News @ M-Media

Author: Ko Lay

  • ဘီဘီစီ၏ အစီအစဉ် တင်ဆက်သူ ဖြစ်လာတော့မည့် ဗြိတိန် မွတ်စလင် အမျိုးသမီး နာဒီယာ ဟူစိန်

    ဘီဘီစီ၏ အစီအစဉ် တင်ဆက်သူ ဖြစ်လာတော့မည့် ဗြိတိန် မွတ်စလင် အမျိုးသမီး နာဒီယာ ဟူစိန်

    အောက်တိုဘာ ၁၅၊ ၂၀၁၆
    M-Media

    nida

    – ဗြိတိန်၏ နာမည်ကျော် မုန့်ဖုတ်ပြိုင်ပွဲဖြစ်သော Great British Bake Off တွင် အနိုင်ရရှိခဲ့သည့် မွတ်စလင်အမျိုးသမီး နာဒီယာ ဟူစိန်မှာ ဘီဘီစီသတင်းဌာနနှင့် အစီအစဉ်သစ်တစ်ခု တင်ဆက်ရန်အတွက် စာချုပ် ချုပ်ဆိုလိုက်သည်ဟု သိရသည်။

    နာဒီယာမှာ ပြီးခဲ့သည့်နှစ်ပြိုင်ပွဲတွင် အနိုင်ရရှိခဲ့ခြင်းဖြစ်ပြီး ထိုမုန့်ဖုတ်ပြိုင်ပွဲကို BBC One မှ Channel 4 သို့ ပြောင်းလဲတင်ဆက်ရာတွင် သူမ ပါဝင်မည်ဟု ကောလာဟာလများ ထွက်ပေါ်လာပြီးနောက် ဘီဘီစီနှင့် ယခုကဲ့သို့ ပူးပေါင်းခဲ့ခြင်းဖြစ်သည်။

    သူမကမူ မိမိအနေဖြင့် The One Show အတွက် ဆက်လက်ရိုက်ကူးသွားမည်ဖြစ်ပြီး မိမိတွင်ရှိနေသည့် အိုက်ဒီယာအသစ်များကိုလည်း ဖော်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

    ဘီဘီစီကမူ နာဒီယာပါဝင်မည့် အစီအစဉ်အသစ်များနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို မကြာမီ ထုတ်ပြန်သွားမည်ဟု ပြောကြားခဲ့သည်။ ဘီဘီစီမှာ Bake Off အစီအစဉ်နှင့်အပြိုင် နောက်ထပ် မုန့်ဖုတ်ပြိုင်ပွဲ တစ်ခုကို ထုတ်လွှင့်ရန် စီစဉ်နေသည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

    နာဒီယာဟူစိန်ပါဝင်သည့် Chronicles of Nadiya အစီအစဉ်ကို BBC One မှ စက်တင်ဘာလတွင် ထုတ်လွှင့်ခဲ့ပြီး သြဂုတ်လအတွင်းကလည်း CBBC တွင်ပြုလုပ်သည့် Bake Off အငယ်တန်းပြိုင်ပွဲတွင် ဒိုင်လုပ်ရန် တာဝန်ပေးခံခဲ့ရသည်။

    ၂၀၁၅ ခုနှစ် Bake Off ပြိုင်ပွဲတွင် နာဒီယာ ဆုရမှုကို ကမ္ဘာတစ်ဝှမ်းရှိ ပရိတ်သတ် ၁၅ သန်းကျော်က ကြည့်ရှုခဲ့ကြသည်။

    Ref: BBC

  • ရွှေ့ပြောင်းအခြေချသူများ နေထိုင်သည့် အိမ်ယာအား ဗုံးခွဲရန်ကြံစည်သူကို ကန် တရားစွဲ

    ရွှေ့ပြောင်းအခြေချသူများ နေထိုင်သည့် အိမ်ယာအား ဗုံးခွဲရန်ကြံစည်သူကို ကန် တရားစွဲ

    အောက်တိုဘာ ၁၅၊ ၂၀၁၆
    M-Media

    kansas

    – အမေရိကန်ပြည်ထောင်စု ကန်းဆက်ပြည်နယ်ရှိ ဆိုမာလီမွတ်စလင် ရွှေ့ပြောင်းအခြေချသူများနေထိုင်သည့် လူနေအိမ်ယာကို ဗုံးခွဲရန် ကြံစည်ခဲ့သူ ၃ ဦးကို အမေရိကန်အစိုးရ အာဏာပိုင်များက ယမန်နေ့တွင် တရားစွဲဆိုလိုက်သည်ဟု သိရသည်။

    အဆိုပါ လူ ၃ ဦးမှာ ပစ်မှတ်အား စောင့်ကြည့်မှုပြုလုပ်ကာ လက်နက်နှင့် ပေါက်ကွဲစေတတ်သော ပစ္စည်းများ စုဆောင်ထားရှိပြီး၊ မိမိတို့ စီစဉ်ထားသည့် တိုက်ခိုက်မှုမှာ ပြည်သူများကို နိုးထစေရန်ဖြစ်သည်ဆိုသည့် ကြေငြာစာတမ်းတစ်ခုကိုလည်း ပြင်ဆင်ထားဟု အမေရိကန်တရားရေးဌာနမှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    ၎င်းတို့ကို အစုလိုက်အပြုံလိုက် ပျက်ဆီးစေနိုင်သည့် လက်နက်ကို အသုံးပြုရန် ကြံစည်မှုဖြင့် တရားစွဲဆိုထားခြင်းဖြစ်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် တစ်သက်တစ်ကျွန်း ကျခံရမည်ဖြစ်သည်။

    “အမုန်းတရားနဲ့ အကြမ်းဖက်မှုရဲ့ ဖုံးကွယ်ထားတဲ့ဓလေ့ကို စုံစမ်းသူတွေက ထဲထဲဝင်ဝင် လေ့လာမှုနဲ့အတူ FBI က ၈ လတာ ကြာမြင့်ခဲ့တဲ့ စုံစမ်းစစ်ဆေးမှုကို အခြေခံပြီး ဒီ တရားစွဲဆိုမှုကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်” ဟု ကန်းဆက်ခရိုင်၏ ရှေ့နေချုပ် တွမ် ဘီအောလ်က ကြေငြာချက်တွင် ပြောကြားခဲ့သည်။

    အဆိုပါ ၃ ဦးတွင် ၁ ဦးကို ယခင်က ဖမ်းဆီးထားပြီး ၂ ဦးကိုမူ ယမန်နေ့က ဖမ်းဆီးခဲ့ကာ ၎င်းတို့အားလုံးမှာ ကန်းဆက်နယ်သားများဖြစ်သည်။ ၎င်းတို့မှာ မြို့ငယ်လေးတစ်ခုဖြစ်သော ဂါးဒန်းစီးတီးရှိ ဆိုမာလီ ရွှေ့ပြောင်းအခြေချသူများ နေထိုင်သည့် လူနေအိမ်ယာနှင့် ၎င်းတို့၏ ၀တ်ပြုဆောင်ကို ပစ်မှတ်ထား တိုက်ခိုက်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

    ၎င်းတို့၏ အစီအစဉ်တွင် ပေါက်ကွဲစေတတ်သည့်ပစ္စည်းများ အပြည့် တင်ဆောင်ထားသော ကား ၄ စီးကို ထိုအိမ်ယာ၏ ထောင့် ၄ ခုတွင် ရပ်ထားကာ ဖောက်ခွဲဖျက်ဆီးရန်ဖြစ်သည်။

    အာဏာပိုင်များကမူ ၎င်းတို့မှာ ‘ခရူဆိတ်ဒါ’ ဟု ခေါ်ဆိုသည့် ပြည်သူ့စစ်အဖွဲ့မှ အဖွဲ့ဝင်များဖြစ်သည်ဟု ပြောကြားခဲ့သ ည်။ ၎င်းတို့၏ အစီအစဉ်နှင့်ပတ်သက်၍ ကန်းဆက်လုံခြုံရေးတပ်ဖွဲ့ဟုခေါ်သည့် ပိုမိုအင်အားများသော ပြည်သူ့စစ်အဖွဲ့၏အစည်းအဝေးကို ပုံမှန်တက်ရောက်သည့် လျှို့ဝှက်ရင်းမြစ်တစ်ခု၏ အကူအညီဖြင့် အာဏာပိုင်များက ဖေဖော်ဝါရီလကတည်းက စုံစမ်းခဲ့ခြင်းဖြစ်သည်။

    Ref : Channelnewsasia

  • ယူအေအီးက ကမ္ဘာ့ပထမဆုံး ရှရီအသ်နည်းကျ ကုန်သွယ်ဘဏ်တစ်ခု တည်ထောင်မည်

    ယူအေအီးက ကမ္ဘာ့ပထမဆုံး ရှရီအသ်နည်းကျ ကုန်သွယ်ဘဏ်တစ်ခု တည်ထောင်မည်

    အောက်တိုဘာ ၁၅၊ ၂၀၁၆
    M-Media

    uae-3

    – အာရပ်စော်ဘွားများပြည်ထောင်စု (UAE) က အစ္စလာမ့်နည်းကျ စီးပွားရေးကဏ္ဍတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်နိုင်ရေး ရည်ရွယ်ချက်ကို အရှိန်မြှင့်တင်သည့်အနေဖြင့် ကမ္ဘာ့ ပထမဆုံး ရှရီအာနည်းကျ ကုန်သွယ်ရေးဘဏ်တစ်ခုကို တည်ထောင်မည်ဟု သိရသည်။

    Emirates Trade Bank ဟု ခေါ်တွင်မည့် အဆိုပါဘဏ်အတွက် လုပ်ပိုင်ခွင့် ရရှိရန် ဒူဘိုင်း အစ္စလာမ့်နည်းကျစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုစင်တာ (DIEDC)၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဌာနတို့မှာ လက်ရှိတွင် ယူအေအီး ဗဟိုဘဏ်နှင့် ဆွေးနွေးမှုများ ပြုလုပ်နေသည်။

    DIEDC မှ ထုတ်ပြန်သည့် ကြေညာချက်တွင် အဆိုပါ ကုန်သွယ်ရေးဘဏ်အသစ်မှာ နိုင်ငံတကာကုန်သွယ်ရေးနှင့် ကုန်စည်ဆိုင်ရာ ဘဏ္ဍာရေးလုပ်ငန်းများကို အထူးအလေးထား ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။

    “Emirates Trade Bank ဟာ ကမ္ဘာလုံးဆိုင်ရာ ရှရီအာနည်းကျ ပထမဦးဆုံး ကုသွယ်ရေးဘဏ်တစ်ခု ဖြစ်ပြီး UAE ရဲ့ အခြေခံအဆောက်အအုံနဲ့ ထောက်ပံ့ပို့ဆောင်ရေးစနစ်ကို အရှိန်မြင့်ဆောင်ရွက်ခြင်း၊ ရွေ့လျားဆောင်ရွက်ခြင်းတွေကနေတဆင့် ဘက်စုံစီးပွားရးနဲ့ နိုင်ငံတကာ ကုန်စည်ဆိုင်ရာ ဘဏ္ဍာရေးလုပ်ငန်းတွေကို အပြည့်အ၀ စီမံဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ပြီးတော့ ဒီဘဏ်ဟာ အစ္စလာမ့်ဘဏ္ဍာရေးကဏ္ဍမှာ ဒူဘိုင်းရဲ့ မဟာဗျူဟာကျတဲ့ ရည်ရွယ်ချက်ကို ဖြည့်ဆည်းပေးသွားမှာဖြစ်ပြီး ဒီပုံစံကနေ ယူအေအီးရဲ့ ကုန်သွယ်ရေးဆိုင်ရာ စီးဆင်းမှုကို ၂ ဆတိုးစေဖို့ ရင်းနှီးမြှုပ်နှံမှုတွေလည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

    ကမ္ဘာတစ်ဝှမ်းရှိ အစ္စလာမ့်နည်းကျ စီးပွားရေးလုပ်ငန်း၏ တန်ဖိုးမှာ ပြီးခဲ့သည့်နှစ်က ကန်ဒေါ်လာ ၁.၉ ထရီလီယံ ရှိလာပြီဟု Reuters သတင်းဌာန၏ စစ်တမ်းအရ သိရသည်။ ကမ္ဘာ့ ဟာလာလ်အစားအသောက် ဈေးကွက်တစ်ခုတည်းမှာပင် ၂၀၂၀ ခုနှစ်အရောက်၌ ကန်ဒေါ်လာ ၂ ထရီလီယံအထိ တိုးတက်လာမည်ဟု ခန့်မှန်းထားသည်။

    Ref : IINA

  • ကလ်ဆီယမ်ဓာတ် မှီဝဲခြင်းက နှလုံးကို ထိခိုက်စေနိုင်

    ကလ်ဆီယမ်ဓာတ် မှီဝဲခြင်းက နှလုံးကို ထိခိုက်စေနိုင်

    အောက်တိုဘာ ၁၅၊ ၂၀၁၆
    M-Media

    calcium

    – ဆေးဝါးများဖြင့် ကလ်ဆီယမ်ဓာတ်ကို ဖြည့်တင်းသူများအနေနှင့် နှလုံးရောဂါ ဖြစ်နိုင်ချေ များပြားသည်ဟု အမေရိကန်ပြည်ထောင်စု ဂျွန်ဟော့ကင်းတက္ကသိုလ်တွင် ပြုလုပ်ခဲ့သည့် လေ့လာမှုတွင် တွေ့ရှိခဲ့ရသည်။

    အဆိုပါလေ့လာမှုတွင် သုတေသီများက လူ ၂၇၀၀ ကျော်၏ ၁၀ နှစ်တာ စမ်းသပ်မှုများကို လေ့လာဆန်းစစ်ခဲ့ခြင်းဖြစ်ပြီး ကလ်ဆီယမ်ဖြည့်စွက်စာများသည် နှလုံးရောဂါနှင့် ဆက်စပ်နေသည့် သွေးလွှတ်ကြောများတွင် သွေးခဲများ ဖြစ်ပေါ်စေနိုင်ကာ နှလုံးပျက်ဆီးနိုင်ကြောင်း တွေ့ခဲ့ရခြင်းဖြစ်သည်။ သို့သော်လည်း ကယ်လ်ဆီယမ်ကြွယ်ဝသည့် စားစရာများမှာ ခန္ဓာကိုယ်အတွက် အကျိုးဖြစ်ထွန်းသည်ဟု ဆိုသည်။

    “ဗိုက်တာမင်နဲ့ ဓာတ်ဆားတွေ အထူးသဖြင့် အရိုးသန်မာဖို့ ကယ်လ်ဆီယမ်ဓာတ် မှီဝဲမှုဟာ ပိုကောင်းတယ်လို့ အမေရိကန်အတော်များများက ထင်မြင်လေ့ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ လေ့လာမှုမှာ ကယ်လ်ဆီယမ်ကို အပိုမှီဝဲမှုဟာ နှလုံးနဲ့ သွေးကြောစနစ်ကို အန္တရာယ်ဖြစ်စေတယ်ဆိုတာ တွေ့ရှိရပါတယ်” ဟု လေ့လာသူ အဲရင် မီခို့စ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    ကယ်လ်ဆီယမ်ဓာတ်ကို ထပ်ဆောင်းမှီဝဲကြသူများမှာ သာမန်လူများထက် နှလုံးသွေးကြောကျဉ်းရောဂါ ရနိုင်ခြေ ၂၂ ရာခိုင်နှုန်း ပိုများလာသည်ကိုလည်း ထိုလေ့လာမှုတွင် တွေ့ရှိခဲ့ရသည်။

    Ref : IINA

  • IS ကို အမြစ်ဖြုတ်မည့် နောက်ဆုံးစစ်ပွဲ အီရတ်က မကြာမီ စမည်

    IS ကို အမြစ်ဖြုတ်မည့် နောက်ဆုံးစစ်ပွဲ အီရတ်က မကြာမီ စမည်

    အောက်တိုဘာ ၁၅၊ ၂၀၁၆
    M-Media

    iraq

    – အီရတ်နိုင်ငံ မြောက်ပိုင်းတွင် တူရကီတပ်များ ရှိနေသည့်အတွက် အီရတ်နှင့် တူရကီတို့အကြား တင်းမာမှုများ ရှိနေသော်လည်း IS အကြမ်းဖက်အုပ်စုလက်ထဲမှ မူဆိုးလ်မြို့ လွတ်မြောက်ရန်အတွက် နောက်ဆုံးထိုးစစ်ကို စတင်ရန် အသင့်ဖြစ်နေပြီ ဟု အီရတ်စစ်တပ်က ပြောကြားလိုက်သည်။

    ယမန်နေ့က စစ်ဦးစီးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး အွသ်မန် အလ်-ဂါနီမီက မိမိတို့တပ်ဖွဲ့များမှာ နောက်ဆုံးထိုးစစ်အတွက် အသင့် နေရာယူပြင်ဆင်ထားပြီး ရှေ့ဆက် ဆောင်ရွက်ရန် စောင့်ဆိုင်းနေသည်ဟု ဆိုသည်။ သောကြာနေ့ အစောပိုင်းကလည်း ဗိုလ်ချုပ်ကြီးက ပြင်ဆင်ထားသည်မှာ ကြာပြီဖြစ်သည့် အဆိုပါ ထိုးစစ်အတွက် ညှိနှိုင်းဆောင်ရွက်ရန် လက်နက်ကိုင်တပ်ဖွဲ့များမှ တပ်မှူးများနှင့် တွေ့ဆုံခဲ့သည်။

    လက်ရှိတွင် နိုင်ငံမြောက်ပိုင်းရှိ ကာ့ဒ်ဒေသမှ တပ်ဖွဲ့ဖြစ်တဲ့ Peshmerga အဖွဲ့ကိုလည်း အီရတ်စစ်တပ်၏ ပထမဆုံး အဖွဲ့ဝင်အဖြစ် လက်ခံထားပြီဖြစ်သည်။

    IS အဖွဲ့မှာ မူဆိုးလ်မြို့ကို ၂၀၁၄ ခုနှစ်က သိမ်းပိုက်ထားခြင်ဖြစ်ပြီး ထောက်လှမ်းရေးသတင်းများအရ မြို့အတွင်း အတပ်ဖွဲ့ပေါင်း ၄၀၀၀ မှ ၅၀၀၀ ကြားရှိနေကျာအခြေအနေမှာ ပိုမို ရှုပ်ထွေးမည်ဟု ခန့်မှန်းထားသည်။

    မူဆိုးလ်မြို့အရှေ့မြောက်ပိုင်းသို့ တူရကီမှာ ၎င်း၏ တပ်ဖွဲ့များကို ပြီးခဲ့သည့်နှစ်ကတည်းက ပို့ဆောင်ထားပြီး ထိုလုပ်ရပ်အား အီရတ်က ၎င်းတို့၏ အချုပ်အခြာကို ချိုးဖောက်မှုအဖြစ် ရှုမြင်နေသည်။ တူရကီနိုင်ငံပိုင်သတင်းဌာန Anadolu အေဂျင်စီကမူ မူဆိုးလ်မြို့သိမ်းတိုက်ပွဲတွင် တူရကီစစ်တပ်မှ လေ့ကျင့်ပေးထားသော တပ်ဖွဲ့ဝင်များ ပါဝင်မည်ဟု ဖော်ပြခဲ့ပြီး အီရတ်ကမူ ပါဝင်ခြင်းမပြုရန် သတိပေးထားသည်။

    Ref : Presstv