News @ M-Media

Author: Ko Lay

  • EFL Cup ကစားမည့် မန်ယူအသင်း ကားပါကင်တွင် လေ့ကျင့်ရ

    EFL Cup ကစားမည့် မန်ယူအသင်း ကားပါကင်တွင် လေ့ကျင့်ရ

    စက်တင်ဘာ ၂၁၊ ၂၀၁၆
    M-Media

    man-u

    – EFL Cup (ယခင်လိဂ်ဖလား) အဖြစ် လိဂ်ဝမ်းကလပ်နှင့် ယှဉ်ပြိုင်ကစားရမည့် မန်ယူအသင်းမှာ ကားပါကင်တွင် သွေးပူလေ့ကျင့်ခန်းဆင်းနေရသည်ဟု ဆိုရှယ်မီဒီယာတွင် လွှင့်တင်ခဲ့သည့် ဓာတ်ပုံများတွင် တွေ့မြင်ရသည်။

    ယနေ့ညတွင်ကစားမည့် ထိုပွဲတွင် မန်ယူမှာ Northampton အသင်း အိမ်ကွင်း Sixfields တွင် ကစားရမည်ဖြစ်သောကြောင့် နော့သ်အပ်တန်မြို့သို့ ရောက်ရှိနေသည်။ ၃ ပွဲဆက်တိုက် ရှုံးပွဲကြုံတွေ့မှုကြောင့် ဖိအားများနှင့် ရင်ဆိုင်နေရသည့် မန်ယူမှာ ထိုပွဲအတွက် မြို့တွင်းရှိ ကားပါကင်တစ်ခုတွင် လေ့ကျင်ရမှုက ပရိတ်သတ်များအတွက် မကျေမနပ် ပိုဖြစ်စေမည်ဖြစ်သည်။

    မော်ရင်ဟိုဦးဆောင်သည့် မန်ယူအသင်း ကားပါကင်တွင် လေ့ကျင့်နေရသည့် ဓာတ်ပုံများကို Tom ဟုအမည်ပေးထားသည့် Twitter အကောင့်တစ်ခုက လွှင့်တင်ခဲ့ခြင်းဖြစ်ပြီး “ဒီည Northampton အသင်းနဲ့ ကစားရမယ့်ပွဲအတွက် မန်ယူက ကားပါကင်မှာ လေ့ကျင့်နေရတယ်။ လိဂ်ဖလားရဲ့ လှည့်ကွက်လေလား” ဟု ရေးသားခဲ့သည်။

    ထိုဓာတ်ပုံများတွင် မန်အယူအသင်းသားများ သွေးပူလေ့ကျင်ခန်း လုပ်နေသည့်ပုံနှင့် မော်ရင်ဟိုက ကြီးကြပ်နေသည့်ပုံတို့ ပါဝင်ခဲ့သည်။

    Ref: Goal

  • ဘင်္ဂလားဒေ့ရှ်ရှိ မြန်မာ ဒုက္ခသည် အရေး မြန်မာ အစိုးရနှင့် ဆောင်ရွက်သွားမည်ဟု ၀န်ကြီးချုပ် ရှိခ်ဟာဆီနာ ပြော

    ဘင်္ဂလားဒေ့ရှ်ရှိ မြန်မာ ဒုက္ခသည် အရေး မြန်မာ အစိုးရနှင့် ဆောင်ရွက်သွားမည်ဟု ၀န်ကြီးချုပ် ရှိခ်ဟာဆီနာ ပြော

    စက်တင်ဘာ ၂၁၊ ၂၀၁၆
    M-Media

    bang

    – ဘင်္ဂလာဒေ့ရှ်နိုင်ငံရှိ မြန်မာဒုက္ခသည်များအရေး မြန်မာအစိုးရနှင့် ပူးပေါင်းဖြေရှင်းသွားမည်ဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာက ပြောကြားလိုက်သည်။

    “ဒီပြဿနာအတွက် ထိရောက်တဲ့အဖြေရှာဖို့ မြန်မာအစိုးရသစ်နဲ့ ကျွန်မတို့ ဆောင်ရွက်သွားမှာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ကျွန်မ အဆက်အသွယ် ရှိနေပါတယ်” ဟု နယူးယောက်မြို့တွင် အမေရိကန်သမ္မ ဘာရက်အိုဘားမား၏ ဦးဆောင်မှုဖြင့် ပြုလုပ်သည့် ဒုက္ခသည်အရေး ထိပ်သီးအစည်းဝေး မိန့်ခွန်းတွင် ရှိခ်ဟာဆီနာက ပြောကြားခဲ့သည်။

    ထို့ပြင် မိမိတို့မှာ မြန်မာနိုင်ငံမှ ဒုက္ခသည်နှင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ အရေအတွက်မြောက်များစွာကို နှစ်ပေါင်း ၃၀ နီးပါး လက်ခံထားရသည်ဟုလည်း သူမက ထည့်သွင်းပြောကြားခဲ့သည်။

    “ရင်းမြစ်တွေ အကန့်အသတ်ရှိပေမယ့်လည်း ကျွန်မတို့ဟာ အဲဒီဒုက္ခသည်တွေအတွက် တာဝန်တွေကို ဆက်ပြီး ယူခဲ့ရပါတယ်။ ကျွန်မတို့ ပြည်သူတွေဟာ သူတို့အတွက် ဘေးအန္တရာယ်ကင်းစေဖို့ နေရာထိုင်းခင်းတွေ ဖန်တီးပေးခဲ့သလို၊ ကူညီထောက်ပံ့မှုတွေလည်း ပြုလုပ်ပေးခဲ့ပါတယ်” ဟု ၀န်ကြီးချုပ်က ဆိုသည်။

    ဒုက္ခသည်စခန်းများတွင် နေထိုင်နေရသည့် မြန်မာဒုက္ခသည်များ လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေးနှင့် ကျွမ်းကျင်မှုများတွင် ရင်းနှီးမြှုပ်နှံမှုများ ဆက်လက် ပြုလုပ်သွားမည်ဖြစ်ပြီး နေထိုင်မှု တိုးတက်စေရေး၊ ၎င်းတို့ မိမိကိုယ်ကို မှီခိုနိုင်စေရေး အာရုံစိုက်သွားမည်ဟု ရှိခ်ဟာဆီနာက ထပ်လောင်းပြောကြားခဲ့သည်။

    “ဘင်္ဂလားဒေ့ရှ်က မြန်မာရွှေ့ပြောင်းနေထိုင်သူတွေကို မကြာသေးမီကပဲ ကျွန်မတို့ သန်းခေါင်စာရင်း ကောက်ခဲ့ပါတယ်”

    ထို့ပြင် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်က နိုင်ငံတကာ မိတ်ဖက်များအနေဖြင့် ဒုက္ခသည်ပြဿနာကို ဖြေရှင်းရာတွင် ဆက်လက် စေ့စပ်ဆောင်ရွက်ရန်သွားရန်လည်း တိုက်တွန်းခဲ့သည်။

    Ref:nationalmultimedia

  • တူရကီရှိ အစ္စရေးသံရုံးကို တိုက်ခိုက်ရန် ကြိုးပမ်းမှု ဖြစ်

    တူရကီရှိ အစ္စရေးသံရုံးကို တိုက်ခိုက်ရန် ကြိုးပမ်းမှု ဖြစ်

    စက်တင်ဘာ ၂၁၊ ၂၀၁၆
    M-Media

    turkey

    – တူရကီနိုင်ငံရှိ အစ္စရေးသံရုံအား တိုက်ခိုက်ရန် ကြိုးပမ်းမှုတစ်ခု ယနေ့တွင် ဖြစ်ပွားခဲ့ပြီး အဆောက်အဦးအတွင်းသို့ မရောက်မီ အစောင့်များက ပစ်ခတ်ဖမ်းဆီးခဲ့သည်ဟု အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

    အစောင့်အကျပ် ထူထဲစွာ ချထားသည့် သံရုံအနီးသို့ ဓားကိုင်ထားသော အမျိုးသားတစ်ဦးက ချဉ်းကပ်လာသောကြောင့် အစောင့်များက ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်ရန်ကြံစည်သူမှာ ခြေထောက်တွင် ဒဏ်ရာရသွားကြောင်း၊ တိုက်ခိုက်မှုမှာ သံရုံး သို့မဟုတ် ၀န်ထမ်းများအား ရည်ရွယ်ခြင်းလားဆိုသည်ကို မသိရကြောင်း၊ မိမိတို့ဝန်းထမ်းများအားလုံးမှာ ဘေးအန္တရာယ်ကင်းပြီး စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေကြောင်း ၀န်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ အီမန်နျူယဲလ် နဟ်ရွှန်က ကြေငြာချက်တွင် ပြောကြားခဲ့သည်။

    တူရကီမီဒီယာများကမူ လူနှစ်ဦးက သံရုံးအတွင်းသို့ ၀င်ရောက်ရန် ကြိုးစားခဲ့ပြီး ၀န်ထမ်းများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်ဟု ဖော်ပြခဲ့သည်။ စောစောပိုင်းက ထိုအဖြစ်အပျက်အတွင်း အနည်းဆုံး လူတစ်ဦး သေဆုံးသည်ဟု ဖော်ပြခဲ့သော်လည်း အတည်ပြုနိုင်ခြင်း မရှိပေ။

    ၂၀၁၀ ခုနှစ်က ဂါဇာသို့ အကူအညီပေးရန် သွားရောက်သည့် တူရကီသင်္ဘောကို အစ္စရေးတပ်ဖွဲ့က တိုက်ခိုက်မှုကြောင့် တူရကီနိုင်ငံသား ၁၀ ဦး သေဆုံးမှုအပြီး တူရကီနှင့် အစ္စရေးတို့ သံအဆက်အသွယ် ပြတ်တောက်ပြီးနောက်ပိုင်း ပြီးခဲ့သည့် သြဂုတ်လတွင်မှ ပုံမှန် ဆက်ဆံရေး ပြည်လည် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

    Ref: Aljazeera

  • မက်ဆီမှာ ခေတ်သစ်မာရာဒိုနာဟု ဂျာမန်ဂန္တ၀င်ကစားသမားပြော

    မက်ဆီမှာ ခေတ်သစ်မာရာဒိုနာဟု ဂျာမန်ဂန္တ၀င်ကစားသမားပြော

    စက်တင်ဘာ ၂၁၊ ၂၀၁၆
    M-Media

    messi

    – ဘာစီလိုနာတိုက်စစ်မှူး မက်ဆီးမှာ ခေတ်သစ် မာရာဒိုနာဖြစ်သည်ဟု ဂျာမနီဂန္တ၀င်ကစားသမား လိုသာမားသက်စ်က ပြာကြားလိုက်သည်။

    ဘာစီလိုနာ၊ အာဂျင်တီးနားလက်ရွေးစင်အသင်းတို့နှင့် ခြေစွမ်းပြနိုင်သည့် မက်ဆီမှာ တစ်ခေတ်တစ်ခါက နာမည်ကျော်ကစားသမားများဖြစ်သော မာရာဒိုနာ၊ ပီလီတို့နှင့် မကြာခဏ ခိုင်းနှိုင်းချီးကျူးခြင်းခံရသည်။

    မာရာဒိုနာဦးဆောင်သည့် အာဂျင်တီးနားအသင်းနှင့် ၁၉၈၆၊ ၁၉၉၀ ကမ္ဘာ့ဖလား ဗိုလ်လုပွဲများတွင် ရင်ဆိုင်ယှဉ်ပြိုင်ဖူးသည့် လိုသာမားသက်ဇ်ကမူ မက်ဆီအား ထိုကစားသမားများနှင့် နှိုင်းယှဉ်၍ မဖြစ်နိုင်သော်လည်း ၎င်း၏ အောင်မြင်မှုကို အသိအမှတ်ပြုရမည်ဟု ဆိုသည်။

    “လက်ရှိမက်ဆီဟာ လွန်ခဲ့တဲ့ နှစ် ၃၀ က မာရာဒိုနာလိုပါပဲ” ဟု မားသက်ဇ်က ပြောကြားခဲ့သည်။

    ထို့ပြင် ၁၉၈၆ ခုနှစ်တွင် အာဂျင်တီးနားနှင့်အတူ မာရာဒိုနာ၏ ခြေစွမ်းပြမှုကိုလည်း ၎င်းက ထည့်သွင်း ချီးကျူးခဲ့သည်။

    “၈၆ က အကြောင်းပြောရရင် ကျွန်တော်ဟာ သူတို့ရဲ့ စကားနည်းနည်း ပြောဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက ကမ္ဘာ့ဖလားမှာ သူလွှမ်းမိုးခဲ့သလိုမျိုး လွှမ်းမိုးနိုင်တဲ့ ကစားသမားမျိုး ကျွန်တော် မမြင်ဖူးပါဘူး”

    Ref: Goal

  • လူငယ်များ အင်တာနက်စွဲလမ်းနေပါက စိတ်ကျန်းမာရေးပြဿနာ ရှိနိုင်

    လူငယ်များ အင်တာနက်စွဲလမ်းနေပါက စိတ်ကျန်းမာရေးပြဿနာ ရှိနိုင်

    စက်တင်ဘာ ၂၁၊ ၂၀၁၆
    M-Media

    – ကောလိပ်ကျောင်းသားများအနက် အင်တာနက်စွဲလမ်းခြင်းက အခြားသော စိတ်ကျန်းမာရေးပြဿနာများ ရှိနေသည်ဆိုသော အချက်ပြမှုဖြစ်သည်ဟု ကနေဒါနိုင်ငံက ပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ခုအရ သိရသည်။

    သုတေသီများမှာ အွန်တာရီယိုမြို့ရှိ McMaster တက္ကသိုလ်မှ ကျောင်းသား ၂၅၄ ယောက်ကို လေ့လာခဲ့ခြင်းဖြစ်ပြီး ၁၉၉၈ ခုနှစ်က တီထွင်ခဲ့သော အင်တာနက်စွဲလမ်းမှုစစ်ဆေးသည့် ကိရိယာ (IAT) အပြင် ၎င်းတို့၏ ကိုယ်ပိုင် တိုင်းတာမှု နည်းလမ်းများကိုလည်း အသုံးပြုခဲ့ကြသည်။

    စောင့်ကြည့်မှုနည်းလမ်းအသစ်အရ ကျောင်းသား ၃၃ ယောက်မှာ အင်တာနက်စွဲလမ်းမှုရောဂါရနေပြီး ကျောင်းသား ၁၀၇ ယောက်သည် ဆိုးဆိုးရွားရွား အင်တာနက်စွဲလမ်းနေသည့် အခြေအနေနှင့် ကြုံတွေ့နေရသည်ကို တွေ့ရှိခဲ့ရသည်။

    ဒေါက်တာ ဗန် အမေရီဂျင်ခေါင်းဆောင်သော အဆိုပါ လေ့လာမှုအဖွဲ့က ကျောင်းသားများ၏ စိတ်လိုက်မာန်ပါဖြစ်ခြင်း၊ စိတ်ကျခြင်း၊ ကြောင့်ကျခြင်းနှင့် စိတ်ဖိစီးမှု စသည့် စိတ်ရောဂါလက္ခဏာများကို လေ့လာခဲ့ပြီးနောက် အင်တာနက်စွဲလမ်းသူများမှာ ၎င်းတို့၏ နေ့စဉ်ဘ၀ စိတ်ပိုင်းဆိုင်ရာနှင့်ပတ်သက်သည့် ကိစ္စများတွင် ထိန်းချုပ်နိုင်ခြင်းမရှိကြောင်း၊ စီမံကိန်းရေးဆွဲမှုနှင့် စီမံခန့်ခွဲမှုတို့တွင်လည်း ပြဿနာများ ဖြစ်တတ်ကြောင်း တွေ့ရှိခဲ့ရသည်။

    “အင်တာနက်ကို အလွန်အကျွံသုံးစွဲတာဟာ စိတ်ပိုင်းဆိုင်ရာ ရောဂါတွေ ပြင်းထန်မှု၊ လျော့နည်းမှုကို အသွင်ပြောင်း ပုံဖျက်ပေးနိုင်တဲ့ အခြေအနေပါ။ ပြီးတော့ စိတ်တိုတတ်တဲ့ အပြုအမူနဲ့ စိတ်စွဲလမ်းခြင်းတွေနဲ့လည်း စက်ဆပ်မှု ရှိနေပါတယ်” ဟု ဒေါက်တာ ဂျန် ဘူအစ်တလာက ပြောကြားခဲ့သည်။

    ယခုလေ့လာမှုမှာ အင်တာနက်အသုံးပြုမှုနှင့် စိတ်ကျန်းမာရေးတို့အကြား ဆက်နွယ်မှုကိုသာ တွေ့ရှိခဲ့ပြီး အသေးစိတ်သိရှိရန်အတွက် ထပ်မံလေ့လာမှုများ လိုအပ်နေသည်။ သို့သော်လည်း စိတ်ကျန်းမာရေး ဆရာဝန်များအတွက် လူနာများအား ချဉ်းကပ်မှုနည်းလမ်းအသစ်ကို ပေးအပ်နိုင်မည်ဖြစ်သည်။

    Ref : IINA