သြဂုတ် ၂၅၊ ၂၀၁၆
M-Media
– အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ကော်ဖီဆိုင်ပိုင်ရှင် မွတ်စလင်တစ်ဦးဟာ သူ့ဆိုင်မှာ ဓားပြ၀င်တိုက်သွားတဲ့သူကို အစ္စလာမ့်အဆုံးအမ၊ တမန်တော် မုဟမ္မဒ်သခင်ရဲ့ သြ၀ါဒတော်တွေနဲ့ ပြန်လည်တုန့်ပြခဲ့ပြီး အဲဒီလို့ ငြိမ်းချမ်းစွာ တုန့်ပြန်ခဲ့မှုအတွက် လူ့အဖွဲ့အစည်းက ချီးကျူးသံတွေလည်း သောသောညံခဲ့ပါတယ်။
ဘရွက်ကလင်းမြို့နယ်မှာရှိတဲ့ Cocoa Grinder ကော်ဖီဆိုင်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ ဓားပြတိုက်ခံခဲ့ရတာဖြစ်ပြီး ဆိုင်ရှင်ဖြစ်သူ အဘ်ဒူလ် အလီနာနီကတော့ ဒီအဖြစ်အပျက်အတွက် ရဲမတိုင်ခဲ့ပါဘူး။
ဒါပေမယ့် ဓားပြကိုရည်ညွှန်းရေးသားတဲ့ ဗီနိုင်းတစ်ခုကို သူ့ရဲ့ဆိုင်မျက်နှာစာမှာ ချိတ်ဆွဲထားပြီး တိုက်ခိုက်ခဲ့သူအနေနဲ့ အသက်ရှင်ရပ်တည်ဖို့အတွက် ဒီလိုအမှုကို ကျူးလွန်ခဲ့တာဆိုရင် မိမိအနေနဲ့ ခွင့်လွှတ်တယ်လို့ ရေးသားထားပါတယ်။
“ခင်ဗျားယူသွားတဲ့ ပိုက်ဆံတွေဟာ ခင်ဗျားအတွက်၊ ခင်ဗျားမိသားစု အသက်ရှင်ရပ်တည်ရေးအတွက် အကျိုးဖြစ်စေမယ်ဆိုရင် ကျွန်တော် ခင်ဗျားကို ခွင့်လွှတ်ပါတယ်။ တကယ်လို့ ဒီပိုက်ဆံတွေကို ခင်ဗျားက ခင်ဗျားရဲ့ ကျန်းမာရေးနဲ့ ကိုယ်ခန္ဓာ အကျိုးယုတ်အောင် သုံးစွဲမယ်ဆိုရင်လည်း ကျွန်တော်က ခွင့်လွှတ်မှာဖြစ်ပြီး၊ ဒီလုပ်ရပ်တွေကိုပြင်ဖို့ တောင်းဆိုချင်ပါတယ်”

နောက်ပြီး မိမိအနေနဲ့ ဒီအဖြစ်အပျက်ကို တိုင်ကြားမှာမဟုတ်သလို၊ ဓားပြတိုက်သူဟာ ဘယ်သူလဲဆိုတာကိုလည်း လုံခြုံရေးကင်မရာမှာ ပြန်မကြည့်ဘူးလို့ ထည့်သွင်း ရေးသားထားပါတယ်။
နောက်ဆုံးမှာ တမန်တော်မုဟမ္မဒ်သခင်ရဲ့ အောက်ပါသြ၀ါဒတော် နှစ်ရပ်နဲ့ ဒီစာကို အဆုံးသတ်ထားပါတယ်။
“လူသားတိုင်းမှာ အပြစ်ကျူးလွန်ကြသူများ ဖြစ်လေ၏။ ၎င်းတို့ထဲမှ အကောင်းဆုံးသူမှာ ကျူးလွန်မိသော အပြစ်များအတွက် နောင်တတရားရကာ ပြုပြင်သူပင်ဖြစ်သည် ” (တမန်တော်)
“မကောင်းမှုကို မကောင်းမှုဖြင့် တုန့်ပြန်ခြင်းမပြုလေနှင့်။ ခွင့်လွှတ်မှု၊ သနားကြင်နာမှုတို့ဖြင့်သာ တုန့်ပြန်ကြလေကုန်” (တမန်တော်)
အလီနာနီရဲ့ ဒီလိုတုန့်ပြန်မှုကို အမေရိကန်ပြည်သူတွေက ထောက်ခံခဲ့ကြပြီး မွတ်စလင်အမည်ခံ အကြမ်းဖက်သမားတွေရဲ့ အလွဲသုံးစားလုပ်မှုကြောင့် နာမည်ပျက်နေရတဲ့ အစ္စလာမ်သာသနာရဲ့ သွန်သင်မှုအစစ်အမှန်ကို ထင်ဟပ်ပြသလိုက်တာဖြစ်တယ်လို့လည်း မှတ်ချက်ပြုခဲ့ကြပါတယ်။
Ref: IINA