News @ M-Media

Author: Ko Lay

  • အမေရိကန်ရှိ ခရစ်ယာန်ဘုရားကျောင်းများ အစ္စလာမ့်အသိပညာပေးအစီအစဉ် ဆောင်ရွက်မည်

    အမေရိကန်ရှိ ခရစ်ယာန်ဘုရားကျောင်းများ အစ္စလာမ့်အသိပညာပေးအစီအစဉ် ဆောင်ရွက်မည်

    အောက်တိုဘာ ၃၊ ၂၀၁၆
    M-Media

    ma-church

    – အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ်ရှိ ခရစ်ယာန်ဘုရားကျောင်းများက အစ္စလာမ်သာသနာကြောင်း အသိပညာပေးမည့် အခမ်းအနားတစ်ခုကို ယခုသီတင်းပတ်အတွင်း ကျင်းပမည်ဟု သိရသည်။

    “အစ္စလာမ့်အကြောင်း စကားစမြည်” ဟူသည့် ခေါင်းစဉ်ဖြင့် ဗုဒ္ဓဟူးနေ့တွင် ကျင်းပမည်ဖြစ်ပြီး မက်ဆာချူးဆက်ပြည်နယ်ရှိ Sherborn Community Center က ဦးဆောင်စီစဉ်ကာ ဝေလန်းရှိ ဘော်စတွန်အစ္စလာမ့်စင်တာမှ တာဝန်ရှိသူ ရှာဟင် အက်ခ်တာရ်က အစ္စလာမ့်အကြောင်း တင်ပြမည်ဖြစ်သည်။

    အဆိုပါအခမ်းအနားတွင် အစ္စလာမ်နှင့်ပက်သက်၍ တင်ပြမှု၊ ဆွေးနွေးမှုများကို ပြုလုပ်သွားမည်ဖြစ်ပြီး၊ မွတ်စလင်လူ့အဖွဲ့အစည်းနှင့် ဆက်ဆံရေးနက်ရှိုင်းစေရန် အခွင့်အလမ်းလည်း ဖြစ်လာမည်ဟု ဒေသတွင်း သတင်းဌာနတစ်ခုက ဖော်ပြခဲ့သည်။

    “ဒီအခမ်းအနားကနေ ကျွန်တော်တို့အားလုံး မွတ်စလင်တွေရဲ့သက်ဝင်ယုံကြည်မှုအကြောင်းနဲ့ပက်သက်ပြီး ပိုမိုလေ့လာနိုင်မယ့် အခွင့်အရေးတစ်ခု၊ ကျွန်တော်တို့ရဲ့ မွတ်စလင်မိတ်ဆွေတွေနဲ့ ဆက်ဆံရေးတည်ဆောက်နိုင်မယ့် အခွင့်အရေးတစ်ခု ဖြစ်လာမှာပါ။ အထူးသဖြင့် အခုလို ကောလဟာလတွေ အပြင်းအထန် မြင့်မားနေချိန်မှာ ဒီလိုအသိပညာပေးလှုံ့ဆော်မှုမျိုးတွေ များများလိုအပ်ပါတယ်” ဟု ခရစ်ယာန်ဘုန်းတော်ကြီး ဆရာတော် ဂျွန်အက်ဖ် ဟွဒ်ဆန်က ပြောကြားခဲ့သည်။

    အက်ခ်တာရ်မှာ မွတ်စလင်အဖွဲ့အစည်းအတွင်း ထင်ရှားသည့် အသိပညာပေးလှုပ်ရှားသူနှင့် ဘာသာပေါင်းစုံချစ်ကြည်ရေးဆောင်ရွက်သူတစ်ဦး ဖြစ်ပြီး၊ ဘာသာပေါင်းစုံ ချစ်ကြည်ရေးစာအုပ်အသင်းများနှင့် ဆွေးနွေးမှုများ၏ အကြီးအကဲ တစ်ဦးလည်းဖြစ်ကာ ယခုကဲ့သို့ အစီအစဉ်များတွင် ပါဝင်ဆောာင်ရွက်နေသူဖြစ်သည်။

    အဆိုပါ အစ္စလာမ့်ပညာပေးအစီအစဉ်ကို Sherborn Community Center နှင့်အတူ ဒေသတွင်း ခရစ်ယာန်ဘုရားကျောင်း ၆ ခုနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

    “အမှန်က ဘာသာတရားတွေကို ကိုးကွယ်သူတွေဖြစ်စေ၊ မကိုးကွယ်သူတွေဖြစ်စေ ဘာသာအယူတွေရဲ့ အခြေခံ သဘောတရားတွေ၊ လက်တွေ့ကျင့်သုံးမှုတွေကို နားလည်မှုနဲ့ပတ်သက်လာရင် အားနည်းကြပါတယ်။ ပိုဆိုးတာက ဒီဘာသာတရားတွေနဲ့ပတ်သက်ပြီး မီဒီယာတွေကို သူတို့စိတ်ကြိုက်ဖော်ပြခွင့် ပေးတာပါပဲ။ ဒီအစီအစဉ်က မွတ်စလင်မဟုတ်တဲ့သူတွေ အစ္စလာမ်အကြောင်း နားလည်ဖို့ အခွင့်အရေး ရစေမှာဖြစ်ပြီး၊ ကောလဟာလတွေကို ကျော်လွန်ကာ ဆက်ဆံရေးကိုလည်း နက်ရှိုင်းစေမှာပါ” ဟု ဘုန်းတော်ကြီး ဟဒ်ဆန်က ထပ်လောင်းပြောကြားခဲ့သည်။

    Ref : IINA

  • မူးယစ်ပြဿနာဖြေရှင်းရေး လူ ၃ သန်းခန့် သတ်ပစ်ရန် ဖိလစ်ပိုင်သမ္မတ ဆန္ဒရှိနေ

    မူးယစ်ပြဿနာဖြေရှင်းရေး လူ ၃ သန်းခန့် သတ်ပစ်ရန် ဖိလစ်ပိုင်သမ္မတ ဆန္ဒရှိနေ

    အောက်တိုဘာ ၃၊ ၂၀၁၆
    M-Media

    duterde

    – ဖိလစ်ပိုင်သမ္မတ ရော်ရီဂို ဒူတာတေးမှာ နောက်ထပ် ဟစ်တလာအဖြစ် တံဆိပ်အကပ် မခံလိုသော်လည်း ၎င်း၏ ရာဇ၀တ်မှုစစ်ဆင်ရေးတွင် လူသုံးသန်းခန့် သတ်ပစ်ရန် ရည်ရွယ်ထားသည်ဟု ၎င်း၏ ပြောခွင့်ရပုဂ္ဂိုလ်က စနေနေ့တွင် ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်မေလ အာဏာရချိန်မှစ၍ ဒူတာတေးစတင်ခဲ့သည့် မူးယစ်နှိမ်နှင်းမှုအတွင်း ယခုအချိန်အထိ လူပေါင်း ၃၀၀၀ ကျော် သေဆုံးခဲ့ပြီး နိုင်ငံတကာကမူ နာဇီခေါင်းဆောင် အဒေါ့ဖ်ဟစ်တလာက ဂျူးလူမျိုးများကို မျိုးဖြုတ်သုတ်သင်မှုနှင့် အလားသဏ္ဍာန်တူသည်ဟု ဝေဖန်ရှုတ်ချမှုများ ရှိခဲ့သည်။

    ဒူတာတေးကလည်း ပြီးခဲ့သည့်သောကြာနေ့က မိမိကိုယ်ကို ဟစ်တလာနှင့် ခိုင်းနှိုင်းပြောဆိုခဲ့သည်။ သို့သော်လည်း ၎င်း၏ ပြောရေးဆိုခွင့်ရှိသူကမူ သမ္မတ၏စကားမှာ ထိုကဲ့သို့ ရည်ရွယ်ခြင်း မဟုတ်ဟုဆိုသည်။

    “Holocaust မှာ ဂျူးလူမျိုးခြောက်သန်းလောက် အသက်ဆုံးရှုံးခဲ့ရတာကို မမှေးမှိန်စေချင်ပါဘူး” ဟု သမ္မတ၏ ပြောခွင့်ရ ပုဂ္ဂိုလ် အာနက်စတို အဘယ်လာက သမ္မရုံးက ထုတ်ပြန်ကြေငြာချက်တွင် ဖော်ပြထားသည်။

    ထို့ပြင် သမ္မတ၏ ထိုသို့ ခိုင်းနှိုင်းပြောဆိုခြင်းမှာ ဖိလစ်ပိုင်တွင် တရားမ၀င် မူးယစ်ပြဿနာကို အမြစ်ဖြတ်သုတ်သင်ရေး အောင်မြင်ရန်အတွက် လူသန်းနှင့်ချီ သတ်ဖြတ်ရန် ဆန္ဒရှိသည်ဟု ရည်ရွယ်ခြင်းဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

    “ဒူတာတေးအနေနဲ့ ရာဇ၀တ်ကောင်တွေဖြစ်တဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲသူပေါင်း သုံးသန်းလောက်ကို အသေသတ်ပစ်ချင်နေပါတယ်၊ တိုင်းပြည်နဲ့ နောက်မျိုးဆက်ရဲ့ အနာဂတ်ကို ကယ်တင်ဖို့ပေါ့”

    Ref : Bangkokpost

  • ပါရှန်းပင်လယ်ကွေ့တွင် ဆော်ဒီက စစ်ရေးလေ့ကျင့်

    ပါရှန်းပင်လယ်ကွေ့တွင် ဆော်ဒီက စစ်ရေးလေ့ကျင့်

    အောက်တိုဘာ ၃၊ ၂၀၁၆
    M-Media

    saudi

    – ဆော်ဒီစစ်တပ်မှာ ပါရှန်းပင်လယ်ကွေ့၊ ဟော်မုတ်ဇ်ရေလက်ကြားနှင့် အိုမန်ပင်လယ်တို့တွင် စစ်ရေးလေ့ကျင့်မှုမျာ ပြုလုပ်ခဲ့သည်ဟု သိရသည်။

    ယမန်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါစစ်ရေးလေ့ကျင့်မှုတွင် သင်္ဘောများ၊ လေယာဉ်များ၊ ဆော်ဒီတော်ဝင်ရေတပ်၏ အထူးတပ်ဖွဲ့များလည်း ပါဝင်ခဲ့သည်။

    ဆော်ဒီသတင်းဌာနက SPA က ဆော်ဒီနယ်စပ်နှင့် နိုင်ငံတကာရေပြင်တို့ကို ကာကွယ်ရန်လည်းကောင်း၊ ဖြစ်နိုင်ချေရှိသော အကြမ်းဖက်တိုက်ခိုက်မှုများမှ ကာကွယ်ရန်အတွက်လည်းကောင်း ထိုကဲ့သို့ လေ့ကျင့်ခြင်းဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    ဆော်ဒီတော်ဝင်ရေတပ် ဗိုလ်ချုပ် အဘ်ဒူလ် အလ်-ဆူလ်တန်ကလည်း အဆိုပါစစ်ရေးလေ့ကျင့်မှုမှာ တိုက်ခိုက်မှုအသင့်အနေအထားရှိရန်၊ လိုအပ်သော ကျွမ်းကျင်မှုများ ရရှိရန်နှင့် အဓိကစစ်ဆင်ရေးများ ဆောင်ရွက်နိုင်သည့် စွမ်းရည်များဖွံ့ဖြိုးရန် ရည်ရွယ်ရွယ်သည့် လေ့ကျင့်မှုမှ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref : Presstv

  • အစ္စရေးမှ ဓာတ်ငွေ့ဝယ်ယူရေးကို ဂျော်ဒန်ပြည်သူများ ဆန္ဒပြ

    အစ္စရေးမှ ဓာတ်ငွေ့ဝယ်ယူရေးကို ဂျော်ဒန်ပြည်သူများ ဆန္ဒပြ

    အောက်တိုဘာ ၂၊ ၂၀၁၆
    M-Media

    jordan-2

    – ယခုသီတင်းပတ်အတွင်း အစ္စရေးမှ သဘာဝဓာတ်ငွေ့တင်သွင်းရန် လက်မှတ်ရေးထိုးခဲ့သည့် သဘောတူညီချက်ကို ဆန့်ကျင်သည့်အနေဖြင့် ဂျော်ဒန်ပြည်သူ ရာပေါင်းများစွာ သောကြာနေ့က မြို့တော် အမ်မမ်တွင် ဆန္ဒပြခဲ့ကြသည်ဟု သိရသည်။

    ဆန္ဒပြသူများက “ဂျော်ဒန်နိုင်ငံသားတို့ရဲ့ အိပ်ကပ်ထဲမှ ပိုက်ဆံများ ဇီယွန်ဝါဒီများထံ မရောက်ရေး” “ရန်သူဇီယွန်ဝါဒီများထံမှ ဓာတ်ငွေ့မသွင်းရန်” ဟု စာသားများပါဝင်သည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ခဲ့ကြသည်။

    အဆိုပါဆန္ဒပြပွဲကို အစ္စရေးနှင့် ဂျော်ဒန်ကြားချုပ်ဆိုခဲ့သည့် ၁၉၉၄ ငြိမ်းချမ်းရေးစာချုပ်ကို ဆန့်ကျင်သည့် ကုန်သွယ်ရေးသမဂ္ဂနှင့် နိုင်ငံရေးပါတီများက စီစဉ်ခဲ့ကြခြင်းဖြစ်သည်။ ပါဝင်သူတစ်ဝက်ခန့်မှာ ပါလက်စတိုင်းနွယ်ဖွားများ ဖြစ်ကြသည်။

    “ဇီယွန်ဝါဒီများဆီက ဓာတ်ငွေ့ယူခြင်းသည် ရှက်စရာကောင်းသောလုပ်ရပ်ဖြစ်သည်” ဟုလည်း ဆန္ဒထုတ်ဖော်သူများက ကြွေးကြော်ခဲ့ကြသည်။

    ဂျော်ဒန်မှာ တနင်္လာနေ့က အစ္စရေး ကမ်းလွန်တွင် ဓာတ်ငွေ့ ထုတ်လုပ်နေသည့် အမေရိကန်၏ ကုမ္ပဏီအုပ်စုတစ်ခုမှ နစ်နေ့လျှင် ဓာတ်ငွေ့ ကုဗမီတာ သန်းပေါင်း ၈.၅ သန်းကို ၁၅ နှစ်တင်သွင်းသွားရန် လက်မှတ်ရေးထိုးခဲ့သည်။ ထို့ပြင် တစ်နေ့လျှင် သန်းပေါင်း ၃၅၀ ရောက်စေမည့် ကုဗပေ သန်းပေါင်း ၅၀ ကိုလည်း ၀ယ်ယူရန် ချွင်းချက်အဖြစ် ထားခဲ့သည်။

    သောကြာနေ့တွင် ပြုလုပ်ခဲ့သည့် အဆိုပါ ဆန္ဒပြမှုက လုံခြုံရေးအပါအ၀င် ပြည်တွင်းပြဿနာပေါင်းများစွာနှင့် ရင်ဆိုင်နေရသည့် ဂျော်ဒန်အစိုးရကို ဖိအားဖြစ်စေသည်။

    Ref : Aljazeera

  • ကမ္ဘာ့ထိပ်တန်း မွတ်စလင်အဖွဲ့ သီရိလင်္ကာနိုင်ငံတွင် အခမဲ့ မျက်လုံးခွဲစိတ်မှု ပြုလုပ်ပေး

    ကမ္ဘာ့ထိပ်တန်း မွတ်စလင်အဖွဲ့ သီရိလင်္ကာနိုင်ငံတွင် အခမဲ့ မျက်လုံးခွဲစိတ်မှု ပြုလုပ်ပေး

    အောက်တိုဘာ ၂၊ ၂၀၁၆
    M-Media

    – ကမ္ဘာ့မွတ်စလင်လိဂ် (MWL) ၏ အဖွဲ့ခွဲတစ်ခုဖြစ်သည့် နိုင်ငံတကာအစ္စလာမ့် ကယ်ဆယ်ရေးအဖွဲ့ (IIRO) မှာ သီရိလင်္ကာနိုင်ငံတွင် အမျိုးသားနှင့် အမျိုးသမီးအများအပြားကို မျက်လုံးအတွင်းမှ တိမ်ဖယ်ရှားခြင်းနှင့် မျက်လုံးမှန်ဘီလူးအစားထိုးခွဲစိတ်မှုပေါင်း ၁၂၀၀ ခန့် ဆောင်ရွက်ပေးခဲ့သည်ဟု သိရသည်။

    အဆိုပါခွဲစိတ်မှုသည် IIRO ၏ ဆေးဘက်ဆိုင်ရာ ကူညီဆောင်ရွက်မှုများအနက်မှ တစ်ခုဖြစ်ပြီး ဆင်းရဲသောနိုင်ငံများတွင် အဖြစ်များကာ မျက်စိကွယ်ခြင်းအထိ ဖြစ်စေနိုင်သည့် အဆိုပါရောဂါများကို တိုက်ဖျက်ရန် ကူညီဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။

    အဖွဲ့၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ အဟ်ဆန် ဘင် ဆွာလေ တွိုင်ယစ်ဘ်က သီရိလင်္ကာသို့သွားရောက်သည့် IIRO ဆေးအဖွဲ့၌ မျက်စိနယ်ပယ်တွင် ကျွမ်းကျင်သည့် ဆော်ဒီနိုင်ငံသား စေတနာ့ဝန်ထမ်းများနှင့်အတူ အကြံပေးပုဂ္ဂိုလ်များလည်း ပါဝင်သည်ဟု ဆိုသည်။

    Ref : IINA