသုံးပြုသည့်ပုံစံကို ပြောင်းပစ်ရမည်လားဆိုသည်နှင့်ပတ်သက်၍ ငြင်းခုံမှုများမှာ အချိန်အတော်ကြာကတည်းက ဖြစ်ပွားနေခြင်းဖြစ်ပြီး၊ အိမ်ပိုင်ရှင်ကလည်း ရောင်းချရန် ငြင်းဆိုခဲ့သည်။

    သို့သော်လည်း သြစတြီးယားပြည်ထဲရေးဝန်ကြီး ၀ုဖ်ဂန် ဆိုဘော့တ်ကာကမူ ကျွမ်းကျင်သူများပါဝင်သည့် ကော်မတီတစ်ရပ်က အဆိုပါနေအိမ်အား ဖြိုချရန် ဆုံးဖြတ်ခဲ့သည်ဟု ပြောကြားခဲ့သည်။ ထို့နောက် ထိုနေရာတွင် အဆောက်အဦးသစ်တစ်ခု ဆောက်လုပ်မည်ဖြစ်ပြီး အစိုးရ သို့မဟုတ် ပရဟိတလုပ်ငန်းအတွက် အသုံးပြုရန် အစီအစဉ် ရှိနေသည်။

    ၃ ထပ်ရှိနေသည့် အဆိုပါ နေအိမ်အတွက် ပိုင်ရှင် ဂါလင်ဒီ ပွမ်မာနှင့် အစိုးရတို့အကြား တရားရေးဆိုင်ရာ အငြင်းအခုံများ ဖြစ်ခဲ့ကြပြီး အဆောက်အဦးအား တစ်လွဲသုံးမည်ကို စိုးရိမ်သောကြောင့် အစိုးရက ၁၉၇၂ ခုနှစ်ကတည်းက ငှားရမ်းထားခြင်းဖြစ်သည်။

    ပိုင်ရှင်ကမူ အဆိုပါအိမ်ကို ရောင်းချရန် ငြင်းဆိုသည်သာမကပဲ ပြင်ဆင်ခွင့်လည်း မပြုချေ။ ထိုအဆောက်အဦးကို ယခင်က မသန်စွမ်းသူများစင်တာအဖြစ် အသုံးပြုခဲ့သည်။

    ပြည်ထဲရေးဝန်ကြီးဌာမှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးကမူ ထိုအဆောက်အဦးအား သိမ်းယူနိုင်မည့် ဥပဒေပြင်ဆင်ချက်တစ်ခုကို အခုနှစ်အစောပိုင်းက အတည်ပြုခဲ့သော်လည်း ဖြိုချဖျက်ဆီးရန်အတွက် လွှတ်တော်၏ သဘောတူညီချက် လိုသည်ဟု ပြောကြားခဲ့သည်။

    အချို့သော ပြည်သူများကမူ ထိုအဆောက်အဦးကို ဒုက္ခသည်စင်တာအဖြစ်လည်းကောင်း၊ အချို့က သြစတြီးယား နာဇီလက်မှ လွတ်မြောက်သည့် အထိမ်းအမှတ်ပြတိုက်အဖြစ်လည်းကောင်း အသုံးပြုရန် အလိုရှိနေသောကြောင့် အစိုးရ၏ ထိုကဲ့သို့ ဖြိုချရန် ဆုံးဖြတ်ချက်အတွက် မနှစ်မြို့မှုများ ရှိလာနိုင်သည်။

    Ref: BBC

  • မိခင်များ အ၀လွန်ပါက ကလေးများတွင် ကျန်းမာရေးထိခိုက်နိုင်

    မိခင်များ အ၀လွန်ပါက ကလေးများတွင် ကျန်းမာရေးထိခိုက်နိုင်

    အောက်တိုဘာ ၁၆၊ ၂၀၁၆
    M-Media

    baby

    – အ၀လွန်သည့် မိခင်များက မွေးဖွားလာသည့် ကလေးငယ်များမှာ ကြီးပြင်းလာသည့်အခါ ဦးနှောက်ပျက်စီးခြင်း သို့မဟုတ် လေဖြတ်ရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါနှင့် ပန်းနာရင်ကြပ်ရောဂါများ ဖြစ်ပေါ်နိုင်သည်ဟု လန်ဒန်တွင်ပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ခုအရ သိရသည်။

    တွေ့ရှိချက်ကို ဂါးဒီးယန်းသတင်းစာတွင် ဖော်ပြခဲ့ခြင်းဖြစ်ပြီး လေ့လာသူများကမူ အလွန်အမင်း အ၀လွန်ခြင်းက မိဘများ၊ ၎င်းတို့ ကလေးငယ်များ၏ ကျန်းမာရေးကိုပါ ဆိုးဆိုးဝါးဝါး ထိခိုက်စေနိုင်သည်ဟု သတိပေးခဲ့သည်။

    Lancet Diabetes and Endocrinology တွင် ဖော်ပြခဲ့သည့် လေ့လာချက် လေးခုအရ မိခင်အ၀လွန်ခြင်းကြောင့် ကလေးအသေမွေးဖွားခြင်း၊ ကိုယ်ဝန်ဆောင်ချိန်တွင် သွေးဖိအားမြင့်တက်ခြင်း၊ ကလေးနှင့် မိခင်တွင် ဆီးချိုဖြစ်ခြင်း၊ မွေးဖွားရခက်ခြင်းတို့ ဖြစ်စေနိုင်သည်ဟုလည်း ဆိုသည်။

    ကိုယ်ဝန်ဆောင်နိုင်သည့်အရွယ်၌ အမျိုးသမီးများ အ၀လွန်ခြင်းနှင့် ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲအန္တရာယ်များသည် အလွန်ကြီးမားပြီး ကိုယ်ဝန်မဆောင်ခင်အချိန်၌ ပုံမှန်ကိုယ်အလေးချိန်ရှိရန် ချက်ခြင်းလုပ်ဆောင်သင့်ကြောင်း လေ့လာသူများက အကြံပြုခဲ့သည်။

    ထို့ပြင် မိခင် အ၀လွန်ခြင်း၏ ရလဒ်ကြောင့် ၎င်းတို့၏ ရင်သွေးငယ်များမှာ လူမှုရေးဆိုင်ရာ စွမ်းရည်များ ယုတ်လျော့ခြင်း၊ စိတ်ရောဂါ သို့မဟုတ် အာရုံစူးစိုက်မှု ချို့ယွင်းသည့် စိတ်ကစဥ့်ကလျားဖြစ်မှု (ADHD) ရောဂါလည်း ဖြစ်စေနိုင်ပြီး အရွယ်ရောက်ချိန်တွင် ကင်ဆာဖြစ်နိုင်ချေကိုလည်း မြင့်မားစေသည်ဟု ဆိုသည်။

    Ref : IINA

  • ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချရန် နိုင်ငံပေါင်း ၂၀၀ နီးပါး သဘောတူ

    ဖန်လုံအိမ်ဓာတ်ငွေ့လျှော့ချရန် နိုင်ငံပေါင်း ၂၀၀ နီးပါး သဘောတူ

    အောက်တိုဘာ ၁၆၊ ၂၀၁၆
    M-Media

    greenhouse

    – ကမ္ဘာကြီးပူနွေးလာမှုကို တုံ့ပြန်သည့်အနေဖြင့် ရေခဲသေတ္တာများနှင့် လေအေးပေးစက်များတွင် အသုံးပြုသည့် ဖန်လုံအိမ်ဓာတ်ငွေ့များ ထုတ်လွှတ်မှုကို လျှော့ချရန်အတွက် နိုင်ငံပေါင်း ၂၀၀ နီးပါးက သဘောတူညီချက် ရရှိခဲ့သည်ဟု သိရသည်။

    အဆိုပါသဘောတူညီချက်မှာ ‘အိုဇုန်းလွှာကို ပျက်စီးစေသည့် အရာဝတ္ထုများဆိုင်ရာ မွန်ထရီယယ်သဘောတူညီမှုအဖွဲ့’ က ရ၀မ်ဒါနိုင်ငံမြို့တော် ကီဂါလီတွင် ယမန်နေ့ကပြုလုပ်သော ၂၈ ကြိမ်မြောက် အစည်းအဝေးတွင် ရရှိခဲ့ခြင်းဖြစ်သည်။

    သိပ္ပံပညာရှင်များက ကလိုရိုဖလူအိုရိုကာဘွန် (CFCs) ဓာတ်ငွေ့နှင့် အလားတူဓာတ်ငွေ့များသည် စထရက်တိုစဖီးယားဟုခေါ်သည့် လေထုအလွှာရှိ အိုဇုန်းလွှာကို ဖျက်စီးစေကြောင်း တွေ့ရှိပြီးနောက် ၁၉၈၇ ခုနှစ်တွင် မွန်ထရီယယ်သဘောတူညီချက်ကို ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။

    ကီဂါလီတွေ့ဆုံပွဲ၏ ရည်ရွယ်ချက်မှာ စက်ရုံထွက် ဟိုက်ဒရိုဖလူအိုရိုကာဘွန် (HFCs) များ၊ ကမ္ဘာကြီးပူနွေးမှု မြင့်မားစေသည့် စက်မှုလုပ်ငန်းထွက် ဓာတ်ငွေ့များဆိုင်ရာ သဘောတူစာချုပ်ကို ပြင်ဆင်ဖြည့်စွက်ရန် ဖြစ်သည်။

    ယမန်နေ့က ရရှိခဲ့သည့် သဘောတူညီချက်အရ ဥရောပနိုင်ငံအများစုနှင့် အမေရိကန်တို့အပါအ၀င် ဖွံ့ဖြိုးပြီးနိုင်ငံများမှာ ၎င်းတို့၏ HFCs များကို ၂၀၁၉ ခုနှစ်တွင် ၁၀ ရာခိုင်နှုန်းမှ ၂၀၃၆ ခုနှစတွင် ၈၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရန် ကတိပြုခဲ့ကြသည်။

    အခြားသော ဖွံ့ဖြိုးဆဲနိုင်ငံများကလည်း ထိုဓာတ်ငွေ့ထုတ်လွှတ်မှုကို ၂၀၂၄ သို့မဟုတ် ၂၀၂၈ ခုနှစ်တွင် ရပ်တန့်မည်ဖြစ်သည်။

    Ref : Presstv

  • ရုရှားနှင့် အိန္ဒိယတို့ ကာကွယ်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် လက်မှတ်ထိုး

    ရုရှားနှင့် အိန္ဒိယတို့ ကာကွယ်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရန် လက်မှတ်ထိုး

    အောက်တိုဘာ ၁၆၊ ၂၀၁၆
    M-Media

    modi

    – အိန္ဒိယနှင့် ရုရှားတို့သည် ကာကွယ်ရေးနှင့် စွမ်းအင်ကဏ္ဍများတွင် သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြကာ ထိုဆောင်ရွက်မှုမှာ ကမ္ဘာ့မဟာမိတ်နိုင်ငံများဖြစ်မှုကို ပြန်လည်ပုံဖော်၍ အာဖဂန်နှင့် အရှေ့အလယ်ပိုင်းရှိ ၎င်းတို့၏ အရေးပါမှုကို သက်ရောက်စနိုင်သည့် ပူးပေါင်းဆာင်ရွက်ရေး ခေတ်သစ်ကို ဖော်ဆောင်လိုက်ခြင်းလည်း ဖြစ်သည်။

    စာချုပ်များ လက်မှတ်ရေးထိုးပွဲကို အိန္ဒိယနိုင်ငံ ဂိုအာမြို့တွင် ယမန်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အိန္ဒိယ၀န်ကြီးချုပ် နာရန်ဒရာ မိုဒီနှင့် ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်တို့ တက်ရောက်ခဲ့သည်။

    သဘောတူညီချက်များထဲ အကြီးဆုံးမှာ ရုရှားနိုင်ငံပိုင်ရေနံလုပ်ငန်း Rosneft က အိန္ဒိယ၏ Essar ရေနံကုမ္ပဏီနှင့် အခြားလုပ်ငန်းစုများနှင့် လက်မှတ်ရေးထိုးမှုဖြစ်သည်။ အဆိုပါ ဒေါ်လာ ၁၂.၉ ဘီလီယံ သဘောတူညီချက်အရ Rosneft ကုမ္ပဏီသည် Essar နှင့် ၎င်းပိုင်ဆိုင်သည့် ဆိပ်ကမ်းလုပ်ငန်းများတွင် ရှယ်ယာများ ၀ယ်ယူသွားမည်ဖြစ်သည်။

    အခြား ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်တစ်ခုမှာ နျူကလီးယားနယ်ပယ်တွင် ဖြစ်ပြီး လက်ရှိတွင် ရုရှားမှာ တမီလ်နန်ဒူးပြည်နယ်ရှိ နျူဓာတ်အားပေးစက်ရုံတွင် တတိယနှင့် စတုတ္ထမြောက် နျူဓာတ်ပေါင်းဖိုများ စတင် ဆောက်လုပ်နေပြီဖြစ်သည်။ ထို့ပြင် နိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် လာမည့် နှစ် ၂၀ အတွင်း အိန္ဒိယ၌ နျူဓာတ်ပေါင်းဖို တစ်ဒါဇင်ခန့် ဆောက်လုပ်သွားရန်လည်း ၎င်းတို့နှစ်နိုင်ငံက သဘောတူခဲ့သည်။

    ထို့ပြင် နှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက်များလည်း ရရှိခဲ့ပြီး ပူတင်နှင့် မိုဒီ ၂ ဦးစလုံးကမူ အဆိုပါ သဘောတူညီချက်များက နိုင်ငံတကာအရေးကိစ္စများတွင် မိမိတို့နှစ်နိုင်ငံ၏ သဘောထားတူညီမှုကို ရောင်ပြန်ဟပ်စေသည်ဟု ပြောကြားခဲ့သည်။

    Ref : Presstv