News @ M-Media

Author: Ko Lay

  • အာဆင်ဝင်းဂါး၏ စွမ်းဆောင်ရည်ကို ကွန်တီ ချီးကျူး

    အာဆင်ဝင်းဂါး၏ စွမ်းဆောင်ရည်ကို ကွန်တီ ချီးကျူး

    စက်တင်ဘာ ၂၃၊ ၂၀၁၆
    M-Media

    winger

    – အာဆင်နယ်၏ သက်တော်ရှည်နည်းပြ အာဆင်ဝင်းဂါး၏ နည်းပြဘ၀မှာ အံ့သြလောက်စရာဖြစ်သည်ဟု ချယ်ဆီးနည်းပြ အန်တိုနီယိုကွန်တီက ပြောကြားလိုက်ပြီး အသင်းအား ထိပ်ဆုံးအဆင့်တွင် ရှိနေအောင် ဆောင်ရွက်မှုကိုလည်း ချီးကျူးခဲ့သည်။

    အာဆင်နယ်အတွက် ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်နှင့် FA ဖလား ၆ ကြိမ် ရယူပေးထားသည့် အာဆင်ဝင်းဂါးမှာ အောက်တိုဘာ ၁ ရက်နေ့တွင် အာဆင်နယ်အသင်းနှင့် နည်းပြသက်တမ်း နှစ် ၂၀ ပြည့်မည်ဖြစ်သည်။

    ပြီးခဲ့သည့် ၁၀ စုနှစ်အတွင်း အသင်းအား သိသာသည့် အောင်မြင်မှုမျိုး ရရှိအောင် မစွမ်းဆောင်ပေးနိုင်သောကြောင့် ချယ်ဆီးနည်းပြဟောင်း မော်ရင်ဟိုက အာဆင်ဝင်းဂါးမှာ ‘ကျဆုံးမှု စပါယ်ရှယ်လစ်’ ဟု ဝေဖန်ခဲ့သည်။ သို့သော်လည်း ကွန်တီကမူ ၀င်းဂါးလက်အောက် အသင်း၏ အခြေအနေကို ချီးကျူးရမည်ဟု ဆိုသည်။

    “အာဆင်နယ်မှာ သမိုင်းကြောင်းကောင်းရှိတယ်။ သူတို့ဟာ ထိပ်တန်းအသင်းတစ်သင်းပါ။ ၀င်းဂါးဟာ ကောင်းမွန်အောင် ဆောင်ရွက်နေတယ်လို့ ကျွန်တော် ထင်ပါတယ်။ အသင်းတစ်သင်းမှာ နှစ် ၂၀ လောက်နေနိုင်တာဟာ အံ့သြလောက်စရာပါပဲ” ဟု ပြောကြားခဲ့သည်။

    အာဆင်နယ်နှင့် ချယ်ဆီးတို့မှာ စနေနေ့တွင် တွေ့ဆုံရမည်ဖြစ်ပြီး မိမိတို့နှစ်သင်းစလုံးမှာ ရေကုန်ရေခန်း ကစားသွားမည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

    Ref : Goal

  • တာတာကုမ္ပဏီက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုကို တိုးချဲ့မည်

    တာတာကုမ္ပဏီက မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုကို တိုးချဲ့မည်

    စက်တင်ဘာ ၂၃၊ ၂၀၁၆
    M-Media

    tata

    – အိန္ဒိယအခြေစိုက် တာတာလုပ်ငန်းအုပ်စုမှာ ရန်ကုန်မြို့တွင် ရုံးခန်းသစ်တစ်ခု ဖွင့်လှစ်ခဲ့သည်ဟု ကြေငြာလိုက်ပြီး နိုင်ငံအတွင်း ၎င်း၏ ရင်းနှီးမြှုပ်နှံမှုကို အားကောင်းစေရန် ဆောင်ရွက်မှုလည်းဖြစ်သည်။

    Tata International က ဖွင့်လှစ်ခဲ့သည့် အဆိုပါ ရုံးခန်းမှာ တာတာကုမ္ပဏီများ၏ ဗဟိုရုံးချုပ် ဖြစ်လာမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ မိတ်ဖက်များနှင့် ဆက်သွယ်ဆောင်ရွက်မှုကို ပိုမို ခိုင်မာအားကောင်းအောင် ဆောင်ရွက်သွားမည်ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

    “ဒီရုံးခန်းဟာ သူတို့ရဲ့ ရှိနေတဲ့ လုပ်နိုင်စွမ်းတွေကို မြှင့်တင်ခြင်း၊ လယ်ယာလုပ်ငန်း၊ လျှပ်စစ်၊ အခြေခံအဆောက်အဦး၊ ပြည့်ဖြိုးမြဲစွမ်းအင်၊ စားသောက်ကုန်၊ ခရီးသွားနဲ့ လူသုံးကုန်လုပ်ငန်း စတာကဏ္ဍတွေမှာ အခွင့်အလမ်းတွေ ရှာဖွေခြင်းတွေကနေတစ်ဆင့် ဒေသအတွင်း တတာကုမ္ပဏီတွေ ကြီးထွားဖို့အတွက် ဆောင်ရွက်မှာဖြစ်ပါတယ်” ဟု Tata International ၏ အကြီးအကဲတစ်ဦးဖြစ်သူ မဒ်ဟူ ကန်နန်က ပြောကြားခဲ့သည်။

    ထို့ပြင် မြန်မာနိုင်ငံမှာ မိမိတို့ ကုမ္ပဏီအုပ်စု၏ နိုင်ငံတကာခြေဆန့်တွင် အရေးပါသည့်အခမ်းကဏ္ဍမှ ပါဝင်နေပြီး ဒေသတွင်ရှိနေသည့် အခွင့်အလမ်းများအား အသုံးချနိုင်ရေး မျှော်လင့်ထားသည်ဟုလည်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    မြန်မာနိုင်ငံတွင် ၀င်ရောက်လုပ်ကိုင်နေသည့် တာတာကုမ္ပဏီများမှာ Tata Motors၊ Jaguar Land Rover၊ Tata
    Power၊Titan Company နှင့် Tata Consultancy Services တို့ဖြစ်ကြသည်။

    Ref: moneycontrol.com

  • စည်းမစောင့်သည့် စာနယ်ဇင်းက အကြမ်းဖက်ဝါဒ ပုံစံတစ်မျိုးဟု ပုပ်ရဟန်းမင်းကြီး ပြော

    စည်းမစောင့်သည့် စာနယ်ဇင်းက အကြမ်းဖက်ဝါဒ ပုံစံတစ်မျိုးဟု ပုပ်ရဟန်းမင်းကြီး ပြော

    စက်တင်ဘာ ၂၃၊ ၂၀၁၆
    M-Media

    – လုပ်ကြံသတင်းများ၊ ကောလဟာလများကို ရေးသားသည့် စာနယ်ဇင်းက အကြမ်းဖက်ဝါဒ ပုံစံတစ်မျိုးဖြစ်ပြီး လူ့အဖွဲ့အစည်းတစ်ခုလုံးအား မကောင်းမြင်လာအောင် ဆောင်ရွက်ခြင်း၊ ပြောင်းရွှေ့အခြေချသူများအပေါ် ကြောက်ရွံ့လာအောင် ဆွပေးခြင်းတို့မှာလည်း အဖျက်သက်သက် လုပ်ရပ်များသည်ဖြစ်သည်ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ပြာကြားလိုက်သည်။

    ယမန်နေ့က အီတလီ နိုင်ငံလုံးဆိုင်ရာ ဂျာနယ်လစ်များအစည်းအရုံး ခေါင်းဆောင်များကို ပြောကြားသည့်မိန့်ခွန်း၌ သတိပေးခဲ့ခြင်းဖြစ်ပြီး သတင်းထောက်များအနေဖြင့် ယခုကဲ့သို့ စက္ကန့်မလပ် သတင်းတင်ပြနေရသည့် ကာလမျိုးတွင် အမှန်တရားကို ရှာဖွေရန်အတွက် မည်မျှပင် ခက်ခဲနေသည်ဖြစ်စေ သွားရောက်ရမည်ဟုလည်း ထည့်သွင်းပြောဆိုခဲ့သည်။

    “ကောလဟာလဖြန့်တယ်ဆိုတာ အကြမ်းဖက်ဝါဒရဲ့ နမူနာတစ်မျိုးဖြစ်ပြီး၊ ကိုယ့်ရဲ့ အရိုးမရှိတဲ့လျှာကြောင့် လူတစ်ယောက် သေဆုံးသွားနိုင်ပါတယ်။ ဂျာနယ်လစ်တစ်ယောက်အတွက် ဒီထက်ကို ပိုပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ သူတို့ရဲ့အသံတွေက လူတိုင်းစီရောက်နိုင်ပြီး အားကောင်းတဲ့ လက်နက်တစ်ခု ဖြစ်လို့ပါပဲ” ဟု ပုပ်ရဟန်းမင်းကြီးက သတိပေးခဲ့သည်။

    အီတလီနိုင်ငံတွင် သတင်းစာများမှာ နိုင်ငံရေးအတွက် အသုံးချခံရမှုများ ရှိနေပြီး နိုင်ငံရေးအမြင်ခြင်း မတူသူများအား ပုပ်ခတ်ပြောဆိုမှု၊ လုပ်ကြံပြောဆိုမှုများကို ပြုလုပ်လေ့ရှိကြသည်။

    ဒုက္ခသည်များနှင့် ပြောင်းရွှေ့အခြေချသူများ၏ အခွင့်ရေးများကို အခိုင်အမာ ရပ်တည်ကာကွယ်ပေးသည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က စာနယ်ဇင်းကဏ္ဍကို ‘လူတစ်စု၊ လူအဖွဲ့အစည်းတစ်ခုလုံးအပေါ် ဖျက်ဆီးသည့် လက်နက်အဖြစ်’ အသုံးမပြုရ ဟုလည်း ပြောကြားခဲ့သည်။

    “စစ်ပွဲတွေကြောင့် ဒါမှမဟုတ် ငတ်မွတ်ခေါင်းပါးမှုကြောင့် နေလို့မရလို့ အိုးအိမ်စွန့်ခွာလာရတာတွေလို အဖြစ်အပျက်တွေအတွက် စာနယ်ဇင်းက ကြောက်ရွံ့လာအောင် ဆွပေးတာမျိုး မဖြစ်စေရပါဘူး”

    Ref: huffingtonpost

  • လေစွမ်းအင်၏ အစ- ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၂၇)

    လေစွမ်းအင်၏ အစ- ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ (၂၇)

    စက်တင်ဘာ ၂၃၊ ၂၀၁၆
    M-Media
    ရာဇာ တင်ဆက်သည်
    (အပတ်စဉ် သောကြာနေ့တိုင်း ဖော်ပြသွားပါမည်)
    wind-power

    – ဘယ်လိုအရာမျိုးကိုပဲ ထုတ်လုပ်သည်ဖြစ်စေ စွမ်းအင်ကတော့ လိုအပ်စမြဲပါပဲ။ ဓာတ်ဆီ၊ ဒီဇယ်တွေနဲ့ လည်ပတ်တဲ့ စက်တွေ မပေါ်ခင်မှာ စွမ်းအင်တွေကို ပြည့်ဖြိုးမြဲ ရင်းမြစ်တွေကနေ ထုတ်ယူသုံးစွဲကြပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီအရင်က အစ္စလာမ်ကမ္ဘာမှာ စက်ပစ္စည်းတစ်ခု လည်ပတ်ဖို့အတွက် ရေစွမ်းအင်ကို အသုံးပြုခဲ့ကြပြီး စက်ဝိုင်းပုံ လည်ပတ်မှုကနေ အလျားလိုက်လည်ပတ်မှုကို ပြောင်းပေးတဲ့ ဂေါက်တံအသုံးပြု စနစ်ကြောင့်လည်း ဒီ စက်ပစ္စည်းတွေရဲ့ အသုံးဝင်မှုက တွင်ကျယ်ခဲ့ပါတယ်။

    အဲဒီလို စက်မျိုးတွေကို ရေသွယ်မြောင်းတွေကနေတစ်ဆင့် မြို့တွေရွာတွေရဲ့ ရေလိုအပ်ချက်ကို ဖြည့်ဆည်းပေးတဲ့ ရေပေးဝေရေးစနစ်မှာ အသုံးပြုခဲ့ကြပါတယ်။ ရေစွမ်းအင်ကို အသုံးပြုထားတဲ့ ကြိတ်စက်တွေကို မွတ်စလင်တွေက တီထွင်အသုံးပြုခဲ့ကြပေမယ့် အစ္စလာမ်ကမ္ဘာရဲ့ ခြောက်သွေ့လွန်းတဲ့ ဒေသတွေမှာ ရေအလုံအလောက် မရှိတာကြောင့် ဒီစနစ်က အဆင်မပြေပါဘူး။ ဒါ့ကြောင့် မွတ်စလင်တွေဟာ နောက်ထပ် စွမ်းအင်ရရှိမယ့် နည်းလမ်းတစ်ခုကို ရှာဖွေခဲ့ကြပါတယ်။

    ရေစီးအားကို ရာသီအလိုက်သာရရှိတဲ့ အာရေဗျသဲကန္တာရက နောက်ထပ် ရင်းမြစ်တစ်ခုကတော့ လေအား ဖြစ်ပါတယ်။ သဲကန္တာရက လေလမ်းကြောင်းဟာ ပုံသေရှိတတ်ပြီး တစ်နေရာတည်းကနေ တိုက်ခတ်တာမျိုးပါ။ ဒါ့ကြောင့် ၇ ရာစုမှာ ပါရှန်မွတ်စလင်တွေဟာ လေအားသုံး ကြိတ်စက်တွေကို တီထွင်ခဲ့ကြပြီး ထိထိရောက်ရောက် အသုံးပြုနိုင်ခဲ့ကြပေမယ့် ကမ္ဘာတစ်ဝှမ်းကို လျင်လျင်မြန်မြန် ပြန့်နှံလောက်တဲ့အထိ မတွင်ကျယ်ခဲ့ပါဘူး။ သမိုင်းပညာရှင်အများစုကတော့ မွတ်စလင်တွေရဲ့ ဒီလေအားသုံးကြိတ်စက် စနစ်ကို ၁၂ ရာစုမှာ ခရူးဆိတ် ခရစ်ယာန်သာသနာပြု စစ်တပ်တွေကနေတစ်ဆင့် ဥရောပကို မိတ်ဆက်ပေးခဲ့တယ်လို့ ယူဆထားကြပါတယ်။

    အစ္စလာမ်ကမ္ဘာကို ၆၃၄ ခုနှစ်ကနေ ၁၀ နှစ်တာ အုပ်စိုးခဲ့တဲ့ ဒုတိယမြောက်သမ္မတ အုမရ်သခင်ထံ ပါရှန်လူမျိုးတစ်ယောက် ရောက်လာခဲ့ပြီး သူ့အနေနဲ့ လေအားကိုအသုံးပြုတဲ့ ကြိတ်စက်တစ်ခုကို တည်ဆောက်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါ့ကြောင့် သမ္မတကြီးက ဆောက်လုပ်ဖို့ အမိန့်ပေးခဲ့ပြီး နောက်ပိုင်းမှာတော့ ပြောင်းတွေ၊ ဂျုံတွေကို ကြိတ်ရာမှာသာမက ရေပေးဝေရေး စနစ်တွေမှာလည်း  လေအားကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ကြပြီး သမိုင်းမှတ်တိုင်သစ်ကို စိုက်ထူနိုင်ခဲ့ကြပါတယ်။ ဒီလို လေအားစွမ်းအားသုံး စက်ပစ္စည်းတွေကို ပါရှားပြည်က စစ္စတန်ဆိုတဲ့ ပြည်နယ်မှာ စတင် အသုံးပြုခဲ့ပြီး ၁၀ ရာစု ဘူမိဗေဒပညာရှင် အလ်-မက်စ်အူဒီ (Al-Masudi) က ထိုဒေသကို ‘လေနှင့်သဲတို့၏ဌာနေ’ လို့ ကင်ပွန်းတပ်ခဲ့ကာ အောက်ပါအတိုင်း ရေးသားခဲ့ပါတယ်။

    “ဒီဒေသက ၀ိသေသလက္ခဏာတစ်ခုကတော့ ဥယျာဉ်ခြံတွေကို ရေပေးဖို့အတွက် ရေပန့်တွေကို လေစွမ်းအားနဲ့ မောင်းနှင်တာပဲ ဖြစ်ပါတယ်”

    အစောပိုင်း လေအားသုံးကြိတ်စက်တွေက နှစ်ထပ်အဆောက်အဦးတွေဖြစ်ပြီး ရဲတိုက်တွေရဲ့ ခေါင်မိုး၊ တောင်ထိပ်တွေနဲ့ ကြီးမားတဲ့အဆောက်အဦးတွေရဲ့ အပေါ်တွေမှာ တည်ဆောက်ကြတာ ဖြစ်ပါတယ်။ အပေါ်ထပ်မှာ ကြိတ်စက်ကိုထားပြီး၊ အောက်ထပ်မှာတော့ ပိတ်စနဲ့လုပ်ထားတဲ့ ရွက် ၆ ခု၊ ဒါမှမဟုတ် ၁၂ ခုနဲ့ လည်ပတ်တဲ့ ဘီးတစ်ခုရှိပါတယ်။ အဲဒီ အောက်ထပ်ရဲ့ နံရံတွေမှာ လေ၀င်ပေါက် ၄ ခုဖောက်ထားပြီး အတွင်းဘက်ကို ကျဉ်းအောင်လုပ်ထားကာ ၀င်လာတဲ့လေက ရွက်တွေကို တိုက်ရိုက်ထိတွေ့ပြီး လည်နှုန်း မြန်စေတာ ဖြစ်ပါတယ်။

    winmill-afghan
    အာဖဂန်မှ ရှေးဟောင်း လေးအားသုံး ကြိတ်စက်

    အဲဒီအချိန်တုန်းက လေအားသုံးကြိတ်စက်တွေဟာ လေရဟတ်ရဲ့အဆုံးက သစ်သားစလင်ဒါနဲ့ ကြိတ်စက်ကို ဆက်ထားတာဖြစ်ပါတယ်။ အဲဒီစလင်ဒါဟာ အကျယ် မီတာဝက် (၁.၆ ပေ)၊ အမြင့် ၃.၅ မီတာကနေ ၄ မီတာ (၁၁.၅ ပေကနေ ၁၃.၁ ပေ) ရှိပြီး လေအားရရှိဖို့အတွက် အရှေ့မြောက်ဖက်ကို အဖွင့်ထားတဲ့ တာဝါဆီကို အလျားလိုက် တက်သွားတာဖြစ်ပါတယ်။ အဲဒီစလင်ဒါမှာ လျှော်ဖတ်တွေ၊ စွန်ပလွန်ရွက်နေတဲ့ ပြုလုပ်ထားတဲ့ ရွက်တွေကို ၀င်ရိုးပါတဲ့ ရှက်ဖ် (Shaft) နဲ့ ဆက်သွယ်ထားပါတယ်။ တာဝါပေါ်မှာ လေတိုက်တဲ့အခါ ရွက်တွေကိုလေတိုးတာကြောင့် shaft ကလည်း လည်ကာ ကြိတ်စက်ကို လှုပ်ရှားစေတာဖြစ်ပါတယ်။

    အဲဒီလို လေအားသုံးကြိတ်စက်တွေကို မိတ်ဆက်ပေးနိုင်ခဲ့တာဟာ သိပ္ပံနဲ့ စက်မှုအင်ဂျင်နီယာနယ်ပယ်မှာ  ကြီးမားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိခဲ့ပြီး နည်းလမ်းအသစ်တွေ ပေါ်ထွက်မှုဆီ ဦးတည်ခဲ့ပါတော့တယ်။

    ကြိတ်စက်မှသည် ရေပေးရေးဆီသို့

    new_doc_5
    ၁၄ ရာစု မွတ်စလင်ပညာရှင် အလ်-ဒီမက်ရှ်ကီ (Al-Dimashqi) ရေးစွဲခဲ့သည့် ရေစွမ်းအင်သုံး ကြိတ်စက်၏ ဒေါင်လိုက်ပုံ

    လွန်ခဲ့တဲ့ နှစ်ထောင်ချီအရင်က ဘူမိဗေဒပညာရှင် အလ်-မက်စ်အူဒီ (Al-Masudi) ဟာ ပါရှန်ပြည် စစ္စတန် ပြည်နယ် (Sistan) (ယနေ့ခေတ် အာဖဂန်နစ္စတန်အနောက်ပိုင်း) မှာ လေအားသုံး ကြိတ်စက်တွေကို လယ်ယာစိုက်ခင်းတွေ ရေပေးဝေတဲ့နေရာမှာ အသုံးချခဲ့ကြောင်း ဖော်ထုတ်ရေးသားခဲ့ပါတယ်။ ယခင်က ရေအားသုံး ကြိတ်စက်တွေကို အသုံးပြုခဲ့ပေမယ့် ရေစီးအားနည်းသွားတဲ့ ခြောက်သွေ့ရာသီတွေမှာ ဒါက သိပ်အလုပ်မဖြစ်ပါဘူး။ ဒါ့ကြောင့် မွတ်စလင်အုပ်ချုပ်သူတွေဟာ သဲကန္တာရအတွင်း လေးလလောက် အဆက်မပြတ် တိုက်ခိုက်တဲ့ လေတိုက်အားကို အသုံးပြုပြီး လေစွမ်းအင်သုံး ကြိတ်စက်တွေကို တည်ဆောက်ဖို့ အမိန့်ပေးခဲ့ပြီး နောက်ပိုင်းမှာတော့ မွတ်စလင်တွေအုပ်စိုးတဲ့ ဒေသအတွင်းမှာ ဒီကြိတ်စက်တွေဟာ အလျှိုအလျှို ပေါ်ထွက်လာခဲ့ပါတယ်။

    ဥရောပမှာ အသုံးပြုတဲ့ လေစွမ်းအင်သုံး ကြိတ်စက်တွေနဲ့ မတူတာက အလယ်အာရှက လေအားသုံးကြိတ်စက်တွေဟာ လေတိုက်အားကို ဖမ်းယူဖို့အတွက် ဒေါင်လိုက် ရွက်တွေကို အသုံးပြုတာပဲ ဖြစ်ပါတယ်။ ဒီ လေစွမ်းအင်သုံး ကြိတ်စက်တွေကို ရဲတိုက်တွေရဲ့ ခေါင်မိုး၊ တောင်တွေရဲ့ထိပ်မှာ တည်ဆောက်လေ့ရှိပါတယ်။

    လယ်သမားတွေဟာ ဒီလေစွမ်းအင်သုံး ကြိတ်စက်တွေကို ကောက်ပဲသီးနှံတွေ ကြိတ်ခွဲရာမှာသာမက စိုက်ခင်းတွေကို ရေပေးဝေရာမှာပါ အသုံးပြုခဲ့တာကို အလ်-မက်စ်အူဒီက တွေ့မြင်ခဲ့ပါတယ်။ ဒီ သန့်ရှင်းတဲ့ စွမ်းအင်တွေဟာ စွမ်းအင်ထောက်ပံ့ရေး ပြဿနာအတွက် ကောင်းမွန်တဲ့အဖြေ ဖြစ်ခဲ့ပါတယ်။ နောက်ပြီး အဆောက်အဦးတွေမှာ လေကောင်းလေသန့် ရရှိစေဖို့အပါအ၀င် အခြားသော ကဏ္ဍတွေမှာလည်းအသုံးပြုခဲ့ကြပါတယ်။

    (ကိုးကား- National Geographic ၏ 1001 Inventions – The Enduring Legacy of Muslim Civilization)

    (ကမ္ဘာ့လူ့အဖွဲ့အစည်းတွင် ယနေ့တိုင်ရှင်ကျန်နေသည့် မွတ်စလင်တို့၏ အမွေအနှစ်များ – တင်ဆက်ပြီးသမျှ အပိုင်းအားလုံးကို  ဤနေရာ တွင် ဖတ်ရှုနိုင်ပါသည်။)

  • အိန္ဒိယမှာ နယ်စပ်တွင် စစ်အင်အား တိုးချဲ့နေသည်ဟု ပါကစ္စတန် စွပ်စွဲ

    အိန္ဒိယမှာ နယ်စပ်တွင် စစ်အင်အား တိုးချဲ့နေသည်ဟု ပါကစ္စတန် စွပ်စွဲ

    စက်တင်ဘာ ၂၃၊ ၂၀၁၆
    M-Media

    paki-warn

    – နှစ်နိုင်ငံ တင်းမာမှုများ မြင့်တက်လာစဉ် အိန္ဒိယက ၎င်း၏ နယ်စပ်တစ်လျှောက်တွင် စစ်အင်အား တိုးမြှင့်နေသည်ဟု ပါကစ္စတန်က စွပ်စွဲပြောဆိုလိုက်ပြီး ထိုလုပ်ရပ်တွက် လိုအပ်သော ဆောင်ရွက်မှုများအားလုံးကို ပြုလုပ်သွားမည်ဟု ဆိုသည်။

    ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့သည့် ကုလသမဂ္ဂ နှစ်ပတ်လည် အထွေထွေညီလာခံ မိန့်ခွန်း၌ ပါကစ္စတန်ဝန်ကြီးချုပ် နာဝဇ် ရှရစ်ဖ်က ထိုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်ပြီး ‘ပိုင်နက် ကာကွယ်ထိန်းသိမ်းရေးအတွက် လုပ်လို့ရတာမှန်သမျှ လုပ်သွားမယ်” ဟုလည်း သတိပေးခဲ့သည်။

    ထို့ပြင် နျူလက်နက်ပိုင်ဆိုင်သည့် နှစ်နိုင်ငံအကြား ၂၇ နှစ်ကြာပဋိပက္ခကို အဆုံးသတ်ရန် ကရှ်မီးယားအရေးနှင့် ပက်သက်၍ ဖြစ်နိုင်ချေရှိသည့် ငြိမ်းချမ်းရေး ဆွေးနွေးမှုများနှင့် ပတ်သက်၍ လက်သင့်မခံနိုင်သော ရှေ့ပြေးအခြေအနေများကို ပြုလုပ်လာမှုအတွက်လည်း သမ္မတက အိန္ဒိယကို ပြစ်တင်ရှုတ်ချခဲ့သည်။

    “ဆွေးနွေးမှုတွေဟာ နှစ်နိုင်ငံလုံးရဲ့ အကျိုးစီးပွားအတွက်ပါပဲ၊ ဒီဆွေးနွေးမှုတွေဟာ ကျွန်တော်တို့ရဲ့ ခြားနားချက်တွေ အထူးသဖြင့် ဂျမ်မူးနဲ့ ကရှ်မီးယား အငြင်းပွားမှုတွေကို ဖြေရှင်းဖို့နဲ့ ဘယ်လိုတင်းမာမှု အန္တရာယ်မျိုးကိုမှ မဖြစ်လာအောင် တားဆီးဖို့ အထူးအရေးပါပါတယ်”

    တနင်္ဂနွေနေ့က ကရှ်မီးယားရှိ အိန္ဒိယစစ်အခြေစိုက်စခန်းကို စစ်သွေးကြွများက တိုက်ခိုက်ခဲ့မှုကြောင့် အိန္ဒိယစစ်သား ၂၀ သေဆုံးပြီးနောက် နှစ်နိုင်ငံ တင်းမာမှုများ မြင့်တက်လာခဲ့ပြီး အိန္ဒိယကမူ ထိုစစ်သွေးကြွများကို ပါကစ္စတန်က ထောက်ပံ့ပေးထားသည်ဟု စွပ်စွဲခဲ့သည်။ သို့သော်လည်း ထိုစွပ်စွဲမှုကို ပါကစ္စတန်က ငြင်းဆိုခဲ့သည်။

    Ref : Presstv