News @ M-Media
Author: Ko Lay
  • ဆီးရီးယားဒုက္ခသည်များကို ကန်ကျောက်ခဲ့သည့် ဟန်ဂေရီဂျာနယ်လစ်တစ်ဦး တရားစွဲခံရ
    ဆီးရီးယားဒုက္ခသည်များကို ကန်ကျောက်ခဲ့သည့် ဟန်ဂေရီဂျာနယ်လစ်တစ်ဦး တရားစွဲခံရ
    စက်တင်ဘာ ၈၊ ၂၀၁၆
    M-Media
    hungary
    – ပြီးခဲ့သည့်နှစ်က ဆားဘီးယားနှင့် ကပ်နေသည့် ဟန်ဂေရီနယ်စပ်တွင် ဆီးရီးယားဒုက္ခသည်များအား ခြေထိုးခံခြင်း၊ ကန်ကျောက်ခြင်းများ ပြုလုပ်ခဲ့သည့် ဂျာနယ်လစ်တစ်ဦးကို ဟန်ဂေရီ အစိုးရရှေ့နေများက ယမန်နေ့တွင် တရားစွဲဆိုလိုက်သည်ဟု သိရသည်။
    ပီထရာ လက်ဇ်လိုဆိုသည့် ကင်မရာရိုက်ကူးသူ အမျိုးသမီးဖြစ်ပြီး ‘လူငယ်အမျိုးသားတစ်ဦး၏ ခြေသလုံးအား ညာခြေဖြင့် ကန်ကျောက်မှု၊ မိန်းကလေးငယ်တစ်ဦး၏ ဒူးအား ညာခြေဖြင့် ဖြတ်ကန်မှု’ စသည့် ကျင့်ဝတ်မဲ့သော ထိုအပြုအမူအတွက် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။
    ထို့ပြင် လက်ဇ်လိုမာ ကလေးငယ်တစ်ဦးကို ချီထားသည့် အမျိုးသားသားတစ်ဦးကိုလည်း ကန်ကျောက်ခဲ့ပြီး ထိုကန်ကျောက်မှုမှာ ထိမိခြင်းမရှိဟုလည်း ကြေငြာချက်တွင် ဖော်ပြထားသည်။ သို့သော်လည်း ထိုကဲ့သို့ကျူးလွန်ခြင်းမှာ လူမျိုးရေး ခွဲခြားလိုမှုမှ လှုံ့ဆော်သည့် အမုန်းရာဇ၀တ်မှုဖြစ်သည်ဆိုသော အထောက်အထားမရှိဟု ဆိုသည်။
    ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက ဖြစ်ပွားခဲ့သည့် ထိုအဖြစ်အပျက်၏ ဗီဒီယိုမှာ ဆိုရှယ်မီဒီယာများတွင် ပြန့်နှံ့သွားပြီးနောက် နိုင်ငံတကာမှ ဝေဖန်မှုများ ပေါ်ထွက်လာခဲ့ပြီး၊ လက်ဇ်လိုကမူ နောက်ပိုင်းတွင် သူမ၏ လုပ်ရပ်အတွက် ပြန်လည်တောင်းပန်ခဲ့ကာ သူမအလုပ်လုပ်ရာ N1TV ကလည်း သူမအား ထုတ်ပယ်ခဲ့သည်။
    Ref: Aljazeera
  • မလေးရှားတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး ပထမဆုံး ဇီကာကူးစက်
    မလေးရှားတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး ပထမဆုံး ဇီကာကူးစက်
    စက်တင်ဘာ ၇၊ ၂၀၁၆
    M-Media
    zik 4
    – မလေးရှားတွင် ဇီကာကူးစက်သည့် ပထမဆုံး ကိုယ်ဝန်ဆောင်အမျိုသမီး ရှိနေကြောင်းကို မလေးရှား ကျန်းမာရေးဝန်ကြီး အက်စ် ဆူဘရာမာနီယမ်က ယနေ့တွင် အတည်ပြု ပြောကြားလိုက်သည်။
    ၎င်း၏ Facebook စာမျက်နှာမှတစ်ဆင့် ပြောကြားခဲ့ခြင်းဖြစ်ပြီး ရောဂါကူးစက်နေသူမှာ အသက် ၂၇ နှစ်အရွယ် အမျိုးသမီးဖြစ်ကာ ကိုဝန် ၃ လရှိနေပြီး ထိုကိုယ်ဝန်မှာ ၎င်း၏ သားဦးဖြစ်သည်ဟု ဆိုသည်။ ထိုအမျိုးသမီးနှင့် ခင်ပွန်းဖြစ်သူတို့မှာ ကိုက်ခဲခြင်း၊ အဖုအပိန့်များ ထွက်ခြင်းနှင့် အဖျားတက်ခြင်းတို့ကဲ့သို့ ဇီကာရောဂါ လက္ခဏာများကို စက်တင်ဘာ ၂ ရက်နေ့ကတည်းက ခံစားခဲ့ရခြင်း ဖြစ်သည်။
    အမျိုးသမီးအား အစိုးရဆေးရုံသို့ ပို့ဆောင်ကာ စစ်ဆေးခဲ့ပြီးနောက် ယမန်နေ့တွင် ဇီကာဗိုင်းရပ်စ်ကူးစက်ကြောင်း အတည်ပြုနိုင်ခဲ့သည်။
    ပြီးခဲ့သည့် ကြာသာပတေးနေ့တွင် မလေးရှားမှာ အသက် ၅၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပထမဆုံး ဇီကာဖြစ်ပွားနေကြောင်း အတည်ပြုနိုင်ခဲ့ပြီး စနေနေ့တွင် အသက် ၆၁ နှစ်အရွယ် အမျိုးသားတစ်ဦး ဇီကာဖြစ်ပွားမှုကို တွေ့ရှိခဲ့ကာ နိုင်ငံအတွင်း ပထမဆုံး ကူးစက်မှုလည်း ဖြစ်သည်။ သို့သော်လည်း ထိုအမျိုးသားမှာ နောက်ပိုင်းတွင် နှလုံးရောဂါကြောင့် သေဆုံးသွားခဲ့သည်။
    မလေးရှား ကျန်းမာရေးဝန်ကြီးဌာနကမူ နိုင်ငံအတွင်း ဇီကာဖြစ်ပွားမှု အရေအတွက်မှာ မြင့်တက်လာဖွယ် ရှိနေသည်ဟု ခန့်မှန်းထားသည်။
    Ref: Channelnewsasia
  • ဆေးပညာနယ်ပယ်ကို ချဲ့ထွင်နိုင်သည့် မော်ရိုကိုဆရာဝန်တစ်ဦး ကမ္ဘာ့ထိပ်တန်း စာရင်းဝင်
    ဆေးပညာနယ်ပယ်ကို ချဲ့ထွင်နိုင်သည့် မော်ရိုကိုဆရာဝန်တစ်ဦး ကမ္ဘာ့ထိပ်တန်း စာရင်းဝင်
    စက်တင်ဘာ ၇၊ ၂၀၁၆
    M-Media
    moroco
    – ဆေးပညာနယ်တွင် စွမ်းစွမ်းတမံ ဆောင်ရွက်မှုများကြောင့် မော်ရိုကိုနိုင်ငံဖွား ဓာတ်ရောင်ခြည်ပညာရှင်တစ်ဦးဖြစ်သူ လာတီဖာ ဂါဘူအီကို “နိုင်ငံတကာ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကျွမ်းကျင်သူများအသင်း” က ကမ္ဘာ့ ထိပ်တန်း ဆေးပညာရှင်များမှ တစ်ဦးအဖြစ် သတ်မှတ်ခဲ့သည်ဟု သိရသည်။
    ဂါဘူအီမှာ လက်ရှိတွင် အမေရိကန်ပြည်ထောင်စု ဟူစတန်မြို့ရှိ တက္ကဆက်တက္ကသိုလ် ကျန်းမာရေးသိပ္ပံဌာနတွင် ရောဂါရှာဖွေရေးဆိုင်ရာ ဓာတ်ရောင်ခြည်ပညာရှင်အဖြစ် ဆောင်ရွက်နေပြီး မြို့တွင်းရှိ Memorial Hermann ဆေးရုံတွင်လည်း တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။
    ၁၉၈၈ ခုနှစ်တွင် မော်ရိုကိုနိုင်ငံ ရာဘတ်မြို့ရှိ Mohammed V ဆေးတက္ကသိုလ်မှ ဆရာဝန်ဘွဲ့ ရရှိခဲ့သည် ဂါဘူအီမှာ ပြင်သစ်နိုင်ငံ နန်စီမြို့ရှိ Henri Poincare တက္ကသိုလ်တွင် ဓာတ်ရောင်ခြည်နည်းပညာဖြင့် ရောဂါရှာဖွေခြင်းနှင့် ဆေးဘက်သရုပ်ဖော်ခြင်းဆိုင်ရာ ပညာရပ်ကို ဆက်လက် လေ့လာခဲ့သည်။
    နောက်ပိုင်းတွင် သူမမှာ တက္ကဆက်ဆေးတက္ကသိုလ်တွင် လက်ထောက် ပါမောက္ခအဖြစ် ဆောင်ရွက်ခဲ့ပြီး ကြွက်သားဆိုင်ရာနှင့် ခန္ဓာကိုယ်ဆိုင်ရာ ဓာတ်ရောင်ခြည်ရောဂါရှာဖွေရေး နည်းလမ်းအသစ်များ ဖော်ထုတ်ရာတွင် ထိပ်တန်းမှ ပါဝင်ခဲ့သည်။
    ဆေးဘက်ဆိုင်ရာအသင်းအဖွဲ့ မြောက်များစွာတွင် ပါဝင်လှုပ်ရှားနေသည့် ဒေါက်တာ ဂါဘူအီက ယခုလို အောင်မြင်မှုရရှိခြင်းမှာ လူနားများအား ထူးခြားစွာ စောင့်ရှောက်မှုနှင့် ဓာတ်ရောင်ခြည်ပညာရပ်တို့တွင် ၀ါသနာကြီးခြင်းတို့ကြောင့် ဖြစ်မည်ဟု ပြောကြားခဲ့သည်။
    Ref : IINA
  • ဆီးရီးယားအရေး ကန်နှင့် ရုရှားတို့ သဘောတူညီချက် ရတော့မည်
    ဆီးရီးယားအရေး ကန်နှင့် ရုရှားတို့ သဘောတူညီချက် ရတော့မည်
    စက်တင်ဘာ ၇၊ ၂၀၁၆
    M-Media
    us
    – ဆီးရီးယားပဋိပက္ခအရေး ဖြေရှင်းရာတွင် ရုရှားနှင့် အမေရိကန်တို့မှာ မကြာမီကာလအတွင်း သဘောတူညီချက် ရရှိတော့မည်ဟု ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် တနင်္လာနေ့တွေ့ဆုံမှုအပြီးတွင် ပြောကြားခဲ့သည်။
    “ဆီးရီးယားမှာရှိတဲ့ အဖွဲ့တွေအပါအ၀င် အကြမ်းဖက်အဖွဲ့တွေကို တိုက်ခိုက်ရာမှာ ကျွန်တော်တို့ အမေရိကန်နဲ့ လက်တွဲပြီး
    ကြိုးစားအားထုတ်မှုတွေကို သိသိသာသာ တိုးမြှင့်မှာပါ” ဟု ပူတင်က တရုတ်နိုင်ငံ ဟန်ကျိုးမြို့ G20 ထိပ်သီးအစည်းအဝေးနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
    အမေရိကန်နှင့် ဆွေးနွေးမှု အသေးစိတ်ကို ပူတင်က ပြောကြားခြင်းမရှိဘဲ လာမည့်ရက်အနည်းငယ်အတွင်း အောင်မြင်မှုရ
    ရှိလာနိုင်မည်ဟု ယုံကြည်ရသည့် အခြေအနေမျိုး ရှိသည်ဟု ဆိုသည်။
    G20 ထပ်သီးအစည်းအဝေး၌ ပူတင်နှင့် အိုဘားမားတို့၏ သီးခြားတွေ့ဆုံမှုတွင် ဆီးရီးယားအရေးက ထိပ်ဆုံးမှ ပါဝင်ခဲ့ပြီး အိုဘားမားကလည်း ပြဿနာဖြေရှင်းရေး အမှန်တကယ် စိတ်ဝင်စားမှု ပြသခဲ့ကြောင်း ပူတင်က ထပ်လောင်း ပြောကြားခဲ့သည်။
    “ဆီးရီးယားပဋိပက္ခကို ဖြေရှင်းဖို့၊ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရေးမှာ အောင်မြင်မှုရရှိဖို့အတွက် သူ့မှာ တကယ်ကို စစ်မှန်တဲ့ ရည်ရွယ်ချက်ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်”
    Ref : RT
  • တူရကီက ဂါဇာသို့ အကူအညီများ ဒုတိယအကြိမ် ပေးပို့
    တူရကီက ဂါဇာသို့ အကူအညီများ ဒုတိယအကြိမ် ပေးပို့
    စက်တင်ဘာ ၇၊ ၂၀၁၆
    M-Media
    gaza
    – အစ္စရေးက ပိတ်ဆို့ထားသည့် ဂါဇာကမ်းမြှောင်မှ ပါလက်စတိုင်းပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ တင်ဆောင်သွားသည့် တူရကီသင်္ဘောမှာ အစ္စရေး ဆိပ်ကမ်းမြို့ဖြစ်သော အက်ရှ်ဒွတ်သို့ တနင်္လာနေ့က ရောက်ရှိခဲ့သည်ဟု သိရသည်။
    အစ္စရေးနှင့် သံတမန်ဆက်ဆံရေး ပြန်လည်ပြုလုပ်ပြီးနောက် တူရကီ၏ ယခုပို့ဆောင်မှုမှာ ဂါဇာပြည်သူများအတွက် ဒုတိယအကြိမ်ဖြစ်ပြီး တလ်အဗီးအခြေစိုက် တူရကီရေးရာအဖွဲ့က အခြားသော တူရကီပရဟိတ အသင်းအဖွဲ့များနှင့်အတူ ထိုအကူအညီကို လက်ခံခဲ့ကြသည်။ ထိုသင်္ဘောတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ တန်ချိန် ၂၅၀၀ ခန့် ပါဝင်သည်။
    တူရကီ၏ ဂါဇာသို့ ပထမဆုံး အကူအညီပေးပို့မှုမှာ ပြီးခဲ့သည့် ဇူလိုင်လကဖြစ်ပြီး၊ ယခုဆိုက်ရောက်လာသည့် ဒုတိယမြောက် သင်္ဘောတွင် အစားအသောက်များ၊ အ၀တ်အစားများ၊ ကလေးငယ်များအတွက် စက်ဘီး ၁၀၀၀၊ ဘီးတပ်ကုလားထိုင် ၁၀၀ တို့ ပါဝင်သည်။
    ထိုအကူအညီများကို အက်ရှ်ဒွတ်မှ ထရပ်ကားများဖြင့် ဂါဇာသို့ အီဒွလ် အသွဟာ အီးဒ်နေ့မတိုင်ခင် ပို့ဆောင်သွားမည်ဖြစ်သည်။
    Ref : IINA