News @ M-Media

Author: Ko Lay

  • ကာ့ဒ်ဒေသ ပြန်တည်ဆောက်ရေး တူရကီက ကန်ဒေါ်လာ ၃.၄ ဘီလီယံ အသုံးပြုမည်

    ကာ့ဒ်ဒေသ ပြန်တည်ဆောက်ရေး တူရကီက ကန်ဒေါ်လာ ၃.၄ ဘီလီယံ အသုံးပြုမည်

    စက်တင်ဘာ ၆၊ ၂၀၁၆
    M-Media

    kurdish

    – အတိုက်အခံများနှင့် အစိုးရတပ်များ အကြီးအကျယ်တိုက်ပွဲဖြစ်ကာ ထိခိုက်ပျက်စီးခဲ့သော နိုင်ငံအရှေ့တောင်ပိုင်း ကာ့ဒ်ဒေသ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းအတွက် တူရကီက လီရာ ၁၀ ဘီလီယံ (ကန်ဒေါ်လာ ၃.၄ ဘီလီယံ) သုံးစွဲသွားမည်ဟု ၀န်ကြီးချုပ် ဘီနာလီ ယီလ်ဒီရင်မ်က တနင်္ဂနွေနေ့တွင် ပြောကြားလိုက်သည်။

    တူရကီအစိုးရက မတရားအသင်းအဖြစ် ကြေငြာထားသည့် ကာ့ဒ်အလုပ်သမားများပါတီ (PKK) နှင့် အစိုးရတပ်အကြား နှစ်နှစ်ခွဲကြာခဲ့သည့် အပစ်ရပ်ရေး ပျက်ပြယ်သွားပြီးနောက် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည့်အတွက် တူရကီအရှေ့တောင်ပိုင်းဒေသတစ်ဝိုက် ပျက်ဆီးယိုယွင်းခဲ့သည်။

    စစ်ဆင်ရေးဆောင်ရွက်သည့် နေရာများတွင် အဆောက်အဦးပေါင်း ၆၀၀ ခန့် ပျက်ဆီးခဲ့သည်ဟု တူရကီအစိုးရက စောစာပိုင်းတွင် သတင်းထုတ်ပြန်ခဲ့ပြီး ပြန်လည်ပြင်ဆင်မှုတန်ဖိုးမှာ လီရာ ၁ ဘီလီယံ (ကန်ဒေါ်လာ ၃၄၅ သန်း) ရှိမည်ဟု ဆိုသည်။

    “ကျွန်တော်တို့ လီရာ ၁၀ ဘီလီယံအထိ သုံးစွဲသွားမှာ ဖြစ်ပါတယ်။ PKK က ဖျက်ဆီးပစ်လိုက်တဲ့ အိမ်တွေအစား အိမ်လှလှလေးတွေ ဆောက်လုပ်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ယီလ်ဒီရင်မ်က ကာ့ဒ်ဒေသမြို့တော် ဒီယာဘာကီရ်တွင် ပြောကြားခဲ့သည့် မိန့်ခွန်း၌ ထည့်သွင်းပြောဆိုခဲ့သည်။

    ထို့ပြင် အစိုးရအဖွဲ့အနေဖြင့် အရှေ့တောင်ပိုင်းရှိ ပြည်နယ် ၇ ခု၌ ငွေကြေးများ သုံးစွဲသွားမည်ဖြစ်ပြီး အိမ်များ၊ ဗလီများနှင့် ဆေးရုံများ တည်ဆောက်ပေးသွားမည်ဟု ၎င်းက ထည့်သွင်းပြောကြားကြားခဲ့သည်။

    Ref : IINA

  • မဟ်ရက်ဇ်ကို ဘာစီလိုနာတွင် ကစားရန် ဇာဗီထောက်ခံ

    မဟ်ရက်ဇ်ကို ဘာစီလိုနာတွင် ကစားရန် ဇာဗီထောက်ခံ

    စက်တင်ဘာ ၆၊ ၂၀၁၆
    M-Media

    riyard

    – ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ လက်စတာအသင်း၏ အားထားရသည့် ကွင်းလယ်လူ ရီယာ့ဒ် မဟ်ရက်ဇ်မှာ ဘာစီလိုနာအသင်းတွင် ကစားနိုင်လောက်သည့် အခြေအနေမျိုး ရှိနေသည်ဟု ဘာစီလိုနာ ကွင်းလယ်လူဟောင်း ဇာဗီက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်နှစ်က ပရီးမီးယားလိဂ် တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆု ရရှိခဲ့သည့် မဟ်ရက်ဇ်မှာ ဘာစီလိုနာ၊ အာဆင်နယ်တို့နှင့် ဆက်သွယ်မှုများ ရှိသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း နောက်ဆုံးတွင် လက်စတာ၌ပင် ကာလရှည် သက်တမ်းတိုးကာ ဆက်ရှိနေခဲ့သည်။

    ဘာစီလိုနာအသင်း၏ ကွင်းလယ်ဗိုလ်ချုပ် ဖြစ်ခဲ့ဖူးသူ ဇာဗီကမူ မဟ်ရက်ဇ်အနေဖြင့် လက်စတာတွင် ဆက်ရှိနေသည်ကို မြင်ရသည်မှာ ပျော်ရွှင်သော်လည်း ၎င်းမှာ ဘာစီလိုနာကဲ့သို့ အသင်းမျိုးတွင် ကစားကာ နောက်တစ်ဆင့်သို့ တက်လှမ်းရန် စွမ်းရည်ရှိနေသည်ဟု ဆိုသည်။

    “မဟ်ရက်ဇ်ဟာ ဘာစီလိုနာမှာ ကစားနိုင်လောက်အောင် ကောင်းမွန်တဲ့ ကစားသမားပါ။ ဒါပေမယ့် လက်စတာမှာ သူဆက်ရှိဖို့ ရွေးချယ်တဲ့အတွက် ကျွန်တော် ကျေနပ်ပါတယ်။ သူ့မှာ ရွေးချယ်စရာတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် တကယ်လို့ လက်စတာဟာ ဒီလိုအောင်မြင်မှုကြီး ရရှိပြီးနောက်မှာ သူတို့ရဲ့ အကောင်းဆုံး ကစားသမားကို ဆုံးရှုံးရရင် သူတို့အတွက် ရှက်စရာဖြစ်မှာပါ။ ဒီနှစ် ဥရောပမှာ မဟ်ရက်ဇ်နဲ့ လက်စတာတော့ ဘယ်လိုစွမ်းဆောင်နိုင်မလဲဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရမှာပါ” ဟု ဇာဗီက ပြောကြားခဲ့သည်။

    Ref: Goal

  • ဂျပန်-အီရန် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်မည်

    ဂျပန်-အီရန် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်မည်

    စက်တင်ဘာ ၆၊ ၂၀၁၆
    M-Media

    japan 5

    – ဂျပန်အစိုးရ၏ အကြီးတန်းအရာရှိတစ်ဦးမှာ အီရန်နိုင်ငံ တီဟီရန်မြို့သို့ သွားရောက်လည်ပတ်ပြီးနောက် အီရန်တွင် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့လုပ်ကိုင်ရန် သဘောတူညီခဲ့သည်ဟု ဂျပန်သတင်းဌာနစ်တစ်ခုဖြစ်သော Kyodo က ဖော်ပြခဲ့သည်။

    အီရန်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရက်ချီမှာ စနေနေ့တွင် ဂျပန်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကင်တာရို ဆိုနူရာနှင့် တီဟီရန်၌ တွေ့ဆုံခဲ့ပြီး အမေရိကန်၏ တားမြစ်ချက်များကို မဖောက်ဖျက်ဘဲ နှစ်နိုင်ငံကြား မည်ကဲ့သို့ ကုန်သွယ်နိုင်မည့်အကြောင်းကို ဆွေးနွေးခဲ့ကြသည်။

    “ဒီနေ့တွေ့ဆုံမှုဟာ ကျွန်တော်တို့အတွက် အလွန်ကောင်းတဲ့ တွေ့ဆုံမှုပါပဲ။ အဓိက ကျွန်တော်တို့ ပြောကြတာကတော့ ပိတ်ဆို့မှုရုပ်သိမ်းပြီး နောက်ပိုင်းကာလမှာ စီးပွားရေးနဲ့ ဘဏ္ဍာရေးကိစ္စတွေမှာ ရည်မှန်းချက်တွေ ပြည့်မီဖို့အတွက် လိုအပ်တဲ့ အခြေခံအဆောက်အဦးတွေ ပြင်ဆင်ဖို့၊ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို ဘယ်လိုတိုးချဲ့မလဲဆိုတာတွေကို ဆွေးနွေးခဲ့ကြပါတယ်” ဟု အီရန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

    ထို့ပြင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အီရန်သို့ လာရောက်လည်ပတ်ရန် ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြပြီး ထိုအစီအစဉ် ဖြစ်မြောက်ပါက ရှင်ဇိုဘာဘေးမှာ ၃၈ နှစ်အတွင်း အီရန်သို့ ပထမဆုံးသွားရောက်မည့် ဂျပန်ဝန်ကြီးချုပ် ဖြစ်လာမည်ဖြစ်သည်။

    အီရန်နှင့် ကမ္ဘာ့နိုင်ငံများအကြား နျူကလီးယားသဘောတူညီချက် ရရှိပြီးသည့်နောက် အီရန်၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍများတွင် ဂျပန်ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံရန်အတွက် ဖေဖော်ဝါရီလတွင် ဂျပန်က အီရန်အပေါ် ပိတ်ပင်ထားမှုများကို ရုပ်သိမ်းပေးခဲ့သည်။

    Ref : Presstv

  • ဖိလစ်ပိုင်သမ္မတက အိုဘားမားအား ရိုင်းစိုင်းစွာဆဲဆို

    ဖိလစ်ပိုင်သမ္မတက အိုဘားမားအား ရိုင်းစိုင်းစွာဆဲဆို

    စက်တင်ဘာ ၆၊ ၂၀၁၆
    M-Media

    phili 2

    – ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတီ၏ ရိုင်းစိုင်းစွာ ဆဲရေးတိုင်းထွာခြင်းကို ခံခဲ့ရပြီးနောက် အမေရိကန်သမ္မတ အိုဘားမားမှာ ၎င်းနှင့်တွေ့ဆုံရန် အစီအစဉ်ကို ဖျက်သိမ်းလိုက်သည်ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ နဒ် ပရိုက်စ်က ပြောကြားလိုက်သည်။

    လာအိုနိုင်ငံတွင် ပြုလုပ်မည့် အရှေ့တောင်အာရှခေါင်းဆောင်များ ထိပ်သီးအစည်းအဝေးသို့ မသွားရောက်မီ တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲတွင် ဒူတာတီက အိုဘားမားအား “-ာသည်မသား” ဟု ဆဲရေးခဲ့ခြင်းဖြစ်ပြီး၊ မိမိအနေဖြင့် အိုဘာမား၏ လူ့အခွင့်အရေး သင်တန်းပေးမှုကို ခံယူမည်မဟုတ်ဟုလည်း ဆိုသည်။

    “ခင်ဗျားအနေနဲ့ လေးစားသမှုရှိရမယ်။ မေးခွန်းထုတ်တာတွေ၊ ကြေငြာချက်ထုတ်တာတွေကို ခေါက်ထားလိုက်ပါ။ -ာသည်မသားရေ – ခင်ဗျားကို အဲဒီဖိုရမ်မှာ ကျုပ် ကျိန်စာတိုက်မယ်။ ခင်ဗျား ဒါမျိုးတွေလာလုပ်ရင် ကျုပ်တို့ ၀က်တွေလို ရွှံ့ထဲမှာလူးပြမယ် (အရွဲ့တိုက်ပြမယ်)” ဟု ဖိလစ်ပိုင်သမ္မတက ပြောကြားခဲ့သည်။

    ဒူတာတီမှာ ယနေ့တွင် အိုဘားမားနှင့်တွေ့ဆုံရန် စီစဉ်ထားသော်လည်း ပရိုက်စ်ကမူ သမ္မတ အိုဘားမားက ထိုအစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီး တောင်ကိုရီးယားသမ္မတ ပတ်ဂျုံဟေးနှင့်သာ တွေ့ဆုံမည်ဟု ဆိုသည်။

    မူးယစ်ဆေးဝါးပြဿနာကို နှိမ်နှင်းမည်ဟူသော ကတိဖြင့် ပြီးခဲ့သည့်မေလက အာဏာရခဲ့သည့် ဖိလစ်ပိုင်သမ္မတ ဒူတာတီမှာ၊ ၎င်း၏ ကတိက၀တ်ကို အကောင်အထည်ဖော်ရာတွင် အပြင်းထန်ဆုံး နည်းလမ်းများကို အသုံးပြုခဲ့ပြီး ၎င်း၏ မူးယစ်နှိမ်နှင်းမှုအတွင်း လက်ရှိအချိန်အထိ လူပေါင်း ၂၄၀၀ ကျော် သေဆုံးခဲ့ပြီဖြစ်သည်။

    ထိုကဲ့သို့ တရားလက်လွတ်သတ်ဖြတ်မှုများကြောင့် လူ့အခွင့်အရေးအဖွဲ့များက ဝေဖန်မှုများ ရှိနေပြီး တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် G20 ထိပ်သီးအစည်းအဝေးတွင် အိုဘားမားက မူးယစ်ဆေးဝါးမှာ ဖိလစ်ပိုင်၏ အဓိကပြဿနာတစ်ခု ဖြစ်သော်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် သတိပေးရန် နောက်တွန့်နေမည်မဟုတ် ပြောကြားခဲ့သည်။

    Ref : Aljazeera

  • ကာတာပရဟိတအဖွဲ့၏ ကုရ်ဘာနီအလှူ  နိုင်ငံ ၃၇ နိုင်ငံက အကျိုးခံစားရမည်

    ကာတာပရဟိတအဖွဲ့၏ ကုရ်ဘာနီအလှူ  နိုင်ငံ ၃၇ နိုင်ငံက အကျိုးခံစားရမည်

    စက်တင်ဘာ ၆၊ ၂၀၁၆
    M-Media

    qatar

    – မကြာမီကျရောက်တော့မည့် မွတ်စလင်တို့၏ အီဒွလ်အသွဟာ ကုရ်ဘာနီအီးဒ်ပွဲတော်တွင် စွန့်လှူဒါနပြုမည့် အသားဝတ္ထုများအား အာရှ၊ အာဖရိနှင့် ဥရောပတို့ရှိ ချို့တဲ့သူများထံ ပေးပို့မည့် အစီအစဉ်ကို ကာတာအခြေစိုက် ပရဟိတအဖွဲ့ဖြစ်သော Qatar Charity (QC) အဖွဲ့က စတင်လိုက်သည်ဟု သိရသည်။

    “သင်၏စွန့်လွှတ်မှု၊ သူတို့၏အီးဒ်ပွဲတော်” ဟုအမည်ရသည့် ခေါင်းစဉ်ဖြင့် ပြုလုပ်မည့် ထိုအစီအစဉ်တွင် ကမ္ဘာတစ်ဝှမ်း နိုင်ငံပေါင်း ၃၇ နိုင်ငံမှ အကျိုးကျေးဇူး ခံစားရမည်ဖြစ်သည်။

    ယခုနှစ်အစီအစဉ်တွင် ကာတာပြည်တွင်းနှင့် ပြည်ပသို့ ကုရ်ဘာနီအသားများ ပေးဝေမည့်အပြင် ဟဂ်ျအစားထိုးဆောင်ရွက်နိုင်ရန် စီစဉ်ပေးခြင်း၊ ဟဂ်ျပြုရန် လာရောက်သူများအား ကျွေးမွေးလှူဒါန်းခြင်း၊ ၀ကားဖ်စွန့်လှူခြင်း၊ ဇွလ်ဟဂ်ျလ ၁၀ ရက်နေ့တွင် အလှူအတန်းများ ပြုလုပ်ခြင်း၊ ဟဂ်ျဘုရားဖူးများအား လက်ဆောင်များနှင့် အီးဒ်နေ့အ၀တ်အစားများ ပေးဝေခြင်း စသည်တို့လည်း ပါဝင်သည်။

    လူထောင်ပေါင်းများစွာ အကျိုးခံစားခွင့်ရရှိမည့် အဆိုပါစီမံကိန်း ကုန်ကျစားရိတ်မှာ ကာတာရီယဲလ် ၂၃.၂၈ သန်း ရှိမည်ဟု ခန့်မှန်းထားပြီး၊ နိုင်ငံပေါင်း ၃၇ နိုင်ငံကို ကုရ်ဘာနီအသားလှူဒါန်းမည့် အစီအစဉ်မှာ ရီယဲလ် ၁၁ သန်းကျော် ကုန်ကျမည်ဖြစ်သည်။

    ကာတာနိုင်ငံအတွင်း နွားနှင့် သိုး ၃၀၀၀ ၏ အသားဝတ္ထုများလှူဒါန်းမှုအတွက် ရီယဲလ် ၁၄ သိန်းကုန်ကျမည်ဖြစ်ကာ လူ ၁၄၄၀၀ ကို ပေးဝေနိုင်မည် ဖြစ်သည်။ ထိုအသားများကို အီဒွလ်အဿွဟာ တတိမြောက်နှင့် စတုတ္ထမြောက် ရက်များတွင် မိဘမဲ့ကလေးများ၊ ကြွေးမြီတင်ရှိသူများနှင့် မုဆိုးမများ စသည့်မိသားစုများထံသို့ ပေးလှူမည် ဖြစ်သည်။

    “ဒီလိုအချိန်မျိုးမှာ တစ်ခြားနိုင်ငံတွေက ကံမကောင်းအကြောင်းမလှသူတွေကို ကူညီလိုသူတွေအတွက် QC က တံခါးဖွင့်ပေးထားပြီး၊ ဒီလိုလှုပ်ရှားမှုဟာ တမန်တော် မုဟမ္မဒ်သခင်ရဲ့ စွန္နသ်တော် (ဓလေ့တော်) လည်းဖြစ်ပါတယ်” ဟု QC အဖွဲ့၏ စီအီးအိုဖြစ်သူ အလ် ကူဝါရီက ပြောကြားခဲ့သည်။

    Ref : IINA