News @ M-Media

Author: Ko Lay

  • လေယာဉ်ပေါ်တွင် Galaxy Note 7 အသုံးပြုခြင်းကို အမေရိကန် ပိတ်ပင်

    လေယာဉ်ပေါ်တွင် Galaxy Note 7 အသုံးပြုခြင်းကို အမေရိကန် ပိတ်ပင်

    အောက်တိုဘာ ၁၅၊ ၂၀၁၆
    M-Media

    galaxy

    – ပေါက်ကွဲမှုကြောင့် လူများ ထိခိုက်ဒဏ်ရာရခြင်း၊ အပူလွန်ကဲခြင်း စသည့် ဖြစ်ရပ်ပေါင်း ၁၀၀ ကျော် ဖြစ်ပွားခဲ့သည့် ဆမ်ဆောင်း၏ Galaxy Note 7 အသုံးပြုခြင်းကို အမေရိကန်လေကြောင်းလိုင်းအားလုံးတွင် ပိတ်ပင်သွားမည်ဟု အမေရိကန် သယ်ယူပို့ဆောင်ရေးဌာနက ယမန်နေ့တွင် ကြေငြာခဲ့သည်။

    ယခင်က အမေရိကန် အရပ်ဖက် လေကြောင်းအုပ်ချုပ်ရေးဌာနမှာ ခရီးသွားများအနေဖြင့် အဆိုပါဖုန်းကို လေယာဉ်ပေါ်တွင် အသုံးမပြုဘဲ ခရီးဆောင်အိတ်တွင်သာ သိမ်းဆည်းထားရန် သို့မဟုတ် လေကြောင်းခရီးစဉ်အတွင်း အားသွင်းခြင်းမပြုရန် ညွှန်ကြားထားသည်။ ယခုပိတ်ပင်မှုမှာ စနေနေ့ နေ့လည်ပိုင်းမှစ၍ အသက်ဝင်မည်ဟု ပို့ဆောင်ရေးဝန်ကြီး အန်သိုနီ ဖောက်စ်က ပြောကြားခဲ့သည်။

    “လေကြောင်းလိုင်းတွေအားလုံးမှာ ဒီလိုပိတ်ပင်မှုဟာ အချို့သော ခရီးသည်တွေကို စိတ်အနှောက်အယှက်ဖြစ်စေမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် လေယာဉ်ပေါ်လိုက်ပါလာသူအားလုံးရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးကို အဓိကဦးစားပေး ဆောင်ရွက်ရမှာပါ။ ကျွန်တော်တို့ ဒီလို ထပ်တိုး တင်းကြပ်ရတာက လေယာဉ်အတွင်းမှာ ဖုန်းမီးထလောင်ရင် တစ်ဦးချင်း ကြီးမားတဲ့ အန္တရာယ်တွေ ရှိသလို၊ လူ့အသက်ပေါင်းများစွာကိုလည်း အန္တရာယ်ရှိစေနိုင်တာကြောင့်ပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

    ဆမ်ဆောင်းကလည်း မိမိတို့အနေဖြင့် ခရီးသွားများအပေါ် ထိုကဲ့သို့ ပိတပင်မှုအတွက် ဆက်သွယ်ဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။ ပထမဆုံး ထုတ်လုပ်ခဲ့သည့် Galaxy Note 7 တွင် အပူလွန်ကဲခြင်း၊ ဖောက်ကွဲခြင်း စသည့် ပြဿနာများရှိခြင်းကြောင့် ပြန်သိမ်းကာ အသစ်နှင့် အစားထိုးပေးခဲ့သော်လည်း ထိုအစားထိုးပေးသည့် ဖုန်းများတွင်ပါ အပူလွန်ကဲခြင်းကို ထပ်မံတွေ့ရှိခဲ့ရသောကြောင့် ဆမ်ဆောင်းက အဆိုပါဖုန်း ထုတ်လုပ်မှုကို ရပ်တန့်လိုက်ပြီဟု တနင်္လာနေ့တွင် ကြေငြာခဲ့သည်။

    Ref: USA Today

  • ထရမ့်၏ မွတ်စလင်ဆန့်ကျင်ရေးပေါ်လစီက နိုင်ငံအတွက် ဒေါ်လာ ဘီလီယံပေါင်းများစွာ နစ်နာနိုင်

    ထရမ့်၏ မွတ်စလင်ဆန့်ကျင်ရေးပေါ်လစီက နိုင်ငံအတွက် ဒေါ်လာ ဘီလီယံပေါင်းများစွာ နစ်နာနိုင်

    အောက်တိုဘာ ၁၅၊ ၂၀၁၆
    M-Media

    trump-2

    – အမေရိကန်ပြည်ထောင်စုသို့ မွတ်စလင်များဝင်ရောက်မှုကို ပိတ်ပင်သည့် ထရမ့်၏ ပေါ်လစီကို အကောင်အထည်ဖော်ပါက နိုင်ငံအတွက် ဒေါ်လာ ဘီလီယံပေါင်းများစွာ နစ်နာနိုင်သည်ဟု လေ့လာမှုသစ်တစ်ခုအရ သိရသည်။

    အဆိုပါလေ့လာမှုကို နိုင်ငံခြား ဆက်ဆံရေးကောင်စီမှ ပညာရှင်များက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မွတ်စလင်များကို အမေရိကန်အတွင်း ၀င်ရောက်ရန် ပိတ်ပင်ပါက ခရီးသွားကဏ္ဍနှင့် ပညာရေးကဏ္ဍတို့တွင် နှစ်စဉ် ကန်ဒေါ်လာ ၇၁ ဘီလီယံ ဆုံးရှုံးနိုင်သည်ကို တွေ့ရှိခဲ့သည်။

    ထိုပြင် ထိုပိတ်ပင်မှုက ခရီးသွားလာရေးလုပ်ငန်းများကို မှီခိုနေရသည့် လူ့အဖွဲ့အစည်းများ၊ ၀န်ဆောင်မှုများကိုလည်း ထိခိုက်မည်ဖြစ်ပြီး အလုပ်အကိုင်ပေါင်း ၅၀၀၀၀ မှ ၁၃၅၀၀၀ အထိ ဆုံးရှုံးနိုင်သည်ဟုလည်း ဆိုသည်။

    အမေရိကန် တက္ကသိုလ်နှင့် ကောလိပ်များမှ နိုင်ငံတကာ မွတ်စလင်ကျောင်းသားများ နှုတ်ထွက်သွားပါကလည်း ကန်ဒေါ်လာ ၄.၆ ဘီလီယံ နစ်နာနိုင်မည်ဖြစ်ပြီး အမေရိကန်၏ ပညာရေးစနစ်တွင် နိုင်ငံခြားကျောင်းသားများ၏ သုံးစွဲမှု ၁၅ ရာခိုင်နှုန်း ဖြစ်သည်။

    ထို့ပြင် တစ်နှစ်လျှင် မွတ်စလင်ခရီးသွား ၄.၅ သန်းမှ ၉.၃ သန်းအထိ ဆုံးရှုံးမည်ဟု လေ့လာသူများက ပြောကြားခဲ့သည်။

    အကြမ်းဖက်မှုများကို တားဆီးရန်အတွက် ထရမ့်က နိုင်ငံရပ်ခြားမှ မွတ်စလင်များ အမေရိကန်နိုင်ငံအတွင်းသို့ ၀င်ရောက်မှုကို လုံးဝ ပိတ်ပင်ရမည်ဟု ပြောကြားထားသော်လည်း အသေးစိတ်လုပ်ငန်းစဉ်ကို ထုတ်ဖော်ခြင်း မရှိသေးပေ။

    “ခရီးသွားလုပ်ငန်းဝင်ငွေမှာ လျော့ကျမှုဟာ ဒေသတွင်းလူ့အဖွဲ့အစည်း အထူးသဖြင့် ခရီးသွားလုပ်ငန်းက စီးပွားရေးအတွက် အရေးပါတဲ့ အစိတ်အပိုင်းဖြစ်နေတဲ့ နေရာတွေမှာ သိသိသာသာ ထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။ ထောက်ပံ့ရေး ကွင်းဆက်တွေလည်း ထိခိုက်ပြီး သုံးစွဲမှုတွေ လျော့ကျမယ်။ ဒေသတွင်းအစိုးရတွေရဲ့ ၀င်ငွေတွေလျော့ကျပြီး စီးပွားရေးမှာ၊ အစိုးရက ၀န်ဆောင်မှုပေးတဲ့နေရာတွေမှာ ရေရှည် ဆိုးကျိုးသက်ရောက်မှုတွေ ရှိလာမှာ ဖြစ်ပါတယ်” ဟု လေ့လာမှုခေါင်းဆောင် အဒ်ဝပ် အလ်ဒင်က ပြောကြားခဲ့သည်။

    Ref : The Hill

  • ဘင်္ဂလားဒေ့ရှ်မှ သမိုင်းဝင်ဗလီ၏ ဗိသုကာပညာရှင်နှင့် တွေ့ဆုံခြင်း

    ဘင်္ဂလားဒေ့ရှ်မှ သမိုင်းဝင်ဗလီ၏ ဗိသုကာပညာရှင်နှင့် တွေ့ဆုံခြင်း

    အောက်တိုဘာ ၁၄၊ ၂၀၁၆
    M-Media

    marina-2
    ဗိသုကာပညာရှင် မာရီနာ တာဘက်ဆမ်

    – ဘင်္ဂလားဒေ့ရှ်က အမျိုးသမီးဗိသုကာတစ်ယောက်ဖြစ်တဲ့ မာရီနာ တာဘက်ဆမ်ဟာ မြို့တော်ဒါကာမှာ နိုင်ငံရဲ့ ပထမဆုံး ဘာဝပတ်ဝန်းကျင်နဲ့ကိုက်ညီတဲ့ ဗလီဝတ်ကျောင်းတော် ဘိုက်သွလ် ရုပ်ဖ် (Bait ur Rouf) ကို ဒီဇိုင်းထုတ် ဆောက်လုပ်ပေးခဲ့ပါတယ်။

    သူ့ရဲ့အားထုတ်ကြိုးပမ်းမှုကြောင့် ဗိသုကာပညာရှင်တွေကို ချီးမြှင့်တဲ့ နိုင်ငံတကာ ဆုတစ်ခုဖြစ်တဲ့ Aga Khan ဆုကိုလည်း ဆွတ်ခူးရရှိခဲ့ပါတယ်။

    သူ့ရဲ့ ဒီသမိုင်းဝင် ကြိုးပမ်းမှုအတွင်းမှာ ဘယ်လို အခက်အခဲတွေ ရင်ဆိုင်ခဲ့ရသလဲ၊ ဘယ်လို ကျော်ဖြတ်ခဲ့သလဲ၊ ဘယ်လိုအားပေးထောက်ခံမှုတွေ ရခဲ့သလဲ ဆိုတာတွေနဲ့ပတ်သက်ပြီး ပြင်သစ်သတင်းဌာနတစ်ခုဖြစ်တဲ့ DW နဲ့ တွေ့ဆုံမေးမြန်းမှုကို M-Media ပရိတ်သတ်ကြီးအတွက် ဖော်ပြလိုက်ပါတယ်။

    DW – ဘင်္ဂလားဒေ့ရှ်ရဲ့မြို့တော်မှာ သဘာဝတ်ပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ ဗလီဝတ်ကျောင်းတော်တစ်လုံးကို ဒီဇိုင်းထုတ် ဆောက်လုပ်မှုအတွက် ဗိသုကာပညာရပ်နဲ့ပတ်သက်ပြီး ဂုဏ်သိက္ခာရှိတဲ့ Aga Khan ဆုကို ရှင့်အနေနဲ့ ရရှိခဲ့တယ်။ အဲဒီဗလီဝတ်ကျောင်းတော်မှာ ဘယ်လို ထူးခြားချက်တွေ ရှိပါသလဲ။

    မာရီနာ တာဘက်ဆမ် – ၀တ်ပြုဆုတောင်းဖို့ အရေးပါတဲ့အရာလို့ ကျွန်မယုံကြည်တဲ့ နာမ်ပိုင်းဆိုင်ရာကို အထူး အာရုံစိုက်ခဲ့ပါတယ်။ Bait ur Rouf ဗလီဝတ်ကျောင်းတော်ကို စုစည်းမှု၊ နာပိုင်းဆိုင်ရာ စိတ်ခွန်အားတွေ ၀င်စားစေမယ့် သဘာဝအလင်းရောင်နဲ့ လေကောင်းလေသန့်တွေ ၀တ်ပြုခန်းမထဲ တိုက်ရိုက်ရောက်ရှိအောင် ဒီဇိုင်းဆွဲထားတာပါ။ တစ်ချိန်တည်းမှာပဲ လူလုပ် သက်တောင့်သက်သာဖြစ်စေတဲ့ နည်းလမ်းတွေကိုလည်း လျော့ချထားပါတယ်။

    DW – အမျိုသမီးတွေ ဗလီဝတ်ကျောင်းတော်ထဲ သိပ်ပြီး ၀င်ခွင့်မရတဲ့တိုင်းပြည်မှာ ရှင်ဟာ ဗလီဝတ်ကျောင်းတော်တစ်လုံးကို ဖြစ်အောင် ဆောက်ပေးခဲ့တယ်။ ဘယ်လို စိန်ခေါ်မှုတွေ ရင်ဆိုင်ခဲ့ရပါသလဲ။




    မာရီနာ တာဘက်ဆမ် – ဘာပြဿနာမှ မရှိခဲ့ပါဘူး။ ဘင်္ဂလားဒေ့ရှ်မှာ ဗလီဝတ်ကျောင်းတော်တွေကို ပရော်ဖက်ရှင်နယ် ဗိသုကာပညာရှင်တွေက ဒီဇိုင်းထုတ်ပေးတယ်ဆိုတာ မရှိသလောက် ရှားပါတယ်။ ဒါ့ကြောင့် လူတွေက တကယ့် ဗိသုကာပညာရှင်တစ်ယောက် ဒီဇိုင်ဆွဲပေးတဲ့ ဗလီဝတ်ကျောင်းတော်ကို မြင်ရဖို့ စိတ်အားထက်သန်ခဲ့ကြပါတယ်။ နောက်ပြီး ဒီဗလီဝတ်ကျောင်းတော်တည်ဆောက်ဖို့ ရန်ပုံငွေကိုလည်း ကျွန်မပဲ ရှာပေးခဲ့တာပါ။ ဒါ့ကြောင့် ပြည်သူတွေက အတိုင်းအထက်အလွန်ပေါ့ရှင်။

    DW – ဗလီဝတ်ကျောင်းတော်ဆိုတာ ပုံမှန်အားဖြင့် မင်နာရတ် (၀တ်ပြုရန်နှိုးဆော်သည့်မျှော်စင်)၊ အမိုးခုံး၊ တရားဟောစင်မြင့်တွေ ပါလေ့ရှိပါတယ်။ ဒါပေမယ့် ရှင်ဆောက်တဲ့ ဗလီမှာတော့ ဒါမျိုးတွေ မပါဘူး။ ဒီလို ဆန်းသစ်တဲ့ ဒီဇိုင်းအတွက် ၀တ်ပြုသူတွေဘက်က ဘယ်လို တုန့်ပြန်မှုတွေ ရှိခဲ့ပါသလဲ။

    မာရီနာ တာဘက်ဆမ် – သမိုင်းကိုပြန်ကြည့်ရင် အမိုးခုံးဆိုတာ ၀တ်ပြုရာနေရာ အကျယ်ကြီးကို ဖုံးအုပ်ဖို့ အသုံးပြုလေ့ရှိတယ်။ အဲဒီအချိန်တုန်းက ဒီနည်းပညာတစ်ခုတည်း ရှိတာကိုး။ အခုအချိန်မှာတော့ အခြား ဆောက်လုပ်ရေးနည်းလမ်းတွေ ရှိလာပါပြီ။ အော်တိုမန်လက်ထက်က အမိုးခုံးတွေက ပေါ်ပျူလာ ဖြစ်ခဲ့ပါတယ်။ ဒီ ဒီဇိုင်းတွေက အစ္စလာမ်ရဲ့ နာမ်ပိုင်းဆိုင်ရာ အနှစ်သာရကနေ ကျွန်မတို့ကို လမ်းကြောင်းလွဲသွားစေတယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ဒါ့ကြောင့် ကျွန်မရဲ့ ဒီဇိုင်းမှာ ဒါတွေကို မထည့်ဘဲ အစ္စလာမ်ရဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ၊ နာမ်ပိုင်းဆိုင်ရာ ရှုထောင့်တွေကိုပဲ အာရုံစိုက်ခဲ့တာပါ။

    ဗလီဝတ်ကျောင်းတော်တွေဟာ လူ့အဖွဲ့အစည်းတွေ အပြန်အလှန် ကူးလူးဆက်ဆံမှုအတွက် အသုံးပြုရာနေရာ ဖြစ်တယ်ဆိုတာကိုလည်း ကျွန်မတို့ မေ့ထားလို့ မရပါဘူး။ ဒါ့ကြောင့် ပြည်သူလူထုအနေနဲ့ လွတ်လွတ်လပ်လပ် ကူးလူးဆက်သွယ်နိုင်တဲ့ နေရာတစ်ခုဖြစ် ကျွန်မ ဖန်တီးပေးချင်ခဲ့တာ ဖြစ်ပါတယ်။

    DW – ဘယ်အရာက Bait ur Rouf ဗလီဝတ်ကျောင်းတော်ကို သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီစေတာလဲ။

    မာရီနာ တာဘက်ဆမ် – ကျွန်မတို့ ဒီဗလီဝတ်ကျောင်းတော်ကို တည်ဆောက်ဖို့အတွက် ဒေသတွင်းက ပစ္စည်းတွေနဲ့ ဆောက်လုပ်ရေးနည်းလမ်းတွေကို အသုံးပြုခဲ့ပါတယ်။ အလင်းနဲ့ လေကို ၀တ်ပြုခန်းမထဲ တိုက်ရိုက်ဝင်ရောက်စေခြင်းအားဖြင့် လျှပ်စစ်သုံးစွဲမှုကို လျှော့ချခဲ့တယ်။ ဗလီဝတ်ကျောင်းတော်ကို ထိန်းသိန်းစားရိတ်ဟာ တစ်လကို ဒေါ်လာ ၅၀ ထက် မပိုပါဘူး။ ဒါ့ကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိဘဲ၊ ဒီဗလီဝတ်ကျောင်းတော်ကို အသုံးပြုတဲ့ လူ့အဖွဲ့အစည်းကလည်း ငွေကြေးတွေ အများကြီး ကုန်ကျမှာ မဟုတ်တော့ပါဘူး။

    Ref: DW

    bm-3
    Bait ur Rouf ဗလီဝတ်ကျောင်းတော်
    mosque-1
    Bait ur Rouf ဗလီဝတ်ကျောင်းတော်
  • မိမိသာလျှင် ကမ္ဘာ့အကောင်းဆုံးဟု ရော်နယ်ဒိုပြော

    မိမိသာလျှင် ကမ္ဘာ့အကောင်းဆုံးဟု ရော်နယ်ဒိုပြော

    အောက်တိုဘာ ၁၄၊ ၂၀၁၆
    M-Media

    ronaldo

    – မိမိမှာ ကမ္ဘာ့အကာင်းဆုံး ဘောလုံးသမားဖြစ်ပြီး ယခုဘောလုံးရာသီ မိမိ၏ ရည်ရွယ်ချက်မှာ ခြေစွမ်း ဆက်လက်တိုးတက်ရန်ဖြစ်သည်ဟု ရီးယဲလ်တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုက ပြောကြားလိုက်သည်။

    ရီးယဲလ်၊ ပေါ်တူဂီတို့နှင့် ချန်ပီယံလိဂ်ဖလား၊ ယူရို ၂၀၁၆ တို့ကို ဆွတ်ခူးရရှိခဲ့သည့် ရော်နယ်ဒိုမှာ ယခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆု Ballon d’Or ကို ရရှိရန် ရေပန်းစားနေသည်။

    “ကျွန်တော့်စိတ်ထဲမှာတော့ ကျွန်တော်ဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားပါပဲ။ အတောင့်တင်းဆုံးဖြစ်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့အတူ နေ့စဉ်နေ့တိုင်း ပြင်းပြင်းထန်ထန် ကျွန်တော် ကြိုးစားပါတယ်။ ပြီးရင်တော့ ကျန်တဲ့လူတွေ သူ့ဟာသူ ဆုံးဖြတ်ကြပါစေ။ ကျွန်တော် အမြဲတမ်း တိုးတက်ချင်ပါတယ်။ ကိုယ့်ကိုယ်လည်း အရမ်းလှုံ့ဆော်ပေးတယ်။ ဒါက ကွင်းအတွင်း ကျွန်တော့်အောင်မြင်မှုရဲ့ အဓိကသော့ချက်လို့ ကျွန်တော်ထင်ပါတယ်” ဟု ရော်နယ်ဒိုက ပြောကြားခဲ့သည်။

    ယူရို ၂၀၁၆ ဖိုင်နယ်တွင် ရရှိခဲ့သည့် ဒဏ်ရာကြောင့် အသက် ၃၁ နှစ်အရွယ်ရှိ ရော်နယ်ဒိုမှာ ယခုနှစ် ဘောလုံးရာသီအစတွင် ရုန်းကန်ရမှုများ ရှိခဲ့သော်လည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပေါ်တူဂီအသင်းနှင့် ၂ ပွဲကစားပြီး ၅ ဂိုး သွင်းယူနိုင်မှုက မိမိအနေဖြင့် တိုးတက်မှုကို ခံစားရစေသည်ဟု ၎င်းက ဆိုသည်။

    “(ယူရို ၂၀၁၆ ဖိုင်နယ်မှာ) ကျွန်တော်ဟာ ဆိုးရွားတဲ့ ဒဏ်ရာကို ခံစားခဲ့ရပြီး ၂ လခွဲလောက် ဘောလုံးလောကနဲ့ ကင်းကွာခဲ့ပါတယ်။ အခုတော့ ကျွန်တော် အဆင်ပြေပြီလို့ ခံစားရပါတယ်”

    Ref: Goal

  • ဂျေရုစလင်ရှိ မြင့်မြတ်ရာနေရာမှာ ပါလက်စတိုင်းနှင့်သာ သက်ဆိုင်သည်ဟု ကုလ ထပ်လောင်းအတည်ပြု

    ဂျေရုစလင်ရှိ မြင့်မြတ်ရာနေရာမှာ ပါလက်စတိုင်းနှင့်သာ သက်ဆိုင်သည်ဟု ကုလ ထပ်လောင်းအတည်ပြု

    အောက်တိုဘာ ၁၄၊ ၂၀၁၆
    M-Media

    jeruslam

    – ပါလက်စတိုင်းပိုင် ဂျေရုစလင်ရှိ အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်မှ မြင့်မြတ်ရာ နေရာများမှာ ပါလက်စတိုင်းနှင့်သာ သက်ဆိုင်ပြီး ထိုနေရာအား အစ္စရေးက ကျူးကျော်၊ ချယ်လှယ်နေမှုကို ရှုတ်ချသည့် ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂက ထပ်မံ သက်တမ်းတိုးလိုက်သည်ဟု သိရသည်။

    အဆိုပါ မြင့်မြတ်ရာနေရာကို ဂျူးများက Temple Mount နှင့် Western Wall ဟု ခေါ်ဆိုကြပြီး မွတ်စလင်များက အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော် သို့မဟုတ် ဟရမ် အလ်-ရရှရစ်ဖ်ဟု ခေါ်ဆိုကြသည်။ ခရစ်ယာန်ဘာသာဝင်များအတွက်လည်း ထိုနေရာမှာ အထွဋ်အမြတ်ထားရာ နေရာဖြစ်သည်။

    ဆုံးဖြတ်ချက်၏ ပြင်ဆင်ချက်ကို အောက်တိုဘာ ၁၂ ရက်နေ့က ယူနက်စကို၏ ၀ဘ်ဆိုက်တွင် လွှင့်တင်ထားခြင်းဖြစ်ပြီး အလ်-အက်ဆွာဗလီဝတ်ကျောင်းတော်ရှိ မြင့်မြတ်ရာနေရာကို မွတ်စလင်အသုံးအနှုန်းဖြင့်သာ ဖော်ပြခဲ့သည်။

    ထို့ပြင် ဆုံးဖြတ်ချက်၌ အစ္စရေးအနေဖြင့် မွတ်စလင်များအား အဆိုပါ မြင့်မြတ်ရာနေရာသို့ ၀င်ရောက်ခွင့် ကန့်သတ်ခြင်း၊ အစ္စရေး ရဲတပ်ဖွဲ့နှင့် စစ်သားများက ရန်စတိုက်ခိုက်ခြင်းများကိုလည်း ရှုတ်ချထားသည်။

    “ဒါက အစ္စရေးအနေနဲ့ ကျူးကျော်သိမ်းပိုက်နေတာကို ရပ်တန့်ပြီး မွတ်စလင်တွေနဲ့ ခရစ်ယာန်တွေရဲ့ အထွဋ်အမြတ်ထားရာ ဂျေရုစလင်ကို မြို့တော်အဖြစ်သတ်မှတ်တဲ့ ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုရမယ်ဆိုတဲ့ အရေးပါတဲ့ သတင်းစကားပါပဲ” ဟု ပါလက်စတိုင်းသမ္မတ မဟ်မူးဒ် အဘတ်စ်၏ ပြောရေးဆိုခွင့်ရှိသူ နဘီလ် အဘူ ရဒ်အိုင်နာက ပြောကြားခဲ့သည်။

    အဆိုပါဆုံးဖြတ်ချက်ကို သက်တမ်းတိုးရန်အတွက် ယမန်နေ့က ယူနက်စကိုတွင် မဲခွဲခဲ့ခြင်းဖြစ်ပြီး ထောက်ခံမဲ ၂၄ မဲ၊ ကန့်ကွက်မဲ ၂ မဲဖြင့် အတည်ပြုခဲ့ခြင်းဖြစ်သည်။

    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကမူ ယူနက်စကို၏ အဆိုပါ ဆုံးဖြတ်ချက်ကို ရှုတ်ချခဲ့ပြီး မြင့်မြတ်ရာနေရာများနှင့် ဂျူးလူမျိုးတို့၏ ဆက်စပ်မှုသမိုင်းကို ငြင်းပယ်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “Temple Mount နဲ့ Western Wall ဟာ အစ္စရေးနဲ့ သက်ဆိုင်မှုမရှိဘူးလို့ ကြေငြာလိုက်တာဟာ တရုတ်နိုင်ငံက မဟာတံတိုင်းကြီးနဲ့ ဆက်စပ်မှုမရှိဘူး၊ အီဂျစ်ကလည်း ပိရမစ်တွေနဲ့ ဆက်စက်မှုမရှိဘူးလို့ ကြေငြာလိုက်သလို ဖြစ်နေပါတယ်”

    အစ္စရေးမှာ ထိုမြင့်မြတ်ရာနေရာရှိသည့် ဂျေရုစလင်ကို ကျူးကျော်သိမ်းပိုက်ထားပြီး မြင့်မြတ်ရာနေရာအတွင်း ၀တ်ပြုဆုတောင်းကြသည့် ပါလက်စတိုင်းပြည်သူများကိုလည်း အကြမ်းဖက်ဖြိုးခွင်းမှုများ ပြုလုပ်သောကြောင့် ထိုဒေသတွင် တင်းမာမှုများ ရှိနေသည်။

    Ref : cbc.ca